← Chapters

အထီးကျန်နှလုံးသား (၄)

Vol. 2 Ch. 73

အထီးကျန်နှလုံးသား (၄)

Vol. 2 Ch. 73

ဖြစ်ပွားခဲ့တဲ့နေရာက လူမြင်ကွင်းမှာ ဖြစ်တဲ့အတွက် EUOC က ချက်ချင်းရောက်ချလာပြီးတော့ လမ်းတွေအားလုံးကို ချက်ချင်းပိတ်ချထားခဲ့တယ်။ မျက်မြင်သက်သေတွေကို မှတ်ဉာဏ်ဖျောက်နေတဲ့ မှော်ဆရာတချို့ကို ကျွန်မတွေ့ရတယ်။ နာတာရှာကိုယ်တိုင်က သေသွားတဲ့ ကလေးရဲ့ခန္ဓာကိုယ်ဘေးမှာ ဆောင့်ကြောင့်ထိုင်နေပြီး တစ်ခုခုကို လေးလေးနက်နက်တွေးနေတဲ့ပုံပါပဲ။

“ကျွန်မတို့တွေ ဒီကလေးရဲ့မိဘတွေကို ဘယ်လိုရှင်းပြ ရမလဲ။” ကျွန်မက ဆေးဝန်ထမ်းပီပီ လူတွေအများကြီး သေဆုံးတာကိုမြင်ဖူးတယ်ဆိုပေမဲ့ အခုလိုမျိုး သဘာဝလွန် နည်းလမ်းမျိုးနဲ့ သေဆုံးသွားတာမျိုးကို မိသားစုဝင်တွေကို သူတို့ဘယ်လိုရှင်းပြမလဲ စဥ်းစားလို့မရဘူး။

နာတာရှာကတော့ “ငါတို့က မှော်ကျိန်စာသင့်ပြီးတော့ ဆုံးသွားပါတယ်လို့ သူ့မိသားစုကို အသိပေးမှာမဟုတ်ဘူး။ ဒီအတိုင်း ယာဥ်တိုက်မှုကြောင့် ဆုံးသွားပါတယ်လို့ပဲ အသိပေးမှာ။ တစ်ခါတလေတော့ အမှန်တရားဆိုတာက သိတိုင်းကောင်းတဲ့အရာမဟုတ်ဘူးလေ။”

နစ်နာသူရဲ့မိသားစုက အမှန်တရားကိုသိသင့်တယ်လို့ ကျွန်မမြင်ပေမဲ့ အခုကိစ္စက EUOCရဲ့မူဝါဒအတိုင်း သွားနေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ သားသမီး တစ်ယောက်ဆုံးရှုံးလိုက်ရတာက ကံဆိုးမိုးမှောင်ကျမှု တစ်ခုဖြစ်တယ်ဆိုပေမဲ့ သာမန်လူတွေနားလည်နိုင်တဲ့ နည်းလမ်းနဲ့ဖြစ်ပျက်သွားတာကမှ နားမလည်နိုင်တဲ့နည်းနဲ့ ဆုံးရှုံးသွားရတာထက်စာရင် ဖြေသာဖို့လွယ်သေးတယ် မဟုတ်ပါလား။

EUOCရဲ့ဆေးဝန်ထမ်းတွေက နစ်နာသူရဲ့ရုပ်ခန္ဓာကို ပန်းခြံထဲကနေ ထုတ်သွားတယ်။ ကျွန်မ၊ အိုလီရာနာ၊ နက်ဆန်နဲ့ နာတာရှာတို့ကတော့ ပန်းခြံထဲမှာ စုဝေးမိနေ ကြပါပြီ။

“အဲဒီသရဲက တကယ်ပဲလေလွင့်သရဲတစ်ကောင် ဟုတ်မဟုတ် သံသယဝင်မိတယ်။ သာမန် လေလွင့်သရဲတွေက ဒီလောက်အားကောင်းတဲ့ ကျိန်စာမျိုးကို ပိုင်ဆိုင်ထားစရာအကြောင်းမရှိဘူး။”

နာတာရှာက ပြောလိုက်တယ်။ ကျွန်မက ဘာအခြေခံမှ မရှိတဲ့သူဆိုပေမဲ့ ဒီလောက်တော့ ဟိုဟိုဒီဒီချိတ်ဆက်ပြီး နားလည်နိုင်ပါတယ်။ နက်ဆန်မှာတော့ ဒီကိစ္စအတွက် အဖြေရှိနေတဲ့ပုံပဲ...

