အခန်း (၃၈၄)
Vol. 26 Ch. 384
“ဟက်...ငါက အရမ်း ဗိုလ်ကျတော့ရော မင်း ဘာတတ်နိုင်လဲ”
“ဒီနေ့ ငါ သွမ့်ရှင်းက ထိုက်ရှ လှေကားကို တက်ဖို့ လာခဲ့တဲ့ရည်ရွယ်ချက်က လှေကားစာရင်းမှာ နေရာရဖို့ပဲ”
“ဘယ်သူမဆို ငါ့ကို လွှမ်းမိုးဖို့ ကြိုးစားရဲရင် ငါ့ကို ယဉ်ကျေးမှု မရှိဘူးလို့ အပြစ်မတင်နဲ့”
ရွှေရောင် ဝတ်ရုံဝတ် လူငယ်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
သူ၏ အသံက အတော်လေး အထက်စီးဆန်နေခဲ့၏။
“ဒီကောင်လေးက သွမ့်ရှင်းလား”
“စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်း မိသားစု သုံးစုထဲက တစ်ခုဖြစ်တဲ့ သွမ့်မိသားစု ပါရမီရှင် သွမ့်ရှင်းက ဘာလို့များ ထိုက်ရှလှေကားကို တက်ဖို့ လာခဲ့ရတာလဲ”
ရွှေရောင်ဝတ်စုံဝတ် လူငယ်၏ အထက်စီးဆန်သော အသံကိုကြားလျှင် လူအများအပြားသည် ၎င်းတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အမူအရာများကို ပြသခဲ့ကြသည်။
စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်း မိသားစု သုံးစု၏ ပြိုင်ဘက်ကင်း ပါရမီရှင်အနေဖြင့် သွမ့်ရှင်းသည် ကျန်းလုံကျောင်းတော်၏ ဝင်ခွင့်မှတဆင့် ထိုက်ရှဂိုဏ်းထဲကို ဝင်ရောက်ရန် အရည်အချင်း အပြည့်အဝ ရှိသည်။
“သွမ့်ရှင်းက လှေကားစာရင်းမှာ နေရာရချင်တယ်လို့ ပြောခဲ့တာ မင်းတို့ မကြားဘူးလား”
“လှေကားစာရင်းရဲ့ မြင့်မားတဲ့ နေရာမှာရှိနေသရွေ့ အတွင်းစည်းတပည့် ဖြစ်လာနိုင်တယ်လို့ ပြောကြတယ်.. အကြီးအကဲတွေ သဘောကျခဲ့ရင် တိုက်ရိုက် တပည့်တောင် ဖြစ်လာနိုင်တယ်”
“ ဝိုး ဒီရည်မှန်းချက်က ပေါ့သေးသေး မဟုတ်ဘူးပဲ”
“…..........”
သူ၏ပတ်ဝန်းကျင်မှ ပြောဆိုနေသော အသံများကို ကြားသောအခါ ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွား၏။
သွမ့်ရှင်း။
၎င်းက ထိုက်ရှဂိုဏ်းထဲကို တိုက်ရိုက် ဝင်ရောက်ခွင့်ရသည့် အခွင့်အရေးကိုပင် စွန့်လွှတ်ပြီး ထိုက်ရှ လှေကားကို တက်ရန် ရောက်လာခဲ့သည်။
"ဒီကောင်က အတော်လေး ယုံကြည်မှု ရှိပုံပဲ"
ကျန်းချန်က လှေကားစာရင်းဟု ခေါ်သော အဆင့်စာရင်းကို မသိပေ။
သို့သော် ကျန်းချန်၏ ခန့်မှန်းချက်အရ ဤအဆင့်စာရင်းသည် လင်ယွင်ကျောင်းတော်မှ လင်ယွင်စာရင်းကဲ့သို့ ဖြစ်နိုင်၏။
သို့သော် ထိုက်ရှဂိုဏ်းမှ အဆင့်စာရင်းကို လင်ယွင်ကျောင်းတော်၏ လင်ယွင်စာရင်းက နှိုင်းယှဉ်၍ မရသည်မှာ သေချာသလောက်ပင်။
မြောက်ပိုင်း တောရိုင်းဒေသ၏ ဂိုဏ်းကြီး သုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းအနေဖြင့် ထိုက်ရှဂိုဏ်းသည် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည်။
