← Chapters

အခန်း (၃၇၆)

Vol. 26 Ch. 376

အခန်း (၃၇၆)

Vol. 26 Ch. 376

“ကျန်းချန်.. ဒါက တကယ်ပဲ သတ္တမ အဆင့် ဆေးလုံးလား”

ချိုးလော်လန်က သူမ၏ လှပသော မျက်ဝန်းများဖြင့် ကျောက်စင်မြင့် ပေါ်မှ ကျောက်စိမ်း ပုလင်းလေးကို စိုက်ကြည့်လိုက်သည်။

အကြောင်းပြချက် မယ်မယ်ရာရာ မသိရသော်လည်း ကျောက်စိမ်း ပုလင်းလေးကို ပထမဆုံး မြင်သောအခါတွင် သူမသည် ရယူလိုသည့် ဆန္ဒ ရုတ်တရက် ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သည်။

ကျောက်စိမ်း ပုလင်းလေးထဲတွင် သူမ အတွက် အလွန် အရေးကြီးသော အရာတစ်ခု ရှိနေပုံရ၏။

“ဖြစ်နိုင်တယ်”

ကျန်းချန်က ခေါင်းညိတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"သတ္တမ အဆင့်နဲ့ သူ့ အထက်က ဝိညာဉ် ဆေးလုံးတွေကိုပဲ စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်းထဲမှာ သိမ်းဆည်းထားကြလေ့ရှိတယ်”

သတ္တမအဆင့် ဆေးလုံးကို သတ္တမအဆင့် ဆေးလုံးဟု ခေါ်ရခြင်းမှာ ဆေးလုံးတွင် ဝိညာဉ်ရေးရာ အသိစိတ် ရှိလာသောကြောင့်ပင်။

သတ္တမအဆင့် ဝိညာဉ် ဆေးလုံးကို သိမ်းဆည်းရန် သာမန်ပစ္စည်းကို အသုံးပြုလျှင် ဆေးလုံးသည် ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရ၏။

ထို့ကြောင့် အထူး ပြုလုပ်ထားသော စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်းကသာ သတ္တမအဆင့် ဝိညာဉ် ဆေးလုံးကို လုံးဝ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

ကျန်းချန်အနေဖြင့်မူ သတ္တမအဆင့် ဝိညာဉ် ဆေးလုံးက သူ့အနီးတွင် ရှိနေလျှင်ပင် လိုချင်စိတ် မရှိပေ။

သူက ကျောက်စင်မြင့် ပေါ်မှ ကျောက်စိမ်း ပုလင်းလေးကို ကြည့်ပြီး နှလုံးသားထဲတွင် မသက်မသာ ခံစားချက်တစ်ခုကိုပင် ရုတ်တရက် ခံစားလိုက်ရသည်။

သို့ရာတွင် ကျန်းချန် မလိုချင်သော်လည်း အခြားလူများ မလိုချင်ဟု မဆိုလိုချေ။

ရှန်းရှုံးက ခြေထောက်ကို မြေပြင်ပေါ်သို့ တစ်ချက် ဆောင့်နင်းလိုက်ပြီး လေးညို့မှပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် ကျောက်စင်မြင့် ဆီသို့ ပြေးသွားခဲ့သည်။

ရှန်းရှုံး၏ အမြန်နှုန်းသည် အလွန် မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်စင်မြင့် ရှေ့တွင် ပေါ်လာကာ ကျောက်စင်မြင့် ပေါ်မှ ကျောက်စိမ်း ပုလင်းကို လှမ်းကိုင်လိုက်သည်။

“အဲဒီ ဆေးပုလင်းကို လုံးဝ မထိနဲ့”

ကျန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ရှန်းရှုံးကို အလျင်အမြန် အော်ဟစ် သတိပေးလိုက်သည်။

ရှန်းရှုံးသည် ကျန်းချန်၏ သတိပေးမှုကို လျစ်လျူရှုပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဆေး ပုလင်းလေးကို ဆုပ်ကိုင်လိုက်သည်။

"ဟားဟား… သတ္တမအဆင့် ဝိညာဉ် ဆေးလုံး.. ဒါက ငါ့အပိုင်ပဲ"

လက်ထဲမှ စည်းတံဆိပ်ခတ်ကျောက်စိမ်း ပုလင်းကို ကြည့်ပြီး ရှန်းရှုံးက ရယ်မောလိုက်သည်။

သူ၏ ရယ်သံ မဆုံးခင်မှာပင် ကျောက်စိမ်း ပုလင်းမှ ထူးဆန်းသော သွေးရောင်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ချက်ချင်းပင် ကျောက်စိမ်း ပုလင်းကို ဆုပ်ကိုင်ထားသော ရှန်းရှုံး၏ လက်ဖဝါးသည် သွေးမြူခိုး အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲသည်။

