အထီးကျန်နှလုံးသား (၅)
Vol. 2 Ch. 74
နက်ဆန်ဝင်သွားပြီး မကြာခင်မှာပဲ အပေါ်ထပ်ကနေပြီး ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေကို ကြားရတော့တာပါပဲ။ ကျွန်မ ကိုယ်တိုင်လည်း ကြောက်လန့်နေပြီးတော့ မျက်နှာကျက်ကို မော့ကာစောင့်ကြည့်နေမိတယ်။
အိမ်ထဲက မီးချောင်းတွေက လင်းလာလိုက် ပိတ်သွားလိုက်နဲ့ တဖြတ်ဖြတ်ဖြစ်နေပြီးတော့ အိမ်ကြီးတစ်ခုလုံး တုန်ခါလို့ နေပါတယ်။ မကြာခင်မှာပဲ ကလေးမလေးရဲ့ငိုသံ ထွက်လာ တယ်။
“သူ့ကို နာအောင်မလုပ်ကြပါနဲ့တော့... နာအောင်မလုပ်ကြ ပါနဲ့တော့။”
ဘုန်း...
နောက်တော့ ဧရာမအသံကျယ်ကြီးတစ်ချက်ကို ကျွန်မတို့ ကြားလိုက်ရပြီး မျက်နှာကျက်ကိုဖြတ်ကာ အရိပ်မည်းကြီး တစ်ခုပြုတ်ကျလာတယ်။ အဲဒီအရိပ်မည်းကြီးက ကုန်းထပြီး အိမ်အပြင်ကိုထွက်ပြေးဖို့လုပ်ပေမဲ့ အိုလီရာနာရဲ့ဆံပင်တွေ ရှည်ထွက်လာပြီး အရိပ်မည်းကြီးကို ချုပ်နှောင်ထားလိုက် ပါတယ်။
“တော်တယ်၊ အိုလီရာနာ။”
လှေကားထောင့်က အရိပ်ကနေပြီး အသံထွက်လာလို့ ကျွန်မ ကြည့်လိုက်တော့ နက်ဆန်က အရိပ်ထဲကနေပြီး ပုံမှန်အတိုင်း လမ်းလျှောက်ထွက်လာတာ တွေ့လိုက်ရတယ်။ လှေကားက ခြေသံကြားလို့ ကြည့်လိုက်တော့ အဲလက်ရှာလေး ပြေးပြီး ဆင်းလာတယ်။ နောက်ကနေ နာတာရှာလည်း လိုက်လာပြီး ကလေးမလေးကို ဖမ်းချုပ်ထားလိုက်တယ်။
“အဲဒီကိုမသွားနဲ့၊ အန္တရာယ်များတယ်။”
အကောင်ကြီးနဲ့နက်ဆန်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေတာ ကျွန်မတို့မြင်ရတယ်။ နက်ဆန်နဲ့ယှဥ်ရင် အကောင်ကြီးက သူ့နှစ်ယောက်စာလောက်ကို မြင့်တယ်။ ဒါပေမဲ့ အကောင်ကြီးက နက်ဆန်ကို ကြောက်နေပုံပေါ်ပြီး အိုလီရာနာရဲ့ဆံပင်တွေကြားကနေ ရုန်းထွက်ဖို့ ကြိုးစားနေတယ်။
“မင်း၊ ဒီကလေးမလေးဆီက ထွက်သွားတော့။ ဒါအမိန့်ပဲ။”
နက်ဆန်က ကလေးမလေးကို လက်ညိုးထိုးပြပြီးတော့ ထွက်သွားဖို့ အမိန့်ထုတ်တယ်။ နာနာဘာဝတွေအပေါ်မှာ ညမင်းသားတစ်ပါးရဲ့ဩဇာ ဘယ်လောက်ညောင်းလဲ ကျွန်မမသိပေမဲ့ အဲဒီအနက်ရောင်အကောင်ကြီးက ခေါင်းကို ခါယမ်းနေတယ်။ နက်ဆန်ဒေါသထွက်လာပြီး သူ့ကိုဖမ်းထားတဲ့ အိုလီရာနာကို ပိုအားထည့်ဖို့ ပြောလိုက်တယ်။ ဆံချည်မျှင်တွေက ပိုတင်းကျပ်လာပြီး အရိုးကျိုးသံတွေပါ ထွက်လာပေမဲ့ အကောင်ကြီးက ခေါင်းမာနေဆဲပါ။
