ဆရာကျန်း
Vol. 1 Ch. 11
“ဟိုခွေးကောင်ဘယ်မလဲ”
ဒေါသတကြီးအော်ဟစ်သံ ဖုန်မိသားစုအိမ်တော်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“ဆရာကျန်း၊ ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ”
ယင်ရှီ၏ တအံ့တဩလေသံ ပေါ်လာသည်နှင့် အခန်းထဲတွင်ရှိနေသည့် ဖုန်ချင်အန်း အသိဝင်လာသည်။ ဖုန်ချင်ပင်းက ယဉ်ယဉ်ကျေးကျေးခေါ်သံ ထပ်ပေါ်လာသည်။
“ဆရာ”
“ချန်ဝမ်၊ မင်းညီဖုန်ချင်အန်း ဘယ်မလဲ”
သက်ကြီးပိုင်းလူ၏လေသံ နည်းနည်းပျော့ပျောင်းသွားသည်။ သို့သော် ဒေါသရိပ်မပျောက်သေး။ နည်းနည်းထိန်းထားရုံသာဖြစ်သည်။
“သူ့အိမ်ခန်းထဲမှာပဲရှိပါသေးတယ်”
“ဒီလောက်နောက်ကျတဲ့ထိ အိပ်နေတုန်းပေါ့။ ငါမင်းကိုမေးမယ်။ မနေ့က ဒီကောင် အရာရှိငယ်ဖြစ်ချင်တယ်လို့ တကယ်ပြောခဲ့သလား”
“ဟုတ်ပါတယ်၊ ဒါပေမယ့် ညီလေးအန်းက တမင်စနောက်ခဲ့တာပါ။ စိတ်ထဲမထားပါနဲ့ ဆရာ”
ဖုန်ချင်ပင်း ပြန်ဖြေသည်။ သူ့ရှေ့မှ သက်ကြီးပိုင်းလူ၏မျက်နှာတွင် ဩဇာရိပ်လွှမ်းသည့်အရိပ်များရှိနေသည်။ ထိုလူသည် သူတို့ရွှာ၏ဆရာဖြစ်သည်။ ဖုန်ချင်ပင်းနှင့် ဖုန်ချင်အန်းတို့ကို စာသင်ပေးခဲ့သည့် ဆရာကျန်း ဖြစ်သည်။
“ငါ့ကို သူ့ဆီခေါ်သွားပေး။ ဒီလောက်စကားကြမ်းကြမ်း ဘာလို့ပြောသခဲဆိုတာ ငါကိုယ်တိုင် သူ့ကိုမေးမယ်”
“ဟုတ်ကဲ့”
သူ့ဆရာလက်ထဲမှ ဝါးတုတ်ကိုကြည့်၍ ဖုန်ချင်ပင်း စိုးရိမ်မကင်းဖြစ်ဟန်ဖြင့် ယင်ရှီကို လှည့်ကြည့်သည်။ ယင်ရှီလည်း ဘာမှတတ်နိုင်ပုံမပေါ်သဖြင့်် သူ့ဆရာကိုသာ ခေါ်သွားပေးရသည်။
“ဝုန်း”
အိပ်ခန်းတံခါးပွင့်သွားသည်။ ဖုန်ချင်ပင်းနောက်မှ ဆရာကျန်းလိုက်လာသည်။ ဖုန်ချင်အန်းက ပြတင်းပေါက်ခန်းဆီးကို ဆွဲဖယ်၍ ပြတင်းဘောင်ပေါ် တက်နေချိန်နှင့်ကြုံသည်။ အန္တရာယ်ကို ကြိုမြင်သဖြင့် ထွက်ပြေးရန် ကြိုးစားခြင်းဖြစ်သည်။ သို့သော် မနေ့က အရိုက်ခံထားရသဖြင့် ကောင်းကောင်းမလှုပ်ရှားနိုင်။ ခြေတစ်လှမ်းနောက်ကျသွားသည်။
“မင်္ဂလာနံနက်ခင်းပါဆရာ”
ခန်းဆီးစကိုကိုင်ရင်း ဆရာကျန်းကို ရိုရိုသေသေပြုံးပြနှုတ်ဆက်လိုက်သည်။
“မင်းဘာလုပ်နေတာလဲ”
အရာရှိငယ်ဖြစ်ချင်သည်ဟု ပြောခဲ့သည့် ကလေးဆိုးကို ဆရာကျန်း ခပ်တင်းတင်းကြည့်နေသည်။
“ပြတင်းပေါက်ကနေ အပြင်ထွက်ရတာ သဘောကျလို့ပါဆရာ”
