အခန်း (၃၉၀)
Vol. 26 Ch. 390
"အထဲကလူက ဘယ်သူလဲ"
ခြံဝင်းထဲမှ အထက်စီးဆန်သော အသံကို ကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"သူ့နာမည်က ဖူယုံပါ...စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမျိုးနွယ်စု သုံးခုထဲက ဖူမိသားစုရဲ့ ပါရမီရှင်တစ်ယောက်ပဲ"
လဲ့ဟောင်ခုံးက ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ ထိုက်ရှဂိုဏ်းကို ရောက်တော့မှပဲ တကယ့် ပါရမီရှင်ဆိုတာ ဘယ်လိုလဲ သိတော့တယ်...ခုလေးတင် ငါ ယင်ခိုင်နဲ့ ပူးပေါင်းတိုက်ခိုက်တာတောင် သူ့ကို ခြေလှမ်းတစ်လှမ်း ရွေ့အောင် မလုပ်နိုင်ခဲ့ဘူး"
စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးစု။
ကျန်းချန် မျက်ခုံးပင့်လိုက်သည်။
သူက သူ့နောက်မှ သွမ့်ရှင်းကို လှည့်ကြည့်လိုက်သည်။
"မင်း ဖူယုံကို သိလား"
သွမ့်ရှင်းက လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဒီဖူယုံက ဖူမိသားစုရဲ့ ထိပ်တန်းပါရမီရှင် နှစ်ယောက်ထဲက တစ်ယောက်ပဲ... မင်းသူ့ကို လျော့တွက်လို့ မဖြစ်ဘူး"
ကျန်းချန် ခေါင်းညိတ်လိုက်သည်။
သူက လဲ့ဟောင်ခုံးကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"ညီနောင်လဲ့.. ငါ အထဲကကောင်ကို ဆုံးမပြီး မင်းအတွက် ဒီခြံဝင်းကို ပြန်ယူလာပေးမယ်"
သူက လဲ့ဟောင်ခုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။
နောက်ဆုံးအကြိမ်က လဲ့ဟောင်ခုံးသည် ပိုင်လင် သန့်ရှင်း စမ်းရေပုလင်းကိုပင် လက်ဆောင် ပေးခဲ့၏။
ထို့ကြောင့် ယခု လဲ့ဟောင်ခုံး အခက်တွေ့နေချိန်တွင် ကျန်းချန်က ဘေးကနေ ရပ်ကြည့်နေမည် မဟုတ်ပေ။
"ကျန်းချန်...ဖူယုံက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကိုရောက်နေပြီ.. ပြီးတော့ သူ့မှာ အားကောင်းတဲ့ သွေးစွမ်းအားလည်းရှိတယ်.. ငါတို့အတွက်နဲ့တော့ မင်းကို မစွန့်စားစေချင်ဘူး"
လဲ့ဟောင်ခုံးက စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးခုရဲ့ ပါရမီရှင်ဆိုတာ ဘာမှမဟုတ်ပါဘူး"
"စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးခုရဲ့ ပါရမီရှင်တွေနဲ့ ငါ တိုက်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး"
ကျန်းချန်က ပြုံးပြီး ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။
ခြံဝင်းထဲကိုရောက်လျှင် ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သောအခါ ကျောခိုင်း၍ ရပ်နေသော အရပ်ခပ်ရှည်ရှည် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
"မင်း လူစကား နားမလည်ဘူးလား.. ဒီခြံဝင်းက ငါ့အပိုင်လို့ ခုလေးတင် ငါပြောပြီးပြီလေ"
"ထွက်သွားဖို့အတွက် မင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်.. မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူး ဆိုပြီး အပြစ်မတင်နဲ့"
အရပ်ခပ်ရှည်ရှည် လူငယ်က နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စွာ ရေရွတ်လိုက်သည်။
"ဟက်.. အတော်လေး မောက်မာလိုက်တဲ့ ကောင်ပါလား"
"ဒီခြံဝင်းက ငါ့သူငယ်ချင်းရဲ့ ခြံဝင်းပဲ.. ထွက်သွားသင့်တဲ့သူက မင်းပဲ ဖြစ်သင့်တယ်"
ခြံဝင်းထဲမှ အရပ်ရှည်သော လူငယ်ကို ကြည့်ကာ ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
သူ၏ နောက်မှ ထူးဆန်းသောအသံကို ကြားရလျှင် အရပ်ရှည်ရှည် လူငယ်သည် အံ့အားသင့်သွားခဲ့၏။
သူက ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။
ထိုအခါ လဲ့ဟောင်ခုံးနှင့် ယင်ခိုင်တို့ ဘေးမှ ကျန်းချန်ကို မြင်လျှင် သူ၏ မျက်နှာတွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ငါ ဒီလောက်သတိပေးတာတောင် မင်းတို့က မဟာရှားနိုင်ငံက အမှိုက်တစ်ကောင်ကို ခေါ်ပြီး ပြန်လာရဲတယ်ပေါ့လေ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ငါက သူတို့အတွက် ခြံဝင်းကို ပြန်ယူဖို့ လာတာပဲ.. မင်း ခြံဝင်းကနေ ဖယ်ပေးမှာလား"
"ဟားဟား... ဒီခြံဝင်းကို သိမ်းယူပြီးကတည်းက ဒီခြံဝင်းက ငါ့အပိုင်ဖြစ်သွားပြီ"
"မင်းက ဘာကောင်မို့ ငါ့ရှေ့မှာ ဒီလို စကားပြောရဲတာလား"
"ငါဖူယုံ ပိုင်ဆိုင်တဲ့ပစ္စည်းကို ဘယ်ကြောင် ဘယ်ခွေးကမှ လုယူလို့မရဘူး"
ဖူယုံက ကျန်းချန်၏ စကားကို ကြားလျှင် လှောင်ရယ်လိုက်၏။
"မင်းတို့ မဟာရှားနိုင်ငံက အမှိုက်တွေက ဘယ်လောက်ပဲ သန်မာနေပါစေ.. ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"
"ဟမ့်... ဖူယုံ...မင်းကို မတွေ့တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်.. မင်း ပိုပြီး မောက်မာလာမယ်လို့ ငါ မထင်ထားမိဘူး.. မင်းက ဘယ်သူ့ကို ကြောင်တွေ ခွေးတွေလို့ ထင်နေတာလဲ"
ထိုအချိန်တွင် ဖူယုံနှင့် ရင်းနှီးသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ နောက်ကနေ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ နောက်မှ ပေါ်လာသော ထိုပုံရိပ်ကို မြင်လျှင် ဖူယုံ၏ အကြည့်က တင်းမာသွားခဲ့သည်။
"သွမ့်ရှင်း.. မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ"
အခန်း(၃၉၀) ပြီး၏