“ဒေစီ့ကို နာအောင်မလုပ်ပါနဲ့။ သူက သမီးသူငယ်ချင်းပါ။ သူက သမီးကို ဘာမှမလုပ်ပါဘူး။”
ကလေးမလေးက အသည်းအသန်ငိုရင်း နာတာရှာဆီက ထွက်ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ နာတာရှာကလည်း သူ့ကို တင်းတင်းချုပ်ထားတဲ့အတွက် ကလေးအားနဲ့ ရုန်းထွက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့ အဲလစ်ရှာက ဉာဏ်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်တာမလို့ သူ့ကိုချုပ်ထားတဲ့ နာတာရှာရဲ့လက်ကို ကိုက်လိုက်တယ်။ နာတာရှာလန့်ပြီး လက်ကိုပြန်အနုတ်မှာ ကလေးမလေးက အချုပ်ခံထားရတဲ့ သူ့ရဲ့သဘာဝလွန်သူငယ်ချင်းဆီရောက်သွားပြီး ဆံပင်တွေကို ဖယ်ရှားဖို့လုပ်တယ်။
“အခုအဆင့်ထိတောင် ရောက်လာမှတော့။ ငါလည်းပဲ မလုပ်ချင်ပေမဲ့ ဒါကိုလုပ်ရတော့မှာပဲ။”
နက်ဆန်ရဲ့အရိပ်ထဲကနေပြီး အပြာရောင်မီးတောက် တောက်လောင်နေတဲ့ မီးအိမ်လေးတစ်ခုထွက်လာတယ် အမှောင်ကျောင်းတော်က ဘိုးဘေးစဥ်ဆက် လက်ဆင့် ကမ်းလာခဲ့တဲ့ တစ္ဆေမီးအိမ်ဆိုတာ ကျွန်မသိနေပါတယ်။ နက်ဆန်က ကျွန်မကို အဲဒီတစ္ဆေမီးအိမ်ကို ကမ်းပေးလိုက်ပြီး
“ဆယ်ဗီ၊ တစ္ဆေမီးအိမ်ကို မြင့်မြင့်မြှောက်လိုက်။”
နက်ဆန်က ကျွန်မကို အမိန့်ဆန်ဆန်ပြောတယ်။ နာတာရှာက ခေါင်းခါပြပြီး...
“ဆယ်ဗီ၊ မလုပ်နဲ့... ကလေးလန့်သွားလိမ့်မယ်နော်။” လို့ ပြောနေပေမဲ့ နက်ဆန်ကတော့...
“လုပ်သာလုပ်လိုက်... ဒီလေလွင့်သရဲကောင်က သူ့ဘာသာ ထွက်သွားဖို့ ငြင်းနေမှတော့။ သူ့ကိုနာမည်ပေးလိုက်တဲ့သူကို နှင်ထုတ်ခိုင်းမှပဲ ရတော့မယ်။”
ဒါကြောင့် ကျွန်မလည်း မီးအိမ်ကို မြင့်မြင့်မြှောက်တယ်။ အလင်းရောင်က အနက်ရောင်ကောင်ကြီးကို ထိမိတဲ့ အချိန်မှာတော့ ကလေးမလေးရဲ့ဆံပင်တွေကို ဖြေနေတဲ့ လက်က အားလျော့သွားပြီး အကောင်ကြီးကို ကြောင်ပြီး ကြည့်နေခဲ့တယ်။ နောက်တော့ ကောင်မလေးတစ်ကိုယ်လုံး တုန်ယင်လာတယ်။
“ဒေစီ... အဲဒါက နင်လား...”
