← Chapters

အခန်း (၃၇၇)

Vol. 26 Ch. 377

အခန်း (၃၇၇)

Vol. 26 Ch. 377

ကျန်းချန်က တစ်ကိုယ်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။

သူက ခြေလှမ်းကွက်ကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် တည်နေရာ ရွှေ့ပြောင်းသွားသကဲ့သို့ ချိုးလော်လန် အနားရောက်လာ၏။

တစ်ချိန်တည်းမှာပင် ကျောက်တုံးစင်ပေါ်မှ သွေးရောင် အလောင်းသည်လည်း ချက်ချင်း လှုပ်ရှားလာခဲ့သည်။

သူ၏ ပိတ်ထားသော မျက်လုံးများက ရုတ်တရက် ပွင့်သွားပြီး ထူးဆန်းသော သွေးအရှိန်အဝါတစ်ခုက ထွက်ပေါ်လာခဲ့၏။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် မုန်တိုင်းတစ်ခုသည် ကျောက်တုံးစင်ကို ဗဟိုပြုကာ ခန်းမ၏ ပတ်ဝန်းကျင်ဆီသို့ အလျင်အမြန် တိုက်ခတ်သွားသည်။

ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် တင်းကျပ်သွား၏။

သူက လက်ဖဝါးကို ဝှေ့ယမ်းပြီး သွေးရောင် မုန်တိုင်းကို ခုခံရန် သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။

"မိန်းကလေး လော်လန်”

သွေးရောင် မုန်တိုင်း၏ ပိတ်ဆို့မှုကို ခံနေရသော ကျန်းချန်သည် ခန်းမ၏ အလယ်ဆီသို့ အလျင်အမြန် ကြည့်ရှူလိုက်သည်။

ထိုအခါ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ယင်းမှာ ချိုးလော်လန်က သွေးရောင် မုန်တိုင်း၏ လွှမ်းမိုးမှုကို လုံးဝ မခံစားမိပုံ ရနေခြင်းပင်။

ဤအချိန်တွင် သူမသည် ထိတွေ့လိုက်သည်နှင့် သေဆုံးမှုကို ဖြစ်စေခဲ့သော စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်းလေးကို ဆွဲယူလိုက်သည်။

ထို့နောက် ချိုးလော်လန်က စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်းလေးကို ဖွင့်လိုက်ရာ လက်ဖဝါးအရွယ် သွေးရောင် ကြာပန်းတစ်ပွင့်သည် စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်းထဲမှ ပျံထွက်လာခဲ့၏။

ဤသို့ဖြင့် တဖျပ်ဖျပ် တောက်ပနေသော သွေးရောင် ကြာပန်းသည် ချိုးလော်လန်၏ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားခဲ့သည်။

နောက်တစ်ခဏတွင် ချိုးလော်လန်၏ ခန္ဓာကိုယ်မှ တောက်ပသော သွေးရောင် ပိုးအိမ်တစ်ခု ပေါ်ထွက်လာ၏။

၎င်းက ချိုးလော်လန်၏ တစ်ကိုယ်လုံးကို ပိုးအိမ်ထဲသို့ ဆွဲသွင်း၍ ငုံထားလိုက်သည်။

“ဟားဟား...ဒါက တကယ့်ကို ပျော်ရွှင်မှု နှစ်ဆပဲ”

“သွေးဝါးမျို ပြန်လည်မွေးဖွားခြင်း နည်းစနစ်ကို အသက်သွင်းတဲ့နေ့မှာ ပြန်လည်မွေးဖွားလာတဲ့ သွေးကြာပန်း သူတော်စင်ကတောင် ကြိုဆိုခဲ့ရတယ်”

ဤမြင်ကွင်းကို ကျန်းချန်က အံ့သြ တုန်လှုပ်စွာဖြင့် ကြည့်နေစဉ် ခန်းမထဲတွင် ကြောက်မက်ဖွယ် ရယ်မောသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျန်းချန်၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွား၏။

