အရာရှိငယ်ဖြစ်ချင်သည်
Vol. 1 Ch. 9
(မစ်ရှင်ခွဲ အပ်ဒိတ်လုပ်ပြီးပါပြီ။ ထုတ်ပြန်နေပါတယ်...)
(မစ်ရှင်ခွဲ၊ အနာဂတ်အမြင် ၂)
(ရှင်းလင်းချက်၊ ကျွမ်းကျင်တဲ့သားရဲထိန်းသခင်ဟာ ဝိညာဉ်စာချုပ်ချုပ်မယ့်သားရဲနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ရပါမယ်)
(လိုအပ်ချက်၊ စာချုပ်ချုပ်ဆိုမယ့် သင့်သားရဲကို စိတ်အလိုမကျဖြစ်စေမယ့်လုပ်ရပ်မျိုး မလုပ်ရပါဘူး)
(ဆုလာဒ်၊ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်)
ကျင့်စဉ်နည်းရ၍ ပျော်နေရာမှ အသိဝင်ပြန်လာချိန်တွင် စနစ်အသံကို စိတ်အာရုံတွင် ကြားလိုက်ရသည်။ တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ရန် နည်းလမ်းမစဉ်းစားရသေးမီ နောက်ထပ်အသိပေးချက်တစ်ခု ထပ်ရသည်။
(မစ်ရှင်ခွဲ၊ အနာဂတ်အမြင် ၂။ ပြီးမြောက်သွားပါပြီ)
(ဆုလာဒ်၊ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်။ လက်ခံလိုပါသလား)
“လက်ခံမယ်”
သူတုံ့ဆိုင်းမနေတော့။ သတင်းအချက်အလက်တစ်ချို့ စိတ်ထဲသို့ စီးဝင်လာပြန်သည်။ အချက်အလင်းအားလုံး သူနားလည်နိုင်လောက်အောင် အသေးစိတ်ရှင်းပြထားသည်။ သူ့မှတ်ဉာဏ်ထဲသို့ စီးဝင်နေသည်။
“ထင်တဲ့အတိုင်းပဲ”
အမြန်ကြည့်လိုက်ပြီးနောက် သွေးသန့်စင်စွမ်းရည်အသုံးပြုပုံကို နားလည်လာသည်။ ဝိညာဉ်စုစွမ်းရည်သည် ကျင့်စဉ်နည်းလမ်းဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ရသည်။ အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးလျှင် စွမ်းအင်စုစည်း၍ မွေးထားသည့်သားရဲနှင့် သဘောတူဝိညာဉ်စာချုပ် ချုပ်ဆိုနိုင်သည်။
ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်က ထိုသို့မဟုတ်။ သားရဲထိန်းတစ်ယောက် လေ့လာဖို့လိုအပ်သည့် လျှို့ဝှက်နည်းလမ်းဖြစ်သည်။ ကိုယ့်အတွက်သုံးရခြင်းမဟုတ်။ သားရဲအတွက် သုံးရခြင်းဖြစ်သည်။
သားရဲ၏ သွေးဆက်နှင့်ရုပ်ခန္ဓာကို သန်မာစေရန် အသုံးချရသည်။ ထူးခြားသည့်အပြောင်းအလဲဖြစ်လာအောင် ဖန်တီးပေးနိုင်သည်။ ထူးခြားသည့်သိစိတ်ဉာဏ်ရည် မွေးထုတ်ပေးသည်။
