← Chapters

ဝံပုလွေဘုရင်

Vol. 1 Ch. 4

ဝံပုလွေဘုရင်

Vol. 1 Ch. 4

“အားပန်၊ မင်းအဖေ လွန်ခဲ့တဲ့နှစ်ဝက်လောက်က တောင်ပေါ်မှာ အမဲလိုက်သွားရင်း မသန်မစွမ်းဝံပုလွေအိုတစ်ကောင် တွေ့ခဲ့တယ်လို့ မင်းပြောဖူးတယ်မဟုတ်လား။ အဲဒီ ဝံပုလွေအိုကြီး ရှိသေးလား”

မနက်လင်းသည်နှင့် ဖုန်ချင်အန်းက သူ့အပေါင်းအပါများကို ခေါ်သည်။ ရွာထဲမှ ကလေးများအားလုံး သူနှင့်ကစားချင်ကြသည်။ ထိုအချက်သည် သူ့အကိုနှင့်မဆိုင်။ သူဘာမှ ထူးထူးခြားခြား မစွမ်းဆောင်နိုင်သော်လည်း ကလေးများကို စီမံအုပ်ချုပ်ရာတွင် ပြဿနာလုံးဝမရှိ။ ရွာထဲမှကလေးများ၏ ဘုရင်ဖြစ်သည်။

“ရှိသေးတာပေါ့။ အဲဒီ့ဝံပုလွေကို ငါ့အဖေက ကောင်းကောင်းကျွေးထားတယ်။ အမွေးတွေတောင် ပြောင်လက်နေပြီ”

ဖုန်ချင်အန်းအမေးကို မနက်စောစောကစားရန်ထွက်လာသည့် အားပန်က ဝမ်းသာအားရဖြေလိုက်သည်။

မနေ့က ဖုန်အိမ်တော်သို့ သူဝင်ခွင့်မရ။ စားသောက်ပွဲကျင်းပချိန်တွင်သာ အဝတီးခဲ့သည်။ အိမ်ပြန်ရောက်ချိန်တွင် သူ့ဖခင်၏ အဆူအငေါက်ခံခဲ့ရသည်။ သို့သော်ယနေ့ ဖုန်ချင်အန်းက သူ့ကိုခေါ်သဖြင့် သူဝမ်းသာနေသည်။

“မင်းတို့မိသားစုက အဲဒီဝံပုလွေကို သား‌ဖေါက်ဖို့အတွက် မွေးထားတာလား”

ဖုန်ချင်အန်း ထပ်စူးစမ်းလိုက်သည်။

ရှိလီဖုန်ကျာ့ကန်း ဘေးပတ်လည်တွင် တောင်တန်းနှင့် မြစ်များကာရံထားသည်။ ရွာသားများအတွက် အသက်ရှင်ရပ်တည်ရသည့် သဘာဝရင်းမြစ်များဖြစ်သည်။ ဖန်ချင်အန်းကစားဖေါ်၏ဖခင်သည် ရွာထဲမှ ထိပ်တန်းမုဆိုးတစ်ယောက်ဖြစ်သည်။

“ဟုတ်တယ်၊ ငါ့အဖေက အဲဒီ့ဝံပုလွေအိုကြီးအတွက် ခွေးမသုံးကောင်ရှာထားပြီးပြီ။ ဝံပုလွေကောင်က ငါတို့ထက်တောင် ဇိမ်ကျနေသေးတယ်”

အားပန်မျက်လုံးတွင် မနာလိုတိုရှည်ဖြစ်နေသည့်အရိပ်များ ပေါ်လွင်နေသည်။ ဤဝံပုလွေသည် အိုမင်းမစွမ်းဖြစ်လာသဖြင့် တောတွင်းရှိသူ့ဝံပုလွေအုပ်စုမှ မောင်းထုတ်ခံရသူဖြစ်သည်။ နောက်ပိုင်းတွင် ဖခင်မုဆိုးက ကယ်တင်ခဲ့သည်။

ယခု ထိုမြေခွေးအိုက သူတို့အိမ်တွင် အတော်ဇိမ်ကျနေသည်။ အဝအပြဲစားသည်။ အားရအောင်အိပ်သည်။ နိုးလာလျှင် သားဖေါက်လုပ်ငန်းကို ပျော်ရွှင်စွာလုပ်တော့သည်။ ထိုဘဝမျိုး နေထိုင်နိုင်သည့်လူသားဟူ၍ များများစားစားရှိမည်မထင်။