“ကလေးအမေက မှော်ဆရာပဲ။ ကလေးမှာ မှော်စွမ်းအား ရှိနေပြီးတော့ သရဲရဲ့ကျိန်စာကို အစွမ်းပိုထက်စေတာမျိုး ဖြစ်နိုင်တယ်။”

ကျွန်မက သိပ်နားမလည်ပေမဲ့ သူတို့အရင်ကပြောဖူးတဲ့ ကိစ္စပေါင်းများစွာကို မှတ်မိသလောက်ထုတ်နုတ်ပြီးတော့ ဝင်ပြောကြည့်တယ်။

“ရှင်ဆိုလိုတာက ကျွန်မရဲ့ဓားအလုပ်လုပ်သလိုမျိုး သရဲက ကောင်မလေးရဲ့မှော်စွမ်းအင်ကို အသုံးချပြီးတော့ တခြားသူတွေကို ကျိန်စာတိုက်နေတာလို့ ပြောချင်တာလား။”

နာတာရှာက ကျွန်မကိုကြည့်လိုက်ပြီးတော့ စနောက်တံ အနေနဲ့ပြောလိုက်တယ်။ “အမယ်၊ ငါတို့နဲ့ငတုံးမလေးတောင် အနည်းနဲ့အများ နားလည်လာပြီပဲ။”

နက်ဆန်ကလည်း “အဲဒီအတိုင်းပဲ။ ဒါပေမဲ့ ကလေးမက သေချာလေ့ကျင့်ထားတဲ့ပုံမပေါ်ဘူး။ ဒါကြောင့် အခုလို မှော်ကျိန်စာမျိုးကို ထုတ်သုံးတာက သူ့အတွက်အန္တရာယ် ရှိနိုင်တယ်။ အထူးသဖြင့် မင်းပြောတဲ့အတိုင်းဆိုရင် လေလွင့်သရဲက သူ့ဆုံးဖြတ်ချက်နဲ့သူ ကျိန်စာတိုက်ခဲ့တာပဲ။ ဒါက သရဲစီးနေတဲ့ခွဲစိတ်ဓားထက်တောင် ပိုပြီးတော့ အန္တရာယ်များတဲ့ အခြေအနေပဲ။”

နက်ဆန်က အခြေအနေနှစ်ခုကို နှိုင်းယှဥ်ပြီးတော့ ပြောကြည့်တာ။ ကျွန်မက ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပေမဲ့ ဒီကိစ္စကိုနည်းနည်း မှန်းဆကြည့်လို့တော့ ရပါတယ်။ ကျွန်မရဲ့ခွဲစိတ်ဓားက ကျွန်မအသုံးပြုချင်လို့ အိတ်ထဲကထုတ်ယူပြီး သွေးနည်းနည်းတိုက်လိုက်မှ အသက်ဝင်လာတာမျိုးလေ။ အခုလေလွင့်သရဲကတော့ ကလေးမလေးဆီကနေ မှော်စွမ်းအင်ကို ကြိုက်သလို စုပ်ယူပြီး သုံးလို့ရနေတယ်။

“ကလေးမလေးကို ဒီအတိုင်းလွှတ်ထားရင် မကြာခင်မှာ မိုရီယမ်တစ်ယောက်ဖြစ်လာလိမ့်မယ်။ တစ်နည်းအားဖြင့် အသက်ငယ်ငယ်လေးနဲ့ စိတ်မူမှန်ဖြစ်သွားတော့မှာ။ ပြီးတော့ အဲဒီသရဲက ရှေ့နောက်မစဥ်းစားဘဲ သူ့ဘေးက လူတွေကို ကျိန်စာတိုက်ပစ်မယ့် အန္တရာယ်လည်းရှိနေသေးတယ်။”

အဲဒီလို ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေက ကလေးမလေးရဲ့အိမ်ကို အမြန်ဆုံးချီတက်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။

...

