ဝိညာဉ်မွေးမြူခြင်း
Vol. 1 Ch. 3
(“စနစ်ဖိုင် ကုဒ်ဖြေနေပါတယ်..”)
(“ကုဒ်ဖြေခြင်း အောင်မြင်ပါတယ်”)
မိသားစုနှင့်အတူ တစ်နေ့လုံး စားသောက်ပွဲကျင်းပပြီးနောက် ဖုန်ချင်အန်ဗိုက်ထဲတွင် အသားငါးများပြည့်နေသည်။ အစာတစ်ချို့ စတင်ကြေညက်ပြီးစဖြစ်သည်။ ကုတင်ပေါ် အိပ်ချင်မူးတူဖြစ်နေချိန် စနစ်ကြေညာသံကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။
“အောင်မြင်သွားတယ်ပေါ့”
(“မသေမျိုးကျင့်ကြံခြင်းလမ်းညွှန်စနစ်... နာမည်မှားနေပါတယ်... စနစ်က နာမည်ပြန်ပေးနေပါတယ်”)
(“သားရဲထိန်းသခင်လေ့ကျင့်ခြင်းစနစ် ပြင်ဆင်နေပါပြီ”
သူအပြည့်အဝ နိုးလာသည်။ ကုတင်ပေါ်ထထိုင်သည်။ မျက်နှာတွင် အမူအရာအမျိုးမျိုးပြောင်းလဲနေသည်။ ခဏကြာမှ သူ့စိတ်ကို တည်ငြိမ်အောင်ထိန်းနိုင်သည်။ သို့သော် စိတ်ထဲမှ အလိုမကျမှုနှင့် နားမလည်နိုင်ခြင်းများ ဖုံးဖိမရပေါ်လာသည်။
“ငါ့ရဲ့ မသေမျိုးကျင့်ကြံခြင်းစနစ်က သားရဲထိန်းသခင်စနစ်ကို ဘယ်လိုပြောင်းသွားတာလဲ”
တောင်ကိုရွှေ့၍ ပင်လယ်ကိုပြောင်းလဲနိုင်ပြီး ထာဝရနုပျိုခြင်းကို ပေးနိုင်သည့် မသေမျိုးကျင့်ကြံခြင်းစနစ်။ မလိုချင်သူမရှိ။ မမက်မောသူမရှိ။ သို့သော်ယခု ထူးထူးဆန်းဆန်း ပုံမှန်မဟုတ်သည့် သားရဲထိန်းသခင် လေ့ကျင့်ရေးစန်စကို ပြောင်းသွားသည်။ ဖြစ်စဉ်တစ်ခုလုံး လမ်းကြောင်းပြောင်းသွားသည်။
ဤလောကတွင် ကျင့်ကြံသူများရှိသည်။ ဤကမ္ဘာတွင် သူဆယ်နှစ်ကြာခဲ့ပြီဖြစ်သည်။ ကောင်တီမြို့အထိသာ အဝေးဆုံးရောက်ဖူးသော်လည်း သူသိနေသည်။
သုံးနှစ်သားအရွယ် အတိတ်မှတ်ဉာဏ်များ စပေါ်ချိန်တွင် မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ရွာဘေးမှ ရေကန်တွင် အနှောင့်အယှက်ပေးခဲ့ဖူးသည်။ ထိုရေသရဲက ရွာသားများကို ဒုက္ခပေးခဲ့သည်။ ထိတ်လန့်နေသည့် ရွာသားများ၏မျက်နှာကို သူမှတ်မိနေသေးသည်။
သို့သော် သိပ်မကြာမီ ရွာသားများ၏စုပေါင်းငွေဖြင့် မကောင်းဆိုးဝါးနှင်ထုတ်ရန် တာအိုဘုန်းကြီးတစ်ပါးငှားခဲ့သည်။ ထိုမကောင်းဆိုးဝါးနှင်သည့်ပွဲသို့ မိဘများက ဖုန်ချင်အန်းကို ခေါ်သွားသည်။ သူသိပ်နားမလည်သော်လည်း ထိုပွဲပြီးသွားကတည်းက ရေကန်သည် ပုံမှန်အတိုင်း ငြိမ်သွားသည်။ နောက်ထပ် အသက်အန္တရာယ်မရှိတော့။