သူတွက်ထားသလိုပင်ဖြစ်သည်။ သားရဲထိန်းသခင်တစ်ယောက် သားရဲသက်တမ်းအဆင့်မြှင့်သည့် နည်းလမ်းမရှိလျှင် ကျိုးကြောင်းမသင့်။ ထိုနည်းလမ်းမျိုးမရှိလျှင် အားနည်းစဉ်က စာချုပ်ချုပ်ထားသည့်သားရဲကို အားကြီးချိန်ရောက်မှ စွန့်လွှတ်ရသလို ဖြစ်လာမည်။
ဝမ်းနည်းစရာကောင်းသည်မှာ လောလောဆယ် သွေးသန့်စင်စွမ်းရည်ကို အသုံးမပြုနိုင်သေးခြင်းဖြစ်သည်။ သူသည် သားရဲထိန်းကျင့်စဉ်ကို သိရုံသာသိသေးသည့် သာမန်လူဖြစ်သည်။ ဝိညာဉ်စွမ်းအားမရှိသေး။ သားရဲထိန်းသခင်၏ သီးခြားစွမ်းအင်ကို အသုံးမပြုနိုင်သေးပေ။
“ညရောက်တဲ့အထိ စောင့်ရတော့မှာပဲ”
အပြင်ဘက်မှ ဆူညံနေသည့်အသံများကို နားထောင်ရင်း သူတွေးလိုက်သည်။ စကျင့်ကြံရန် သူစိတ်အားထက်သန်နေသည်။ သို့သော် အချိန်အခါမသင့်သေးကြောင်း သူသိသည်။
မည်သည့်ကျင့်ကြံနည်းမဆို တိတ်ဆိတ်အေးချမ်းသည့်ပတ်ဝန်းကျင် လိုအပ်သည်။ မိသားစု၏ လက်ရှိအခြေအနေက လုံးဝမသင့်လျော။ သူ့အခန်းသို့ တစ်ယောက်ယောက် အချိန်မရွေးဝင်လာနိုင်သည်။
စိတ်ကိုထိန်းထားရသည်။ အပြင်ဘက်သို့ ထွက်သွားပြီး ညရောက်လာဖို့ တိတ်ဆိတ်စွာစောင့်နေသည်။
နေ့လည်ပိုင်းတွင် ခြံဝန်းက ပို၍သက်ဝင်လှုပ်ရှားလာသည်။ ရွာခေါင်းနှင့် ရွာအကြီးအကဲများ လာလည်ကြသည်။ ကျောက်ကမ္ဗည်းတိုင်တစ်ခုထောင်ဖို့ ဆွေးနွေးသည်ကို ဖုန်ချင်အန်း အသာနားထောင်နေသည်။
ကျောက်ကမ္ဗည်းထိုးသည်မှာ သူ့အကိုဖုန်ချင်ပင်း ထိပ်တန်းစာပေပညာရှင်ဘွဲ့ရသည့်အတွက် ဂုဏ်ပြုရန်ပင်ဖြစ်သည်။ ရွာထဲမှ လူငယ်များ အားကျအတုယူနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဘိုးဘေးခန်းမရှေ့တွင် ကျောက်ကမ္ဗည်းပြားတစ်ချပ်ထောင်၍ ထိပ်တန်းစာပေပညာရှင်၏ အောင်မြင်မှုများကို ပြသကာ ဘိုးဘေးဝိညာဉ်များကို နှစ်သိမ့်ခြင်းဖြစ်သည်။ ထိပ်တန်းစာပေပညာရှင်ဟူသည့်ဘွဲ့သည် မည်သည့်နေရာတွင်ဆို ဂုဏ်ယူစရာတစ်ခုဖြစ်သည်။
“ချင်အန်း၊ မင်းအကိုက ထိပ်တန်းစာပေပညာရှင်ဘွဲ့ရသွားပြီ။ မင်းလည်း အကိုကိုအတုယူပြီး သေချာသင်ယူလေ့လာပါ။ နောက်ကျန်မနေစေနဲ့။ နောက်သုံးလေးနှစ်ဆို မင်းလည်း နန်းတွင်းစာမေးပွဲသွားဖြေပြီး ထိပ်တန်းစာပေပညာရှင်အဖြစ်နဲ့ ပြန်လာပေါ့ကွာ”
ရွာလူကြီးတစ်ယောက်က ဘေးတွင်ရပ်ကြည့်နေသည့်သူ့ကို ပြုံး၍လှမ်းပြောသည်။