ဖုန်ချင်အန်း ပြောင်လိမ်လိုက်သည်။ ထွက်ပြေးဖို့ကြိုးစားသည်ကို သူဝန့်ခံ၍မဖြစ်။ သူ့လှုပ်ရှားမှုက အားလုံးအတွက် သိသာနေသော်လည်း ပါးစပ်မှထုတ်ပြောရန် သူရှက်နေသည်။
“ဒါဆိုမင်းက လမ်းကြောင်းမှန်အတိုင်းသွားရတာကို မကြိုက်ဘူးဆိုတဲ့သဘောလား”
ဆရာကျန်း လက်ထဲမှဝါးတုတ်ကို ခပ်တင်းတင်းဆုပ်လိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ မဟုတ်ပါဘူးဆရာ။ နားလည်မှုလွဲနေပါပြီ။ ကျွန်တော် တစ်ခါတစ်လေ ပြတင်းပေါက်ကထွက်ရတာကို သဘောကျပါတယ်။ ဒါပေမယ့် ပုံမှန်ဆုံရင်တော့ ရှေ့တံခါးကပဲထွက်ပါတယ်။ ပုံမှန်လမ်းကြောင်းကနေပဲ သွားပါတယ်”
ပြတင်းဘောင်ပေါ်မှ သူချက်ချင်းခုန်ဆင်းလိုက်သည်။ ထွက်ပြေးလို့မရတော့ကြောင်း သူသိသည်။ ထို့ကြောင့် အခြေအနေကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
“အဲလိုလား။ ဒါပေမယ့် မင်းက အရာရှိငယ်ဖြစ်ချင်တယ်လို့ ငါကြားတယ်”
“ကျွန်တော် နောက်ပြောင်ပြီးပြောခဲ့တာလို့ပြောရင် ယုံမှာလား ဆရာ”
ဖုန်ချင်အန်းက မျက်နှာတင်းနေသည့် ဆရာကျန်းကိုကြည့်သည်။ သတိထား၍ ပြန်မေးသည်။
ဆရာကျန်းသည် ဖုန်မိသားစု တောင်ကုန်းနယ်နိမိတ်ထဲရှိ ဖုန်မိသားစုဝင်မဟုတ်သည့်လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ဆရာကျန်းကို အားလုံးက လေးစားကြသည်။ ရွာ၏ စာပေတတ်မြောက်မှုအဆင့်အတန်းကို သူမြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် သူ့လိုနာမည်ထင်ရှားသည့် စာပေပညာရှင်သည် နာမည်ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်သည်။
ဖုန်ချင်အန်းလည်း ထိုအချက်ကိုသိသည်။ သူ့အကို နန်းတွင်းစာမေးပွဲအောင်ကတည်းက ဆရာကျန်းသည် ထူးချွန်သည့် သူ့ကျောင်းသားအကြောင်း သူ့မိတ်ဆွေများကြားတွင် နည်းနည်းကြွားဝါတတ်လာသည်။
“နောက်ပြောင်တာတဲ့လား။ မနေ့က အရာရှိငယ်ဆိုတဲ့ မင်းရဲ့စက်ဆုပ်စရာဘွဲ့နာမည်ကို ချန်းကျာ့တောင်ကြားကနေတောင် ငါကြားရတယ်ကွ”
ဆိုးဝါးလှသည့်တပည့်ကို ဆရာကျန်း လှောင်ပြုံးပြုံး၍ ကြည့်လိုက်သည်။
“ချန်းကျာ့တောင်ကြား။ အဲဒါက မိုင်နှစ်ဆယ်တောင်ဝေးတာပဲ”
ဖုန်ချင်အန်း အံ့ဩမိသည်။ ဤဆရာကျန်းသည် သူကျောင်းသားများအကြောင်း ကြွားလုံးထုတ်ရန် မိုင်နှစ်ဆယ်ခန့်ပင် ခရီးဆန့်သည်မှာ အံ့ဩစရာကောင်းလှသည်။