“နှစ်ဝက်လောက်ရှိပြီဆိုတော့ မင်းတို့မိသားစုမှာ အခု ဝံပုလွေစပ်ခွေးပေါက်လေးတွေ အတော်များများရှိမှာပေါ့”

ဖုန်ချင်အန်း ထိုအမေးကို စိုးရိမ်စိတ်တစ်ချို့ဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူသည် အိမ်မှဝေးဝေးမသွားနိုင်သေးသည့် ကလေးတစ်ယောက်သာဖြစ်သည်။ ရွာထဲတွင် မွေးနိုင်သည့် တိရိစ္ဆာန်မျိုး များများစားစားမရှိ။ လူစကားနားလည်၍ လူများနှင့်ဆက်သွယ်နိုင်ပြီး အမိန့်နာခံတတ်သည့် တိရစ္ဆာန်များက ပို၍ပင် နည်းပါးသေးသည်။ သူ ခွေးတစ်ကောင်မွေးချင်သည်။

သို့သော် ခွေးမျိုးစိတ်ကလည်း အရေးကြီးသည်။ ရွေးစရာတော့ များများမရှိ။ ရွာထဲတွင် အိမ်စောင့်ခွေးများရှိသည်။ အမဲလိုက်ရာတွင် ကူညီနိုင်သည့် ခွေးဝံပုလွေများလည်း ရျိသည်။

အရင်က သူ့သူငယ်ချင်းအိမ်မှ ခွေးဝံပုလွေများအကြောင်း တွေးခဲ့ဖူးသည်။ သုံးလေးကြိမ်ခန့် သူမြင်ဖူးသည်။ အတော်လှပခံ့ညားသည်။ သို့သော် မွေးရန်မစဉ်းစားခဲ့။

အကြောင်းရင်းက ရိုးရှင်းပါသည်။ မကျွေးနိုင်သောကြောင့်ဖြစ်သည်။ အိမ်စောင့်ခွေးများက မွေးမြူရသက်သာသည်။ အသက်ရှင်အောင် ကျွေးမွေးဖို့သာလိုသည်။ သို့သော် အမဲလိုက်ခွေးများက သုံးလေးရက်တစ်ကြိမ် အသားကျွေးရသည်။ ဖြစ်နိုင်လျှင် အမြဲတမ်းအသားကျွေးရသည်။

တစ်မိတည်းပေါက်သည့် အမဲလိုက်ခွေးချင်းပင် အသားအမြဲစားရသည့်ခွေးနှင့် ရက်ခြားစားရသည့်ခွေး ကြီးထွားနှုန်းနှစ်ဆကွာသည်။ ထိုခွေးနှစ်ကောင့် တိုက်ခိုက်ကြလျှင် အသားပုံမှန်စားသည့်ခွေးက အသာစီးရပေလိမ့်မည်။

သို့သော် ယခု အခြေအနေက မတူတော့။ သူ့မိသားစု ချမ်းသာလာပြီဖြစ်သည်။ ခွေးတစ်ကောင်မွေးဖို့ သိပ်ပြဿနာမရှိတော့။ သို့သော် သူ့မိဘများနှင့် မတိုင်ပင်ရသေး။ ခွေးကိုအရင်ခေါ်သွားပြီး နောက်မှအသိပေးရမည်။ သူ့မိဘများ၏စိတ်ဓာတ်က တိုးတက်လာသည့်ချမ်းသာကြွယ်ဝမှုနှင့် အသားမကျသေး။ ယခု နှစ်ထပ်အိမ်ပေါ်ရောက်နေကြသော်လည်း ယခင်ဆင်းရဲစဉ်ကလို ရိုးရိုးကုပ်ကုပ်သာ နေကြသည်။

“ငါတို့ သားပေါက်တွေ အတော်များများရှိနေပါပြီ။ ပြီးခဲ့တဲ့နှစ်ရက်ကပဲ နောက်တစ်သုတ်မွေးတယ်။ မျက်လုံးတောင် မပွင့်သေးဘူး။ တစ်ကောင်လောက် မွေးချင်လို့လား သခင်လေးအန်း”

ဖုန်ချင်အန်းမေးကတည်းက ရိပ်စားမိပြီးဖြစ်၍ အားပန်က ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

