← Chapters

ဝိညာဉ်စုစွမ်းရည်

Vol. 1 Ch. 8

ဝိညာဉ်စုစွမ်းရည်

Vol. 1 Ch. 8

အားလုံးတိတ်ဆိတ်နေသည့် ညအချိန်ဖြစ်သည်။ ဖုန်ချင်အန်း သူ့အကိုနှင့် နှစ်ယောက်တည်းတွေ့ခွင့် ရလာသည်။

“အကို”

သခင်ရှေ့ ချွဲနေသည့် ခွေးပေါက်တစ်ကောင်လို သူ့မျက်နှာက မချိုမချဉ်ဖြစ်နေသည်။

“ဘာလို့ မအိပ်ဘဲ ညသန်းခေါင်ကျမှ ငါ့ကို လာတွေ့တာလဲ”

ဖုန်ချင်ပင်း သူ့ညီကိုတစ်ချက်လှမ်းကြည့်သည်။ ညစာစားဝိုင်းတွင် သူအိမ်ထောင်ပြုဖို့ကိစ္စကို သူ့ညီက စမေးခဲ့သည်။ မိဘများကို လိမ်ဖို့မဖြစ်နိုင်သည့် ခေါင်းစဉ်ဖြစ်သည်။ ထို့ကြောင့် သူမပြောချင်ဘဲ ထုတ်ပြောရသည်။ မိဘများနှင့်သူ့ကြား နည်းနည်းကမောက်ကမဖြစ်ရသည်။ ညစာပြီးတော့ အခန်းကိုယ်စီ ပြန်ကြသည်။

“တိုင်ပင်စရာလေးရှိလို့ပါ”

“ဘာရယ်၊ ငါတို့မိဘတွေနဲ့ တိုက်ရိုက်မတိုင်ပင်ဘဲ ဘာလို့ငါ့ကိုစောင့်နေတာလဲ”

“ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကျုပ် ခွေးတစ်ကောင် မွေးချင်လို့ပါ။ အကို အမေတို့ကို ကျွန်တော့်အတွက် ပြောပေးလို့ရမလား”

“ဒီကိစ္စပဲလား”

ဖုန်ချင်ပင်း နည်းနည်းအံ့အားသင့်သွားသည်။

“မင်းဘာသာ သွားပြောရင်ရတာပဲ”

“သူတို့က သဘောတူမှာမဟုတ်ဘူး”

ဖုန်ချင်အန်း ပိုင်သေတွက်ထားဟန်ဖြင့် ပြေသည်။

“ဒါပေမယ့် အကိုကျွန်တော့်အတွက် ပြောပေးရင်တော့ သူတိုငြင်းမှာမဟုတ်ဘူး”

“မကောင်းဆိုးဝါးလေး။ ကောင်းပြီလေ။ အဖေနဲ့အမေကို ငါပြောပေးပါ့မယ်”

ဖုန်ချင်ပင်း နောက်ထပ်ဘာမှမမေးတော့ဘဲ သဘောတူလိုက်သည်။ ခွေးတစ်ကောင်မွေးသည်မှာ ဆန်းပြားသည့်ကိစ္စမဟုတ်။

“အကိုက ကျွန်တော့်အတွက် အကောင်းဆုံးပဲ”

ဖုန်ချင်အန်း ချက်ချင်း အူမြူးသွားသည်။ သူ့အကိုပြောပေးလျှင် ထိုကိစ္စ အတည်ဖြစ်လာပေလိမ့်မည်။

“ညာဉ့်နက်နေပြီ။ သွားအိပ်တော့။ မနက်ဖြန် အိမ်မှာ ဒီထက်ပိုဆူလိမ့်ဦးမယ်”

“မနက်ဖြန်တစ်ရက်တည်း မကလောက်ပါဘူး”

ထိုအချက်ကို ဖုန်ချင်အန်း ကောင်းကောင်း နားလည်းသည်။ ထိပ်တန်းစာပေပညာရှင်ဖြစ်သွားပြီး အိမ်ပြန်လာသည့် သူ့အကိုဆီ လူပေါင်းများစွာ လာလည်ကြလိမ့်ဦးမည်။

