← Chapters

အခန်း (၃၇၈)

Vol. 26 Ch. 378

အခန်း (၃၇၈)

Vol. 26 Ch. 378

“အားကောင်းတဲ့ လျှို့ဝှက်နည်းစနစ်.. အားကောင်းတဲ့ သိုင်းခန္ဓာကိုယ်နဲ့သွေးစွမ်းအား.. အားကောင်းတဲ့ လက်သီးဆန္ဒ.. စိတ်ဝင်စားဖို့ ကောင်းသားပဲ”

“ဒါပေမဲ့ ဒီအင်အားနဲ့တော့ မင်း ငါ့လက်ထဲကနေ လွတ်မှာ မဟုတ်သေးဘူး”

အနီရောင် ပုံရိပ်က ကျန်းချန်ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ လက်ဖဝါးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် သွေးရောင် စွမ်းအင်တစ်ခုသည် ကျန်းချန်၏ လက်သီးချက်ကို ပေါ့ပေါ့ပါးပါး ပိတ်ဆို့လိုက်သည်။

သိုင်းသခင် နယ်ပယ်မှ အတုမဲ့ အားကောင်းသော လူတစ်ယောက်အနေဖြင့် သူသည် သွေးဝါးမျို ပြန်လည်မွေးဖွားခြင်း နည်းစနစ်ဖြင့် ယခုလေးတင် ပြန်လည် မွေးဖွားခဲ့လျှင်ပင် သူ၏ တိုက်ခိုက်ရေး အင်အားသည် အထွတ်အထိပ် ကာလကလို မသန်မာသေးသော်လည်း သဘာဝစွမ်းအားဖွင့်ခြင်း သတ္တမအဆင့်တွင် ရှိနေပါသေးသည်။

ထို့ကြောင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပထမ အဆင့်မှ ကောင်လေးကို ရှင်းထုတ်ရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။

အနီရောင် ပုံရိပ်က သူ၏ လက်သီးချက်ကို ပိတ်ဆို့လိုက်သော်လည်း ကျန်းချန်သည် မျက်နှာတစ်ချက် ပျက်မသွားခဲ့ပေ။

သူက လေဆန္ဒနှင့် မိုးကြိုးဆန္ဒကို တစ်ပြိုင်နက်ထဲ ထုတ်ဖော်လိုက်၏။

“မင်းက တကယ်ပဲ ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်တွေကို သဘောပေါက်ခဲ့တယ်လား”

အနီရောင် ပုံရိပ်သည် တစ်ချိန်တည်းတွင် အံ့အားသင့်သွား၏။

သူက မိုးကြိုး ဆန္ဒကို အလျင်အမြန် ခုခံလိုက်ရသည်။

သို့သော် သူသည် ကျန်းချန်၏ မိုးကြိုးဆန္ဒကို ပိတ်ဆို့လိုက်ရုံသာ ရှိသေးသည်။

အရာအားလုံးကို လောင်ကျွမ်းနိုင်သော မီးဆန္ဒသည် သူ့အပေါ် သက်ရောက်လာပြန်သည်။

“မီးဆန္ဒပါလား”

ကျန်းချန်က မီးဆန္ဒကို ထုတ်ဖော်လိုက်လျှင် သွေးရောင် ပုံရိပ်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက မီးဆန္ဒကို ဂရုမစိုက်ဘဲ မနေဝံ့ချေ။

ဤ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် လှုပ်ရှားလိုက်ရသည်။

သို့ဖြစ်ရာ သူ၏ ပုံရိပ်သည် ချက်ချင်းဆိုသလို အနည်းငယ်လှမ်းသော နေရာတွင် ပြန်ပေါ်လာခဲ့၏။

“ကောင်လေး.. မင်း.. မင်းက တကယ်ပဲ ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို ဘယ်နှစ်မျိုးအထိ သဘောပေါက်ခဲ့တာလဲ”

အနီရောင် ပုံရိပ်က အံ့အားသင့်နေခဲ့သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်လုံးထဲတွင် အဆုံးသတ်၌ မနာလိုသော အကြည့်တစ်ခု ပေါ်လာသည်။