ထိုနေ့မှစ၍ ရွာသားများ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရသည်။ တစ်ခါတစ်လေ ရေနစ်သေဆုံးမှုများရှိသော်လည်း ဖြစ်ရိုးဖြစ်စဉ်ဟုသာ မြင်ကြသည်။
ထိုအဖြစ်တစ်ခုတည်းဖြင့် သက်သေခိုင်မာသည်တော့မဟုတ်။ နောက်အဖြစ်တစ်ခုကို သူကိုယ်တိုင်မြင်ခဲ့ရသည်။ အာရုံတက်မနက်ခင်းတစ်ခုတွင် ကောင်းကင်တွင် ရောင်စုံတိမ်တိုက်စီး၍ ပျံသန်းနေသည့်လူတစ်ယောက်ကို မြင်ခဲ့ဖူးသည်။
တစ်ခြားလူများကို ထိုအကြောင်း သူမေးခဲ့သည်။ သို့သော အားလုံးက ကလေးအရွယ်ဖြစ်၍ စိတ်ကူးယဉ်၍ပြောခြင်းဟုသာ ထင်ကြသည်။ သူအကိုကို မေးချိန်မှသာ သူလည်းမြင်ခဲ့ကြောင်း အတည်ပြုချက်ရသည်။
ထိုအဖြစ်နောက်ပိုင်းတွင် အတော်ကြာအောင် သူဆန္ဒပြင်းပြခဲ့သည်။ ညတိုင်း ကျင့်ကြံမှုစတင်နိုင်ဖို့ စိတ်ကူးယဉ်ခဲ့သည်။ နောက်ထပ်တစ်နှစ်ခွဲကြာမှ ပြင်းထန်နေသည့်သူ့အတွေးများ ငြိမ်ကျသွားသည်။
မည်သို့ပင်ဆိုစေ သူသည် သာမန်လယ်သမားမိသားစုမှ ကလေးတစ်ယောက်ဖြစ်သည်။ ဉာဏ်အလင်းရ၍ မသေမျိုးဖြစ်လာဖို့ဆိုသည်မှာ လက်လှမ်းမမီ။ ရွာမှထွက်နိုင်လျှင်ပင် အတော်ထူးခြားနေပြီဖြစ်သည်။ အတိတ်ဘဝမှ မွေးရာပါအသိဉာဏ်ရထားသည့်တိုင် သိပ်အသုံးမဝင်လှ။
ယခု စနစ်က ရုတ်တရက် ကုဒ်ဖြေမှုအောင်မြင်ခဲ့သည်။ ကာလရှည်ကြာတိမ်မြုပ်နေသည့် ကျင့်ကြံလိုသည့်ဆန္ဒများ ပြန်နိုးကြားလာသည်။ စိတ်အားထက်သန်လွန်းသဖြင့် အိပ်လိုစိတ်ပင်မရှိတော့။
ပြဿနာတစ်ခုသာရှိသည်။ မသေမျိုးကျင့်ကြံမှုစနစ်က သားရဲထိန်းစနစ်ကို ပြောင်းသွားသည်။ လုံးဝ ကွဲပြားသွားခြင်းဖြစ်သည်။ သို့သော် သူ့လို့သာမန်လူအတွက် ဂျေးများနေခွင့်မရှိ။ စနစ်တစ်ခုရှိနေသည်ကပင် အခွင့်ထူးဟုဆိုင်နိုင်သည်။ စနစ်အမျိုးအစားကို အရေးမစိုက်နိုင်။
“ပထမကိုးကြိမ်လုံး ကုဒ်ဖြေမရခဲ့တာက ဒီစနစ် အလုပ်မလုပ်သေးလို့လား။ အခု ရုတ်တရက် အောင်မြင်သွားတာ ငါကံကောင်းလို့များလား”
(“ကောင်းကင်တာအိုနိယာမကို တိုက်ဆိုင်စစ်ဆေးနေပါတယ်..”)
