အခန်း (၃၈၇)
Vol. 26 Ch. 387
ကျန်းချန်က သူ့ကို ကျော်တက်ရန် ကြိုးစားနေသော သွမ့်ရှင်းကို ကျော်ဖြတ်ခဲ့သည်။
သွမ့်ရှင်း၏ မျက်နှာက ဒေါသကြောင့် နီရဲနေခဲ့၏။
သူသည် သူ၏ ခွန်အားကို အကုန်အစင် ထုတ်သုံးကာ သူ့ရှေ့မှ ကျန်းချန်ကို အမီလိုက်ရန် ကြိုးစားခဲ့သည်။
စင်စစ် ထိုက်ရှလှေကား၏ နောက်ဆုံးကိုးဆင့်သည် အဆင့်တစ်ခု တက်တိုင်းတွင် ဖိအားများစွာ တိုးလာ၏
အင်အား အကုန်သုံးကာ တက်နေသော သွမ့်ရှင်းပင်လျှင် လှေကား တက်နှုန်း တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
တစ်ဖက်မှ ကျန်းချန်ကမူ မရပ်မနား တက်နေခဲ့၏။
သူက ပန်းခြံထဲ လမ်းလျှောက်နေသကဲ့သို့ပင် ထိုက်ရှလှေကားထိပ်ထိ တက်သွားခဲ့သည်။
သွမ့်ရှင်းက အဆင့်ကိုးဆယ့်ငါးသို့ ရောက်လာသောအခါတွင် ကျန်းချန်သည် အဆင့်ကိုးဆယ့်ကိုးသို့ ရောက်ရှိနေပြီ ဖြစ်၏။
သူက အခြားသူများထက် နာရီဝက် နောက်ကျပြီးမှ တက်လာသော်လည်း ထိုက်ရှလှေကားကို အရင်ဆုံး ဖြတ်ကျော်သူ ဖြစ်လာခဲ့သည်။
"ဒီကောင်က သွမ့်ရှင်းကိုတောင် ကျော်တက်သွားတယ်ဟ"
"ဒီကောင်လေးက သာမန်မဟုတ်ဘူး.. တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ"
ထိုက်ရှလှေကားအောက်မှ လူအများအပြားသည် အံ့အားသင့်ကာ ထိတ်လန့် တုန်လှုပ်သွားကြသည်။
ထိုက်ရှလှေကားသည် ကိုယ်ခံပညာရှင် တစ်ယောက်၏ ပါရမီနှင့် အလားအလာကို ဖော်ပြသည်။
နာမည်မရှိသော ကောင်လေးတစ်ယောက်တွင် သွမ့်ရှင်းထက်ပင် ပိုမို အားကောင်းသော ကိုယ်ခံပညာပါရမီ ရှိနေပါသလော။
ကျန်းချန်က လူအများ၏ အံ့အားသင့်မှုကို လျစ်လျူရှုထားလိုက်သည်။
ထိုက်ရှလှေကားကို ဖြတ်ကျော်လိုက်သည်နှင့် သူ၏ အကြည့်ကို သူ့ရှေ့မှ မြင်ကွင်းက ဖမ်းစားလိုက်သည်။
သူ့ရှေ့ရှိ မီတာတစ်ထောင် အကွာတွင် ကြီးကျယ်ခမ်းနားသော အဆောက်အအုံတစ်ခု တည်ရှိနေခဲ့၏။
ထိုအဆောက်အအုံသည် တိမ်တိုက်ထဲသို့ တိုးဝင်နေပြီး ကောင်းကင်နှင့် ဆက်သွယ်ထားသကဲ့သို့ အဆုံးမရှိ ကြီးမားလှသည်။
"မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ထိုက်ရှဂိုဏ်းက တကယ်ကို ထူးခြားတာပဲ"
သူ့ရှေ့မှ နတ်ဘုရား နန်းတော်နှင့် တူသော အဆောက်အအုံကို ကြည့်ပြီး ကျန်းချန်က မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။
"ထိုက်ရှလှေကားကို ဖြတ်ကျော်ဖို့ တစ်နာရီနဲ့ ကိုးမိနစ် ကြာခဲ့တယ်.. သိပ်နှမြောဖို့ကောင်းတာပဲ"
ကျန်းချန်က သူ့ရှေ့မှ အဆောက်အအုံကို အံ့အားသင့်စွာ ကြည့်နေစဉ် စိတ်မကောင်းသော လေသံဖြင့် ရေရွတ်လိုက်သော အသံတစ်သံသည် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့၏။