“ဆရာ၊ ဒီဘာမဟုတ်တဲ့သတင်းကြောင့် ကျွန်တော်တို့ဆီ မနက်အစောကြီး လာခဲ့တာလား”
“မနေ့ညက ဒီအကြောင်းစဉ်းစားပြီး ဘယ်လူးညာလှိမ့်နဲ့ ငါအိပ်မရခဲ့ဘူး။ ဖုန်ချင်အန်း၊ မင်းကိုငါ သုံးနှစ် စာသင်ပေးခဲ့တယ်။ အရာရှိငယ်ဖြစ်ချင်တဲ့စိတ် ဘယ်လိုများပေါ်လာတာလဲ။ မင်းသင်ထားတဲ့ မင်းရွတ်ဆိုခဲ့တဲ့ တော်ဝင်ကျမ်းစာတွေအားလုံးက ငါ့ကိုအရှက်ခွဲဖိုသက်သက်လား”
တင်းမာနေသည့် ဆရာကျန်းမျက်နှာ ပျော့ပျောင်းသွားသည်။ စိတ်ပျက်နေသည့် နားမလည်နိုင်သည့်အရိပ်များ အစားထိုးဝင်လာသည်။ သူ့ကျောင်းသားတစ်ယောက် အဘယ်ကြောင့်ထိုသို့တွေးသည်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။
“လုံးဝမဟုတ်ပါဘူး ဆရာ၊ ဒီစကားပြောခဲ့မိတာ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်က..”
ဖုန်ချင်အန်းက သူ့ဆရာမျက်နှာကိုကြည့်၍ အပြစ်မကင်းသလိုခံစားရသည်။
“တော်ပါတော့။ မင်းငါ့ကို တောင်းပန်စရာမလိုပါဘူး။ ငါကသာ မင်းမိဘတွေကို တောင်းပန်ရမှာပါ။ ငါမင်းကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့ဘူးလေ”
သက်ပြင်းချ၍ ခေါင်းကိုခါယမ်းလျက် ဆရာကျန်း ဖုန်ချင်အန်း အိပ်ခန်းထြမှ ထွက်သွားသည်။ သူ့ဝါးတုတ်ကို လုံးဝသုံးမသွားခဲ့။
“ဆရာ”
ဖုန်ချင်အန်း ရင်ထိတ်သွားသည်သွားသည်။ ဆရာကျန်းသာ သူ့မိဘများကို တကယ်တောင်းပန်လိုက်လျှင် သူ့မိဘများ သူ့ကို အသေရိုက်ကြတော့မည်။
“ဒီမှာပဲ နေခဲ့ပါ။ ဝင်မပါနဲ့။ ငါ့သူ့ကို သွားရှင်းပြလိုက်ပါ့မယ်”
သူ့ညီ ထိတ်လန့်နေသည်ကိုကြည့်၍ ဖုန်ချင်ရယ်လိုက်သည်။
ဆရာကျန်းအကွက်က သိပ်လှသည်။ သူ့ညီငယ် နောက်ထပ် လက်လွတ်စပယ် ပါးစပ်ဟရဲမည်မဟုတ်တော့။ ထိုအကွက်သည် တုတ်ဖြင့်ရိုက်သည်ထက် ပိုထိရောက်။
“ကျွန်တော် အကို့ကိုပဲ အားကိုးနေရတာပါ”
ဖုန်ချင်အန်းမျက်လုံးများ မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်။ ဆရာကျန်းက မျှော်လင့်မထားသည့်အကွကကို ထုတ်သုံးသဖြင့် သူအငိုက်မိသွားသည်။ တောင်းပန်မှုဖြစ်လာလျှင် ဆရာကျန်းက နာမည်ဂုဏ်သိက္ခာကို အရေးမစိုက်လျှင်ပင် ဖုန်ချင်အန်းအတွက် အနည်းနှင့်အများ နာမည်ဆိုးတွင်မည်သာဖြစ်သည်။
“ဆရာ၊ ခဏနေပါဦး။ ကျွန်တော်ပြောတာနားထောင်ပါဦး”
ဖုန်ချင်ပင်းက ဖုန်ချင်အန်းကို ဘာမှပြန်မေပြောတော့ဘဲ ဆရာကျန်းကို အမီပြေးလိုက်သွားသည်။
