ခြောက်ထပ်ကွမ်း
Vol. 1 Ch. 1
အဆုံးမရှိကျယ်ပြန့်သည့် အမှောင်ထုတွင် အဖြူရောင်အလင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ကြယ်တစ်လုံး ဖြတ်သန်းလာခြင်းဖြစ်သည်။ ခပ်မှိန်မှိန်အလင်းများ နောက်တွင် ကျန်ခဲ့သည်။
အဖြူရောင်ကြယ်က တိတ်ဆိတ်စွာ ပျံသန်းလာသည်။ အချိန်တစ်ခုကြာသွားပြီးနောက် အဆုံးစမဲ့လေဟာနယ်တွင် ရွှေရောင်အလင်းတစ်ခု ပေါ်လာသည်။ ရွှေရောင်ကြယ်တစ်လုံး ပေါ်လာသည်။
အဆုံးစမဲ့ အနန္တလေဟာနယ်တွင် တစ်ခါမှမဆုံဖူးသည့် ကြယ်နှစ်လုံး ဆုံတွေ့ကြသည်။
"ဘုန်း”
အဖြူရောင်မြူများ ပြန့်ကျဲသွားသည်။ ခံ့ညားသည့် ရွှေရောင်အလင်းတောက်ပလာသည်။ တစ်ချိန်တည်းမှာပင် သိစိတ်နှစ်ခု နိုးထလာကြသည်။
“ခွေးမသား၊ မင်းမပျံတတ်ဘူးလား။ ပြန်မွေးဖွားဖို့ ဒီလောက်အလျင်လိုနေရလားကွ”
မကျေမနပ်ရေရွတ်သံက အဖြူရောင်မြူများဖုံးလွှမ်းနေသည့် ကြယ်တိမ်တိုက်နှင့် ရွှေရောင်အလင်းကြားမှ ပေါ်လာသည်။ ထို့နောက် နောက်ထပ် ခပ်ရိုင်းရိုင်းတုံ့ပြန်သံတစ်ခု ပေါ်လာသည်။
“ဟုတ်တယ်၊ ငါက ပြန်မွေးဖွားမလို့လေ၊ မင်းကရောမဟုတ်လို့လား”
“သောက်လခွမ်း၊ ငါမေ့သွားတယ်ကွာ”
“အရူး၊ ဦးနှောက်မရှိဘဲ ပြန်မွေးဖွားချင်နေတယ်ပေါ့။ ဘယ်လိုဖြစ်နေတာလဲ။ မျက်လုံးရောပါရဲ့လား”
“ခွေးမသား၊ ငါက တည့်တည့်ပျံလာတာကွ။ မင်းက ဖြတ်ဝင်လာတာ”
“ပေါက်တတ်ကရတွေမပြောနဲ့။ မင်းလည်း ခုမှနိုးလာတာပါ”
အဖြူနှင့်ရွှေရောင်မြူများဖြင့် ဖန်တီးထားသည့် ကြယ်တိမ်တိုက်မှ ကြယ်နှစ်လုံး ဆန့်ကျင်ဘက်အရပ်ဆီ ဆက်လက်ထွက်ခွာသွားသည်။ တစ်ဖြေးဖြေးဝေးသွားသည်။ မကျေမနပ်ရေရွတ်သံများလည်း ငြိမ်ကျသွားသည်။ သူတို့ဆက်ပြောလျှင်ပင် မကြားနိုင်တော့သောကြောင့်ဖြစ်သည်။
သို့သော် တဖြေးဖြေးတည်ငြိမ်လာသည့် ထိုဝိညာဉ်များသည် သူတို့ကြယ်ခန္ဓာများ အရောင်ပြောင်းသွားကြောင်း သတိမထားမိကြ။ အဖြူရောင်ကြယ်၏အလယ်ဗဟိုက ရွှေရောင်သန်းနေသည်။ ရွှေရောင်ကြယ်၏ဗဟိုက အဖြူရောင်ဖြစ်လာသည်။
.................