ကျန်းချန် အသံလာရာဆီသို့ ကြည့်လိုက်ရာ လေထဲတွင် ရပ်နေသော အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
လေထဲတွင် ရပ်နိုင်ခြင်းသည် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကို ရောက်ရှိနေသော ကျင့်ကြံသူ တစ်ယောက်၏ လက္ခဏာဖြစ်သည်။
ထို့ကြောင့် အပြာရောင်ဝတ်စုံဝတ် လူသည် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက် ဆိုသည်မှာ သံသယဝင်စရာ မလိုအပ်ပေ။
ကျန်းချန်က လေထဲမှ အပြာရောင်ဝတ်စုံနှင့် လူကို ကြည့်ကာ ဂါရဝပြု၍ မေးလိုက်သည်။
"အကြီးအကဲ ဘယ်သူပါလဲ"
"ငါ့နာမည် ဖန်ဖျင်ပါ.. ငါက ထိုက်ရှဂိုဏ်းရဲ့ ကြီးကြပ်သူတစ်ယောက်ပါ.. ငါ့ကို ကြီးကြပ်သူဖန်လို့ ခေါ်နိုင်ပါတယ်"
အပြာရောင်ဝတ်စုံနှင့် လူက ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို တစ်နေရာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ကောင်လေး.. မင်း ပိုမြန်မြန်တက်နိုင်ရင် လှေကားစာရင်းမှာပါဝင်ပြီး အတွင်းစည်းတပည့်တောင် ဖြစ်လာနိုင်တယ်"
ကျန်းချန်က ဖန်ဖျင် လက်ညိုးညွှန်ပြရာကို ကြည့်လိုက်သောအခါ ချောက်ကမ်းပါးအစွန်းတွင် တည်ရှိနေသည့် ဧရာမကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။
ထိုကျောက်တုံးသည် ခုနစ်ပေ သို့မဟုတ် ရှစ်ပေမြင့်ပြီး ၎င်းကို ထိုက်ရှလှေကား၏ ပုံစံငယ် အဖြစ် ပြုလုပ်ထား၏။
ထိုထိုက်ရှလှေကား၏ ပုံစံငယ် ပေါ်တွင် အလွှာတစ်ခုစီ၌ ရွှေရောင်စာလုံးများဖြင့် ရေးထိုးထားသည်။
ကျန်းချန်၏ အကြည့်သည် အောက်ဆုံးအလွှာမှ စာလုံးများပေါ်သို့ ရောက်သွားသည်။
လှေကားစာရင်း အဆင့် ကိုးဆယ့်ကိုး= ရယ်ဟွေ့
အချိန်= တစ်နာရီနှင့် ရှစ်မိနစ်။
၎င်းက ကျန်းချန်၏ အချိန်တစ်နာရီနှင့် ကိုးမိနစ်ထက် တစ်မိနစ်သာ စောခဲ့သည်။
အစောပိုင်းတွင် ဖန်ဖျင်က စိတ်မကောင်းစွာ ရေရွတ်လိုက်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဟားဟား... လှေကားစာရင်းက ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်း တပည့် ဖြစ်ချင်တဲ့သူတွေကို ရွေးချယ်ဖို့ လုပ်ထားတာပါ.. ကျွန်တော့်အတွက်တော့ အတွင်းစည်းတပည့် မဖြစ်လည်း အရေးမကြီးပါဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်က အပျော်သဘောနဲ့ လှေကားကို တက်လာခဲ့တာကြောင့်ပဲ"
ကျန်းချန်က ပြုံးပြီး လက်ထဲမှ အပြင်စည်း တပည့် တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
အခန်း(၃၈၇) ပြီး၏