“ချန်ဝမ်၊ မင်းဘာပြောစရာရှိလို့လဲ”
ဆရာကျန်းက သူ့ကို တန်ဖိုးထားသည့်အခေါ်အဝေါ်ဖြင့် တုံ့ပြန်ပြီး မျက်နှာလည်း သိသိသာသာပျော့ပျောင်းသွားသည်။ သို့သော် ဖုန်ချင်အန်းကို သူပို၍စိတ်ပျက်မိသည်။
“ဆရာက ညီလေးအန်းကို အထင်လွဲနေတာပါ။ အရာရှိငယ်ဖြစ်ချင်တယ်လို့ပြောတာက စနောက်ရုံသက်သက်ပါပဲ”
သူ့ညီဖုန်ချင်အန်းပြောသည့် အခြေအနေကို သူပြန်ပြောပြလိုက်သည်။ သို့သော် သူ့စကားဆုံးသည်နှင့် ဆရာကျန်း၏ဒေါသ ရုန်းကြွလှုပ်ရှားလာပြန်သည်။
“တော်မှန်တဲ့လူငယ်တစ်ယာက်ဟာ ကြီးမားတဲ့ရည်ရွယ်ချက်တွေ ရှိသင့်တယ်။ သူဘာလို့ ဒီလောက် မဝံ့မရဲဖြစ်ပြီး ငယ်ကတည်းက လက်လျှော့ချင်နေတာလဲ။ အရာရှိငယ်တဲ့လား။ သူမင်းလောက် ဉာဏ်မကောင်းပေမယ့် အတော်တော်တဲ့ကောင်ပါ။ တာ့ကျင်းနိုင်ငံက စာပေပညာရှင်တွေ ငါ့ကိုဘယ်လိုမြင်ကြမလဲ။ အဖိုးတန် ကျောက်စိမ်းကို တန်ဖိုးမရှိတဲ့ကျောက်တစ်လုံး ဖြစ်အောင်လုပ်တယ်လို့ တွေးမှာပေါ့”
“ဆရာ”
ဤအခြေအနေတွင် ဖုန်ချင်အန်းပင် ဘာမှပြန်မပြောနိုင်။ သူ့ညီ၏ ရွေးချယ်မှုကို လေးစားပါသည်။ သို့သော် တစ်ခြားလူများက ထိုသို့မဟုတ်”
“အကိုက တကယ်အားကိုးရတာပဲ”
ခိုးနားထောင်နေသည့် ဖုန်ချင်အန်း သက်ပြင်းချ၍ မယုံနိုင်အောင်ဖြစ်နေသည်။
“သွားစို့၊ ငါမင်းမိဘတွေနဲ့ စကားပြောမှဖြစ်မယ်”
“တောင်းပန်ဖို့ကျတော့..”
ဖုန်ချင်ပင်း ဆရာကျန်းကို သတိထား၍ လှမ်းကြည့်သည်။
“ဒါက သူဘယ်လိုတုံ့ပြန်မလဲဆိုတာ စမ်းသပ်ရုံသက်သက်ပါ။ ဆရာတွေကို လေးစားရကောင်းမှန်းသိသေးတာ တော်သေးတာပေါ့။ ငါမင်းမိဘတွေကို တောင်းပန်လိုက်ရင် သူနောက်ထပ် ခေါင်းဖေါ်နိုင်ပါတော့မလား။ ငါ့နာမည်အတွက် ထည့်တွက်လို့မဖြစ်ဘူး”
ဆရာကျန်းက တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ ဉာဏ်ပညာအရောင်တောက်နေသည့် သူ့မျက်လုံးများက ထိန်းချုပ်နိုင်စွမ်းကို ထင်ဟပ်နေသည်။
“ကျွန်တော့်ညီကိုယ်စား ဆရာကို ကျေးဇူးတင်ပါတယ်”
“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ဒါဟာ ဆရာတစ်ယောက်အနေနဲ့ ငါလုပ်ရမယ့်တာဝန်ပဲ။ ဒီကောင်လေးကို လမ်းကြောင်းမှန်ကို လမ်းညွှန်ပေးဖို့ ငါဆုံးဖြတ်ထားတယ်။ သူ့အချိန်တွေ အလဟဿကုန်သွားလို့မဖြစ်ဘူး”
**************************************