အခန်း (၃၈၉)
Vol. 26 Ch. 389
ဖန်ဖျင် ထွက်သွားပြီးနောက်တွင် လူတိုင်းသည် သူတို့ ရှေ့မှ အိမ်ဆီသို့ လျှောက်သွားကြသည်။
ဤနိမ့်ကျသော နေရာထိုင်ခင်းသည် ထိုက်ရှဂိုဏ်း၏ အပြင်စည်းတပည့်များ နေထိုင်သောနေရာ ဖြစ်၏။
တောက်တိုမယ်ရ တပည့်များ နေထိုင်သော နေရာက လွဲလျှင် သူတို့က အနိမ့်ကျဆုံး ဖြစ်သည်။
သို့သော် ကျန်းချန်သည် အိမ်ရာပေါင်းများစွာကို လှည့်ပတ်ကြည့်ပြီးနောက်တွင် ပြဿနာတစ်ခု ရှိသည်ကို သတိထားမိလိုက်သည်။
ယင်းမှာ အပြင်စည်း တပည့်များ နေထိုင်သော ဤနေရာရှိ အိမ်များကို အဆင့် နှစ်ဆင့် သို့မဟုတ် သုံးဆင့် ထပ်မံ ခွဲခြားထားခြင်းပင်။
နေရာအများစုတွင် နေထိုင်သောသူများ ရှိနေကြ၏။
ဤနေရာတွင် အစားအသောက်နှင့် နေထိုင်စရာ နေရာကလွဲ၍ ဘာမျှ မရှိပေ။
သို့သော် သူတို့ နေထိုင်ရမည့် ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင်၏ ကောင်းချီးကို ကျန်းချန်က ခံစားလိုက်ရသည်။
ဆိုရလျှင် ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအားသည် အပြင်ကထက် များစွာ ပိုကြွယ်ဝ၏။
ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ ဤနေရာ၌ အလွန် ကောင်းမွန်သော ခြံဝင်း ဆယ်ခု ရှိနေခြင်းပင်။
"ဒီခြံဝင်းတွေက အပြင်စည်းတပည့်တွေ အတွက်လား"
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။
ကြီးကြပ်ရေးမှူးဖန်သည် သူတို့ကို ဤနေရာသို့ ခေါ်လာပြီးနောက်တွင် သီးခြား အိမ်တစ်လုံး မပေးခဲ့ပေ။
ယင်းမှာ သူတို့ တစ်ယောက်ချင်းစီသည် အကောင်းဆုံး ခြံဝင်း ဆယ်ခုအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ဂိုဏ်းထဲသို့ စတင်ခြေချသော အချိန်မှစ၍ ပြိုင်ပွဲသည် စတင်နေပြီ ဖြစ်၏။
"စိတ်ဝင်စားဖို့ ကောင်းတယ်.. ဂိုဏ်းကမ္ဘာက ငါ ထင်ထားတာထက် အများကြီး ပိုရက်စက်ပုံပဲ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ပထမဆုံး ခြံဝင်း ဆီသို့ ခြေလှမ်းလိုက်သည်။
သွမ့်ရှင်းက အနည်းငယ် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် ကျန်းချန်၏ နောက်သို့ လိုက်သွားခဲ့၏။
မကြာမီမှာပင် ကျန်းချန်သည် ပထမဆုံးတွေ့ရသည့် ခြံဝင်း၏ တံခါးဆီသို့ ရောက်လာသည်။
သို့သော် ကျန်းချန်က ခြံဝင်းထဲကို မဝင်ခင်မှာပင် ခြံဝင်းထဲမှ ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ်လာ၏။
နောက်ထပ် တစ်ခဏတွင် ပုံရိပ်တစ်ခုသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ခြံဝင်းထဲမှ လွင့်စင်လာခဲ့သည်။