အနက်ရောင်ကောင်ကြီးက ခေါင်းညိတ်ပြတော့ အဲလစ်ရှာ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့... “နင်ဘာလို့ ငါ့ကိုလိမ်ပြီး ပြောခဲ့တာလဲ။ နင်ပြောတော့ နင်က ငါနဲ့ရွယ်တူပဲဆို။ ရွှေရောင်ဆံပင်လေးတွေရှိပြီး ဖဲကြိုးလေးတွေကို ခေါင်းမှာချည်ရတာကြိုက်တယ်။ ထပ်ပြီးတော့ ကျောင်းအမြဲတမ်း တက်ချင်ခဲ့တာပါဆို။”
အကောင်ကြီးက အပြစ်လုပ်မိထားဟန်နဲ့ ရုန်းကန်မနေဘဲ ကလေးမလေးတစ်ယောက်လိုမျိုး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်တယ်။ အန္တရာယ်ပေးမယ့်ပုံမပေါ်သလို ထွက်ပြေးဖို့လည်း မကြိုးစားတာကြောင့် အိုလီရာနာလည်း ဆက်ချုပ်မထားတော့ဘူး။
“ဘာလို့ နင်ငါ့ကိုလိမ်ရတာလဲ။” အဲလစ်ရှာက အော်တော့ မည်းမည်းအကောင်ကြီးက ခေါင်းခါပြတယ်။ သူ မလိမ်ဘူးလို့ပြောချင်တာလား။ နောက်တော့ အကောင်ကြီး ကိုယ်တိုင်က ကလေးတစ်ယောက်လိုမျိုး စငိုတော့တာပဲ။
“မဟုတ်မှလွဲရော ဒီလေလွင့်သရဲကလည်း အဲလစ်ရှာနဲ့ ရွယ်တူလောက်မှာပဲ ဆုံးသွားခဲ့တာများလား။”
နာတာရှာက ဝင်ပြောလိုက်တယ်။ ကျွန်မလည်း ဖြစ်နိုင်တယ် တွေးမိပေမဲ့ အရင်ကမြင်ဖူးတဲ့ လေလွင့်သရဲတွေက လူပုံစံ ရှိတတ်ကြပြီး အခုအကောင်ကြီးက ပုံစံပျက်ယွင်းနေတဲ့ အတွက်ကြောင့် ယုံရခက်နေတယ်။
နက်ဆက်က ဓားနှစ်လက်ကို ပြန်သိမ်းထားလိုက်ပြီးတော့ “ငါလည်း ဖြစ်နိုင်တယ်လို့ထင်တယ်။ သူက ကလေးမကို လိမ်ခဲ့တာမဟုတ်ဘူး။ တစ္ဆေဖြစ်လာတာ ကြာပြီမလို့ သူ့ရဲ့ လူသားပုံစံတွေပျောက်သွားတာ။ အငြိုးကြီးသရဲမဟုတ်ပေမဲ့ နှစ်ကာလတွေရှည်လာလို့ မကောင်းတဲ့ဓာတ်တွေစုလာပြီး အခုလိုဖြစ်သွားတာ။ ကောင်မလေးဆီက မှော်စွမ်းအားတွေ ဆက်ရနေရင် အဲဒီမကောင်းဆိုးဝါးအဖြစ်ပြောင်းတဲ့ ဖြစ်စဥ်က ပိုပြီးမြန်လာလိမ့်မယ်။”