“သခင်လေးအန်း၊ သခင်လေးအန်း၊ ငါးမျှားမနေနဲ့တော့။ အိမ်မြန်မြန်ပြန်တော့။ ကောင်တီအုပ်ချုပ်ရေးရုံးကလူတွေ သခင်လေးတို့အိမ်ကို သတင်းကောင်းသယ်လာတယ်”
မြက်ရိုင်းများဖုံးလွှန်းနေသည့် လျိုတစ်ခုထဲမှ ရေအိုင်လေးဆီသို့ ဘောင်းဘီပွဝတ်ထားသည့် ကလေးတစ်ယောက် ပြေးလာသည်။ ငါးမျှားတံများဖြင့် ငါးမျှားနေသည့်ကလေးတစ်သိုက်ကို အော်ဟစ်ပြောလိုက်သည်။
“ငါ့အိမ်ကို သတင်းကောင်းယူလာကြပြန်ပြီတဲ့လား”
ရွံ့များပေကျံနေသည့် ကလေးများကြားတွင် ခြေဖဝါးတွင်သာရွံ့ပေသည့် သန့်ရှင်းသည့်အဝတ်အစားဝတ်ထားသည့် လူချောလေးတစ်ယောက် ထရပ်လာသည်။ အဝေးကိုလှမ်းကြည့်သည်။ မျက်နှာက တည်ငြိမ်သည်။ ပထမဆုံးအကြိမ်ကြုံးဖူးခြင်းမဟုတ်။ ရိုးနေပြီဖြစ်သည်။
သူကတည်ငြိမ်နေသော်လည်း အတူကစားသည့်ကလေးများက သတင်းကြားသည်နျင့် လက်ထဲမှငါးမျှားတံများကို ပစ်ချကာ အော်ဟစ်ရယ်မော၍ သူ့အိမ်ဆီပြေးသွားရန်ပြင်ကြသည်။
“သခင်လေးအန်း၊ မင်းအကိုကြီး စာမေးပွဲအောင်လာပြီထင်တယ်”
“ဟုတ်တယ်၊ ဟုတ်တယ်။ မင်းအကို စာမေးပွဲအောင်ပြန်ပြီ။ ငါတို့ အလျှံပါယ်စားရပြန်တော့မယ်”
ဘောင်းဘီပွနှင့် ကောင်လေးတစ်ယောက် တံတွေးတစ်ချက်မျိုလိုက်သည်။ သူ့မျက်လုံးတွင် မျှော်လင့်ရိပ်သန်းနေသည်။ ဖုန်ချင်အန်း၏အကိုကြီး နန်းတွင်းစာမေးပွဲ ဝင်ဖြေကတည်းက သူတို့ရွာတွင် စားသောက်ပွဲများစွာ ကျင်းပကြသည်။ တစ်ခုထက်တစ်ခု ပိုသာအောင်ကျွေးမွေးကြသည်။
“စားပါ၊ စား စား။ အစာပုပ်တဲ့ကောင်တွေ။ စားဖို့ပဲတွေးနေကြ”
ငတ်ကြီးကျနေသည့် အဖေါ်များကို ဖုန်ချင်အန်းက ရယ်မောဆဲဆို၍ ဖင်ပိတ်ကန်သည်။ ထို့နောက် အိမ်ဆီ အမြန်ပြေးလွှားနေရင်း သူစဉ်းစားသည်။
‘ပြီးခဲ့တဲ့တစ်ခေါက် သတင်းပို့လာတဲ့လူက ငါ့အကို ပြည်နယ်စာမေးပွဲမှာ ပထမရတယ်လို့ ကြေညာတယ်။ ပြီးတော့ နန်းတွင်းစာမေးပွဲရောက်လာတယ်။ ထိပ်တန်းစာပေပညာရှင်ဘွဲ့တော့ ရမှာသေချာပါတယ်။ အင်ပါယာမင်းမြတ်က အကို့အထက်မှာ လူဘယ်လောက်များများ ဘွဲ့ပေးထားမလဲဆိုတာပဲ မူတည်တယ်။ အင်ပါယာက အရူးမဟုတ်ရင် အကိုကြီးကို ပထမဘွဲ့ပေးသင့်တယ်။ အဲလိုဆို သူအတော်ကြည့်ကောင်းမှာ’
