ထိပ်ဆုံးသို့
Vol. 10 Ch. 137
အခန်း (၁၃၇) ထိပ်ဆုံးသို့
အစီအရင်တောင်ကုန်းထိပ်သို့သွားရာ တောင်ပေါ်လမ်း…
ကျန်းလန် တောင်ထိပ်သို့ရောက်ရန် ခြေလှမ်းအနည်းငယ်မျှသာ လိုတော့သည်။ ခေါင်းမော့ကြည့်လိုက်သည်နှင့် တောင်ထိပ်ကို တွေ့မြင်နေရပြီ ဖြစ်၏။
နောက်ဆုံး အစီအရင်တစ်ခုကိုသာ သူ ကျော်ဖြတ်ရတော့မည် ဖြစ်သည်။
တာအိုနားလည်ခြင်းလက်ဖက်ခြောက်မှာလည်း နောက်တစ်ကြိမ်စားရန်သာ ကျန်ရှိတော့သည်။
နောက်ဆုံးရင်ဆိုင်ရမည့် အစီအရင်က လွယ်ကူမည်လား ၊ ခက်ခဲမည်လား ကျန်းလန် မသိရှိပေ။
ခက်ခဲမည်ဆိုလျှင်တော့ တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို စားရပေလိမ့်မည်။
တောင်ကုန်းပေါ်တက်သည့် လမ်းတစ်လျှောက်မှ အစီအရင်များကို သေသေချာချာ နားလည်အောင်ပြုလုပ်မည်ဟု အစကတည်းက ကျန်းလန် ဆုံးဖြတ်ထားသည်။
ထို့ကြောင့် နောက်ဆုံးအစီအရင်ကို လက်လွှတ်ခဲ့မည်ဆိုပါက ဤခရီးစဉ်က ထင်သလောက် အကျိုးရှိမည်ဟု သူ ယူဆမိမည် မဟုတ်ပေ။
နောက်ဆုံးအစီအရင်က အရေးကြီးသည်လား ၊ အရေးမကြီးဘူးလား မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် ကျန်းလန်အနေဖြင့် လက်လွှတ်ခံ၍ မဖြစ်ပေ။
သို့သော် ယခုတစ်ကြိမ် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို အသုံးပြုမည်ဆိုလျှင်တော့ သူ့တွင် လက်ဖက်ခြောက်များအားလုံး ကုန်သွားပေလိမ့်မည်။
နောက်တစ်ကြိမ် အသုံးပြုနိုင်မည် မဟုတ်တော့ပေ။
သို့ရာတွင် နောက်ပိုင်းကိစ္စထက် လောလောဆယ် လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန်က အရေးကြီး၏။
ကျန်းလန် ချီတုံချတုံ ဖြစ်မနေတော့ဘဲ တောင်ကုန်းထိပ်သို့ ဆက်တက်သွားသည်။
အချိန်မည်မျှကြာခဲ့ပြီလဲ ကျန်းလန် မသိရှိပေ။
မည်သို့ပင်ဖြစ်စေ တောင်ကုန်းထက်သို့ စတင်တက်ရောက်သည့်အချိန်နှင့် ယခု တောင်ကုန်းထိပ်သို့ ရောက်သည့်အချိန်အတွင်း ကျန်းလန် အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အစီအရင်ပညာနှင့်ပတ်သက်ပြီး သူ့အသိပညာက အရင်ကနှင့် လုံးဝမတူတော့ပေ။
ယခုဆိုလျှင် နဝမတောင်ထွတ်တွင် သူ ပြုလုပ်ထားသည့် အစီအရင်များကို ပြန်စဉ်းစားကြည့်သည့်အခါ ထိုအစီအရင်များက ကလေးသာသာ ရယ်စရာကောင်းနေကြောင်း သဘောပေါက်ခဲ့ပြီ ဖြစ်သည်။
"ဒုတ်…"
"ဒုတ်…"
ကျန်းလန် စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားပြီး တောင်ကုန်းထိပ်သို့ တစ်လှမ်းချင်းလှမ်းတက်လာသည်။