သူ၏ အကြည့်က ကျောက်စင်မြင့်ပေါ်မှ အနီရောင် ပုံရိပ်ဆီသို့ ရောက်သွားခဲ့သည်။

ကျောက်စင်၏ အလယ်တွင် ထိုင်နေသော အနီရောင် ပုံရိပ်သည် ရုတ်တရက် ထရပ်လိုက်သည်။

တိတ်ဆိတ်သော ခန်းမထဲတွင် တချွတ်ချွတ် မြည်သံ ထွက်ပေါ်လာခဲ့၏။

သူက တောက်ပသော မျက်လုံးများဖြင့် ကျန်းချန်ကို တိုက်ရိုက် ကြည့်လိုက်သည်။

“မင်းရဲ့ သွေးအရသာက ကောင်းမဲ့ပုံပဲ.. ငါ မင်းရဲ့ သွေးထဲမှာ ရင်းနှီးတဲ့ အရှိန်အဝါကို ခံစားရတယ်”

“အခု ငါက သွေးတွေကို ဝါးမျိုပြီး ပြန်လည်မွေးဖွားလာခဲ့ပြီ.. မင်းရဲ့ သွေးကို သုံးပြီး ငါ့ရဲ့ အင်အားကို ပြန်လည်ရယူမယ်”

အနီရောင် ပုံရိပ်သည် သူ၏ ခြောက်သွေ့သော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။

ထို့နောက် ၎င်းက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဧရာမ သွေးရောင် လက်ကြီး တစ်ခုသည် လေထဲတွင် ပေါ်လာခဲ့၏။

ထိုခဏတွင် ကျန်းချန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။

သူက ဧရာမ သွေးရောင်လက်ကို သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်အား ရင်ဆိုင်စေလိုက်၏။

“ကောင်လေး.. ဒီသွေးစုပ်ဖုတ်ကောင်တွေက သွေးနန်းတော်က သန့်စင်ထားတာပဲ”

"သွေးစုပ်ဖုတ်ကောင်ကို သုံးပြီး ငါ့ကို ရင်ဆိုင်ဖို့ စဥ်းစားတာက အိပ်မက် မက်နေတာနဲ့ အတူတူပဲ”

သွေးရောင် ပုံရိပ်သည် မထီမဲ့မြင် ပြုံးလိုက်သည်။

ထိုခဏတွင် ၎င်းက သွေးအလင်းရောင်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ပန်းပွင့်ကို စုပ်ယူသော လိပ်ပြာတစ်ကောင်ကဲ့သို့ သွေးစုပ်ဖုတ်ကောင်များကို ဖြတ်သန်းသွားသည်။

နောက်ထပ် တစ်ခဏမှာပင် သွေးစုပ်ဖုတ်ကောင်များက ရုတ်တရက် ထိန်းချုပ်မှု ပျောက်ဆုံးသွားပုံရပြီး နေရာမှာပင် ရပ်တန့်သွားသည်ကို ကျန်းချန်က တွေ့ရှိကာ တုန်လှုပ်သွားခဲ့သည်။

“ကောင်လေး.. အသုံးမဝင်တဲ့ ရုန်းကန်မှုတွေကို မလုပ်နဲ့.. မင်းရဲ့ သွေးကို လိမ်လိမ်မာမာ ငါ့ဆီ ပေးလိုက်”

သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို ပေါ့ပေါ့ပါးပါး ဖိနှိပ်ထားပြီးနောက်တွင် သွေးရောင် ပုံရိပ်သည် ကျန်းချန်ကို ပြောလိုက်သည်။

“ဟက်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ.. ငါ့ရဲ့ သွေးကို လိုချင်ရင် လုံလောက်တဲ့ အရည်အချင်း မရှိမှာ ငါ စိုးရိမ်မိတယ်”

"သွေးစုပ်ဖုတ်ကောင်တွေ မရှိရင်တောင် ငါ မင်းကို ရင်ဆိုင်နိုင်ပါသေးတယ်”

ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။

သူက နဂါးပျံ လျှို့ဝှက်နည်းစနစ် နှင့် ချီယန် သန္ဓေမူလသိုင်း ခန္ဓာကိုယ်၏ သွေးစွမ်းအားကို တစ်ချိန်တည်းတွင် လှုံ့ဆော်လိုက်၏။

ထို့နောက်တွင် ပြင်းထန်သောစွမ်းအားများ ပါဝင်သော သူ၏ တုန်လှုပ်စရာကောင်းသော လက်သီးချက်သည် လျှပ်စီး ကဲ့သို့ အမြန်နှုန်းဖြင့် အနီရောင် ပုံရိပ်ပေါ်တွင် ပေါက်ကွဲထွက်လာသည်။

အခန်း(၃၇၇) ပြီး၏

All Chapters