“တတိယအကြီးအကဲ၊ ထိပ်တန်းစာပေဘွဲ့ဆိုတာ လွယ်လွယ်နဲ့ရနိုင်တာမဟုတ်ဘူး။ ဒီကောင်လေးအားနွီက သူ့အကိုနဲ့ယှဉ်ရင် အတော့်ကိုညံ့ပါတယ်”
ယင်ရှီ ပြုံး၍ပြောသည်။
“ချင်ပင်လေးက တော်ဝင်မင်းသားတောင် မဖြစ်သေးဘူး။ ဒီဘွဲ့မျိုးရနေပြီ။ မင်းရဲ့သားငယ်လည်း နည်းနည်းညံ့ပေမယ့် ထိပ်တန်းစာပေပညာရှင်ဘွဲ့ရဖို့ဆိုတာ သေချာပြီးသားပါ”
နောက်အကြီးအကဲတစ်ယောက်က ဖုန်ချင်အန်းကိုစိုက်ကြည့်၍ ချီးကျူးသည့်စကားမျိုး ပြောသည်။ သူ့မျက်လုံးတွင် သဘောကျနေသည့်အရိပ်များ ပြည့်နေသည်။
ရွာသားများသည် မျက်ကန်းမဟုတ်ကြ။ ညီအကိုနှစ်ယောက်လုံး ငယ်စဉ်ကတည်းက ထူးခြားကြသည်။ ညီငယ်ဖြစ်သူ၏ စွမ်းဆောင်ရည်က ညံ့သည်ဆိုသော်လည်း သာမန်လူထက် များစွာသာနေသေးသည်။ ထိပ်တန်းစာပေပညာရှင်ဖြစ်ရန် အခွင့်အရေးမရှိသည်မဟုတ်။
“အကိုက ထိပ်တန်းစာပေပညာရှင်ဘွဲ့ ရပြီးပြီလေ။ ကျွန်တော်က ဘာလို့စာလေ့လာနေရမှာလဲ။ အကိုက အရာရှိဖြစ်ရန် ကျွန်တော်လည်း သူ့နောက်ကိုလိုက်ပြီး အရာရှိငယ်ဖြစ်လာမှာပါ။ အဲဒါက ပိုပြီးသက်တောင့်သက်သာမဖြစ်ဘူးလား”
မိဘများက သူ့နောင်ရေးအကြောင်း ဆွေးနွေးနေကြသဖြင့် ဖုန်ချင်အန်း စိတ်ကျဉ်းကြပ်လာပြီး ဆန့်ကျင့်ဘက်မှတ်ချက်တစ်ခူ ပေးလိုက်သည်။
သူ့တို့မျှော်လင့်ထားသလို အမြင့်ကြီးရောက်အောင် သူလုပ်စရာလိုသည်မထင်။ မျှော်လင့်ချက်မြင့်လေလေ သူ့အတွက် စိတ်ပျက်ရလေဖြစ်သည်။ သူ့အကို စာပေပညာရှင်ဘွဲ့ရသည်ဆိုတိုင်း သူလိုက်လုပ်စရာအကြောင်းမရှိ။
သူ့အစွမ်းအစ သူ့ဘာသာသိသည်။ တစ်ခြားလူများ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထား၍ ဖိအားပေးနေသည်ကို လက်မခံလို။ သူ့အကိုနဲ့ယှဉ်တွေးလျှင် သူသည် ညီငယ်သာဖြစ်သည်။ ညီငယ်စရိုက်လက္ခဏာမျိုးသာ ရှိသင့်သည်။
“နင်က အရာရှိငယ်ဖြစ်ချင်တယ်ပေါ့”
သူ့စကားကြောင့် ပျော်ရွှင်နေသည့် ယင်ရှီ၏မျက်နှာ ချက်ချင်းတင်းမာသွားသည်။ ရွာခေါင်းနှင့်ရွာအကြီးအကဲများလည်း သူ့ကို အံ့ဩဟန်ဖြင့် စိုက်ကြည့်နေကြသည်။ အကြီးအကဲတစ်ယောက်က ကြိမ်လုံးကို တင်းတင်းဆုပ်ထားသည်။
“အမေ၊အကိုက ဆယ်နှစ်လောက် အသေအလဲကြိုးစားခဲ့ရတာ။ ကျွန်တော်နည်းနည်းပျော်ပျော်နေလို့ မရဘူးလား။ အရာရှိငယ်ဖြစ်တာ ဘာမကောင်းတာရှိလဲ”