မည်သည့်အခက်အခဲကိုမှ မကြောက်ရွံ့ဘဲ ကြုံတွေ့ရသမျှကို ရင်ဆိုင်ဖြတ်သန်းမည်ဟု ကျန်းလန် ဆုံးဖြတ်ထားသည်။
ဤသည်က ယခုရက်ပိုင်းအတွင်း သူ့ကိုယ်သူ တည်ဆောက်နိုင်ခဲ့သည့် ယုံကြည်မှု ဖြစ်၏။
သို့သော် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို မာနတရားအဖြစ် ပြောင်းလဲမသွားစေရန်ကတော့ သတိထားပြီး ကြိုးစားရမည် ဖြစ်သည်။
ကျန်းလန် တောင်ပေါ်လမ်းလေးအတိုင်း ဖြည်းဖြည်းချင်း ရှေ့ဆက်လာခဲ့သည်။
တောင်ထိပ်တွင် အစီအရင်တစ်ခု ရှိနေလေသည်။ ထိုအစီအရင်က နောက်ဆုံးအစီအရင် ဖြစ်သည်။
ရုတ်တရက် ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် အစီအရင်တည်ရှိရာနေရာမှ အလင်းရောင်များ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
ကျန်းလန် ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိဘဲ အလင်းရောင်ထွက်ပေါ်လာရာ နေရာဆီသို့ ဆက်လျှောက်လာခဲ့သည်။
အလင်းရောင်က တဖြည်းဖြည်းပိုမိုတောက်ပလာ၏။
"ဒီလမ်းက အဆုံးသတ်သွားပြီလား…"
ကျန်းလန် တွေးလိုက်သည်။
မကြာမီ ကျန်းလန် တောင်ကုန်းထိပ်သို့ ရောက်ရှိလာလေသည်။
ထိုနေရာတွင် ခန်းမဆောင်ကြီးတစ်ခုရှိနေပြီး ခန်းမဆောင်ရှေ့တွင် ကျောက်စာတိုင်တစ်ခု ရှိနေလေသည်။ ကျောက်စာတိုင်ထက်တွင်တော့ စာကြောင်းအချို့ ရေးသားထားသည်ကို တွေ့ရသည်။
ကျန်းလန် စာကြောင်းများကို ဖတ်ရှုကြည့်လိုက်သည်။ စာကြောင်းများက တစ်ခုနှင့်တစ်ခု အဓိပ္ပါယ်မတူကြပေ။
ပထမစာကြောင်းမှာ…
"အစီအရင်ပညာအတွက် အရေးကြီးဆုံးအချက်က အခြေခံအဆင့်ပဲ… ၊ ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလို့ မရဘူး…"
ဒုတိယစာကြောင်းကတော့…
"ကျင့်စဉ်လမ်းဆိုတာက ပင်လယ်ထဲ ရွက်လွှင့်ရသလိုပါပဲ ၊ ရှေ့မဆက်နိုင်ဘူးဆိုရင် ရေနစ်မှာပဲ…"
"မင်းကိုယ်တိုင် ရည်မှန်းချက်ထားပြီး ဇွဲရှိရှိကြိုးစားမှ ဖြစ်လိမ့်မယ်…"
"ပျင်းရိခြင်းဟာ အင်မော်တယ်ဖြစ်လာဖို့ မဟာအတားအဆီးတစ်ခုပါပဲ…"
စသည်ဖြင့် ကျောက်စာတိုင်ထက်တွင် စာကြောင်းများစွာ ရှိနေလေသည်။
ကျန်းလန် စာကြောင်းများကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်၏။
တောင်ကုန်းထိပ်သို့ရောက်အောင် တက်နိုင်သူများက ကျောက်စာထက်တွင် စာကြောင်းများ ရေးသားထားခဲ့ခြင်း ဖြစ်ဟန်တူသည်။