သူ့နောက်တွင် လူငယ်တစ်စု အချင်းချင်းတွန်းထိုးကျီစယ်ရင်း ပါလာသည်။ သူ့အိမ်နားသို့ရောက်ချိန်တွင် လူတန်းရှည်ကြီးကို လျှောက်လာသည်ကို မြင်လိုက်ရသည်။ အရင်ကနှင့်မတူ။ ထိုလူတန်းက အတော်များသည်။
ဖုန်ချင်အန်းနောက်မှ ကလေးများ ထိုမျှကြီးကျယ်သည့် စီတန်းလှည့်လည်မှုမျိုး မမြင်ဖူးသဖြင့် အံ့ဩနေကြသည်။ တွန်းထိုးအော်ဟစ်၍ လူတန်းဆီ ပြေးသွားသည်။ ဖုန်ချင်အန်းအိမ်သို့ ဦးတည်ကြသည်။
ဖုန်မိသားစု ခြံဝန်းတွင် လူစုသုံးခုပြည့်သွားသည်။ ဖုန်ချင်အန်းနှင့်ကလေးများ ဦးဆောင်၍ရောက်လာသည်။ လူကြီးများ ရှေ့တွင်ရပ်နေသဖြင့် သူ့အိမ်သူပင် မမြင်ရ။
သူ့အိမ်နားမှ သစ်ပင်များတွင်လည်း လူများပြည့်ညပ်နေသည်။ ဘေးအိမ်ခေါင်မိုးများပေါ်တွင် လူပေါင်းများစွာ လဲလျောင်းနေသည်။ ခေါင်းမိုးပြိုကျမတတ်ဖြစ်နေသည်။ အဝါရောင်ခွေးတစ်ကောင်ကိုလည်း ဆွဲခေါ်လာကြသည်။
လူအုပ်များလွန်းသဖြင့် ရွာအပြင်ပိုင်းမှလာသည့် လမ်းသွားလမ်းလာများပင် ကြည့်မိကြပေမည်။ မကြာမီ ရွာသားများက လူအုပ်ထဲမှ ဖုန်ချင်အန်းကို သတိထားမိသွားသည်။
“အဲဒါ ဖုန်မိသားစုက ဒုတိယသားတော်လေး မဟုတ်လား”
“အိုး၊ ချင်အန်း ပြန်လာပြီဟေ့”
“ဒါက ငါတို့ချန်ပီယံကြီးရဲ့ညီလေးပဲ။ လမ်းဖယ်ပေးလိုက်ကြ။ သူဝင်ပါစေ”
ထိုစကားများကြောင့် ပြည့်ကြပ်နေသည့် ခြံဝန်းထဲမှလူအုပ်ကြီး ကြိုးစား၍ လမ်းဖယ်ပေးကြသည်။ သူ့နောက်မှ ကလေးများက ဝင်ခွင့်မရကြတော့။
ရွာသားများ၏ ရင်းရင်းနှီးနှီး အော်ဟစ်သံများကို ကြားရသဖြင့် တုံ့ပြန်နှုတ်ဆက်ရင်း ခြံဝန်းထဲသို့ စုံ့ဝင်သွားသည်။