ဒီနေ့လေ သမီးသိပ်ပျော်တာပဲ။

ဒေစီက သမီးကိုအနိုင်ကျင့်နေကျ လာဗင်ဒါဆိုတဲ့ ကောင်မလေးကို နောက်တစ်ခါအနိုင်မကျင့်နိုင်တော့အောင် လုပ်ပေးလိုက်ပြီ။ လူနာနဲ့ကာတာပြီးရင် တတိယမြောက် ဒေစီအပြစ်ပေးတာ ခံခဲ့ရတဲ့သူပေါ့။

ကာတာက ကျောင်းမှာ သမီးကို အမြဲဘောလုံး နဲ့ပစ်ပေါက်ပြီး စတတ်တဲ့ အတန်းကြီးကောင်လေးလေ။ ဒေစီက သူ့ကိုဘောလုံးနဲ့ပစ်ပစ်ပေါက်ခဲ့တဲ့အတွက်ကြောင့် လက်ကျိုးသွားတယ်။ အဲဒီနောက်တော့ သူက သမီးကို မစရဲတော့ဘူး။

လူနာဆိုတဲ့တစ်ယောက်ကတော့ သမီးစာအုပ်ထဲမှာ ပုံတွေခိုးဆွဲပြီး ဆရာမအဆူခံရအောင် အမြဲလုပ်တဲ့ အတန်းဖော်ပေါ့။ ဒေစီက သူ့မျက်နှာပေါ်မှာ လက်သည်းနဲ့ ခြစ်ပြီးတော့ ကြောင်နှုတ်ခမ်းမွှေးပုံ ဆွဲပေးခဲ့တယ်။ မျက်နှာ အသားတွေကွာကျလာပြီး ကြောက်စရာကြီးမလို့ နောက်တစ်ခါ ထပ်မလုပ်ဖို့ဒေဝီကို ပြောခဲ့ပေမဲ့

ဒေစီက “အနိုင်ကျင့်တဲ့သူတွေက ဒါမျိုးနဲ့ပဲ ထိုက်တန်တယ်။” လို့ သမီးကိုရှင်းပြတယ်။ သူက သမီးကို ကာကွယ်ပေးနေတာတဲ့။ သမီးသူနဲ့ရှိနေသမျှ လုံခြုံနေမှာပဲ။ အမေက သမီးကို တစ်ခုခုလုပ်မယ်ဆိုရင်တောင် သူက ကူညီပေးမှာ မလို့မကြောက်နဲ့တဲ့။

သမီးသူ့ကို တကယ်ယုံတယ်။ သူက ကတိပေးရင် ကတိပေးထားတဲ့အတိုင်း လုပ်တတ်တယ်။ သမီး မိဘတွေလိုမဟုတ်ဘူး။ ဒါကြောင့်မလို့ သမီးက သူ့ကို သဘောကျတာ။

အိမ်ပြန်ရောက်တော့ သမီးတံခါးမခေါက်ဘဲ တံခါးကို ဆွဲဖွင့်ပြီး ဝင်လိုက်တယ်။ ဧည့်ခန်းကိုဖြတ်အလျှောက်မှာ မေမေ့ကိုတွေ့တယ်။ မေမေက ဆိုဖာခုံပေါ်မှာ ထိုင်နေပြီးတော့ ဘာမှပြသမနေတဲ့ တီဗီလိုင်းနံပါတ် တစ်ခုကိုစိုက်ကြည့်နေတယ်။ သူက သမီးကိုတွေ့တော့

“နင်အဲဒါကြီးနဲ့ အပြင်မှာလျှောက်ကစားနေပြန်ပြီလား။” လို့မေးပြန်တယ်။ သေချာပေါက် ဒေစီကိုပြောတာနေမယ်။ သမီးက ဒေစီကိုမမြင်ရပေမဲ့ မေမေကတော့ မြင်နိုင်ပုံရပါတယ်။