ထိုစဉ် အလင်းရောင်တစ်ချက် လင်းလက်လာပြီး စုတ်တံတစ်ချောင်းနှင့် စာရွက်တစ်ရွက် ကျန်းလန်ရှေ့တွင် ပေါ်လာ၏။
"ငါ့ကိုလည်း စာတစ်ကြောင်းလောက် ရေးစေချင်တာဖြစ်မယ်…"
ကျန်းလန် ချက်ချင်း သဘောပေါက်သွားသည်။ သို့သော် ဘာရေးရမှန်း သူ မသိပေ။
"တစ်ကြိမ်မှာ ခြေတစ်လှမ်း" လို့ ရေးရမည်လား…။
သို့တည်းမဟုတ်…
"အလှမ်းမကျယ်ဘဲ ဖြည်းဖြည်းမှန်မှန် ရှေ့သို့သွား…" လို့ ရေးရမည်လား။
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားရင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
သို့သော် မကြာမီ သူ ဘာရေးရမည်ကို သိရှိသွားသည်။
ထို့နောက် သူက စုတ်တံကိုကိုင်ကာ စာရွက်ဖြူထက်တွင် စာတစ်ကြောင်း ချရေးလိုက်လေတော့၏။
………………
အစီအရင်တောင်ကုန်းအောက်…
မှော်ဝင်ကျောက်ပြားထက်တွင် အမည်မဲ့နာမည်ကတ်ပြားလေးက ဒုတိယနေရာတွင် ရပ်တန့်နေ၏။
သို့သော် အလင်းရောင်များက ထူးခြားစွာ မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသည်။
တပည့်တစ်ယောက်က…
"စရေးနေပြီ… ၊ အဲဒီဂိုဏ်းတူအစ်ကို စရေးနေပြီ…"
နောက်တစ်ယောက်က…
"တောင်ကုန်းထိပ်မှာ ဂိုဏ်းတူအစ်ကိုတွေ ဂိုဏ်းတူအစ်မတွေ စာကြောင်းချန်ခဲ့တာကို မတွေ့ရတာ အတော်ကြာနေပြီ… ၊ အခု ဒီဂိုဏ်းတူအစ်ကို ဘာရေးမလဲ သိချင်လိုက်တာ…"
"သူ ရေးတဲ့စာက အများလက်ခံနိုင်လောက်အောင် ကောင်းမွန်တဲ့စာဆိုရင် သူ ပထမနေရာကို အဆင့်တက်သွားမှာပဲ… ဟုတ်တယ်မလား…"
"ဟုတ်တယ်… အခုချိန်ထိတော့ ဒုတိယနေရာမှာ ရပ်နေတုန်းပဲ… ၊ ပထမနေရာရောက်ဖို့က သူ ဘာရေးမလဲဆိုတဲ့အပေါ် မူတည်တယ်… ၊ သူရေးတာကောင်းရင် ပထမအဆင့်ကို တက်သွားမှာပဲ…"
"ဒီလူက ဘယ်သူလဲ မသိဘူးကွာ… ၊ ဘယ်ကရောက်လာမှန်းလဲ မသိဘူး… ၊ ခုတော့ တောင်ကုန်းထိပ်အထိရောက်ပြီး စာတောင်ချန်ထားနိုင်မယ့်အခွင့်အရေး ရနေပြီ…"
"သူ စရေးနေပြီ… သူ ဘာရေးနေလဲဆိုတာ ကြည့်ရအောင်…"
ရှောင်ယွိကတော့ တောင်ကုန်းထက်သို့ လှမ်းမျှော်ကြည့်နေလေသည်။
တောင်ကုန်းထက်တွင် မည်သူရှိနေကြောင်း သူမ တွေ့မြင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ထိုနေရာတွင်ရှိနေသူမှာ ကျန်းလန်ဖြစ်ရမည်ဟု သူမ ထင်မှတ်နေဆဲပင်။
မြောင်ယွဲ့ကတော့ ပဉ္စမတောင်ထွတ်ခန်းမဆောင်အတွင်းမှ အစီအရင်တောင်ကုန်းရှိရာသို့ လှမ်းမျှော်ကြည့်နေလေသည်။
"ကဲ… မင်း ဘာရေးမလဲ…"
ကျန်းလန် ရေးသည့်စာ ကောင်းသည်လား ၊ ဆိုးသည်လား ဆိုသည်က သူမ ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်ပေ။