(လျှို့ဝှက်နယ်မြေများကို မှတ်တမ်းတင်နေပါတယ်)
(ဝိညာဉ်အားလုံးကို မှတ်တမ်းတင်နေပါတယ်)
(ထူးခြားရတနာများကို မှတ်တမ်းတင်နေပါတယ်)
(သားရဲထိန်းသခင်လေ့ကျင့်ရေးစနစ် အောင်မြင်စွာအသက်ဝင်ပါပြီ။ သင်ပထမဆုံးအကြိမ်အသုံးပြုဖို့ စောင့်မျှော်နေပါတယ်)
ဆက်တိုက်ပေါ်လာသည့် အသိပေးချက်စကားသံများကြောင့် သူ့ခေါင်းထဲမှအတွေးစများ ပြတ်သွားသည်။ စိတ်အားထက်သန်စွာဖြင့် သူ့အတွေးကို ထိန်းချုပ်လိုက်သည်။
“စနစ်”
(ပထမဆုံးအကြိမ် အသုံးပြုမှုကို ကြိုဆိုပါတယ်။ ပိုင်ရှင်ရဲ့ အချက်အလက်တွေကို စစ်ဆေးနေပါတယ်။ ခဏစောင့်ပါ)
(လက်ရှိမှာ ပိုင်ရှင်ဟာ သားရဲထိန်းသခင်မဟုတ်ပါဘူး။ စနစ်မစ်ရှင်အသစ်သွင်းပြီး ထုတ်ပြန်ရန်ပြင်ဆင်နေပါတယ်)
(အဓိကမစ်ရှင်၊ အဆင့်မီသားရဲထိန်းသခင်ဖြစ်ဖို့ပါ)
(လိုအပ်ချက်၊ ပထမဝိညာဉ်စာချုပ်ကနေ အိမ်မွေးသားရဲတစ်ကောင်ကို အောင်မြင်စွာ စာချုပ်ချုပ်လိုက်ပါပြီ)
(ဆုလာဒ်၊ နတ်စွမ်းရည် ပိုဆောင်ခြင်းပါ)
ကျားမ မကွဲပြားသည့်စကားသံကို ကြားပြီးနောက် သူအတော်တွေးရခက်သွားသည်။ သားရဲထိန်းသခင်ဖြစ်လာရန် သူမည်သို့လုပ်ရမည်နည်း။ ဝိညာဉ်စားချုပ်ဆိုသည်ကိုလည်း သူနားမလည်။ မည်သို့တည်ဆောက်ရမည်မသိ။
ကံကောင်းထောက်မစွာဖြင့် စနစ်က သူကြံရာမရဖြစ်နေကြောင်း ရိပ်စားမိဟန်တူသည်။ အတော် ထောက်ထားညှာတာတတ်ပေသည်။
(လက်ရှိပိုင်ရှင်မှာ ကျင့်စဉ်နည်းလမ်းတစ်ခုမှမရှိသေးတဲ့အတွက် ဒီမစ်ရှင်ကို ဖျက်သိမ်းပါတယ်။ မစ်ရှင်ခွဲလေးတစ်ခု ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်)
(မစ်ရှစ်ခွဲ၊ အနာဂတ်အမြင်)
(ရှင်းလင်းချက်၊ သားရဲထိန်းသခင်ကောင်းတစ်ယောက်ဟာ သူတို့သားရဲကို ကြိုတင်ပြင်ဆင်နိုင်ဖို့ အနာဂတ်အမြင်လိုအပ်ပါတယ်)
(လိုအပ်ချက်၊ လူသားမဟုတ်တဲ့ဝိညာဉ်တစ်ခု မွေးမြူပါ)
(ဆုလာဒ်၊ ဝိညာဉ်စုစည်းခြင်းစွမ်းရည်)
ဖုန်ချင်အန်း အသက်ရှူနှုန်း ပို၍လေးလံလာသည်။ နည်းနည်းလမ်းကြောင်းလွဲနေသော်လည်း ကျင့်စဉ်နည်းလမ်းတစ်ခု သူ့ရှေ့ရောက်လာပြီဖြစ်သည်။ အစောပိုင်းက ကျင့်ကြံလိုသော်လည်း မကျင့်ကြံနိုင်ခဲ့။ ယခု မျက်စိမှိတ်၍ စွန့်စားကြည့်ဖို့သာ ရှိတော့သည်။