အဲလစ်ရှာကတော့ သူ့သူငယ်ချင်းကို ဆူနေတုန်းပဲ။ “လူကြီးတွေက ကတိမတည်လို့ နင်က ငါ့ကိုရိုးသားမယ် ထင်ခဲ့တာကို။ အဖေက ငါ့ကိုပြန်လာခေါ်မယ်လို့ပြောပြီးတော့ လိမ်သွားတယ်။ အမေက ငါ့ကိုချစ်တယ်လို့ပြောပြီး အမြဲတမ်းငါ့ကိုလိမ်တယ်။ နင်ကလည်း အခုငါ့ကိုလိမ်ပြန်ပြီ။”
ဒီတစ်ခါတော့ အိမ်ထောင့်မှာပုန်းနေခဲ့တဲ့ အဲလစ်ရှာ့အမေက သူ့သမီးလေးကို ပြေးဖက်တယ်။ သူလည်းငိုနေခဲ့တာပါ။
“အမေသမီးကို မလိမ်ခဲ့ပါဘူး။ အမေက သမီးကို တကယ်ချစ်တာပါ။”
အဲလစ်ရှာကတော့ အမေဖြစ်တဲ့ ဟဲလ်လင်နာကို ယုံတဲ့ပုံ မပေါ်ပါဘူး။ “အမေအခုပဲ လိမ်နေပြန်ပြီ။ အမေက သမီးကို အမြဲတမ်းအော်တယ်။ သမီးကို တစ်ယောက်တည်း ပစ်ထားပြီး ကျောင်းတောင်လိုက်မပို့ပေးတော့ဘူး။ သမီး အနိုင်ကျင့်ခံရရင်လည်း အမေက လာမကယ်ဘူး။ သမီး တစ်ချိန်လုံး အမေ့ကိုပဲ မျှော်နေခဲ့တာ။ အမေက သမီးကို ရှိတယ်လို့တောင်မှ သတိမရတော့တာ။ အမေက အဖေ့ကိုမုန်းသွားသလိုမျိုး သမီးကိုလည်း မုန်းနေတာ။”
“မေမေ... တစ်နေ့ကျရင် အမေက သမီးကိုရော အဖေ့ကို လုပ်သလိုပဲ သတ်ပစ်ဦးမှာလား။”
ဒီတစ်ခါတော့ ဟဲလ်လင်နာ ငိုင်ကျသွားတယ်။ နောက်တော့ “ဒါတွေအားလုံး ငါ့အပြစ်တွေချည်းပဲ။” ဆိုပြီးတော့ သူရူး တစ်ယောက်လိုမျိုး သူ့ခေါင်းတွေကိုသူ ထုနေတော့တာပါပဲ။ ဒေစီကတော့ သူမလိမ်ခဲ့တဲ့အကြောင်းကို ကောင်မလေးကို ပြခဲ့အတွက် ခေါင်းခါနေရုံတင်မကဘဲ ခြေဟန်လက်ဟန်နဲ့ပါ ပြောပြတယ်။
“နင်က ငါ့ကို မလိမ်ဘူးလို့ ပြောနေတာလား။” အဲလစ်ရှာက တတ်နိုင်သလောက် အဓိပ္ပါယ်ဖော်ကြည့်ပြီး ပြန်မေးတယ်။ အကောင်ကြီးကလည်း ခေါင်းညိတ်ပြတယ်။ ပြီးတော့ သူက လက်ကလေးနှစ်ချောင်းနဲ့ လမ်းလျှောက်နေတဲ့လူပုံ လုပ်ပြပြီး လက်သီးဆုပ်က လမ်းလျှောက်နေတဲ့လူကို တိုက်မိသွားတဲ့ပုံ ဟန်လုပ်ပြတယ်။
“နင်က ကားအတိုက်ခံရတာ...” ကလေးမလေးက အဓိပ္ပါယ် ဖော် အကောင်ကြီးက ခြေဟန်လက်ဟန်ရင်းနဲ့ ခေါင်းကို ညိတ်ပြ။