တောင်ကုန်းထက်ရှိ ကျောက်ပြားက ဆုံးဖြတ်မည့်ကိစ္စ ဖြစ်သည်။
အမှန်တော့ ထိုကျောက်ပြားက သာမန်ကျောက်ပြား မဟုတ်ပေ။ အစီအရင်ပြုလုပ်ထားသည့် ကျောက်ပြားတစ်ချပ် ဖြစ်၏။
ကျန်းလန် တောင်ကုန်းထိပ်အထိ တက်နိုင်မည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။ ထို့ကြောင့် တောင်ကုန်းထိပ်ရောက်လျှင် စာရေးသားရမည်ကို သူမက ပြောမပြလိုက်ခြင်း ဖြစ်သည်။
ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ စာတိုတစ်ကြောင်း ရေးသားရန်ကတော့ အနည်းငယ် ခက်ခဲကောင်းခက်ခဲမည် ဖြစ်သည်။
ထိုစဉ်…
အစီအရင်တောင်ကုန်းထိပ်မှ ထွက်ပေါ်နေသည့် အလင်းရောင်များကြားတွင် စကားလုံးတစ်လုံး စတင် ထွက်ပေါ်လာသည်။
ထိုစာလုံးကို ပဉ္စမတောင်ထွတ်မှ တပည့်များအားလုံး တွေ့မြင်ကြရ၏။ စာလုံးက အတော်လေးလည်း ကြီးမားလေသည်။
တပည့်တစ်ယောက်က…
"သူရေးလိုက်တာ "ဇွဲ"ဆိုတဲ့ စာလုံးလား…"
အခြားသူများက စကားမပြောတော့ဘဲ နောက်ထပ်ထွက်ပေါ်လာမည့် စကားလုံးများကို စောင့်မျှော်နေကြသည်။
မြောင်ယွဲ့ကတော့ ပထမဆုံးထွက်ပေါ်လာသည့် စာလုံးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်က သူ့တပည့်ကို စာဘယ်လိုရေးရမလဲ သင်ပေးမထားဘူးလား။
စုတ်ပြတ်လိုက်သည့် လက်ရေး…။
မကြာမီ အလင်းရောင်များကြားတွင် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။
တောင်ကုန်းထိပ်မှ ကျန်းလန်ကတော့ စာရေးခြင်းကို ရပ်တန့်လိုက်၏။ သူ စဉ်းစားမိသည့်စာတစ်ကြောင်း ရေးသားပြီးစီးသွားလေပြီ။
"ဟက်… ဒီစာကြောင်းက ငါနဲ့ အသင့်တော်ဆုံးပဲ…"
ကျန်းလန် ရေးလိုက်သည့် စာကြောင်းကို ဖတ်ပြီးနောက် မြောင်ယွဲ့ အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါက…"
အစီအရင်တောင်ကုန်းအောက်မှ တပည့်များမှာလည်း အံ့အားသင့်နေကြပြီး စကားမပြောနိုင် ဖြစ်နေကြသည်။
တပည့်တစ်ယောက်က…
"ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်… တဲ့…"
တောင်ကုန်းထက်ရှိ အလင်းရောင်များကြားတွင် ထွက်ပေါ်နေသည့်စာကြောင်းကို ရှောင်ယွိ လှမ်းကြည့်နေမိသည်။
ထိုစာကြောင်းကို မိုးနှင့်မြေက အသိအမှတ်ပြုဟန် ရှိလေသည်။
"ဒါ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးပဲ ဖြစ်ရမယ်…"
ရှောင်ယွိ တွေးလိုက်သည်။
ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်သည့်တိုင် ဘယ်တော့မှ အရှုံးမပေးတတ်သည့် လူစားမျိုး ဖြစ်သည်။
နဝမတောင်ထွတ်မှ ရင်းမြစ်ပစ္စည်းများစွာ အသုံးပြုပြီး ကျင့်ကြံခွင့်ရသည့်တိုင် တစ်ချက်မှ အားမလျှော့ဘဲ ကြိုးစားကျင့်ကြံခဲ့သူ ဖြစ်သည်။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူမများကြားတွင် နှစ်ပေါင်း (၃၀) တံခါးပိတ်ကျင့်ကြံခဲ့သူဖြစ်ပြီး နှစ်ပေါင်း (၁၀၀)နေမှ ပြင်ပသို့ တစ်ခါထွက်သူဆို၍ ကျန်းလန်တစ်ယောက်သာ ရှိသည်။
"ဇွဲရှိသူကိုကောင်းကင်ဘုံက ဆုချမည်… တဲ့… ၊ ဒီစာလုံးတွေမြင်ရတော့ ဘာကြောင့်မှန်းမသိ ဇွဲရှိရှိနဲ့ ကြိုးစားချင်စိတ် ပေါက်လာမိတယ်…"
"ဟုတ်တယ်… ငါလည်း အဲဒီလိုခံစားရတယ်… ၊ ဘယ်လိုပြောရမလဲကွာ… ငါဆိုရင် သိပ်အရည်အချင်းမရှိဘူး… ဒါပေမဲ့ ငါ ကြိုးစားရင် ဖြစ်နိုင်တယ်လို့ ခံစားရတယ်…"
"ပါရမီရှင်တွေတောင် မလျှော့တဲ့ဇွဲနဲ့ ကြိုးစားကြတာ… မင်းတို့ ကျုပ်တို့တွေက ပြောစရာတောင် မလိုတော့ဘူး…"
"သူ အခု ပထမနေရာကို ရောက်သွားပြီ… ကြည့်လိုက်…"
ထိုစဉ် တောင်ကုန်းအောက်ရှိ အမည်စာရင်းကျောက်ပြားထက်မှ အမည်မဲ့နာမည်ကတ်ပြားလေး ပထမနေရာသို့ ခုန်တက်သွားသည်ကို တွေ့လိုက်ကြရသည်။
………………
ကျန်းလန်က သူရေးထားသည့် စာလုံးများကိုကြည့်လိုက်ပြီး စုတ်တံကို ပြန်ချထားလိုက်သည်။
"ဇွဲရှိသူကိုကောင်းကင်ဘုံက ဆုချမည်…"
မည်သူမဆို ဇွဲရှိရှိဖြင့် ကြိုးစားလျှင် အောင်မြင်မည် ဖြစ်သည်။
စနစ်ကိုပိုင်ဆိုင်ထားသည့် သူသည်ပင်လျှင် မကြိုးစားဘဲ အချောင်လိုက်မနေရဲခဲ့ပေ။
ကျန်းလန်က မြန်မြန်လျှောက်နိုင်မည့် ခရီးလမ်းတစ်ခုကို ဘယ်တော့မှ နှေးနှေးလျှောက်ရန် ရွေးခြယ်မည် မဟုတ်ပေ။ တစ်နေ့ထက်တစ်နေ့ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက်ဖြစ်လာရန် အစဉ်အမမြဲ ကြိုးစားနေမည် ဖြစ်၏။
ကျန်းလန် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ ရေးလိုက်သည့် စာကြောင်းက ခန်းမဆောင်ရှေ့ရှိ ကျောက်စာတိုင်ထိပ်ဆုံးတွင် ရေးထွင်းပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဇွဲရှိသူကိုကောင်းကင်ဘုံက ဆုချမည်…"
ဤစာကြောင်းက ကျောက်စာတိုင်ထက်တွင် အမြင့်ဆုံးနေရာ ယူထားလိုက်ပြီ ဖြစ်သည်။
"ငါ့လက်ရေးကတော့ အတော်စုတ်ပြတ်တာပဲ… ၊ တော်သေးတယ်… ငါရေးမှန်း ဘယ်သူမှ သိကြမှာ မဟုတ်ဘူး…"
ကျန်းလန် ခပ်ပေါ့ပေါ့ပင် တွေးလိုက်သည်။
