← Chapters

အခန်း (၃၈၂)

Vol. 26 Ch. 382

အခန်း (၃၈၂)

Vol. 26 Ch. 382

ကျန်းချန်သည် သူ၏ ရှေ့မှ တောင်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်တွင် တောင်ထဲသို့ ဝင်သော တစ်ခုတည်းသော လမ်းကြောင်းဆီသို့ အလျင်အမြန် လျှောက်သွားခဲ့သည်။

သူက ကွေ့ကောက်ပြီး ကြမ်းတမ်းသော တောင်တက်လမ်းကြောင်းအတိုင်း တစ်လျောက်လုံး တက်လာခဲ့သည်။

တစ်နာရီလောက်အကြာတွင် ကျန်းချန်သည် တောင်၏ တစ်ဝက်လောက်၌ မီတာအနည်းငယ် ရှည်သော ဧရာမ ကျောက်စင်မြင့် တစ်ခုဆီသို့ ရောက်လာခဲ့၏။

သူက ကျောက်စင်မြင့် ပေါ်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်သည်။

ထိုအခါ ကျန်းချန်သည် စင်မြင့် ပေါ်တွင် စုဝေးနေသော ပုံရိပ် ရာပေါင်းများစွာကို တွေ့လိုက်သည်။

ဤပုံရိပ် ရာပေါင်းများစွာသည် သူကဲ့သို့ပင် ထိုက်ရှဂိုဏ်းကို ရောက်လာကြသော လူငယ် ပါရမီရှင်များ ဖြစ်သည်။

၎င်းတို့ထဲမှ အချို့က မျက်လုံးများကို မှိတ်ပြီး တစ်ယောက်တည်း ထိုင်နေကြသည်။

အချို့ကမူ အုပ်စုများဖွဲ့ကာ စကားပြောဆိုနေကြ၏။

ထို့အပြင် ဤလူငယ် ပါရမီရှင်များထဲတွင် ကျန်းချန်သည် ရင်းနှီးသော ပုံရိပ် တစ်ခုကို မြင်လိုက်ရသည်။

ထိုလူက တခြားသူ မဟုတ်ပေ။

ရှေးဟောင်း အပျက်အစီးမြေထဲတွင် ရှိနေစဉ် သူနှင့်အတူ သွေးနတ်ဆိုး နန်းတော်၏ အပျက်အစီးနေရာကို ရှာဖွေခဲ့သော မိုကျင့်ယွင်ပင်။

ကျောက်စင်မြင့် ပေါ်မှ ပုံရိပ်များကို ကြည့်ပြီး ကျန်းချန်သည် ကျောက်စင်မြင့်၏ အဆုံးဆီသို့ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

တောင်ထိပ်ဆီသို့ ဦးတည်နေသော ကျောက်စင်မြင့်၏ အဆုံးတွင် မည်သည့်ပစ္စည်းကို အသုံးပြု၍ တည်ဆောက်ထားလဲ မသိရသော တံခါးတစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုတံခါးသည် ဤအချိန်တွင် တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အတွင်းထဲ၌ မည်သည့်အရာများ ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။

သို့သော် တံခါးပေါ်မှ ထိုက်ရှဂိုဏ်းဟူသော စာလုံးကြီး သုံးလုံးကမူ ဝိညာဉ်ကိုပင် တုန်လှုပ်စေသည့် အဆုံးမဲ့ အင်အားကို ထုတ်လွှတ်နေခဲ့သည်။

“ညီနောင် ကျန်းချန်”

ကျန်းချန်က ကျောက်စင်မြင့်၏ အခြေအနေကို ကြည့်နေစဉ်မှာပင် အံ့အားသင့်စွာ ခေါ်ဆိုလိုက်သော အသံတစ်သံသည် သူ၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ကျန်းချန်သည် သူ၏ ခေါင်းကို စောင်းငဲ့၍ ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာသော မိုကျင့်ယွင်ကို တွေ့လိုက်ရသည်။

“ညီနောင် ကျန်းချန်.. အဘိုးယွမ်က ငါ့ကို အတင်း ခေါ်ထုတ်သွားပြီးနောက်မှ မင်း မလိုက်လာတာကို တွေ့လိုက်ရတယ်.. မင်း တစ်ခုခု ပြဿနာ တက်နေပြီလို့ ငါ ထင်နေခဲ့တာ”

“မင်းကို ဒီနေရာမှာ ဘေးကင်းကင်း တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး”

မိုကျင့်ယွင်သည် ရှေ့သို့ လှမ်းလာရင်း အံ့အားသင့်စွာ ပြောလိုက်သည်။

ကျန်းချန်က သူ၏ ရှေ့မှ မိုကျင့်ယွင်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ညီနောင်မို.. မင်းတို့ အားလုံးက ဘာအတွက် ဒီနေရာကို ရောက်လာကြတာလဲ”