စစချင်း ဒေစီအိမ်ကိုရောက်လာတော့ မေမေက နှင်ထုတ်ဖို့ ပြောခဲ့ပေမဲ့ သမီးက သူ့ကိုဆက်ခေါ်ထားခဲ့တာ။ မေမေက ခါတိုင်းလုပ်နေကျအတိုင်း ထူးဆန်းတဲ့ပစ္စည်းတွေနဲ့ စုန်းမ အလုပ်တွေလုပ်ပြီး ဒေစီကိုနှင်ထုတ်ဖို့လည်း ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။

ဒေစီပြောတာတော့ သမီးတို့ကြားထဲမှာ ဖြတ်လို့မရတဲ့ နှောင်ကြိုးတစ်ခုရှိနေပြီးသားမလို့ သူနှင်ထုတ်လို့ မရတော့တာတဲ့။

“နင့်ကို ငါပြောနေတယ်လေ။”

သမီးက သူ့ကိုဂရုမစိုက်ဘဲ ကိုယ့်အခန်းကိုယ်ပြန်ဖို့ လုပ်တော့ တီဗီရီမုနဲ့ကျွန်မကို လှမ်းပြီးတော့ပေါက်တယ်။ ကံကောင်းစွာနဲ့ ရီမုက သမီးကိုမမှန်ဘဲ နံရံကိုပဲမှန်ပြီး တစ်စစီဖြစ်သွားရော။ သမီးလည်းကြောက်ပြီးတော့ နံရံထောင့်မှာ ကပ်နေခဲ့တာပေါ့။

“နင်.... အဲဒါကြီးနဲ့... အဲဒါကြီးနဲ့ တခြားကလေးတွေကို ဒုက္ခပေးနေတာမဟုတ်လား။ ငါကြားတယ်... နင့်ကို ရပ်ကွက်ထဲက လူတွေက စုန်းမလို့ခေါ်နေကြပြီ။”

အမေက ရုပ်ရှင်ထဲက အရူးမကြီးတစ်ယောက်လိုမျိုး ကျွန်မနားကို တိုးကပ်လာပြီး ကျွန်မပခုံးကို တင်းတင်း ဆုပ်ကိုင်ထားလိုက်တယ်။

“အဲဒါကြီးကို နှင်ထုတ်လိုက်... နှင်ထုတ်လိုက်တော့... ငါအဲဒါကြီးကို နင်နဲ့တွဲပြီး မမြင်ချင်ဘူး။”

အမေပြောတဲ့ အဲဒီကြီးဆိုတာကို သမီးနားမလည်ဘူး။ သမီးနဲ့အတူရှိနေတာဆိုလို့ ဒေစီပဲရှိတာလေ။ “ဒေစီက သမီးသူငယ်ချင်း။ သမီးသူ့ကို နှင်မထုတ်နိုင်ဘူး။”

သမီးသူ့ကိုငြင်းတော့ အမေက ပိုပြီးတော့ စိတ်လှုပ်ရှားမှု ပြင်းထန်လာသလိုပဲ။ “နင်နာမည်ပေးထားတယ်... လေလွင့်သရဲကို နာမည်ပေးလိုက်တယ်။ အဲဒါက ဘာအဓိပ္ပါယ်လဲ နင်သိလား။”

အမေက သမီးကိုရိုက်ဖို့လက်ရွယ်လိုက်တယ်။ ဒါပေမဲ့ သမီးမျက်လုံးရှေ့မှာတင်ပဲ အမေ့ခန္ဓာကိုယ်က လေထဲ မြောက်တက်သွားပြီး နံရံနဲ့ဝင်တိုက်မိသွားတယ်။

“ဒေစီ၊ နင်လား...” ကျွန်မ မေးလိုက်တော့ အိမ်ဧည့်ခန်းထဲက ခန်းစီးလိုက်ကာတွေ လေမတိုက်ဘဲ လှုပ်ရှားသွားတယ်။ သူပဲ...