ရုတ်တရက် လွင့်စင်လာသော ပုံရိပ်ကို မြင်လျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
အကြောင်းရင်းမှာ ထိုလူက သူ၏ သူငယ်ချင်း လဲ့ဟောင်ခုံး ဖြစ်နေသောကြောင့်ပင်။
ထိုအခိုက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ လွင့်စင်လာသော လဲ့ဟောင်ခုံးကို ဆွဲဖမ်းကာ ဟန်ချက် ထိန်းပေးလိုက်သည်။
"ကျန်းချန်"
ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် လဲ့ဟောင်ခုံး၏ ဖြူဖျော့သော မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
ကျန်းချန်ကလည်း အံ့အားသင့်သော အကြည့်ဖြင့် လဲ့ဟောင်ခုံးကို ကြည့်လိုက်သည်။
"ညီနောင်လဲ့ ဘာတွေ ဖြစ်နေတာလဲ.. မင်းက ဘယ်လိုလုပ်ပြီး ထိုက်ရှဂိုဏ်းကို ရောက်နေတာလဲ"
"ထိုက်ရှဂိုဏ်းက သိပ်မကြာခင်ကပဲ ရုတ်တရက် တပည့်တွေကို ခေါ်ယူခဲ့တယ်.. ငါတို့ နဂါးစာရင်းက ထိပ်တန်း ကျောင်းသား ဆယ်ယောက်လုံးက ထိုက်ရှဂိုဏ်းကို ဝင်ဖို့အရည်အချင်း ပြည့်မီခဲ့တယ်"
"ဒါပေမယ့် ဒီနေရာက ခြံဝင်းလုပွဲတွေက တကယ် ရက်စက်တယ်"
"ငါတို့ မနေ့က ဒီနေရာကို ရောက်လာပြီး ခြံဝင်းကို လုယူခဲ့တယ်.. ဒါပေမယ့် ဒီနေ့မှာ နှင်ထုတ်ခံရလိမ့်မယ်လို့ မထင်ထားမိဘူး"
လဲ့ဟောင်ခုံးက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"ဝုန်း"
လဲ့ဟောင်ခုံး၏ စကားသံ ဆုံးသွားသောအချိန်မှာပင် ထိုခြံဝင်း ထဲတွင် နောက်ထပ် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြန်သည်။
မကြာမီမှာပင် ရင်းနှီးသော လူတစ်ယောက်၏ ပုံရိပ်သည် ခြံဝင်းထဲကနေ တိုက်ရိုက် လွင့်စင်လာခဲ့သည်။
"ယင်ခိုင်ပါလား"
"ဟုတ်တယ်.. သူက မင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ နဂါးစာရင်းရဲ့ ထိပ်တန်း ဆယ်ယောက် စာရင်းထဲကို ဝင်နိုင်ခဲ့ပြီး ထိုက်ရှဂိုဏ်းထဲ ဝင်ရောက်ဖို့ အတွက်လည်း အရည်အချင်း ပြည့်မီခဲ့တယ်"
ကျန်းချန်က အံ့အားသင့်သွားသည်။
သူက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားကာ ယင်ခိုင်ကို ဆွဲဖမ်းလိုက်၏။
ကျန်းချန်က ယင်ခိုင်၏ ဟန်ချက်ကို ကူထိန်းပေးလိုက်သောအချိန်မှာပင် အလွန် မောက်မာသော အသံတစ်သံသည် ခြံဝင်းထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
"ဟမ့်..သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို မဖြတ်ကျော်ရသေးဘဲ ခြံဝင်းကို သိမ်းပိုက်ချင်နေသေးတယ်"
"ဒီခြံဝင်းက အခုကစပြီး ငါ့အပိုင်ပဲ.. မင်းတို့ နှစ်ယောက် ငါနဲ့ဝေးနိုင်သမျှ ဝေးဝေးကိုသွားတာ အကောင်းဆုံးပဲ"
အခန်း(၃၈၉) ပြီး၏