အခန်း (၃၈၀)
Vol. 26 Ch. 380
“ကောင်လေး.. မင်းက ငါတို့ ခန့်မှန်းထားတာထက် အများကြီး ပိုအစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်”
“ဒါပေမဲ့ အစွမ်းထက်ရင်တောင် ဒီနေ့ မင်း သေရမယ်”
ခဏမျှ တုန်လှုပ်မှုကို ခံစားရပြီးနောက်တွင် အနက်ရောင် ဝတ်စုံနှင့် လူသည် အလျင်အမြန် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သူက ကျန်းချန်ကို ပြင်းထန်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
“မင်းကို ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်.. ဒါပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး”
“ဒီလိုဆိုမှတော့ ငါမင်းကို သတ်ပစ်ရတော့မယ်”
ကျန်းချန်က အေးစက်စွာ ကြည့်လိုက်သည်။
သူက အနက်ရောင် ဝတ်စုံနှင့် လူကို သတ်ဖြတ်ရန် ပြင်လိုက်သောအချိန်မှာပင် လေထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာ၏။
ပြင်းထန်သော လူသတ်ငွေ့သည် သူ့ကို ချက်ချင်းနီးပါး ဖိနှိပ်ထားလိုက်သည်။
ကျန်းချန်၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
သူက ရုတ်တရက် သူ၏ ခေါင်းကို မော့လိုက်ရာ အေးမြသော ငွေရောင် ဓားရှည်တစ်လက်သည် မျက်စိတစ်မှိတ် အတွင်း လေထဲကနေ ထွက်ပေါ်လာသည်။
ထိုဓားရှည်က သူ့ဆီသို့ ဦးတည်၍ ပျံသန်းလာခဲ့၏။
ကျန်းချန်က ဓားဆန္ဒကို ထုတ်ဖော်လိုက်ပြီး သူ့ကို မရွေ့လျားနိုင်အောင် ဖိနှိပ်ထားသော ဓားဆန္ဒကို တိုက်ရိုက် ချေမှုန်းလိုက်သည်။
တစ်ချိန်တည်းတွင် ကျန်းချန်၏ ပုံရိပ်သည်လည်း ချက်ချင်း ဆိုသလို ခပ်ရေးရေး ဖြစ်သွားခဲ့၏။
ထိုခဏမှာပင် ငွေရောင် ဓားရှည်၏ ထိပ်ဖျားသည် ကျန်းချန်၏ မျက်ခုံးများကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ငွေရောင်ဓားရှည်ဖြင့် ထိမှန်သွားသည်မှာ ကျန်းချန် ချန်ထားခဲ့သော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်သည် သူ၏ ပုံရိပ်ယောင်ကို ဓားဖြင့် ထိုးဖောက်သော အရပ်ရှည်ရှည်နှင့် အနက်ရောင် ဝတ်စုံဝတ် လူကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ့ကို လုပ်ကြံဖို့ လူသတ်သမား နောက်ထပ် တစ်ယောက်က လျှို့ဝှက်စွာ ပုန်းနေလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ခဲ့ပေ။
ဤလူသတ်သမား၏ အရှိန်အဝါကို ဝှက်ထားနိုင်သော စွမ်းရည်သည် အလွန်ပင် မြင့်မားပြီး ငရဲ တမန်တော်ကဲ့သို့ မည်သည့်အရှိန်အဝါ အပြောင်းအလဲမှ မရှိချေ။
ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ် ငါးခုကို သဘောပေါက်ထားသော ကျန်းချန်ပင် ၎င်းကို မရိပ်မိခဲ့ပေ။
“အစ်ကိုကြီး.. နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့”
အရပ်ရှည်ရှည်နှင့် အနက်ရောင် ဝတ်စုံဝတ် လူက ဓားဖြင့် ကျန်းချန်ကို လုပ်ကြံလိုက်သည်ကိုမြင်လျှင် အရပ်ပုသော အနက်ရောင် ဝတ်စုံဝတ် လူသည် သက်ပြင်းချကာ ရေရွတ်လိုက်၏။
“ဒီကလေးက ကိုင်တွယ်ရတာ မလွယ်ဘူး.. ငါတို့ အတူပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်”
အရပ်ရှည်ရှည်နှင့် အနက်ရောင် ဝတ်စုံဝတ် လူက အော်ဟစ်ပြီး ကျန်းချန်ကို ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။
အရပ်ပုသော အနက်ရောင် ဝတ်စုံဝတ် လူကလည်း လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ကို သတ်ရန် အရပ်ရှည်သော လူနှင့် ပူးပေါင်းခဲ့သည်။
“မင်းတို့က အရေအတွက်ကို အားကိုးပြီး အနိုင်ကျင့်ချင်တာလား”
သူ့ကို အင်အားအကုန်အစင် ထုတ်၍ သတ်ဖြတ်ရန်ကြိုးစားနေသော အနက်ရောင် ဝတ်စုံဝတ် လူနှစ်ယောက်ကို ကြည့်ကာ ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင်လည်း ငါအားမနာတော့ဘူး”
ကျန်းချန်၏ စကားဆုံးသည်နှင့် သွေးဖုတ်ကောင် ဆယ့်နှစ်ကောင်သည် လေထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် သွေးစုပ်ဖုတ်ကောင်များသည် အနက်ရောင် ဝတ်စုံဝတ် လူသတ်သမား နှစ်ယောက်ကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြ၏။
ကျန်းချန် ရုတ်တရက် ဆင့်ခေါ်လိုက်သော သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို မြင်လျှင် အရပ်ရှည်သော အနက်ရောင်ဝတ်စုံဝတ်လူသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့၏။
သူက အရပ်ပုပု အနက်ရောင်ဝတ်စုံဝတ်လူနှင့် အတူ အနီးဆုံးရှိ သွေးစုပ်ဖုတ်ကောင် နှစ်ကောင်ကို တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ဦး၏ လက်ချက်ဖြင့် သွေးစုပ်ဖုတ်ကောင် နှစ်ကောင်သည် ချက်ချင်းပင် လွင့်စင်သွားခဲ့၏။
သို့ရာတွင် သွေးစုပ်ဖုတ်ကောင် နှစ်ကောင်သည် အလျင်အမြန်ထရပ်ကာ ထွက်ပြေးရန် ပြင်နေသော အနက်ရောင် ဝတ်စုံဝတ် လူနှစ်ယောက်ကို ဟန့်တားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်ရှိသော သွေးစုပ်ဖုတ်ကောင် ဆယ်ကောင်သည်လည်း အနက်ရောင် ဝတ်စုံဝတ် လူနှစ်ယောက်ဆီသို့ ပြေးလာခဲ့၏။
လုံးဝ မသေနိုင်သော သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို ရင်ဆိုင်ရလျှင် တခဏအတွင်း အနက်ရောင် ဝတ်စုံဝတ် လူသတ်သမား နှစ်ယောက်သည် အောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။
ခဏအကြာတွင် သွေးစုပ်ဖုတ်ကောင်များ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်၌ အရပ်ပုသော အနက်ရောင် ဝတ်စုံဝတ် လူသည် ဆက်လက် မတောင့်ခံနိုင်တော့ပေ။
၎င်း၏ ထိတ်လန့်တကြား ရေရွတ်လိုက်သော အသံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
“ငါ့.. ငါ့အလုပ်ရှင် ဘယ်သူလဲဆိုတာ မင်းကို ပြောပြပါ့မယ်.. အမြန်လေး.. သူတို့ကို ရပ်ခိုင်းလိုက်ပါ”
အခန်း(၃၈၀) ပြီး၏