နောက်တော့ အကောင်ကြီးက လက်ချောင်းတွေကို တစ်ချောင်းချင်းစီထောင်ပြပြီး အကောင်ကြီးလာတဲ့ သဏ္ဍာန်လုပ်ပြတယ်။
“တဖြည်းဖြည်း အကြီးကြီးဖြစ်လာတာ ဟုတ်လား။ ငါသိသားပဲ... ဒေစီက ငါ့ကိုဘယ်တော့မှ လိမ်မှာမဟုတ်ဘူး။”
ကောင်မလေးက ဒေစီကို မကြောက်မလန့် ပြေးဖက်ပါတယ်။ ကြည့်ရတာ နက်ဆန်ရဲ့အစီအစဥ်ဖြစ်တဲ့ ကလေးမလေးကို လန့်အောင်လုပ်မယ်ဆိုတာက မဖြစ်မြောက်တော့ပုံပဲ။
နက်ဆန်ကတော့ သူတို့အနားကိုကပ်သွားလိုက်ပြီး လေလွင့် သရဲကိုတိုက်ရိုက်ပြောလိုက်တယ်။
“မင်းက ဒီကလေးမလေးကို ကာကွယ်ပေးချင်ခဲ့တာလား။” အကောင်ကြီးက ခေါင်းညိတ်လိုက်တယ်။ ကျွန်မလည်း ဒီတော့မှ အခြေအနေကို ဖြည်းဖြည်းချင်းစီ နားလည် လာခဲ့ပါတယ်။ ကလေးမလေးက ကစားကွင်းထဲမှာလည်း အနိုင်ကျင့်ခံရတော့မလို ဖြစ်နေတာကြောင့် တစ္ဆေက ကာကွယ်ပေးတဲ့အနေနဲ့ ကျိန်စာတိုက်ခဲ့တာ။
“ဒါပေမဲ့... မင်းလုပ်တဲ့အလုပ်က မှားနေတယ်။ မင်းက ဒီကလေးမလေးကိုရော တခြားသူတွေကိုပါ ထိခိုက်စေတယ်။”
နက်ဆန်က ဒေစီတစ္ဆေကို လက်ညိုးနဲ့ထိုးပြတယ်။ “မင်း သူ့အနားမှာ နေတာကြာရင် သူ့ကိုအန္တရာယ်ဖြစ်စေမှာက တခြားသူတွေမဟုတ်ဘဲ မင်းပဲဖြစ်လိမ့်မယ်။ မင်း ကိုယ်တိုင်လည်း နားလည်ထားပြီးသားမဟုတ်လား။”
အကောင်ကြီးက နက်ဆန်ကို ငိုင်ငိုင်ကြီးပဲ ထိုင်ကြည့် နေပါတယ်။ ကလေးမလေးသာ မိုရီယမ်ဖြစ်သွားရင် စိတ်မမှန်တော့ဘဲ ဘဝပါဆုံးသွားတော့မှာ။ နက်ဆန်က နောက်တော့ ပြတင်းပေါက်ကို လက်ညိုးနဲ့ညွန်ပြပြီး...
“ဒီတော့... ကိုယ့်အသိနဲ့ကိုယ် ထွက်သွားလိုက်တော့။ ဒါမှမဟုတ်ရင် ငရဲကိုအရောက် ငါပို့ပေးမယ်။”
နက်ဆန်ရဲ့အရိပ်က တဖြည်းဖြည်းကြီးမားလာတယ်။ နတ်ဘုရားခန္ဓာကိုယ်ကိုမသုံးရသေးပေမဲ့ အသင့်ပြင်ထားတဲ့ သဘောပါပဲ။ သာမန်လေလွင့်တစ္ဆေတစ်ကောင်က သူ့ကို ဘယ်နည်းနဲ့မှ ခုခံနိုင်မှာ မဟုတ်ဘူးရယ်။
အကောင်ကြီးက ပြတင်းပေါက်နားကို ကပ်သွားတယ်။ ကလေးမလေးက ခေါင်းခါပြပြီး...