သူ့အကိုနန်းတွင်းစားမေးပွဲ အောင်မြင်ခဲ့သဖြင့် ရွာထဲတွင် သူတို့မိသားစုဂုဏ်အဆင့်အတန်းက ထိုးက်သွားသည်။ ဆယ်နှစ်ကျော်သာရှိသေးသည့် သူသည်ပင် မျက်နှာကောင်းရသည်။ လမ်းပေါ်လျှောက်လာချိန်တွင် ငယ်နာမည်ကို မခေါ်ကြဘဲ “ချင်အန်း”ဟုသာ ခေါ်ကြသည်။
“အာနွီ၊ မင်းဘယ်မှာ သွားဆော့နေတာလဲ။ သတင်းကြေညာမယ့်လူတွေ ရောက်လာတော့မယ်။ ဒီကိုမြန်မြန်လာ။ အဝတ်အစားလဲရအောင်”
ခြံဝင်းထဲ ရောက်စမှာပင် ပိုးချည်ဝတ်အမျိုးသမီးငယ်တစ်ယောက်က သူ့ကိုငေါက်ငန်း၍ အတွင်းခန်းသို့ ဆွဲခေါ်သွားသည်။
တစ်လမ်းလုံး ချင်အန်းဟု အခေါခံခဲ့ရသည့် ဖုန်ချင်အန်းစိတ်ထဲ ငယ်နာမည်အခေါ်ခံလိုက်ရသဖြင့် နည်းနည်းစနိုးစနောင့်ဖြစ်သွားသည်။ ထိုအမျိုးသမီးသည် သူ့ငယ်နာမည်ခေါ်ကြသည့် လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည့် သူမိခင်ပင်ဖြစ်သည်။
“အမေ၊ ကျွန်တော်ဒီနေ့ အဝတ်တွေ ဝတ်တာ နှစ်ရက်ပဲရှိသေးတာပါ”
ဖုန်ချင်အန်း အတွန့်မတက်ပါ။ သူ့အကိုကြီးကို အိမ်တွင် ကျိအာဟု ခေါ်ကြသည်။ အာနွီ(နွားပေါက်စ)ဟု အခေါ်ခံရသည်ကို သူမငြင်းသာပေ။
“နှစ်ရက်ဆိုတော်ရောပေါ့။ နင့်အတွက် ဝတ်စုံသစ်ချုပ်ထားတယ်။ မြန်မြန်လဲဝတ်လိုက်”
အဝတ်လဲ၍ ပြန်ထွက်လာချိန်တွင် သတင်းကြေညာသည့်လူစု ခြံဝန်းထဲဝင်လာသည်ကို မြင်ရသည်။ ထိုလူစုထဲတွင် နာမည်ကျော်ပုဂ္ဂိုလ်နှစ်ယောက်ပါသည်။ သူကြားထားသည့် သတင်းအရ အတော်ဝေးလံသည့် ကျန်းယန်ပြည်နယ်မှ ကောင်တီသခင်နှင့် ပြည်နယ်သခင်ဖြစ်သည်ဟု ဆိုသည်။
“ငါ့အကိုကြီးက ကောင်တီ၊ ပြည်နယ်၊ နန်းတွင်းဝင်ခွင့် စာမေးပွဲတွေမှာ သုံးထပ်ကွမ်းပထမရခဲ့တာ။ ပြည်နယ်စုံစာမေးပွဲနဲ့ မြို့တော်စာမွေးပွဲမှာလည်း ထိပ်ဆုံးအဆင့်အရွေးချယ်ခံဖြစ်ခဲ့တယ်။ စာမေးပွဲငါးခု တစ်ဆက်တည်း အောင်မြင်ခဲ့တယ်။ အင်ပါယာသာ အမြောအမြင်ရှိမယ်ဆိုရင် နိုင်ငံသစ်ရဲ့ ပထမဆုံး ခြောက်ထပ်ကွမ်းစာပေပညာရှင်ဖြစ်လာမှာပဲ”
သခင်နှစ်ယောက် ရောက်လာသည်ကို သူနည်းနည်းအံ့ဩမိသော်လည်း ဖြစ်သင့်သည့်အချက်ဟု သူထင်သည်။ သူ့ထက်သုံးနှစ်ခွဲသာကြီး၍ အသက်ဆယ့်လေးနှစ်မပြည့်သေးသည့် သူ့အကိုသည် နန်းတွင်းစာမေးပွဲကို ပထမဆုံးဖြေသည့်အချိန်မှာပင် အောင်မြင်ခဲ့သည်။