“လူသားမဟုတ်တဲ့ဝိညာဉ်ကို မွေးရမယ်တဲ့။ ဒါဆို လူမဟုတ်ရင် ဘာမဆိုအဆင်ပြေတဲ့သဘောပဲ”
ကုတင်ပေါ်မှဆင်း၍ သူ့အခန်းပြတင်းကို ဖွင့်လိုက်သည်။ ခြံဝန်းအတွင်းမှ ဆူညံနေကြသည့် ကြက်များ၊ ဘဲများနှင့် ငန်းဖြူကြီးနှစ်ကောင် သူ့မြင်ကွင်းတွင် ပေါ်လာသည်။
လက်ရှိမိသားစုစီးပွားရေးအခြေအနေအရ တစ်ခြားလူများထံမှ လက်ဆောင်များလက်ခံရသည့်ဆိုသော်လည်း လူဆင်းရဲဘဝမှ လူလတ်တန်းစားအဆင့်သို့ ရောက်လာပြီဖြစ်သည်။ ရက်ခြားတစ်ခါဆိုသလို အသားဟင်းစားနိုင်သည်။ ထိုတိရစ္ဆာန်များ မွေးထားစရာမလိုတော့။
သို့သော် သူ့မိခင်က ထိုသို့မွေးထားရသည်ကို သဘောကျသည်။ မိသားစုဆင်းရဲစဉ်က အမေယင်ရှီ ကြက်မတစ်အုပ်မွေးခဲ့သည်။ ထိုကြက်များမှရလာသည့် ကြက်ဥကိုအားကိုး၍ သူတို့ညီအကို အဟာရဖြည့်ခဲ့ရသည်။
ယခု သူ့အကိုပညာထူးချွန်ခဲ့သဖြင့် သူတို့မိသားစုဘဝ သက်တောင့်သက်သာဖြစ်လာသော်လည်း သူဖခင် နွားတစ်ရှဉ်းဝယ်သည်။ သူ့မိခင်က ကြက်ခံ၊ ဘဲခြံများဆောက်သည်။ ထို့ကြောင့် ခြံဝင်းထဲတွင် အနံ့အသက်မကောင်း။ ဖုန်ချင်အန်း သုံးလေးကြိမ် ပြောဖူးသော်လည်း ဘာမှထူးမလာ။ လယ်သမားမိသားစုဆိုသည်မှာ ထိုအနံ့လောက်ကို အရေးစိုက်ကြသည်မဟုတ်။
ယနေ့ သူ့အကိုဖုန်ချင်ပင်း နန်းတွင်းစာမေးပွဲကို ထိပ်ဆုံးမှအောင်မြင်သည့်သတင်း ပျံ့နှံ့ခဲ့သည်။ သူတို့မိသားစု စားသောက်ပွဲကြီး ကျင်းပခဲ့သည်။ သူ့မိခင်မွေးထားသည့် ကြက်ဘဲတစ်ဝက်နီးပါးသတ်ခဲ့သည်။ သို့တိုင်အောင် ကြက်ဘဲနှင့်ငန်းများ အကောင်ရေတစ်ဒါဇင်ကျော်ကျန်သေးသည်။
“မွေးမယ်”
သူ့အကြည့်က လရောင်အောက်တွင် ထင်သာမြင်သာရှိသည့် ခြံဝန်းထဲမှ ငန်းဖြူကြီးနှစ်ကောင်ဆီ ရောက်သွားသည်။
ငန်းများသည် ကြက်များဘဲများထက် ဦးနှောက်ပိုကြီးသည်။ လူများကို မှတ်မိသည်။ ထို့ကြောင့် ခွေးများအစား ခြံစောင့်အဖြစ် သုံးကြခြင်းဖြစ်သည်။
ငန်းဖြူနှစ်ကောင်ကို အတော်ကြာအောင် သူကြည့်နေသည်။ သို့သော် နောက်ဆုံးတွင် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။