“ဒေစီ... မသွားပါနဲ့...” လို့ပြောပေမဲ့ အကောင်ကြီးက ခေါင်းကိုခါရင်း ကလေးမလေးကို လက်ယမ်းပြီး နှုတ်ဆက်တယ်။ နောက်တော့ ပြတင်းပေါက်တံခါးကို ဖွင့်ရင်းနဲ့ အိမ်အပြင်ကိုထွက်ကာ ပျောက်ကွယ်သွားပါတော့တယ်။
အဲလစ်ရှာကတော့ ငိုယိုနေရင်းနဲ့ပဲ ကျန်နေရစ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ငိုတာ တအားသည်းထန်လာပြီး ရှော့ရမှာ စိုးရိမ်ရတဲ့အဆင့်အထိ ဖြစ်လာခဲ့တယ်။ ဒါကြောင့် ကျွန်မက ကူညီပေးချင်ခဲ့ပေမဲ့ ကျွန်မဘာမှမလုပ်ရသေးခင်မှာပဲ နာတာရှာက မှော်နှင်တံကိုယမ်းလိုက်ပြီး မှော်ဂါထာတစ်ခုကို တိုးတိုးလေး ရေရွတ်လိုက်တယ်။
“ဆိုနန်...”
နောက်တော့ ကလေးမလေးရဲ့မျက်လုံးတွေက တဖြည်းဖြည်း လေးလံလာပြီး အိပ်ပျော်သွားပါတော့တယ်။
...
အိပ်ပျော်နေတဲ့ ကလေးမလေးကို နှစ်ယောက်ထိုင် ဆိုဖာထိုင်ခုံအကြီးပေါ် နေရာပြောင်းရွေ့ချထားပြီးတဲ့ နောက်မှာတော့ ကျွန်မတို့တွေက အမေဖြစ်တဲ့ ဟဲလ်လင်နာနဲ့ စကားပြောရဖို့အတွက် ဖြစ်လာပါတယ်။ ဒီတစ်ခါတော့ နာတာရှာက ဦးဆောင်စကားပြောတဲ့သူပါ။
“မစ္စဟဲလ်လင်နာ၊ ရှင်က ရှင့်ယောက်ျားကို ကျိန်စာတိုက်ပြီး သတ်ပစ်ခဲ့တဲ့အတွက် EUOCရဲ့ဥပဒေတွေအရ လူသတ်မှု ထမြောက်ပါတယ်။ ဒီအတွက် ရှင့်ကိုကျော်သွားပေးလို့ မရပါဘူး။”
ဟဲလ်လင်နာကလည်း ဒီကိစ္စကို နားလည်သဘောပေါက်တဲ့ ပုံပါပဲ။ သူက ကြောက်လန့်နေဟန်ရပြီး သူ့လက်တွေကို သူ့လက်သည်းတွေနဲ့ ကုပ်ခြစ်နေတာကြောင့် သွေးစတွေ ထွက်လာတယ်။
“ကျွန်မနားလည်ပါတယ်... ကျွန်မက ဇနီးကောင်း တစ်ယောက် မဟုတ်ခဲ့သလို၊ မိခင်ကောင်း တစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး။ ဒီကိစ္စတွေကြောင့် အဲလစ်ရှာလေးကို အများကြီးဝန်ပိစေခဲ့မိပြီ။”
နာတာရှာကတော့ သက်ပြင်းချလိုက်ရင်း... “ရှင့်ရဲ့ ကလေးသူငယ်လစ်လျူရှုမှုကြောင့် အဲလစ်ရှာလေးက လူသတ်မိတာကိုတောင် အပြစ်လို့မမြင်နိုင်တော့တဲ့အထိ ဖြစ်သွားတယ်။ ဒါကတော့ နောက်တစ်မှုပေါ့။”