အဆိုးဆုံးမှာ ထိုပျောက်ကွယ်သွားမှုသည် အလျင်အမြန် ပျံ့နှံ့သွားခြင်းပင်။

အလွန် မြန်ဆန်စွာပင် ရှန်းရှုံး၏ လက်တစ်ဖက်လုံးသည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့၏။

“မလုပ်နဲ့”

“အစ်ကို… အစ်ကိုကြီး.. ငါ့ကို ကူညီပါ”

ပဟေဠိဆန်စွာ ပျောက်ကွယ်သွားသော သူ့ လက်ကို ကြည့်ပြီး ရှန်းရှုံး၏ မျက်လုံးတွင် အဆုံးသတ်၌ ကြောက်လန့်သော အရိပ်အယောင် တစ်ခု ပေါ်လာသည်။

သို့သော် သူ၏ အော်ဟစ်သံ မဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပျောက်ကွယ်သွားစေသော အမြန်နှုန်းသည် အရှိန်မြင့်လာခဲ့သည်။

အသက်ရှုချိန် အနည်းငယ်အတွင်း ရှန်းရှုံး၏ တစ်ကိုယ်လုံးသည် သွေးရောင် မြူခိုး အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ကျောက်စင်မြင့် ပေါ်ရှိ သွေးရောင် ပုံရိပ်ဆီသို့ ဦးတည်သွားခဲ့သည်။

သွေးရောင် မြူခိုးက သွေးရောင် ပုံရိပ်ကို ထိတွေ့သောအခါ ဝါဂွမ်းပေါ်တွင် ရေကျသကဲ့သို့ သွေးရောင် ပုံရိပ်၏ စုပ်ယူခြင်းကို ခံယူလိုက်ရ၏။

သွေးရောင် ပုံရိပ်က သွေးရောင် မြူခိုးကို စုပ်ယူပြီးနောက်တွင် နှစ်ပေါင်းမည်မျှ ရပ်တန့်နေမှန်း မသိရသော ၎င်း၏ နှလုံးသားသည် ဆန်းကြယ်စွာ တဒိတ်ဒိတ် ပြန်ခုန်လာခဲ့သည်။

“သွေးဝါးမျို ပြန်လည်မွေးဖွားခြင်း နည်းစနစ်”

“ဒါက သွေးနတ်ဆိုး နန်းတော်ရဲ့ လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ သွေးဝါးမျို ပြန်လည်မွေးဖွားခြင်း နည်းစနစ်ပဲ.. ဒီအလောင်းကောင်က ပြန်လည် မွေးဖွားလာတော့မယ်.. အားလုံးပဲ ဒီကနေ ဆုတ်ကြရအောင်”

ရှေ့မှ ထူးဆန်းသော မြင်ကွင်းကို ကြည့်ကာ အဘိုးယွမ်သည် ကြောက်လန့်တကြီး အော်ဟစ်လိုက်ပြီး မိုကျင့်ယွင်ကို လက်ဆွဲကာ ခန်းမ၏ အပြင်ဘက်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

အလျင်အမြန် ထွက်ပြေးသွားသော အဘိုးယွမ်ကို မြင်သောအခါ ရှန်းဟူသည်လည်း တွန့်ဆုတ်မနေဘဲ ခန်းမ၏ အဝင်ဝဆီသို့ ပြေးသွားခဲ့၏။

“မိန်းကလေး လော်လန်.. ငါတို့လည်း သွားကြစို့”

ကျန်းချန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူက ချိုးလော်လန်ကို ခေါ်သွားတော့မည့် အချိန်တွင် ချိုးလော်လန်သည် ခန်းမ၏ အလယ်ရှိ ကျောက်စင်မြင့်ဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

"မိန်းကလေး လော်လန်...မင်း… ဘာလုပ်မလို့လဲ”

ကျန်းချန်က ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

သူက သွားများကို အံကြိတ်ကာ ချိုးလော်လန်ကို အတင်း ဆွဲခေါ်ရန် ပြင်လိုက်သော အချိန်တွင် အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုသည် သူ၏ နှလုံးသားထဲတွင် ပြည့်နှက်သွားခဲ့၏။

အခန်း(၃၇၆) ပြီး၏

All Chapters