← Chapters

မိန်းကလေးလော်

Vol. 1 Ch. 7

မိန်းကလေးလော်

Vol. 1 Ch. 7

“အမေ၊ ဒါဥ,ဥနေတဲ့ကြက်မလေ”

ခြံထဲဝင်ပြီးနောက် သူ့အမေယင်ရှီက ကတော်သံပေးနေသည့် ကြက်မကြီးတစ်ကောင်ကို ဖမ်းယူထားသည်ကို မြင်လိုက်ရသဖြင့် ဖုန်ချန်အန်း တအံ့တဩရေရွတ်လိုက်သည်။

ယင်ရှီလုပ်ရပ်ကိုကြည့်၍ အခြေအနေကို နားလည်နိုင်သည်။ စားမေးပွဲအောင်သည့်သတင်း လာကြေညာသည့်နေ့ကပင် သူတို့မွေးထားသည့် ကြက်ဘဲအတော်များများ သတ်ခဲ့ပြီးဖြစ်သည်။ ကျန်နေသည့်ကြက်များမှာ ဥကြက်မများဖြစ်သည်။

“သက်တမ်းရင့်တဲ့ ဥကြက်မကိုစားမှ မင်းအဟာပြည့်မှာပေါ့။ ကျိအာ၊ မင်းခဏထိုင်ပြီး နားလိုက်ဦး။ ကြက်စွပ်ပြုတ်သွားလုပ်လိုက်ဦးမယ်”

ယင်ရှီ နှစ်အတော်ကြာအောင် မွေးထားခဲ့သည့်ကြက်မကိုကိုင်၍ ချက်ချင်းသတ်လိုက်သည်။ သွေးထုတ်ပြီးနောက် ရေနွေးသုံး၍ အမွှေးနှုတ်သည်။ ကလီစာများကို ဆေးကြောသည်။ ထို့နောက် ကျင်လည်စွာ တုံးထစ်၍ အိုးထဲသို့ ပစ်ထည့်ည်။

အသားစိမ်းနံ့ လွင့်ပျံလာသည်။ ယခုည ဟင်းကောင်းစားရတော့မည်ကိုတွေးရင်း ဖုန်ချင်အန်း တံတွေးမျိုမိသည်။

“အကိုပြန်လာတာ သိပ်ကောင်းတယ်။ ကျုပ်တို့ နောက်တစ်ကြိမ် အသားစားရပြန်တော့မယ်”

ဖုန်ချင်အန်း ဝမ်းမြောက်ဝမ်းသာအော်ဟစ်လိုက်သည်.

သီးနှံရရှိမှုနည်းပါး၍ ခက်ခဲခဲ့သည့်အချိန်က တစ်နှစ်တာတွင် သူတို့အသားစားနိုင်သည့်နေ့က အတော်ကျဲပါးသည်။ အသားဆီလေး ဟင်းထဲသို့ နည်းနည်းထည့်၍ အသားအမှတ်ဖြင့် ကျေနပ်ခဲ့ရသည်။

ယခု သူ့အကိုကြောင့် မိသားစုတိုးတက်လာခဲ့သ်ောလည်း ထမင်းနပ်တိုင်းတွင် အသားဟင်းပါပြီး သုံးလေးရက် ဇိမ်ခံစားဖူးသည်ဟူ၍ မရှိသလောက်ရှားသည်။

ထို့ကြောင့်လည်း ဖုန်ချင်အန်း တောင့်တမိခြင်းဖြစ်သည်။

“လောဘကြီးတဲ့မှင်စာကောင်၊ ဒီရက်ပိုင်း နင်စားသောက်နေတာ မဝသေးဘူးလား”

မီးဖိုထဲမှထွက်လာသည့် ယင်ရှီက ဖုန်ချင်အန်းစကားကိုကြားသဖြင့် စနောက်လိုက်သည်။

“ကျွန်တော်အတွက် အမေကြက်မသတ်ပေးတာကြာပါပြီ”

ဖုန်ချင်အန်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

“နင့်အကိုလို စာမေးပွဲမှာ ပထမရရင် နေ့တိုင်း ကြက်စွပ်ပြုတ်လုပ်ပေးမယ်”