“အမေက ငါ့ကိုစိုးရိမ်နေရုံတင်ပါ။ သူ့ကို တအားနာအောင် မလုပ်ပါနဲ့။”

အဲဒီနောက်တော့ သမီးလည်း စောင်းထားတဲ့ဦးထုပ်ကို ချွတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။

“အမေပြောတာအမှန်ပဲ၊ သမီးသူငယ်ချင်းက အဲဒီမကောင်းတဲ့ အတန်းဖော်တွေကို ပညာပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါက သူတို့နဲ့ထိုက်တန်လို့ဖြစ်တာ။ သူတို့ထိုက်နဲ့ သူတို့ကံပဲ။”

အဲဒီနောက်တော့ သမီးအခန်းဆီကို ပြန်လာခဲ့တယ်။ ဒါမှ ဘုတ်ပြားကိုသုံးပြီးတော့ ဒေစီနဲ့စကားသေချာပြောလို့ရမှာ။

...

ကျွန်မတို့ ကလေးမလေးရဲ့အိမ်ရှေ့ကိုရောက်တော့ တံခါးက ပွင့်လျက်သားကြီး။ တစ်ခုခုဖြစ်နေပြီမှန်း ကျွန်မတို့သိပေမဲ့ နာတာရှာက ကျွန်မတို့ကိုတိုက်ရိုက် မဝင်ခိုင်းသေးဘဲ တားလိုက်တယ်။

“အရင်ဆုံး ဘေးပတ်ဝန်းကျင်အိမ်တွေ မထိခိုက်အောင် အရင်လုပ်ရမယ်။ ပြီးရင်တော့ ငါတို့သိထားသလောက် အချက်အလက်တွေ မျှဝေကြတာပေါ့။”

နာတာရှာက သူ့လက်ကို စစ်တပ်ပုံစံအတိုင်း တပ်ဖြန့်ဖို့ အမိန့်ပေးလိုက်တော့ မှော်နှင်တံတွေနဲ့အေးဂျင်တွေက အိမ်ကိုဝိုင်းထားလိုက်တယ်။ နာတာရှာက သူ့ဖုန်းကိုဖွင့်ပြီး ကျွန်မတို့သိထားလို့လိုတဲ့ ကိစ္စတချို့ကို ပြောပြတယ်။

“ဒီအိမ်မှာနေတဲ့သားအမိက ဟဲလင်နာ အန်တို့စ်နဲ့ အဲလက်ရှာ အန်တို့စ်တို့ပဲ။ အန်တို့စ်မိသားစုနာမည်က ယောက်ျားဘက်က လာတာ။ သူတို့ကတော့ မှော်ဆရာမျိုးနွယ်မဟုတ်ဘူး။ အမေဖြစ်တဲ့ ဟဲလင်နာကတော့ မှော်ဆရာတွေဖြစ်လာတာ မျိုးငါးဆက်ရှိပြီဖြစ်တဲ့ ဒယ်လ်ဖီမျိုးနွယ်ကလာတာ။ လက်ရှိမျိုးဆက်က တိမ်ကောသွားပြီလို့ ဆိုနိုင်ပြီးတော့ ဟဲလင်နာက အဆင့်သတ်မှတ်ချက်အရ အဆင့်နိမ့်မှော်ဆရာပဲ။ ကလေးမလေး အဲလက်ရှာကတော့ ငါတို့သိသလောက် မှော်စွမ်းအင်တွေကို ဆက်ခံရရှိထားပေမဲ့ သေချာမလေ့ကျင့်ထားသလို သဘာဝလွန်အရာတွေကို မြင်နိုင်စွမ်းလည်းနည်းတယ်။”

နာတာရှာက ဒီမိသားစုရဲ့နောက်ကြောင်းကို သူစုံစမ်းလို့ ရထားသလောက် ကျွန်မတို့ကို ပြောပြပါတယ်။ ဒါမှ ကျွန်မတို့ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်နိုင်မှာလေ။