ဒီတစ်ခါတော့ ဟဲလ်လင်နာက စိုးရိမ်နေဟန်နဲ့ မေးလာတယ်။ “ကျွန်မသမီးလေးကိုရော ရှင်တို့က အရေးယူမှာလား။”
နာတာရှာက ခေါင်းခါလိုက်ပြီး “အဲလစ်ရှာက ဒီကိစ္စမှာ တိုက်ရိုက်ကျိန်စာတိုက်ခဲ့တဲ့သူ မဟုတ်ပါဘူး။ အဲလစ်ရှာကို ပူးကပ်နေတဲ့ တစ္ဆေကြောင့်ဖြစ်သွားတာလို့ တင်ပြလိုက်ရုံပါပဲ။ သူကိုယ်တိုင်လည်း သူ့စွမ်းအားတွေကို စနစ်တကျ ထိန်းချုပ်ဖို့ မသင်ယူရသေးဘူးမဟုတ်လား။”
နာတာရှာက ပြောရင်းဆိုရင်းနဲ့ ကိုယ်ရေးကိုယ်တာဖောင် တစ်ခုကို စားပွဲပေါ်အသာအယာ တင်ပေးလိုက်ပါတယ်။ “ဒါကတော့ အဲလစ်ရှာလိုကလေးတွေအတွက် ကျွန်မတို့ ကောင်မရှင်က ဖွင့်ထားတဲ့ ကျောင်းအိပ်ကျောင်းစား မှော်ပညာသင်တန်းကျောင်းတစ်ခုပါ။ အဲဒီမှာ ခုနစ်နှစ် ကျောင်းတက်ပြီးတဲ့အခါ အရည်အချင်းပြည့်မီတဲ့ မှော်ဆရာတစ်ယောက်ဖြစ်လာမှာပါ။ ကျောင်းလခက ဌာနကနေ ထောက်ပံပေးပါလိမ့်မယ်။”
“လူငယ်ထိန်းသိမ်းရေးစခန်းလိုမျိုးလား...” ဟဲလ်လင်နာက စိုးရိမ်နေဆဲပဲ။ နာတာရှာက သူ့ကိုမစိုးရိမ်ဖို့ ဖျောင်းဖျလိုက်တယ်။
“အဲဒီလိုလည်း မဟုတ်ရပါဘူး။ ကျွန်မတို့ဌာနက အေးဂျင့် တော်တော်များများက ဒီကျောင်းကနေ ကျောင်းပြီးကြတာ။ မှော်ဝင်ကျောင်းခြောက်ကျောင်းရဲ့အဖွဲ့ဝင် မဟုတ်ကြတဲ့ မှော်ဆရာမိသားစုတွေလည်း ဒီကျောင်းမှာ လာပြီး တက်ကြပါတယ်။ ကလေးအများစုက သာမန်ပါပဲ။”
ဒီတော့မှ စိုးရိမ်နေတာပပျောက်သွားဟန်နဲ့ ဟဲလ်လင်နာက သူ့လက်တွေကိုသူ ကုပ်နေတာ ရပ်လိုက်တယ်။ နောက်တော့
“ကျွန်မကရော...”
“ရှင်ကတော့ တရားရုံးမှာ စွဲချက်တင်ခံရပါမယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်ခဲ့တာမလို့ ဆယ်နှစ်ကနေတော့ ပြေးမလွတ်ပါဘူး။
ခံဝန်ချက် ပေးမယ်ဆိုရင်တော့ အမှုက လျော့သွားမှာပါ။ ထောင်ထဲမှာ ကောင်းကောင်းနေမယ်ဆိုရင်လည်း လျှော့ရက် ရနိုင်ဦးမယ်။ ကံကောင်းရင် ခုနစ်နှစ်လောက်နဲ့ ပြန်လွတ်လာမှာမလို့ ရှင့်သမီးလေး ကျောင်းပြီးတဲ့အချိန်နဲ့ ကွက်တိပါပဲ။”
နာတာရှာပြောတဲ့အထဲမှာ လက်မခံနိုင်စရာ တစ်ခုမှ မပါဘူးရယ်။ ဟဲလ်လင်နာကတော့ သူ့သမီးလေးကို ကြည့်လိုက်ပြီး...