တောင်ကုန်းထိပ်အထိ တက်လာသူများသာလျှင် ကျောက်စာတိုင်ထက်မှ စာကြောင်းများကို တွေ့ရှိမည်ဟု ကျန်းလန်က ထင်မှတ်နေမိသည်။
တောင်ကုန်းထိပ်သို့ တက်လာနိုင်မည့်သူမှာလည်း များများစားစားရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူ့လက်ရေး စုတ်ပြတ်သည်ကို မည်သူမှ သတိထားမိကြမည် မဟုတ်ပါလား။
ကျန်းလန် လှည့်ထွက်လာခဲ့သည်။
ဆရာဒေါ်လေးမြောင်ယွဲ့ကို သွားရောက်တွေ့ဆုံရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်လေ၏။
………………
ပဉ္စမတောင်ထွတ်ခန်းမဆောင်…
"အချိန် ဘယ်လောက်တောင် ကြာသွားသလဲ မင်းသိလား…"
မြောင်ယွဲ့၏ အေးစက်သည့်အသံက ထွက်ပေါ်လာသည်။
ကျန်းလန်ကတော့ ခန်းမဆောင်ထဲတွင် ခေါင်းငုံ့ပြီး မတ်တတ်ရပ်နေ၏။ မြောင်ယွဲ့၏ လေသံကတော့ အနည်းငယ် ဒေါသသံစွက်လျှက် ရှိသည်။
ကျန်းလန်က အသံတိုးတိုးဖြင့်…
"အချိန် (၆)လ ကျော်သွားပြီထင်တယ်…"
သူလည်း သေသေချာချာ မသိပေ။
မြောင်ယွဲ့က တည်ငြိမ်သည့်လေသံဖြင့်…
"မနက်ဖန်ဆိုရင် မင်းရဲ့ စေ့စပ်ပွဲကျင်းပမယ့်နေ့တောင် ရောက်နေပြီ…"
"ဗျာ…"
ကျန်းလန် အံ့အားသင့်သွားသည်။
အချိန် (၂)နှစ်တောင် ကုန်ဆုံးသွားခဲ့တာလား…။
အချိန် (၂)နှစ် ကုန်ဆုံးသွားခဲ့ခြင်းက ပြဿနာ မဟုတ်ပေ။
မနက်ဖန် စေ့စပ်ပွဲကျင်းပမည့်ကိစ္စက ပြဿနာ ဖြစ်သည်။ သူ မနက်ဖန် တကယ်ပဲ စေ့စပ်ရမည်လား။
သို့သော် ကျန်းလန် ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
သူ တောင်ကုန်းပေါ်တက်သည်မှာ အချိန်မည်မျှကြာပြီဖြစ်ကြောင်း အတိအကျမသိသော်လည်း (၂)နှစ်ဆိုသည့်အချိန် မဟုတ်သည်ကတော့ သေချာသည်။
"ဟက်… မင်းက တည်ငြိမ်သွားတာ မြန်သားပဲ…"
ကျန်းလန် ချက်ချင်းပြန်လည်တည်ငြိမ်သွားသည်ကို ကြည့်ပြီး မြောင်ယွဲ့က ပြောလိုက်၏။
"ဘာလဲ… အချိန် (၂)နှစ် ကြာသွားလို့ လန့်သွားတာလား… ၊ စေ့စပ်ပွဲကျင်းပရတော့မှာမို့လို့ လန့်သွားတာလား…"
ကျန်းလန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ ခပ်တိုးတိုးလေသံဖြင့်…
"မနက်ဖန် စေ့စပ်ပွဲသာဆိုရင် ကျွန်တော် ဘာမှ မပြင်ဆင်ရသေးဘူးလေ…"
တောင်ကုန်းထက်တွင် အချိန်ကြာမြင့်စွာ အစီအရင်ပညာကို အပတ်တကုတ်လေ့လာနေခဲ့သည့် ကျန်းလန်၏ ပုံစံက အတော်လေး စုတ်ပြတ်သတ်လျှက် ရှိသည်။
မနက်ဖန်သာ စေ့စပ်ပွဲဆိုလျှင် ကျန်းလန်သည်ကား အတော်လေး ရုပ်ဆိုးပန်းဆိုး သတို့သားလောင်း ဖြစ်နေပေတော့မည် မဟုတ်ပါလား။