နောက်တစ်နေ့ အာရုံတက်သည်နှင့် ခြံဝန်းထဲမှ အသံများကြားရသည်။ ဖုန်ချင်အင်း အိပ်ယာမှ လူးလဲထလာသည်။ အဝတ်အစားအမြန်လဲသည်။ အခန်းမှထွက်လိုက်ချိန်တွင် မျက်နှာသိအတော်များများကို တွေ့လိုက်ရသည်။

“ရှီး”

လူအုပ်ထဲသို့ သူ့မဝင်။ ဧည့်သည်များ ကြိုဆိုဧည့်ခံသည်မှာ လူကြီးအလုပ်ဖြစ်သည်။ သူနှင့်မဆိုင်။ သူက ကလေးသာဖြစ်သည်။ နေ့လည်ပိုင်း စားသောက်ပွဲအချိန်ကိုသာ သူစောင့်နေသည်။

သို့သော် ထိပ်တန်းစာပေပညာရှင်၏ လွှမ်းမိုးမှုဩဇာကို သူလျှော့တွက်မိသွားသည်။ နေမြင့်လာသည်နှင့် တစ်အိမ်လုံး ဧည့်သည်များ ပြည့်သွားသည်။ အိမ်တွင်းရော အိမ်ပြင်ပါ ထိပ်တန်းစာပေပညာရှင်ကို လာတွေ့သူများ ပြည့်နေသည်။ စကားသံများ ဆူညံနေသည်။

ဦးလေးများ၊ ဒေါ်လေးများ၊ အသိမိတ်ဆွေများနှင့် လူစိမ်းများပင် ပါသေးသည်။ ဖုန်ချင်အန်း တွေ့ဖူးသူရော မတွေ့ဖူးသည့်ဆွေမျိုးများပါ အားလုံးရှိနေသည်။ လူဆင်းရဲမိသားစုမှ ကောင်လေးတစ်ယောက်၏ ဆွေးမျိုးများ မည်မျှများပြားကြောင့် ပထမဆုံးအကြိမ် နားလည်သွားသည်။ သို့သော် ထိုဆွေမျိုးအားလုံးက အတော်စိတ်အားတက်ကြွ၍ လေးစားသည့်အသွင်မျိုး ရှိနေသည်။

ဤဆွေမျိုးများချည်း အလည်လာကြလျှင် သိပ်အကြောင်းမဟုတ်။ သို့သော် ယခု ဆယ်မိုင်ပတ်လည်မှ လူချမ်းသာမြေရှင်များအားလုံး သတင်းကြားသည်နှင့် အပြေးအလွှား လူလွှတ်ကြသည်။ တစ်ချို့က ကိုယ်တိုင်လာသည်။

ဧည့်သည်များသဖြင့် ဖုန်မိသားစု အလုပ်များရသည်။ ရွာထဲမှ အဒေါ်ကြီးများ အိမ်ထောင်ရှင်အမများ လာရောက်အကူအညီပေးကြသည်။ ဆယ်ကျောက်သက်အရွယ် ဖုန်ချင်အန်းလည်း အငြိမ်မနေရဘဲ ဝိုင်းကူရသည်။

ဧည့်သည်များကို ကြိုဆိုရင်း လက်ဖက်ရည် ရေအေး တိုက်ကျွေးရင်း အလုပ်များနေသော်လည်း ဖုန်ချင်အန်း မကျေမနပ်မဖြစ်။ မရပ်မနား ပြေးလွှားနေသည်။

အကြောင်းပြချက် ထူးထူးခြားခြားရယ်မရှိ။ ဧည့်သည်အများစုက မြေရှင်များဖြစ်သည်။ ပိုးချည်ဝတ်ရုံဝတ်၍ ကျောက်စိမ်းများ ရွှေလက်စွပ်များဝတ်၍ လာကြသည်။ လှုပ်ရှားမှုတိုင်းတွင် ဝင့်ကြွားသည့်အရိပ်လွှမ်းသည်။ သို့သော် ထိုဝင့်ကြွားမှုကို ဖုန်ချင်အန်းအတော်အကြိုက်တွေ့နေသည်။