“ကျွန်မသမီးကတော့ ကျွန်မကို အမြဲတမ်းမုန်းနေတော့မှာ။ ကျွန်မထောင်ကနေ ထောင်လာတဲ့အချိန်ကျရင် သူ့အတွက် ပိုကောင်းတဲ့အမေတစ်ယောက် ဖြစ်လာဖို့ မမီတော့မှာ စိုးရိမ် မိတယ်။”
ကျွန်မလည်း သူတို့မိသားစုအကြောင်းကို နားထောင်ရင်းနဲ့ စိတ်ထဲနာကျင်လာမိတယ်။ သူတို့ဘယ်လိုတွေ ရှေ့ဆက် ကြမလဲ။ နာတာရှာကတော့ ပြုံးလိုက်ပြီးတော့ အနီးအနား ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တယ်။ ကျွန်မတို့ချည်းပဲ ရှိတာ သေချာတော့မှ ဟဲလ်လင်နာအနားကိုကပ်ပြီးတော့ တီးတိုး ပြောလိုက်တယ်။ တီးတိုးဆိုပေမဲ့ အနားမှာရှိနေတဲ့ ကျွန်မတို့တွေ သေချာနားထောင်ကြည့်ရင် ကြားနိုင်တဲ့ စကားသံမျိုးပါ။
“ဒီမှာ... အဲဒီအတွက် ကျွန်မမှာအကြံရှိတယ်။ ဖြစ်ခဲ့သမျှ ကိစ္စတွေကို အဲလစ်ရှာမေ့သွားအောင် ကျွန်မရဲ့မှော်ပညာနဲ့ ပြုစားလိုက်မယ်။ ပြီးတော့ ရှင်ထောင်ကျတဲ့ကိစ္စကို လျှို့ဝှက် ထားလိုက်မယ်နော်။ ကလေးက ဘာပဲဖြစ်ဖြစ် ကျောင်းမှာပဲ အကြာကြီးနေရမယ့်ဟာကို။ တရားသူကြီးက တရားဝင် အမိန့်မချခင် ရှင်ကိုယ်တိုင် ကလေးကို ကျောင်းကိုလိုက်ပို့ နိုင်အောင်လို့ ကျွန်မကူညီမယ်။ ပြီးရင် ထောင်ထဲကနေ ကလေးဆီကို ဟန်မပြတ် ပုံမှန်စာရေးပို့ပေါ့။ ထောင်က လွတ်လာရင် ကလေးဘွဲ့ယူတဲ့အခမ်းအနား သွားတက်ရုံပဲ။”
‘အမယ်၊ သူ့ဟာနဲ့သူဟုတ်နေတာပဲ။' ကျွန်မ ဒီလိုတွေးမိ လိုက်ပါတယ်။ နောက်တော့ နာတာရှာက ဘယ်သူမှ မမြင်ခဲ့ ကလေးမလေးခေါင်းကို မှော်နှင်တံနဲ့ထိပြီး ဂါထာတစ်ခုကို ရွတ်ပေးလိုက်တယ်။
“အခုကနေစပြီးတော့ ဖြစ်ပျက်ခဲ့သမျှကို ကလေးဘဝက စိတ်ကူးယဥ်အကြောင်းအရာတွေလို့ပဲ သူထင်တော့မယ်။”
နောက်တော့ သူက ဟဲလ်လင်နာကို ပြုံးပြလိုက်ပြီး...
“ကျွန်မတို့ ရှင့်ကိုလာမခေါ်ခင်အထိတော့ ပုံမှန်အတိုင်း ကလေးအမေတစ်ယောက်လို နေပေးပါ။ အိမ်ကို အစောင့်ချထားမှာလို့ ထွက်ပြေးမယ်တော့ မကြံနဲ့နော်။”
...
ကျွန်မတို့ အဲဒီအိမ်ကနေ ပြန်ထွက်လာတော့ နာတာရှာအပေါ် ကျွန်မရဲ့အမြင်တွေ အနည်းငယ်ပြောင်းလဲသွားပါတယ်။ အရင်တုန်းကတော့ သူ့ကို အေးဂျင့်ဆန်ဆန် စည်းကမ်း တင်းကျပ်ပြီးတော့ ဗျူရိုခရက်ဆန်မယ် ထင်ထားခဲ့တာ။ တကယ်တမ်းတော့ သူက နူးညံ့ကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့တာ။ ဒီအကြောင်းကို ကျွန်မ မေးကြည့်တော့ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း အခုလိုပြန်ဖြေပါတယ်။
“ဘယ်တတ်နိုင်မလဲ... ငါလည်း ကလေးအမေပဲလေ။” တဲ့။