သူ့အကို၏ စာပေပါရမီကို သူကောင်းကောင်းသိပါသည်။ သို့သော် ထိုမျှထူးခြားမည် ထင်မထား။ လက်ထပ်သည့်အရွယ်မရောက်မီပင် နန်းတွင်းစာမေးပွဲကို ကျော်ဖြတ်ခဲ့သည်။ ရှားပါးလူသားဟု ဆိုရမည်။
“မိုးမြေရွေးချယ်ခံ ဘုရင်မင်းမြတ်နာမတော်အောက်က နန်းတွင်းကြေညာချက်သုံးခု။ အင်ပါယာဘုန်းကျက်သရေနဲ့ ယွန်ကန်နှစ်ဆယ်ရှစ်နှစ်မြောက် တတိယလ ဆယ့်ငါးရက်၊ ကျန်အန်းပြည်နယ်က ထိပ်တန်းစာပေပညာရှင် ဖုန်ချင်ပင်းဟာ ထိပ်တန်းစာပေပညာရှင်စာရင်းမှာ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတစ်ဝှမ်း ဝမ်းမြောက်နိုင်အောင် ဒီနေရာကနေ ကြေညာလိုက်ပါတယ်”
အဝါရောင်ပိုးချည်ပေါ်မှ တော်ဝင်အမိန့်ကို အမိန့်ပြန်သူက အားကောင်းသည့်အသံပါဝါအားဖြင့် ဖတ်ပြသည်။ ခြံဝင်းအပြင်ဘက်မှ ကြည့်နေသူများပင် ကြားရသည်။ လူအုပ်ကြီး ခဏငြိမ်သွားပြီးနောက် အော်ဟစ်ချီးကျူးသံများ ပေါက်ကွဲထွက်လာသည်။
“သူက ပထမအဆင့်တဲ့”
“ဖုန်မိသားစုရဲ့ အရွယ်မရောက်သေးတဲ့ အကြီးဆုံးသားက စာမေးပွဲအောင်မြင်သွားပြီပေါ့”
အမိန့်ပြန်သူက ထပ်ဆင့်ကြေညာပေးပြန်သည်။
“ဖုန်ချင်ပင်း ထူးချွန်စွာအောင်မြင်ပြီး ပထမရခဲ့တဲ့အတွက် ဖုန်မိသားစုကို ဂုဏ်ပြုပါတယ်”
ဖုန်ချင်အန်း မိသားစုဝင်များကြားတွင် ရပ်နေသည်။ သူ့ဘေးနားမှ ပေါက်ကွဲသံတစ်ခု ကြားရသည်။ ချက်ချင်းအေးစိမ့်လာသလိုခံစားရပြီး အတက်အကျမရှိသည့်စကားသံတစ်ခု သူ့စိတ်အာရုံတွင် ပေါ်လာသည်။
(“စနစ်ဖိုင်ဒေတာ မူမမှန်မှုဖြစ်ပါတယ်။ ကုဒ်ဖြေတာ မအောင်မြင်ပါဘူး။ နောက်တစ်ကြိမ် ကြိုးစားချင်ပါသလား”)
“အမေ”
ဖုန်ချင်အန်း ထိုအသံကို ဂရုမစိုက်အား။ မူးမေ့လဲကျသွားသည့် ယင်ရှီထံ ပြေးသွားသည်။ သူ့အဖေက ယင်ရှီကို ဆွဲထိန်းထားသည်။
**************************************