ဖုန်ချင်အန်း အခိုင်အမာ ပြန်ပြောလိုက်သည်။ သူမမှားသည့်သဘော။
ကျင့်ကြံနည်းကို သူရထားသည်။ အဆင့်တက်ဖို့ အခွင့်အရေးရှိနေသည်။ နန်းတွင်းစာမေးပွဲကို အရေးမစိုက်နိုင်။ ဘာမဟုတ်သည့် ထိုကိစ္စမျိုးတွင် အချိန်ကုန်မခံနိုင်ပေ။
ထိပ်တန်းစာပေပညာရှင်တစ်ယောက် ရှိနေပြီဖြစ်၍ သူတို့အားလုံး ကျေနပ်သင့်သည်။ သူ့ကို အတင်းဖိအားပေးစရာမလို။ သူအတင်းကြိုးစားလျှင်ပင် ထိပ်တန်းစာပေပညာရှင်ဖြစ်လာနိုင်ချေက အတော်နည်းပါးသည်။
“နင့်အကို ဆယ်နှစ်ကြိုးစားတာ နင်နဲ့ဘာဆိုင်လဲ”
“သူက ကျွန်တော့်အကိုလေ”
ခပ်အေးအေးလေသံဖြင့် သူပြန်ဖြေသည်။
“ဖုန်ချင်အန်း”
ဖုန်ချင်အန်း၏ရိုးရှင်းသည့် စကားတစ်ခွန်းဖြင့် ယင်ရှီ၏အပြုံးက ဒေါသအဖြစ်ပြောင်းသွားသည်။ သူ့နာမည်ကို အပြည့်အဝခေါ်သံကြားသည်နှင့် တုံ့ဆိုင်းမနေဘဲ နောက်လှည့်ပြေးသည်။
မပြေးလျှင် အရိုက်ခံရတော့မည်။
“ရပ်စမ်း၊ အရာရှိငယ်ဖြစ်ချင်တဲ့ကောင်။ နင့်ခြေထောက်တွေကို ဒီနေ့ ငါရိုက်ချိုးပစ်မယ်”
ယင်ရှီ တံမျက်စည်းတစ်ချောင်း ကောက်ကိုင်ပြီး ဒေါသတကြီးလိုက်သည်။ မရိုက်ရမချင်း သူမကျေနပ်နိုင်။
“ကျွန်တော် မှားပါတယ်အမေ။ ကျွန်တော်က တမင်နောက်နေတာပါ”
ဖုန်ချင်အန်း လူအုပ်ကြားတွင် လျင်မြန်စွာ ကွေ့ပတ်ပြေးသည်။ နောက်လှည့်ကြည့်ချိန်တွင် ကျားတစ်ကောင်လို လိုက်လာသည့်ယင်ရှီကို မြင်ရသဖြင့် အော်ဟစ်တောင်းပန်သည်။ ဧည့်သညများက ထိုအဖြစ်ကိုကြည့်၍ အော်ဟစ်ရယ်မောနေသည်။ တစ်ချို့က ခေါင်းခါယမ်း၍ သက်ပြင်းချနေကြသည်။
မည်သို့ပင်ဆိုစေ ဧည့်သည်များ ပြန်သွားသည်နှင့် ဖုန်ချင်အန်းပြောသည့် နိမ့်ပါးသည့်ရည်ရွယ်ချက်အကြောင်း သတင်းပြန့်သွားတော့မည်။
သူ့ကို မည်သို့ကင်းပွန်းတပ်ကြမည်မသိ။ အကောင်းတော့မဖြစ်နိုင်ဟု သူခန့်မှန်းမိသည်။
သို့သော် သူလိုချင်သည်နှင့် ကွက်တိပင်ဖြစ်သည်။ “ထိပ်တန်းစာပေပညာရှင်၏အကိုကြီး” ဆိုသည့် ဘွဲ့ထူးသည် ကြီးမားလေးပင်လွန်းသည်။ သူလျှော့လျှော့ပေါ့ပေါ့လုပ်မှဖြစ်မည်။ သို့မှသာ တစ်ခြားလူများ သူ့အပေါ် မျှော်လင့်ချက်နည်းသွားမည်။
*****************************************