ပြည်တော်ပြန်
Vol. 1 Ch. 6
“ဦးလေးရှီ”
အသွင်ခံ့ညားသည့် သက်လတ်ပိုင်းလူတစ်ယောက် ခြံနောက်ဘေးသို့ရောက်လာသဖြင့် ခွေးပေါက်လေးနှင့်ကစားနေသည့် ဖုန်ချင်အန်း မတ်တပ်ရပ်ပြီး အော်ခေါ်လိုက်သည်။ အားပန်လည်း အမြန်ထရပ်၍ ရိုသေလေးစားသည့်အသွင်ပေါ်လာသည်။
“ပြန်လာပြီလားအဖေ”
“ချင်အန်း၊ ဒီခွေးပေါက်တွေထဲမှာ မင်းသဘောကျတဲ့အကောင် တွေ့ပြီလား”
ရှီလီရွာ၏ ထိပ်တန်းမုဆိုးတစ်ယောက်ဖြစ်သည်နှင့်အညီ သူ့သားကို ကြည့်ပင်မကြည့်။ နည်းနည်းတင်းမာသည့်မျက်နှာတွင် ညှစ်ထုတ်ထားသည့်အပြုံးတစ်ပွင့်ပေါ်လာသည်။ နည်းနည်းနှစ်လိုဖွယ်ဖြစ်အောင် ပြုမူခြင်းဖြစ်သည်။
“ဒီအကောင်ပဲတွေ့တယ်”
ဖုန်ချင်အန်း လက်ထဲမှခွေးပေါက်လေးကို မြှောက်ပြသည်။
“ဒီကောင်က ကျွန်တော်ကို အတော်ခင်တယ်”
“မင်းကံကောင်းတာပဲ ချင်အန်း။ ရောက်လာတာနဲ့ အကောင်းဆုံးကောင်ကို ရွေးမိတာပဲ”
ဖုန်ရှီက ခွေးကိုတစ်ချက်ကြည့်သည်။ ထို့နောက် ခွေးအိမ်ထဲမှ ကျန်နေသည့်ခွေးပေါက်များကို လှမ်းကြည့်၍ ရယ်နေသည်။
“ဟုတ်လား၊ ဒါဆိုကျွန်တော် တကယ်ကံကောင်းတာဖြစ်မယ်”
ဖုန်ချင်အန်း ပြုံးလိုက်သည်။ အကောင်းဆုံးခွေးဟုတ်မဟုတ် သူမသိ။ သို့သော် သူတစ်ပါး၏ချီးကျူးစကားကြားရသည်မှာ ကြေနပ်စရာကောင်းသည်။
“ဦးလေးရှီ၊ ဒီခွေးလေးအတွက် ဘယ်လောက်ပေးရမလဲ”
“မင်းဘာတွေပြောနေတာလဲကွာ။ မင်းက ငါ့သားအားပန်နဲ့အတူ ကြီးလာတာပဲ။ ငွေအကြောင်းပြောဖို့မလိုပါဘူး။ ဒီခွေးလေးကို မင်းကြိုက်ရင် နို့ခွဲပြီးတဲ့အခါ ယူသွားပေါ့”
ဖုန်ရှီက အားတက်သရော လက်ယမ်းပြ၍ ပြောသည်။
“အင်း...”