“ငါတို့ ဒီနေရာကို လာတာက ထိုက်ရှဂိုဏ်းရဲ့ ထိုက်ရှလှေကား ဖွင့်မဲ့အချိန်ကို စောင့်မလို့ပါ”

မိုကျင့်ယွင်သည် အံ့အားသင့်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

“ညီနောင် ကျန်းချန်ကရော ထိုက်ရှ လှေကားကို တက်ဖို့ လာခဲ့တာမဟုတ်ဘူးလား”

“ငါက ထိုက်ရှဂိုဏ်းထဲကို ဝင်ဖို့ ဒီကို လာခဲ့တာပါ...ဒါနဲ့နေပါဦး.. ထိုက်ရှ လှေကားက ဘာကိုပြောတာလဲ”

ကျန်းချန်သည် ခဏမျှ အံ့အားသင့်သွားသည်။

သူသည် စစ်ဆေးမှုကို အောင်မြင်ပြီး ထိုက်ရှဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သော်လည်း ထိုက်ရှဂိုဏ်းအကြောင်း ဘာမျှ မသိခဲ့ပေ။

“ဟားဟား… ဒီ ထိုက်ရှလှေကားကို တိုက်ရှုဂိုဏ်းက တပည့်တွေကို ရွေးချယ်ဖို့အတွက် အသုံးပြုတဲ့ လှေကားပါ”

မိုကျင့်ယွင်သည် ခပ်ယဲ့ယဲ့ ပြုံးပြီး ကျန်းချန်ကို စတင်ရှင်းပြခဲ့သည်။

ထိုက်ရှဂိုဏ်း၏ စီရင်ပိုင်ခွင့်အောက်မှ နိုင်ငံ သုံးခုတွင် ထိုက်ရှဂိုဏ်း တပည့်များ ဖြစ်လာရန်အတွက် နည်းလမ်း နှစ်ခုသာ ရှိသည်။

နည်းလမ်း တစ်ခုမှာ နိုင်ငံ သုံးနိုင်ငံ မှ တည်ထောင်ထားသော ကိုယ်ခံပညာ ကျောင်းတော်မှ တဆင့် ဝင်ရောက်ရန် ဖြစ်သည်။

နှစ်စဥ်နှစ်တိုင်း နိုင်ငံ သုံးနိုင်ငံမှ ကိုယ်ခံပညာ ကျောင်းတော် များအတွက် ထိုက်ရှဂိုဏ်းသည် နေရာ အနည်းငယ် ချန်ထားခဲ့သည်။

ထို့အပြင် နောက်ထပ် နည်းလမ်း တစ်ခုမှာ တစ်နှစ်တွင် တစ်ကြိမ် ဖွင့်လှစ်သော ထိုက်ရှ လှေကားကို တက်ရန် ဖြစ်သည်။

ထိုက်ရှ လှေကားတွင် စုစုပေါင်း အဆင့် ကိုးဆယ့်ကိုးဆင့် ရှိသည်။

ဆိုရလျှင် အဆင့် ကိုးဆယ့်ကိုးဆင့်ကို ဖြတ်ကျော်နိုင်ပြီး အသက် ၂၅ နှစ်ထက် ငယ်သရွေ့ ထိုက်ရှဂိုဏ်း၏ တပည့်များ ဖြစ်လာနိုင်သည်။

"ဂျိန်း"

ကျန်းချန်က မိုကျင့်ယွင်နှင့် စကားပြောနေစဉ်မှာပင် ကျောက်စင်မြင့် ပေါ်တွင် ရုတ်တရက် ကျယ်လောင်သော တစ်သံ ထွက်ပေါ်လာသည်။

လူတိုင်းသည် အသံလာရာဆီသို့ ကြည့်လိုက်ရာ ကျောက်စင်မြင့်၏ အဆုံးရှိ ကြီးကျယ်ခမ်းနားသော တံခါးက ရုတ်တရက် ပွင့်သွားသည်ကို မြင်လိုက်ရသည်။

မကြာမီမှာပင် လူတိုင်း၏ မြင်ကွင်းထဲကို ကျောက်ပြားဖြင့် ပြုလုပ်ထားသော အဆင့် ကိုးဆယ့်ကိုးဆင့်ရှိ လှေကားတစ်ခုသည် တိုက်ရိုက် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ခံ့ညားသော အသံတစ်သံသည် ချက်ချင်း ဆိုသလို ထွက်ပေါ်လာ၏။

“ထိုက်ရှ လှေကားက ပွင့်သွားပါပြီ..အဆင့် ကိုးဆယ့်ကိုးဆင့်ကို တက်နိုင်တဲ့ ဘယ်သူမဆို ငါတို့ ထိုက်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်ပါတယ်”

အခန်း(၃၈၂) ပြီး၏

All Chapters