မီး၏ စစ်မှန်သောဆန္ဒ။

ဤသည်မှာ သူတို့လို သွေးကျင့်ကြံသူများ၏ သဘာဝ ရန်သူပင်။

သူက ယခုလေးတင် ပြန်လည်မွေးဖွားခဲ့ပြီး သူ အထွတ်အထိပ် ရောက်စဥ်ကာလက အင်အား၏ ဆယ်ပုံတစ်ပုံပင် ပြန်မရသေးပေ။

ယခုအခါ ဤကောင်လေး၏ မီးဆန္ဒသည် သူ့အတွက် သေစေနိုင်သော အန္တရာယ်ကို ဖြစ်စေရန် လုံလောက်နေ၏။

“ငါ သဘောပေါက်တဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပာယ်တွေက မင်း တွေးထားတာထက် ပိုများတယ်”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူ၏ တစ်ကိုယ်လုံးသည် ရုတ်တရက် အရှိန်အဝါ ပြောင်းလဲသွားပြီး အားကောင်းသောဓားဆန္ဒက ထွက်ပေါ်လာခဲ့သည်။

“ဒုတိယအဆင့်ကို ရောက်နေတဲ့ ဓားဆန္ဒ...ဒါ… ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”

ဓားဆန္ဒကို မြင်လျှင် အနီရောင် ပုံရိပ်သည် မယုံနိုင်စရာ အော်ဟစ်သံကို မထုတ်လွှတ်ဘဲ မနေနိုင်ခဲ့ပေ။

လက်သီးဆန္ဒ၊မီးဆန္ဒ၊မိုးကြိုးဆန္ဒ၊ဓားဆန္ဒ၊လေဆန္ဒ။

ဤကဲ့သို့ အားကောင်းသော ဆန္ဒများကို ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က ထုတ်ဖော်ခဲ့သည်။

ဤကောင်လေးက မည်မျှပင် နတ်ဆိုးဆန်ပြီး ကြောက်စရာ ကောင်းလိုက်ပါသနည်း။

လက်ရှိ အခြေအနေတွင် သူသည် ဤကောင်လေးနှင့် ဆက်လက် တိုက်ခိုက်နေလျှင် ဤကောင်လေး၏ လက်ထဲသို့ မတော်တဆ ကျရောက်သွားနိုင်၏။

“ကောင်လေး.. မင်းဒီနေ့ ငါ့ကို အံ့သြအောင်လုပ်နိုင်ခဲ့တယ်”

“ငါ ဒီနေ့ကိစ္စကို မှတ်သားထားတယ်...ငါ့ရဲ့ အင်အားကို ပြန်လည်ရရှိပြီးတာနဲ့ မင်းဆီ စာရင်းရှင်းဖို့ လာခဲ့မယ်”

အနီရောင် ပုံရိပ်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားသည်။

သူက ကျန်းချန်ကို ဒေါသတကြီး အော်ဟစ်လိုက်ပြီး နံဘေးမှ ချိုးလော်လန်ကို ဖမ်းခေါ်ကာ သွေးအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန်းမထဲကနေ ပြေးထွက်သွားခဲ့သည်။

“မိန်းကလေးလော်လန်ကို ထားခဲ့စမ်း”

ကျန်းချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး သွေးရောင်ပုံရိပ်၏ထိန်းချုပ်မှုမှ ပြန်လည်လွတ်မြောက်လာသော သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို သိုလှောင်လက်စွပ် ထဲသို့ အမြန်ထည့်သိမ်းကာ သွေးအလင်းတန်းကို အမြန် လိုက်ဖမ်းလိုက်သည်။

သူက ခန်းမအပြင်သို့ ရောက်လာသောအခါ သွေးအလင်းတန်းသည် ချိုးလော်လန်နှင့်အတူ သဲလွန်စ မကျန်လောက်အောင် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က လေထဲတွင် ကျန်ရှိနေသော သွေးအလင်းတန်း၏ အရှိန်အဝါကို ခံစားမိပြီး ဤအရှိန်အဝါနောက်ကို လိုက်ဖမ်းရန် လေဆန္ဒကို အလျင်အမြန် ထုတ်ဖော်လိုက်၏။

အခန်း(၃၇၈) ပြီး၏

All Chapters