နှစ်စဥ်နှစ်တိုင်း ထိုက်ရှလှေကား ပွင့်သောအခါတွင် နိုင်ငံ သုံးနိုင်ငံမှ မရေမတွက်နိုင်သော လူငယ် ပါရမီရှင်များသည် လာရောက်၍ တက်ခဲ့ကြ၏။
ဤနှစ်ပေါင်းထောင်ချီ သမိုင်းတွင် မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းလာ၍ ပါရမီရှင်များစွာထဲမှ တုနှိုင်းမဲ့ ပါရမီရှင်များသာ လှေကားစာရင်းတွင် ကျန်ရစ်နိုင်မည် ဖြစ်သည်။
သို့တိုင် သွမ့်ရှင်းသည် အဆင့်စာရင်းကို စိန်ခေါ်ရန် သတ္တိ ရှိနေခဲ့ရာ ကျန်းချန်သည် ဤကောင်လေး၏ သတ္တိကို အနည်းငယ် လေးစားမိခဲ့သည်။
သို့သော် လေးစားသည်က တစ်ပိုင်းသာ ဖြစ်၏။
စင်စစ် ဤကောင်လေးသည် မောက်မာသော သခင်လေးတစ်ယောက် ဖြစ်၏။
ဤကောင်လေးသာ သူ့ကို ခဏစောင့်ဆိုင်းပေးရန် ယဥ်ယဥ်ကျေးကျေး တောင်းဆိုခဲ့လျှင် သူက စောင့်ပေးမည်သာ ဖြစ်သည်။
သို့သော် ဤကောင်လေးက အထက်စီးကနေ ပြောဆိုခဲ့ရာကျန်းချန်သည် သဘာဝကျစွာပင် ယဉ်ယဥ်ကျေးကျေး မတုံ့ပြန်နိုင်တော့ပေ။
သူက သွမ့်ရှင်းကို ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်း ဘာလုပ်ချင်လဲဆိုတာ ငါနဲ့ မသက်ဆိုင်ဘူး.. ငါက အခု ထိုက်ရှ လှေကားကို တက်တော့မယ်.. မင်းမှာ ငါ့ကို တားဖို့ ဘာ အရည်အချင်းမှ မရှိဘူး”
“ဒီကောင်က ဘယ်သူလဲဟ"
"သူ့ရဲ့ ဦးနှောက်မှာ ပြဿနာ ရှိနေမှာ ငါ စိုးရိမ်မိတယ်"
"သူက သွမ့်ရှင်းကိုတောင် ပြန်ခံပြောရဲတယ်ဟ”
"ချီး...နာမည်မရှိတဲ့ ကောင်လေးက သွမ့်ရှင်းရှေ့မှာ မောက်မာရဲတယ်...ဒါက သေဖို့ တောင်းဆိုနေတာနဲ့ ဘာကွာလို့လဲ”
ကျန်းချန်သည် သွမ့်ရှင်းရှေ့တွင် မောက်မာနေသည်ကို မြင်လျှင် ကျောက်စင်မြင့် ပေါ်မှ လူအများအပြားသည် အထင်သေးစွာဖြင့် ကဲ့ရဲ့လိုက်ကြသည်။
“ကောင်လေး.. မင်း ရူးနေပြီလား”
“ဒီစစ်မှန်သော နဂါးနိုင်ငံမှာ ဒီလောက်ထိ ငါ့ရှေ့မှာ မောက်မာရဲတာ မင်း ပထမဦးဆုံးပဲ”
သွမ့်ရှင်းက ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
သူက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
“ဒီနေ့ ငါ မင်းကို ထိုက်ရှလှေကားထဲ ဝင်ခွင့်မပေးဘူးကွာ.. မင်း ဘာတတ်နိုင်လဲ”
“ငါက ထိုက်ရှလှေကားထဲကို ဝင်ချင်ရင် မင်း ငါ့ကို မတားနိုင်ပါဘူး”
ကျန်းချန်သည် မထီတရီ ပြုံးလိုက်သည်။
ထိုခဏတွင် သူက လေဆန္ဒကို တိုက်ရိုက် ထုတ်ဖော်ကာ သွမ့်ရှင်းကို ကျော်ဖြတ်ပြီး ထိုက်ရှလှေကားဆီသို့ ဦးတည်ခဲ့သည်။
သူက သွမ့်ရှင်းကို ကျော်လိုက်သည်နှင့် သွမ့်ရှင်း၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ သူ၏ ရှေ့တွင် လျှပ်တပြက် ပေါ်လာပြီး သူ့ကို နောက်တစ်ကြိမ် တားဆီးလိုက်၏။
အခန်း(၃၈၄) ပြီး၏