လက်ဖက်ရည်သွားချပေးတိုင်း ထိပ်သီးစာပေပညာရှင်၏ ညီငယ်ဖြစ်ကြောင်းသိစေရန် ပညာသားပါပါ ထည့်ပြောသည်။ မြေရှင်များက မိတ်ဆက်လက်ဆောင်အဖြစ် ငွေပြားတစ်ချို့ သူ့အိတ်ကပ်ထဲသို့ ထည့်ပေးသည်။ အတော်ရက်ရောသူများက ရွှေပြားများပင် ပေးသည်။

ဖုန်ချင်အန်း ပိုအားစိုက်၍ ပြေးလွှားလှုပ်ရှားနေသည်။ နေ့တစ်ဝက်မကျိုးမီ သူ့အိတ်ကပ်များ ဖုဖောင်းလာသည်။ လမ်းလျှောက်ရသည်မှာပင် အတော်လေးလံလာသလို ခံစားရသည်။

သို့သော် မူမမှန်သည့်သူ့အပြုအမူကို ယင်ရှီက သိပ်မကြာမီသတိထားမိသွားသည်။ သူတောင်းပန်တိုးလျိုး၍ အကျိုးသင့်အကြောင်းသင့်လှည့်ပတ်ပြောဆိုသော်လည်း သူကိုယ်ပေါ်မှ ရွှေပြားငွေပြားများအားလုံးကို လူအများရှေ့မှာပင် ယင်ရှီက သိမ်းယူလိုက်သည်။ ကြေးပြားတစ်ချို့ကိုသာ သူ့အတွက် အစားထိုးပြန်ပေးသည်။

ကြေးပြားများကိုင်ရင်း ဖုန်ချင်အန်းမျက်နှာ လင်းတမှိုင်မှိုင်သွားသည်။ ဆက်ဧည့်ခံလိုစိတ်မရှိတော့။ သို့သော် သူ့အခန်းထဲသို့ရောက်သည်နှင့် မျက်နှာတစ်ခုလုံး ချက်ချင်းပြုံးရွှင်လာပြီး ကြက်ခိုးထားသည့် မြေခွေးတစ်ကောင်လို ရယ်မောလိုက်သည်။

“နောက်ဆုံးတော့ ငါ့ကိုယ်ပိုင်ရတနာတိုက်လေး ရှိလာပြီပေါ့”

သူ့စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ဂရုတစ်စိုက်ဆွဲယူလိုက်သည်။ တစ်ခြားစာအုပ်များ‌နောက်ဘက်တွင် ဝှက်ထားသည့် ရွှေပြားငွေပြားများ ပေါ်လာသည်။ သူ့မျက်နှာတွင် အပျော်ရိပ်များပြည့်နေသည်။

သူ့အိတ်ကပ်ထဲသို့ မြေရှင်များက ရွှေပြားငွေပြားများ ထိုးထည့်ပေးသည်ကို လူအတော်များများမြင်ကြသည်။ ထို့ကြောင့် တစ်ခြားလူများ သွားပုပ်လေလွင့်မပြောကြစေရန် ယင်ရှီက သိမ်းယူလိုက်ခြင်းဖြစ်သည်။

သို့သော် အိမ်ထဲတွင် ပြေးလွှားရင်း အိတ်ကပ်ထဲမှ ရွှေငွေတစ်ချို့ကို လျှို့ဝှက်သိမ်းဆည်းရန် အခွင့်အရေးများစွာ ရခဲ့သည်။ အကြောင်းရင်းက ရိုးရှင်ပါသည်။သူယနေ့ ရွှေပြားငွေပြားမည်မျှရသည်ကို သူမှလွဲလျှင် တစ်ခြားဘယ်သူမှ မသိသောကြောင့်ဖြစ်သည်။

“အမေ ငါ့ဆီက ငွေဒီလောက်အများကြီး ယူသွားတာဆိုတော့ ခွေးမွေးဖို့ကိစ္စ ပြဿနာမရှိလောက်တော့ဘူး။ အကိုကြီးကလည်း ပြောပေးဦးမှာပဲလေ”