စနစ်၏မစ်ရှင်ခွဲသည် အဓိကမစ်ရှင်အတွက် အထောက်အပံဖြစ်သည်မှာ ထင်ရှားသည်။ အဓိကမစ်ရှင်က အိမ်မွေးသားရဲတစ်ကောင်ကို စာချုပ်ချုပ်ရန်ဖြစ်သည်။ ငန်းတစ်ကောင်ကို စာချုပ်ချုပ်စရာလိုမည်မထင်။ နည်းနည်း ကြောင်တက်တက်နိုင်သည်။
နောင်တစ်ချိန် လောကကြီးထဲ ငန်းတစ်ကောင်နှင့် လျှောက်သွားနေရလျှင် လူရယ်စရာဖြစ်ပေလိမ့်မည်။
ကြိုးကြာဖြူးဆိုလျှင် သိပ်မဆိုးလှ။ သူလက်ခံနိုင်သည်။ သို့သော် ငန်းဖြစ်နေသဖြင့် သူချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ပစ်မှတ်တစ်ခုရှာမည်။
သို့သော် သူသည်ယခု သာမန်လူသာဖြစ်သည်။ ရွေးစရာများများမရှိ။ ရွာထဲတွင် တွေ့နိုင်သည့် အိမ်မွေးတိရစ္ဆာန်များထဲမှသာ ရွေးရမည်။ အမှန်တော့ ကျားလို ဝံပုလွေလို ကြမ်းကြုတ်သည့်သားရဲများကို သူမွေးချင်သည်။ သို့သော် သူ့လိုအသက်မပြည့်သေးသည့် ကောင်းလေးတစ်ယောက်အတွက် ဖြစ်နိုင်စရာမရှိ။
“အင်း..ဝံပုလွေတစ်ကောင်ဆိုရင်”
ကုတင်ပေါ်လှဲနေရင်း စိတ်ကူးတစ်ခုရလိုက်သဖြင့် မျက်လုံးများအရောင်တောင်လာသည်။ ဟိုလူးဒီလှိမ့်လုပ်ရင်း အိမ်ပျော်အောင်အတင်းကြိုးစားနေသည်။ မျက်လုံးဖွင့်သည်နှင့် မနက်အာရုံချိန်သို့ ရောက်ချင်နေသည်။
သို့သော် ထိုအခြေအနေမျိုးတွင် သူလွယ်လွယ်အိပ်မပျော်နိုင်။ အသက်ဝင်ပြီးစ စနစ်သစ်အကြောင်းသာ စိတ်ထဲတွင် စိုးမိုးနေသည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုစဉ်းစားမိသဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ဖန်သားပြင်”
(ဩဇာအဆင့်မလုံလောက်သေးပါဘူး။ သားရဲထိန်းသခင်ဖြစ်ဖို့ မြန်မြန်ကြိုးစားပါ)
စကားသံက အတက်အကျမရှိ၊ ခံစားချက်မပါ။
သို့သော် ဖုန်ချင်အန်း လက်မလျှော့။ ဆက်၍ အပူကပ်ပြီးတောင်းဆိုသည်။ သန်းခေါင်ချိန်ထိ အိပ်မပျော်။
ကုတင်ပေါ်တွင် အတော်ကြာအောင်လူးလှိမ့်နေခဲ့သည်မှာ အချည်းအနှီးတော့မဖြစ်။ အချက်တစ်ချက် သူနားလည်လာသည်။ သားရဲထိန်းသခင်စနစ်သည် အသိဉာဏ်ရှိသည့်စနစ်မဟုတ်။ အဓိကစကားလုံးတစ်ချို့ကိုသာ တုံ့ပြန်နိုင်သည်။ ဆက်သွယ်ပြောဆို စေ့စပ်ညှိနှိုင်း၍ လုံးဝမရ။ ရင်းနှီးကျွမ်းဝင်ဖို့ဆိုသည်မှာ ပြောစရာပင်မလိုတော့။
****************************************