အခန်း (၃၈၈)
Vol. 26 Ch. 388
"ထိုက်ရှဂိုဏ်းရဲ့ အပြင်စည်း တပည့် တံဆိပ်ပြားပါလား.. မင်းက ထိုက်ရှဂိုဏ်းရဲ့ တပည့်ဖြစ်မယ်လို့ ငါ မထင်ထားမိဘူး"
ဖန်ဖျင်သည် ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို ကြည့်ရင်း အံ့အားသင့်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
ထိုက်ရှဂိုဏ်းထဲ မဝင်ခင် တပည့်ဖြစ်ခွင့်ရသူသည် ထိုက်ရှဂိုဏ်း၏ စီရင်ပိုင်ခွင့် အောင်ရှိ နိုင်ငံသုံးနိုင်ငံတွင်ပင် အလွန်ရှားပါးသည်။
ဖန်ဖျင်သည် ထိုက်ရှလှေကားကို ကျန်းချန် အလွယ်တကူ တက်နိုင်ရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
စင်စစ် ထိုက်ရှလှေကားသည် ထိုက်ရှဂိုဏ်း၏ တပည့် ဖြစ်ပြီးသား သူများ အတွက် အဓိပ္ပါယ်မရှိလှပေ။
ဂိုဏ်း၏ တပည့်ဖြစ်ပြီသား သူများအတွက် လှေကားပေါ်တွင် အလေးအနက် ကြိုးစားရန် မလိုအပ်ချေ။
ယေဘုယျအားဖြင့် ဂိုဏ်းကို ကြိုတင်ဝင်ခွင့်ရပြီးသော ကျန်းချန်ကဲ့သို့သော လူများသည် အဆင့်မြင့် မိသားစုများမှ ပါရမီရှင် သခင်လေးများသာ ဖြစ်လေ့ရှိကြသည်။
သို့သော် ကျန်းချန်ကဲ့သို့ မထင်မရှား မိသားစုမှ လူကို ဖန်ဖျင်သည် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ကျန်းချန်နှင့် ဖန်ဖျင်တို့ စကားပြောနေစဉ် ထိုက်ရှလှေကားကနေ နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုက်ရှလှေကားကို ဖြတ်ကျော်လာသူမှာ ကျန်းချန်၏ နောက်ကနေ လိုက်ပါလာသော သွမ့်ရှင်း ဖြစ်သည်။
"သွမ့်ရှင်း...မင်း အရမ်း နောက်ကျတာပဲ"
ထိုက်ရှလှေကားမှ သွမ့်ရှင်း ထွက်လာသည်ကို မြင်လျှင် ကျန်းချန်က ပြုံးပြီး ပြောလိုက်သည်။
"မင်း ဒီပြိုင်ပွဲမှာ ရှုံးသွားပြီ"
"ဟမ့်.. မင်း ငါ့ကို သတိပေးစရာ မလိုဘူး.. ငါ သွမ့်ရှင်းက အရှုံးကိုလက်ခံနိုင်တယ်"
ကျန်းချန်၏ စကားကို တုံ့ပြန် ပြောဆိုလိုက်သော်လည်း သွမ့်ရှင်း၏ မျက်နှာသည် လငပုပ်ဖမ်းသည့်နှယ် မကြည်မလင် ဖြစ်နေခဲ့သည်။
သူက ထိုက်ရှလှေကားကို တက်လာရာတွင် နာမည်ပျက်ရုံသာမက ကျန်းချန်နှင့် အလောင်းအစားလုပ်ရာတွင်လည်း ရှုံးနိမ့်ခဲ့သည်။
သွမ့်ရှင်း ထံမှ အရှုံးကို လက်ခံသော စကားကို ကြားလျှင် ကျန်းချန်သည် ပြုံးလိုက်ပြီး တင်ပျဥ်ခွေထိုင်၍ အနားယူနေလိုက်သည်။
ခဏအကြာတွင် ထိုက်ရှလှေကားကို တက်လာသော အခြားသော ကျင့်ကြံသူများသည် အဆင့် ကိုးဆယ့်ကိုးဆင့်ကို ကျော်ဖြတ်ကာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