ဖုန်ချင်အန်း အလိုလိုပါးစပ်ပိတ်သွားသည်။ သူ့စာမေးပွဲဖြေဖို့ ပြောသည်မှာ ဟာသပြောခြင်းဖြစ်သည်။ သူ့အရည်အချင်းသူ ကောင်းကောင်းသိသည်။ အောင်ရုံမျှအောင်လျှင်ပင် ကံထူးသည်ဟု စဉ်းစားနိုင်သည်။

စနစ်မစတင်မီက အရည်အချင်းစစ်အောင်လက်မှတ်တစ်ခုရအောင်ကြိုးစားရန် ဖုန်ချင်အန်း သန္နိဋ္ဌာန်ချထားခဲ့သည်။ သို့မှသာ အဆင့်အနိမ့်ဆုံးအရာရှိဖြစ်ခွင့် ရလာမည်။

အဆက်အသွယ်ကောင်း နောက်ခံကောင်းတစ်ခုနှင့် ကြုံရလျှင် ဝေးလံသည့်နေရာမှ ကောင်တီငယ်လေးတစ်ခု၏ တရားသူကြီးဖြစ်နိုင်သည်။ ဘာလုပ်စရာမှမရှိလည်း အဆင်ပြေသည်။ ဆုလာဒ်နှင့်အသိအမှတ်ပြုမှုရလျှင် ကောင်တီအရာရှိငယ်လေးဖြစ်ရလည်း ကိစ္စမရှိ။

အစောပိုင်းက ထိုသို့စိတ်ကူးခဲ့သည်။ လေးစားခံရမည်၊ အရာရှိဖြစ်လာမည်။ အေး‌အေးချမ်းချမ်းဘဝဖြစ်နေမည်။

သို့သော်ယခု ဖုန်ချင်အန်း ဘာကိုဆုံးဖြတ်ရမှန်းမသိတော့။ သားရဲထိန်းစနစ်က သူ့ကိုဘာပေးမည်မသိ၊ ထိုစနစ်နှင့်အတူ ဘယ်လောက်ဝေးဝေးသွားနိုင်မည်မသိသေး။

စနစ်အသက်မဝင်ခင်ကရှိခဲ့သည့် အရာရှိတစ်ယောက်ဖြစ်ဖို့ အောင်လက်မှတ်ယူမည်ဟူသည့်အတွေးမှာ နည်းနည်းတော့ နိမ့်နေသည်။ သို့သော် အရည်ချင်းစစ်စာမေးပွဲ အောင်သွားသည်နှင့် နောက်ခံမရှိဟု မဆိုနိုင်တော့။

လက်ရှိတွင် လေကျင့်လိုသည့် သူ့ဆန္ဒက နန်းတွင်းစာမေးပွဲအောင်လိုသည့်ဆန္ဒထက် ပိုများနေသည်။ ကမ္ဘာလောကကို ဖြတ်ကျော်ပျံသန်းနိုင်လျှင် အရာရှိဘဝဆိုသည်မှာ ဘာမှမဟုတ်။ မနက်ခင်းတွင် ပင်လယ်ပေါ်ပျံသန်း၍ ညနေခင်းတွင် တောနက်ကိုဖြတ်သန်းမည်။ အပူအပင်ကင်းသည့် ဘဝမျိုးဖြစ်သည်။

“အကိုကြီး...”

မွှေးပျံ့နေသည့် ကြက်သားစွပ်ပြုတ်ပန်ကန်ကြောင့် ဖုန်ချင်အန်း ခွေးမွေးဖို့ကိစ္စ သူ့အကိုနှင့် တိုင်ပင်ရန် မေ့သွားသည်။ စားပွဲပေါ်တွင် ကြက်သားစွပ်ပြုတ်သာမက သားကြီးပြန်လာသည့်အထိမ်းအမှတ်ပွဲ ကျင်းပရန် ယင်ရှီက အိမ်တွင်သိမ်းထားသည့် စားကောင်းသောက်ကောက်မှန်သမျှ အားလုံးထုတ်လာသဖြင့် ဖုန်ချင်အန်း အကြိုက်တွေ့သွားသည်။

“နင်က ဖြေးဖြေးစား၊ ဒါက နင့်အကိုကြီးအတွက်ပဲ။ သူအစားကောင်းမစားရတာ ရက်တွေကြာပြီ”