ဖုန်ချင်း နည်းနည်းတုံ့ဆိုင်းနေသည်။ ဤဝံပုလွေစပ်ခွေးပေါက်လေးများသည် အားပန်တို့မိသားစုအတွက် အရေးကြီးသည့်ငွေဝင်လမ်းတစ်ခုဖြစ်သည်။
“ချင်အန်း၊ မင်းငွေပေးမယ်ဆိုရင်တော့ ခွေးကိုပဲပြန်ပေးပါ။ ငါမင်းကို မပေးတော့ဘူး”
“ဒါဆိုလည်း အားနာနာနဲ့ပဲ ယူရတော့မှာပေါ့”
ဖုန်ချင်အန်း ကောင်းကောင်းသိသည်။ ခွေးတစ်ကောင်အတွက်ရမည့်ငွေကို သူတို့မလိုချင်။ စေတနာကိုသာ သူတို့ပြချင်သည်။
ကျေးဇူးကြွေးသည် ပြန်ဆပ်ရခက်သည်။ သို့သော် နောင်တစ်ချိန် ဤခွေးကြောင့် ကျင့်ကြံနည်းတစ်ခုရခဲ့လျှင် နှစ်ရှည်လများ ခင်မင်ရင်းနှီးလာသည့်မျက်နှာဖြင့် သူတကယ်ကျေးဇူးတုံ့ပြန်မည်သာဖြစ်သည်။
“အဲလိုမှပေါ့၊ မင်းတို့ ဒီမှာကစားနေကြဦး။ ခဏနေရင် အိမ်ထဲမှာ နေ့လည်စာလာစားကြ။ တောကောင်သားတွေ အများကြီးရှိတယ်”
ဖုန်ရှီ ကျေနပ်သွားဟန်ဖြင့် ပြုံးလိုက်သည်။ ခြံနောက်ဘေးမှ ပျော်ပျော်ရွှင်ရွှင်ထွက်သွားသည်။ ဖုန်ချင်အန်းကို ငြင်းဆန်ဖို့အခွင့်အရေး မပေးတော့။
“နေ့လည်စာစားပြီး အိမ်ပြန်ရောက်ရင်တော့ အရိုက်ခံရတော့မယ်ထင်တယ်”
ရလာမည့်အပျော်နှင့် ခံရမည့်တုတ်ချက်ကို ချိန်ဆစဉ်းစားမိသည်။ ထို့နောက် ပြတ်သားသည့်ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒါပေမယ့် ထိုက်တန်ပါတယ်လေ”
အသားရလျှင် တုတ်ချက်ကို သည်းခံနိုင်ရမည်ဟူသည့် စကားရှိသည်။
“နင်ဘယ်သွားနေတာလဲ။ ဘာလို့အခုမှပြန်လာတာလဲ”
ဖုန်ချင်အန်း ဗိုက်အပြည့်စားသောက်၍ ပြန်သွားချိန်တွင် သူထင်ထားသည့်အတိုင်း ယင်ရှီ ဒေါသူပုန်ထနေပြီး တံမျက်စည်းကို ကိုင်ထားသည်။
“အားပန်အိမ်ကိုသွားပြီး ထမင်းစားတာပါ”
အသံကျယ်ကျယ် လေတစ်ချက်ပျို့လိုက်သည်။ အသားနံ့ထွက်လာသည်။ ဝက်ဝံသားနှင့်ရစ်သားအရသာက သူ့စိတ်ထဲစွဲနေသည်။
“နေ့ခင်းကြောင်တောင် သူများအိမ်မှာ သွားစားရအောင် ငါတို့အိမ်မှာ စားစရာပြတ်လပ်နေလို့လား”
ယင်ရှီ ချက်ချင်း မျက်နှာတင်းသွားသည်။
“အားပန်တို့အိမ်မှာ ဝက်ဝံသားချက်လို့ပါ။ ပြီးတော့ သူ့အဖေက ကျွန်တော်ကို ယုန်တစ်ကောင်ကင်ကျွေးတယ်”
သူ့အမေလက်ထဲမှ တံမျက်စည်းကို သူကြည့်လိုက်သည်။ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည်။ အိမ်ပြန်မလာဘဲ အပြင်တွင် ကစားနေခဲ့လျှင် ပိုကောင်းမည်ဟု တွေးမိသည်။ အရိုက်ခံရလွတ်မည်တော့မဟုတ်။ သို့သော် မနက်ခင်းနှင့် ညနေဘက် ရိုက်အားက သိသိသာသာကွာခြားသည်။
“ဒီလောက်အစားငမ်းတဲ့ကောင်”