စာအုပ်ကိုပြန်သိမ်းဆည်းပြီးနောက် သူ့စိတ်များက ခွေးပေါက်လေးထံရောက်သွားသည်။ ယခု တစ်လကျော်ကြာသွားပြီဖြစ်သည်။ နို့ခွဲချိန်တန်ပြီ။

နေ့ခင်းဘက် စားသောက်ပွဲပြီးစီးချိန်တွင် အားပန်အိမ်သို့ သူအပြေးသွားသည်။ ခွေးမွေးသည့်အချိန် ဆောင်ရန်ရှောင်ရန်များကို သူမှတ်သားသည်။ ထို့နောက် ခွေးပေါက်လေးကို အိမ်သို့ခေါ်လာသည်။

မွန်းလွဲချိန်ဖြစ်သော်လည်း ဖုန်အိမ်တော်တွင် လူများစည်းကားနေဆဲဖြစ်သည်။ အားလုံး အလုပ်ရှုပ်နေကြသဖြင့် ဖုန်ချင်အန်း ခွေးပေါက်တစ်ကောင်သယ်လာသည်ကို ဘယ်သူမှသတိမပြုမိကြ။

ဖုန်ချင်အန်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ သုံးလေးရက်ကြာလျှင် ခွေးပေါက်လေးနှင့် သူ့မိဘများ အသားကျသွားမည်။ ထိုခွေးကို မမွေးရန် ပြန်ပို့လိုက်ရန် ပြောမည်မဟုတ်တော့။

“မဲလုံးလေးလေး”

ခွေးပေါက်လေးနှင့် သူဆော့နေသည်။ ခွေးပေါက်လေးသည် ပတ်ဝန်းကျင်အသစ်သို့ ရောက်လာသော်လည်း ကြောက်ရွံ့ထိတ်လန့်ဟန်မရှိ။ ဖုန်ချင်ဟန်အနံ့ကို သူကောင်းကောင်းသိနေပြီဖြစ်သည်။ ယခု ဖုန်ချင်အန်းအခန်းထဲတွင် သူနေသည်။

“ဝုတ် ဝုတ်”

အနက်ရောင်အမွှေးရှိသည့် ခွေးပေါက်လေးက အမြီးနံ့၍ ဖုန်ချင်အန်းလက်ဝါးကို ပန်းသွေးရောင်လျှာဖြင့် လျက်နေသည်။

“အစာစားချိန်ရောက်ပြီ”

ခဏကြာအောင် ပွတ်သပ်ပေးပြီးနောက် ကြိုပြင်ဆင်ထားသည့် နွားနို့ကိတ်နှင့်ကြက်ဥအနှစ်ကို ဖုန်ချင်အန်းထုတ်လိုက်သည်။ မျှော်လင့်တကြီးကြည့်နေသည့် ခွေးပေါက်လေးရှေ့တွင် ချလိုက်သည်။

နို့ခွဲစခွေးပေါက်လေးက အစာကိုတစ်ချက်ကြည့်သည်။ အနံ့ခံသည်။ ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ နှုတ်သီးကိုနှစ်၍ ချက်ချင်းကိုက်ဖဲ့စားသောက်နေသည်။

(မစ်ရှင်ခွဲ၊ အနာဂတ်အမြင် ပြည့်စုံသွားပါပြီ)

(ဆုလာဒ်၊ “ဝိညာဉ်စုစွမ်းရည်ပါ”၊ ရယူလိုပါသလား”

“ယူမယ်”

အစာကိုအားပါးတရစားနေသည့် မဲလုံးလေးကိုကြည့်ရင်း သူချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

ရုတ်တရက် အချက်အလက်တစ်ချို့ သူ့အာရုံတွင် ပေါ်လာသည်။ သူကာလရှည်ကြာ တောင့်တခဲ့သည့် ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သည်။ ကျင့်စဉ်နည်းလမ်းသာမဟုတ်။ အနုစိပ်အချက်အလက်များ ဆောင်ရန်ရှောင်ရန်များကိုလည်း ဖေါ်ပြထားသည်။

**************************************

All Chapters