“အမေဖြစ်တဲ့ ဟဲလ်လင်နာကို လေ့လာရသလောက် တက္ကသိုလ်မှာကင်းဖြစ်ခဲ့တဲ့ ရီးမက် အန်းတို့စ်ကို အသေအလဲ ချစ်ကြိုက်ခဲ့ပုံပဲ။ ရီးမက်မှာ ရည်းစားရှိတယ် ဆိုပေမဲ့ နောက်ဆုံးနှစ်ကျတော့ ဟဲလ်လင်နာမှဟဲလ်လင်နာ ဖြစ်သွားပြီးတော့ လက်ထပ်ခဲ့တယ်လို့ သူ့မိတ်ဆွေတွေက ပြောကြတယ်။”

နာတာရှာက နောက်ကြောင်းပြောတာကို ရပ်လိုက်ပြီးတဲ့ နောက်မှာတော့ နက်ဆန်က လေးလေးနက်နက် တွေးတောနေဟန်နဲ့

“ရုတ်တရက် ဟဲလင်နာကိုပြောင်းချစ်သွားတာလား။ သူတို့အိမ်ထောင်ရေးအကြောင်းရော ဘာသိထားလဲ။”

နာတာရှာက ဖုန်းကိုအောက်အထိ ဆွဲချလိုက်ပြီးတော့ “အစပိုင်းနှစ်တွေမှာ ချောမွေ့တယ်ဆိုပေမဲ့ နောက်ပိုင်းကျ အေးစက်သွားပြီး ရီးမက်က ရည်းစားဟောင်းနဲ့ ပြန်တွေ့နေတယ်လို့ကြားတယ်။”

“သဘောပေါက်ပြီ။” နက်ဆန်က ပြောလိုက်ပေမဲ့ သူဘာကို သဘောပေါက်သွားမှန်း ကျွန်မမသိဘူး။ နက်ဆန်က နာတာရှာကို ထပ်ပြီး မေးလိုက်တယ်။

“ဟဲလင်နာရဲ့စိတ်အခြေအနေ အခုလိုဖြစ်နေတဲ့အချိန်နဲ့ ရီးမက်စဖောက်ပြန်တဲ့အချိန်က အတူတူလောက်ပဲ မဟုတ်လား။”

နာတာရှာက ခေါင်းညိတ်ပြတယ်။ နက်ဆန်ကလည်း “ဒီအမျိုးသမီးက ပီယဆေးကိုသုံးရလောက်တဲ့အထိ အချစ်ရူး ရူးခဲ့တာကိုး။”

ကျွန်မကတော့ နားမလည်ခဲ့ဘူး။ နာတာရှာကတော့ သက်ပြင်းရှည်ကြီးချလိုက်ရင်း...

“ပီယဆေးသုံးလွန်ပြီး မိုရီယမ်ဖြစ်သွားတာလား။ ဆေး အာနိသင်ပြေသွားတိုင်း အသစ်ထပ်စီရင်ရင်းနဲ့ သူ့မှာရှိတဲ့ မှော်သွေးကြောတွေခမ်းခြောက်သွားတဲ့အထိ ဒဏ်ခံရတာပဲ။ ဆေးလုံးဝပြယ်သွားတော့ ဟိုက ထွက်သွားတော့တာပဲ။”

‘အဲဒီလိုလား။' ကျွန်မ ခပ်ရေးရေးတော့သဘောပေါက် လာပါပြီ။ နက်ဆန်က အဘိဓာန်ထဲက စာကြောင်းဆန်ဆန် စကားတစ်ခွန်းကို ပြောလိုက်တယ်။

“အဖိုးရဲ့ကျမ်းစာအရ အချစ်ကိုဖန်တီးနိုင်တဲ့ ပီယဆေးရယ်လို့ မရှိဘူး။ အချစ်လို့ထင်ရတဲ့ ယာယီစွဲလမ်းမှုကို ဖန်တီးနိုင်တဲ့ ဆေးပဲရှိတယ်တဲ့။”