“မင်းမွေးချင်ရင် အကောင်ရွေးဖို့ အခုမင်းကိုငါ ခေါ်သွားမဘ်လေ။ မင်းသဘောကျတဲ့အကောင် ယူလို့ရပါတယ်”

“အင်း.. ငါတစ်ကောင်မွေးချင်တယ်”

ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို ငါ့အိမ်ကို သွားရအောင်”

ဖုန်ချင်အန်း ခေါင်းငြိမ့်သဖြင့် အားပန် ပျော်ရွှင်သွားပြီး သူ့အိမ်ဆီ ဆွဲခေါ်သွားသည်။ မနက်စောစောကတည်းက ဖုန်ချင်အန်းနောက်မှ ပါလာသည့် ပုစုခရုကလေးအဖွဲ့လည်း စိတ်ဝင်တစား လိုက်လာသည်။ သူတို့ကိုယ်တိုင် ခွေးမွေးရတော့မလို မျက်နှာတွင် စိတ်လှုပ်ရှားနေသည့်အရိပ်များ ပေါ်လွင်နေကြသည်။

“အဖေ၊ အမေ။ သခင်လေးအန်းပါလာတယ်။ ခွေးတစ်ကောင်လိုချင်လို့တဲ့။ ဒါကြောင့် သူကြိုက်တာရွေးဖို့ ကျနော်ခေါ်လာတာ”

အိမ်ဝင်ပေါက်ရောက်သည်နှင့် အားပန်က အသံကျယ်ကျယ်ဖြင့် အော်ပြောသည်။ တစ်ခုခု ထူးထူးခြားခြား စွမ်းဆောင်ခဲ့သကဲ့သို့ ဝင့်ကြွားသည့်လေသံပေါက်နေသည်။ အိမ်ထဲတွင် ဆန်ခါချနေသည့် သူ့မိခင်က သူ့အသံကြားပြီးနောက် ချက်ချင်းထွက်လာသည်။ ဖုန်ချင်အန်းကို မြင်သည်နှင့် နူးညံ့သည့်အပြုံးပေါ်လာသည်။

“လာပါ လာပါ သခင်လေးချင်အန်း”

‘ဒေါ်လေးဝမ်”

ဖုန်ချင်အန်း ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။ ယခင်ထက် သူ့ကိုပို၍ ‌တလေးတစား သတိထားဆက်ဆံနေပုံရသည့် ထိုအမျိုးသမီးကိုကြည့်၍ သူ့လာရင်းအကြောင်းကို ပြောလိုက်သည်။

“ကျွန်တော် ခွေးတစ်ကောင်မွေးချင်လို့ပါ။ အားပန်က ခွေးပေါက်လေးတွေရှိတယ်ပြောလို့ လာကြည့်တာပါ”

“အင်း ရတယ်လေ၊ အားပန် သခင်လေးကို ခွေးတွေကြည့်ဖို့ အမြန်ခေါ်သွားပေးလိုက်”

“အဖေဘယ်သွားလဲ”

အားပန် ချီတုံချတုံဖြစ်နေသည်။

“မင်းအဖေ အပြင်ထွက်သွားတယ်။ ပြန်လာဦးမှာမဟုတ်ဘူး။ ဘာလို့သူ့ကို မေးနေတာလဲ”

“ခွေးတွေကို ဘယ်လိုရွေးရမှန်း ကျွန်တော်မသိဘူး။ ကျွန်တော့်မျက်လုံးထဲမှာ အားလုံးက အတူတူလိုပဲ။ သခင်လေးအန်းက ခွေးမွေးချင်တာဆိုတော့ အကောင်းဆုံးကောင်ကို ကျွန်တော်တို့က ရွေးပေးရမှာပေါ့”

အားပန် မချိပြုံးပြုံး၍ ခေါင်းကိုကုတ်နေသည်။

“ဘာမှစိုးရိမ်မနေပါနဲ့။ သခင်လေးကိုသာ ခွေးတွေကြည့်ဖို့ အရင်ခေါ်သွားလိုက်။ မင်းအဖေပြန်လာရင် အကောင်းဆုံးကောင်ကို ရွေးပေးကြတာပေါ့”

“ကောင်းပြီလေ။ သခင်လေးအန်း၊ အိမ်နောက်ဘက်ကို သွားရအောင်”