ဖုန်ချင်အန်း ထွက်ပြေးတော့မည်ကို ရိပ်စားမိသဖြင့် ယင်ရှီ ခြေနှစ်လှမ်းအမြန်တိုးလာပြီး ပိတ်ရပ်လိုက်သည်။ ဖုန်ချင်အန်း ထွက်မပြေးနိုင်တော့။ ခဏအကြာတွင် ငိုသံများ ခြံထဲတွင် ပဲ့တင်ထပ်သွားသည်။
အချိန်က အကုန်မြန်သည်။ လတစ်ချို့ တိတ်တဆိတ် ကုန်လွန်သွားသည်။ တစ်နေ့တွင် ဖုန်ချင်အင်းက ကျောင်းလွယ်အိတ်လွယ်၍ရွာကျောင်းမှ ပြန်လာသည်။ အားပန်အိမ်သို့ဝင်သည်။ ခွေးပေါက်လေးတစ်ကောင် သူ့ခြေရင်းရောက်လာသည်။
“မဲလုံးလေး၊ မင်းဘယ်တော့ နို့ဖြတ်မှာလဲ”
အတော်ရင်းနှီးနေပြီဖြစ်သည့် ခွေးပေါက်လေးကို သူကောက်ပွေ့လိုက်သည်။ စနစ်တာဝန်ကို သူမပြီးမြောက်သေး။ သို့သော် အချိန်ကြာသွားပြီဖြစ်၍ စိတ်အတော်တည်ငြိမ်သွားသည်။ အစကလို အလျင်စလိုမရှိတော့။
“ဝု၊ ဝု”
ဖုန်ချင်းအန်းအမေးကို တုံ့ပြန်သည့်အနေဖြင့် မဲလုံးလေးဟု အမည်ပေးထားသည့် ခွေးက အပြစ်ကင်းစွာ ဟောင်နေသည်။
“အိမ်ထဲပြန်ပြီး နို့စို့တော့။ ငါ့နောက်ကို ဆက်မလိုက်နဲ့။ မင်းနို့ဖြတ်ပြီးရင် ငါနဲ့လိုက်လို့ရမှာ”
ခွေးကို ခွေးအိမ်ထဲ ပြန်ပို့လိုက်သည်။ အနည်းငယ်ရုန်းကန်နေပြီးနောက် စိတ်မပါလက်မပါဟန်ဖြင့် ပြန်ဝင်သွားသည်။ နောက်သို့ သုံးလေးကြိမ်လှည့်ကြည့်သည်။
သူ့အိမ်တံခါးသို့ပြန်ရောက်လာချိန်တွင် မြင်းလှည်းတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ မြင်းလှည်းမောင်းသူက မြင်းလှည်းအိမ်အတွင်းဘက်သို့ လှည့်အော်လိုက်ပြီး အောက်သို့ ခုန်ဆင်းလာသည်။ မြင်းလှည်းအိမ်ခန်းဆီးစ မြင့်တက်သွားသည်။ ရင်းနှီးနေသည်မျက်နှာကို ဖုန်ချင်အန်း မြင်လိုက်ရသည်။
ချောမောသည့် ဆယ်ကျော်သက်တစ်ယောက်ဖြစ်သည်။ မျက်နှာက နူးညံ့နုပျိုသည်။ မိန်းမဆန်ခြင်းမျိုးလုံးဝမရှိ။ တည်ငြိမ်သည့် သွင်ပြင်ရှိသည်။
‘အကိုကြီး”
ဖုန်ချင်အန်း တအံ့တဩ အော်ခေါ်လိုက်သည်။ မြင်းလှည်းထဲမှလူငယ်က သူ့ကိုလှမ်းကြည့်၍ ပြုံးလာသည်။
“ညီလေးအန်း”
ဖုန်ချင်အန်းအော်သံက ကျယ်လွန်း၍ဖြစ်မည်။ သို့မဟုတ် မြင်းလှည်းရပ်သည့်အသံကြောင့်ဖြစ်မည်။ ခြံထဲမှလူများ ချက်ချင်းသတိထားမိပြီး ယင်ရှီ ခြံတံခါးဆီ ရောက်လာသည်။ နှစ်ဝက်လောက်မမြင်ခဲ့ရသည့် သူ့သားကြီးကို မြင်သည်နှင့် မျက်ဝန်းထောင့်တွင် မျက်ရည်များစို့လာသည်။
“ကျိအာ”
“ကျုပ်ပြန်လာပြီ အမေ”
ဖုန်ချင်ပင်းက ပြုံး၍ပြောသည်။
“ဒါနဲ့ သူက ဘယ်သူလဲ”