ဆွေးနွေးသင့်တာတွေ ဆွေးနွေးပြီးတဲ့နောက်မှာတော့ အိမ်ထဲကို တိုက်ရိုက်ဝင်ဖို့အတွက် ပြင်ဆင်ကြပါတယ်။ နက်ဆန်က သူ့မှော်သေတ္တာလေးကိုဖွင့်လိုက်ပြီး ပုလင်းလေး တစ်လုံးကို ဖွင့်လိုက်တယ်။ နောက်တော့ သူကျွန်မကို အရင်က ပေးထားတဲ့ ရောမရွှေဒင်္ဂါးအဆောင်လေးပေါ် အဲဒီဆေးမှုန့်တွေ ဖြူးချလိုက်တယ်။

“ရို့စ်မယ်ရီအမှုန့်လေ၊ ဒါက မင်းအဆောင်ရဲ့စွမ်းအားကို ယာယီမြှင့်ပေးနိုင်တယ်။ လိုရမယ်ရပေါ့။”

ဒီအဖွဲ့ထဲမှ ဘာမှမလုပ်တတ်တာဆိုလို့ ကျွန်မပဲရှိတာရယ်။ နောက်တော့ ကျွန်မတို့တွေ ပြိုင်တူဆိုသလို အိမ်ထဲကို ဝင်လိုက်တော့...

“ငါ့သမီးက... သရဲကို... နာမည်ပေးထားတယ်...”

“ငါ့သမီးက... သရဲကို... နာမည်ပေးထားတယ်...”

“ငါ့သမီးက... သရဲကို... နာမည်ပေးထားတယ်...”

အခန်းထောင့်မှာ ကွေးကွေးလေးထိုင်နေပြီးတော့ အဲဒီစကားတစ်ခွန်းတည်းကိုပဲ လှည့်ပတ်ပြောနေတဲ့ ကလေးမလေးရဲ့အမေ ဟဲလ်လင်နာကို ကျွန်မတို့တွေ တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း နားမလည်တာမလို့ နက်ဆန်ကို မေးကြည့်တော့ သူက...

“မကောင်းတော့ဘူး...” လို့ပဲ ပြန်ဖြေတယ်။ နာတာရှာက ပိုပြီးပြည့်ပြည့်စုံစုံ ရှင်းပြပေးတယ်။

“ လေလွင့်သရဲကို နာမည်ပေးလိုက်တာက အဲဒီသရဲကို ကိုယ့်အနားကပ်နေခွင့် ပေးလိုက်တာနဲ့အတူတူပဲ။ သူတို့က တောက်လျှောက်နင့်နောက်က လိုက်နေလိမ့်မယ်။ အဲဒီကနေ နင့်ဆီက မှော်စွမ်းအင်ကိုပါ စုပ်ယူသုံးစွဲခွင့်ရသွားလိမ့်မယ်။ နည်းလမ်းမှန်ရင်တော့ အစေခံကောင်းဖြစ်လာနိုင်ပေမဲ့ ဒီလိုကလေးမလေးမျိုးအတွက်ကျ ကပ်ပါးကောင် သာသာပဲဖြစ်လာတော့မှာ။”

“ကြည့်ရတာ ကိုင်တွယ်ရ ခက်တော့မယ့်ပုံပဲ။ ဆယ်ဗီနဲ့ အိုလီရာနာ ဧည့်ခန်းထဲမှာ နေခဲ့။”

နက်ဆန်က ကျွန်မကို အမိန့်ပေးလိုက်တယ်။ အဲဒီနောက် သူ့လက်ထဲမှာ တစ္ဆေစုံတွဲဓားနှစ်လက်ပေါ်လာပါတယ်။ နာတာရှာကလည်း သူ့မှော်နှင်တံကို ထုတ်လိုက်ပါပြီ။ သူတို့က တိုက်ပွဲကြီးတစ်ခုအတွက် အသင့်ဖြစ်နေကြတဲ့ပုံပဲ။

သူတို့က ကောင်မလေးရဲ့အခန်းရှိရာ ဒုတိယထပ်ကို တစ်လှမ်းချင်း ခြေလှမ်းပြီးတော့ တက်သွားကြပါတယ်။

All Chapters