မကြာမီမှာပင် ကျန်းချန်၏ ပတ်ဝန်းကျင်၌ ကျင့်ကြံသူ တစ်ရာနီးပါး စုဝေးလာခဲ့၏။
တစ်နာရီခန့်ကြာသောအခါတွင် ဖန်ဖျင်၏ အသံသည် လူတိုင်း၏ နားထဲသို့ ရောက်လာသည်။
"အချိန်စေ့ပြီ.. ထိုက်ရှလှေကား စစ်ဆေးမှု ပြီးဆုံးပြီ"
"ကောင်လေးတို့.. ထိုက်ရှလှေကားကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ထိုက်ရှဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"
"ငါက ထိုက်ရှဂိုဏ်းရဲ့ ကြီးကြပ်ရေးမှူး ဖန်ဖျင်ပါ...မင်းတို့ကို ဂိုဏ်းနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးဖို့ အတွက် ငါ့နောက်ကနေလိုက်လာခဲ့ကြပါ"
ထို့နောက်တွင် ဖန်ဖျင်သည် သူတို့ ရှေ့မှ အဆောက်အအုံများ ဆီသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။
ခဏအကြာတွင် ဖန်ဖျင်သည် လူတိုင်းကို အဆောက်အအုံ အောက်ခြေရှိ ရိုးရှင်းသော အိမ်တစ်လုံးဆီသို့ ခေါ်သွားခဲ့၏။
ထို့နောက် ကျန်းချန်မှလွဲ၍ လူတိုင်းကို အပြင်စည်း တပည့်တံဆိပ်ပြား တစ်ခုစီ ပေးလိုက်သည်။
"ကောင်လေးတို့.. ထိုက်ရှဂိုဏ်းထဲမှာ နေရာလု ပွဲတွေက ရက်စက်တယ်"
"ဒီနေ့ကစပြီး မင်းတို့ ဒီမှာပဲ နေထိုင်ရမယ်"
"ဒါက ထိုက်ရှဂိုဏ်းရဲ့ တပည့်သစ်တွေ နေထိုင်တဲ့နေရာပဲ.. အရင်းအမြစ်တွေ အနေနဲ့ အနိမ့်ဆုံးပဲ ရရှိမယ်.. မင်းတို့ ပိုကောင်းတဲ့ အရင်းအမြစ်တွေ လိုချင်ရင် ကိုယ့်အားကိုယ်ကိုးမှပဲ ရလိမ့်မယ်"
အညံ့ဆုံး နေရာထိုင်ခင်း၊ အညံ့ဆုံး အရင်းအမြစ်။
ဖန်ဖျင်၏ စကားများသည် ကျန်းချန်တို့ အားလုံးအတွက် အလွန်ပင် ခါးသီးနေခဲ့သည်။
သူတို့က နိုင်ငံသုံးနိုင်ငံတွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်သော်လည်း ထိုက်ရှဂိုဏ်းသို့ ရောက်လာသောအခါတွင် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ကြီးကြပ်ရေးမှူးဖန်.. ကျွန်တော်တို့ ပိုကောင်းတဲ့ အရင်းအမြစ်တွေကို ဘယ်လို ရယူရမှာလဲ"
လူငယ်များထဲမှ တစ်ယောက်က မေးလိုက်သည်။
"မင်းတို့ ရှေ့က အိမ်တွေမှာ ထိုက်ရှဂိုဏ်း အကြောင်း အသေးစိတ် မိတ်ဆက်ထားတဲ့ စာတန်းတွေ ရှိတယ်...အဲဒီမှာဖတ်ကြည့်ရင် မင်းတို့ သိလာလိမ့်မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ဖန်ဖျင်သည် လူတိုင်းရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၃၈၈) ပြီး၏