“မလိုအပ်ဘဲနဲ့ စိုးရိမ်မနေပါနဲ့အမေ။ အကိုက စားမေးပွဲဖြေဖို့သွားတာလေ။ စားကောင်းသောက်ကောင်းမျိုးစုံ စားခဲ့ရတာပါ။ ကြည့်လိုက်ပါဦး။ သူဝိတ်တောင်နည်းနည်းတက်လာပြီ”

ချက်ချင်း နှုတ်လှန်ထိုးနေသဖြင့် ဖုန်ချင်အန်း၏ခေါင်းကို ယင်ရှီရိုက်လိုက်သည်။ သို့သော် ဖုန်ချင်အန်း အစားမပျက်။

သို့သော် ကြက်သားစွပ်ပြုတ်စားနေရင်း ဖုန်ချင်အန်း တစ်စုံတစ်ခုတွေးမိသဖြင့် စိတ်ဝင်တစားမေးလိုက်သည်။

“အကို၊ တာ့ကျင်းနိုင်ငံတည်ထောင်ကတည်းက ခြောက်ထပ်ကွမ်းပထမရတဲ့ စာပေပညာရှင်ဆိုလို့ အကိုပဲရှိသေးတာ။ ထိပ်တန်းပညာရှင်ဖြစ်လာရင် မြို့ထဲမှာ အကြည်ညိုခံထွက်ရတယ်လို့ ကြားဖူးတယ်။ အဲလိုထွက်တုန်းမှာ အထက်တန်းလွှာကမိန်းကလေးတွေ ပစ်ပေးတဲ့ နံ့သာအိတ်တွေ အများကြီးရခဲ့မှာပဲ။ ဘယ်လိုလဲ၊ စိတ်ဝင်စားတဲ့တစ်ယောက်ယောက် တွေ့ခဲ့ပြီလား”

သူ့စကားကြောင့် အသံတိတ်စားသောက်နေသည့် လူရိုးလူဖြောင့်ကြီး ဖုန်ရှို့လင်ပင် နားရွက်များထောင်လာသည်။ ယင်ရှီကတော့ သူ့သားအဖြေကို စိတ်ဝင်တစားစောင့်ဆိုင်းနေပြီဖြစ်သည်။

သူ့သားကို အထက်တန်းလွှာမိန်းကလေးတစ်ယောက်နှင့် ဖူးစာဆုံစေလိုသဖြင့် အောင်သွယ်အားလုံးကို ယင်ရှီငြင်းခဲ့ခြင်းဖြစ်သည်။ လူချမ်းသာမြေပိုင်ရှင်သမီးများထက် အထက်တန်းလွှာမိန်းကလေးများက အဆရာထောင်သာလွန်သည်။

မိသားစုဝင်အားလုံး ဝိုင်းကြည့်နေသဖြင့် ဖုန်ချင်ပင်း နည်းနည်းအနေရခက်သွားသည်။ ဖုန်ချင်အန်းကို လှမ်းကြည်သည်။

“အဲ...”

“ရှိရင်ရှိတယ် မရှိရင်မရှိဘူး ပြောလိုက်စမ်းပါ အကိုရာ။ တစ်ခြားအကြောင်း ကျုပ်တို့မမေးပါဘူး။ အကိုက အသက်ငယ်သေးတယ်။ အလျင်စလို လုပ်ဖို့မလိုပါဘူး”

ဖုန်ချင်အန်း ရယ်မော၍ ထပ်ပြောသည်။

“အင်း...ရှိပါတယ်”

ဖုန်ျခင်ပင်းသည် ကန္တဝင်စာပေများကို ကောင်းစွာဖတ်ရှုထားသူဖြစ်၍ မိသားစုဝင်များကို လိမ်မပြောတတ်။ ခဏငြိမ်နေပြီးနောက် အားလုံး အံ့ဩပျော်ရွှင်ရသည့်အဖြေကို ပေးလိုက်သည်။

“ကျိအာ၊ မြို့တော်မှာ မင်းမျက်စိကျခဲ့တဲ့မိန်းကလေးက ဘယ်သူလဲ”