ယင်ရှီက သူ့နောက်မှ ထောင်ထောင်မောင်းမောင်း မြင်းလှည်းသမားကိုကြည့်၍ မေးသည်။ တောသူတစ်ယောက်ဖြစ်သော်လည်း ထိုလူသည် သာမန်မြင်းလှည်းမောင်းသမားမဟုတ်ကြောင်း သူရိပ်မိသည်။
“အမကြီး၊ ကျုပ်က သခင်လေးဖုန်ရဲ့ ကိုယ်ရံတော်”
“ကိုယ်ရံတော်”
သာမန်အဝတ်အစားဝတ်ထားသော်လည်း ကြွက်သားများဖုထစ်နေသည့် ခန္ဓာကိုယ်ကိုကြည့်၍ ယင်ရှီ ခဏမှင်သက်မိသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် အားတက်သရော ပြန်ပြောသည်။
“ရှင်က လမ်းတစ်လျှောက်လုံး ကျိအားကို စောင့်ရှောက်လာတာဖြစ်မယ်။ အိမ်ထဲဝင်ပါရှင်။ ဘာစားခဲ့ပြီးပြီလဲ။ ရှင်အတွက် စားစရာတစ်ခုခုသွားပြင်ပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် အမကြီး။ ကျုပ်က ကျုပ်တာဝန်ကို ထမ်းဆောင်ရုံပါပဲ။ ဆက်ပြီး ဒုက္ခမပေးတော့ပါဘူး။ အခု သခင်လေးကို ဘေးကင်းကင်းရောက်အောင် ကျုပ်ပို့ပေးပြီးပါပြီ။ ဒီရက်ပိုင်းအတွင်း သခင်လေး မြို့တော်ကိုပြန်တော့မယ့်အချိန်ကျရင် ကျုပ်ကိုအကြောင်းကြားပါ။ ကျုပ် မြင်းလှည်းမောင်းပြီး လာခဲ့ပါ့မယ်”
မြင်းလှည်းသမားက မယုတ်မလွန်ပြော၍ ယင်ရှီ၏ဖိတ်ကြားမှုကို ငြင်းပယ်လိုက်သည်။ ထို့နောက် မိုးချုပ်နေပြီဖြစ်သော်လည်း ယင်ရှီပြန်အဖြေကို မစောင့်တော့ဘဲ မြင်းလှည်းပေါ်ခုန်တက်၍ မောင်းထွက်သွားလေသည်။
“ဟေး၊ မှောင်နေပြီလေ။ အလျင်လိုတယ်ဆိုရင်တောင် တစ်ညနားပြီး မနက်မှသွားပါလား”
ယင်ရှီ စိတ်ပူဟန်ဖြင့် လှမ်းအော်သည်။
“အမေ၊ သူတို့မှာ သူတို့အစီအစဉ်နဲ့သူရှိပြီးသားပါ။ စိတ်မပူပါနဲ့”
“ဘာတွေပြောနေတာလဲ။ သူက တစ်လမ်းလုံး နင့်ကိုလိုက်ပို့ခဲ့တာ။ ထမင်းတစ်နပ်လောက်တော့ ငါတို့က ကျွေးသင့်တာပေါ့”
“ဟုတ်ပါတယ်၊ ကျွန်တော်လည်း ကျွေးချင်ပါတယ်။ ဒါပေမယ့် သူတို့က လက်ခံမှာမဟုတ်ဘူး”
ဖုန်ချင်ပင်း မချိပြုံးပြုံး၍ ယင်ရှီကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ဖုန်ချင်အန်း ဘေးတွင်ရပ်ကျန်ခဲ့သည်။ မြင်းလှည်းထွက်သွားရာဘက်သို့ကြည့်၍ အတွေးနက်နေသည်။
မြင်းလှည်း ရွာထဲမှထွက်သွားပြီးနောက် ရွာထဲ တစ်နေရာရာတွင် ပျောက်ကွယ်သွားပြီဟုထင်ရသည့် မြင်းလှည်းမောင်းသူ ပြန်ပေါ်လာသည်။ နောက်ထပ်သူရဲကောင်းစစ်သည်များ မြင်းလှည်းနားသို့စုဝေးလာပြီး အပြန်လမ်းကို ဆက်သွားကြသည်။ ညလေပြင်း တိုက်ခတ်နေသည်။ စစ်သည်တို့၏ ဝတ်ရုံများ တဖျတ်ဖျတ်ခါနေသည်။ အေးမြသည့် လရောင်အောက်တွင် အေးစိမ့်သည့်သံချပ်ကာများမှ တလက်လက်ရောင်ပြန်ဟပ်နေသည်။
********************************************