ထိန်းမနိုင်သည့်အရွယ် လူမမယ်တစ်ဖွဲ့လုံး အိမ်နောက်ဘေးသို့ စုပြုံလျှောက်သွားကြသည်။ ပုံမှန်ဆိုလျှင် စိတ်တိုစရာကောင်းမည်ဖြစ်သော်လည်း ဒေါ်လေးဝမ် ပြုံးနေသည်။

ဖုန်ချင်အန်းတို့မိသားစု ချမ်းသာလာပြီဖြစ်သည်။ ကြီးမားသည့်ကြွယ်ဝမှုကလည်း လက်တစ်ကမ်းတွင် ရှိနေသည်။ စားမတတ်သည့် တောသူတစ်ယောက်ဖြစ်သည့် သူသည်ပင် ထိုအနာဂတ်ကို ကြိုတင်မှန်းဆနိုင်သည်။

ထိပ်တန်းစာပေပညာရှင်၏ ညီငယ်ဖြစ်သည့် ဖုန်ချင်အန်းလည်း နောင်တစ်ချိန် အဆင့်အတန်းမြင့်သည့်လူ ဖြစ်လာမည်။ သူတို့မိသားစု ယှဉ်ရန်မဖြစ်နိုင်။ ယခု သူ့သားက အနာဂတ်သဌေးလောင်းနှင့် ကစားခွင့်ရနေသည်။ ရင်းနှီးမှု တည်ဆောက်ထားနိုင်သည်။ ချမ်းသာမှုကို ထည့်မတွက်ဘဲ အားပန်ကို ချင်အန်းက မှတ်မိနေလျှင် နောင်တစ်ချိန် သူ့သားအတွက် စားဝတ်နေရေးပြေလည်နိုင်သည်။

“သခင်လေးအန်း၊ ဟိုမှာကြည့်ပါ။ အဲဒါ ငါ့အဖေ တောထဲကယူလာတဲ့ ဝံပုလွေအိုပဲ။ အဖေပြောတာတော့ ဒီဝံပုလွေဟာ အရင်က တောင်ပေါ်ဝံပုလွေအုပ်စုရဲ့ဘုရင်တဲ့”

ခြံနောက်ဘက်သို့ရောက်သည်နှင့် ခြံ‌ထောင့်တွင် သတ္တဝါတစ်ကောင် သူမြင်ရသည်။

“အဲဒါ ဝုံပုလွေအိုဆိုတာလား”

နည်းနည်းတုံးအသယောင်ရှိပြီး ဝဖီးနေသည်။ အထူးသဖြင့် မျက်နှာပေးက မထုံတက်ထေးပုံစံဖြစ်သည်။ ထိုဝံပုလွေကိုကြည့်၍ အားပန်စကားကို ပြန်အတည်ပြုလိုက်ရသည်။ လူဝင်စားမှတ်ဉာဏ်သာ မရှိခဲ့လျှင် စွပ်ဖားဆွဲ့သည့်ခွေးငတုံးဟုသာ ထင်မိမည်ဖြစ်သည်။

“အဲဒါ ဝံပုလွေအိုပဲလေ။ သခင်လေးကို ကျုပ်ပြဖူးတယ်မဟုတ်လား”

“တစ်ခါမြင်ဖူးတယ်။ ဒါပေမယ့် ဒီလိုပုံစံမဟုတ်ဘူး”

ပထမတစ်ကြိမ်တွေ့စဉ်က ပိန်လှီချည့်နဲ့နေသည့် သတ္တဝါအသွင်ကို သူပြန်တွေးမိသည်။ မီးခိုးရောင်အမွေးများက မသပ်မရပ်။ သံကြိုးဖြင့် ချည်ထားသည့်တိုင် ကြမ်းကြုတ်ဟန်ရှိသည့်မျက်လုံး ရန်မူလိုသည့်ဟန်ပြန်ကြောင့် ကလေးများ အနားမကပ်ရဲခဲ့ကြ။

“စတွေ့တုန်းကပုံအတိုင်းသာဆို ငါ့အဖေက တင်းပုတ်နဲ့ထုသတ်ပြီးရောပေါ့။ ငါတို့က သူ့ကိုကောင်းကောင်းကျွေးမွေးထားတာလေ”

အားပန်က ခပ်အေးအေးလေသံဖြင့် ပြန်ဖြေသည်။ တောင်တန်းဝံပုလွေကို သူမကြောက်။ အနားသို့လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်၍ ထူထဲသည့်အမွှေးများကို ပွတ်သပ်လိုက်သည်။

************************************

All Chapters