ယင်ရှီ ကြောင်လက်သည်းကုတ်ခံရသကဲ့သို့ ဂဏာမငြိမ်ဖြစ်လာပြီး ဝင်မေးသည်။

သူ့သားသည် ဆယ့်လေးနှစ်မပြည့်သေးသော်လည်း လက်ထပ်နိုင်သည့်အရွယ်ဖြစ်သည်။ မိခင်တစ်ယောက်အနေဖြင့် မစိုးရိမ်ဘဲမနေနိုင်။

“အမေက မြို့တော်ကို မရောက်ဘူးဘဲနဲ့။ အကိုပြောပြရင်တောင် ဘာမှနားလည်မှာမဟုတ်ပါဘူး”

ဖုန်ချင်အန်းက ကြားဖြတ်ပြောသည်။ ယင်ရှီမျက်စောင်းက သူ့အပေါ်ကျသွားသည်။

“အဖေ၊ အမေ၊ အင်း.. ကျုပ် မိန်းကလေးလော်နဲ့ ဆုံခဲ့ကြရုံလောက်ပါပဲ။ လက်ထပ်ဖို့ကိစ္စဆိုတာ ဝေးလွန်းပါသေးတယ်။ တကယ်လို့ ကျုပ်တို့ လက်ထပ်ဖြစ်ကြမယ်ဆိုရင် အမေတို့ကို မပြောဘဲမနေပါဘူး”

ဖုန်ချင်ပင်းမျက်နှာကအမူအရာက ရှုပ်ထွေးနေသည်။ ထိုမိန်းကလေးကို ခေါ်ဝေါ်ပုံကလည်း မရေမရာဖြစ်နေသည်။

“ဟုတ်ပါပြီလေ”

ယင်ရှီ အတော်သိလိုစိတ်ပြင်းပြသော်လည်း ဆက်မေးရန် မသင့်တော်မှန်းသိသည်။

ထို့အပြင် သူ့စိတ်ထဲ နည်းနည်းအပြစ်မကင်းသလို လိပ်ပြာမလုံသလို ခံစားရသည်။ ရှေးယခင်ကတည်းက အဆင့်အတန်းချင်းတူသူများသာ လက်ထပ်ထိမ်းမြားခဲ့ကြသည်။ သို့သော် သူ့သားစိတ်ဝင်စားသည့် မိန်းကလေးက မြို့တော်မှ အထက်တန်းလွှာဖြစ်နေသည်။ မိခင်အနေဖြင့် သူ့သားကို တစ်ခြားဘယ်သူထက်မှ အဆင့်နိမ့်သည်ဟု မခံစားမိ။ သို့သော် မိသားစုနောက်ခံကိုတွေးကြည့်လျှင် သူ့ကြောင့် သူ့သားမျက်နှာငယ်ရသည်။ ထူးချွန်သည့်သားတစ်ယောက်ကို ဘာအကူအညီမှ မပေးနိုင်အောင်ဖြစ်နေသည်။

“ကျိအာ၊ မင်း...”

တစ်ချိန်လုံးငြိမ်နေခဲ့သည့် ဖုန်ရှုံ့လီက တစ်စုံတစ်ခုပြောရန်ပြင်သည်။ သူ့အမြင်အရ ဒေသခံမြေရှင်သမီးတစ်ယောက်နှင့် သူ့သားလက်ထပ်လျှင် ဆန္ဒပြည့်ပြီဖြစ်သည်။ ပြည့်စုံသည့်ဘဝဖြစ်လာမည်။

သို့သော် ထိုမြေရှင်သမီးများသည် ပါရမီထူးခြားသည့်သူ့သားနှင့်မတန်ကြောင်းလည်း သူသိသည်။ သို့သော် သူ့သားသဘောကျသည့် အထက်တန်းလွှာအကြောင်းတွေးရင်း စိတ်မသက်မသာဖြစ်ရသည်။ တွေးကြည့်ရုံဖြင့် နေမထိထိုင်မသာဖြစ်သည်။

သူ့သားကို လက်လွှတ်လိုက်ဖို့ ပြောချင်သည်။ မြေရှင်သမီးတစ်ယောက်ကိုသာ ရွေးစေချင်သည်။ သို့သော် သူ့လိုအမြင်ကျဉ်းမြောင်းသည့်ဖခင်က သားအတွက် ဆုံးဖြတ်ပေးနိုင်မည်မဟုတ်။

*****************************************

All Chapters