← Chapters

အပြန်

Vol. 1 Ch. 12

အပြန်

Vol. 1 Ch. 12

အားလုံး၏မျက်စိရှေ့တွင် တည်ကြည်ပြတ်သားသည့်လေသံဖြင့် ဖုန်ချင်အန်း အာမဘန္တေခံလိုက်သဖြင့် ဆရာကျန်း ပြန်သွားသည်။

သို့သော် အလွန်တရာစိန်ခေါ်မှုပြင်းထန်သည့် ထိပ်တန်းစာပေပညာရှင်ဖြစ်‌အောင် ကြိုးစားမည်ဟု ကတိပေးခဲ့ခြင်းတော့မဟုတ်။ ကြိုးကြိုးစားစားလေ့လာ၍ သူတော်စင်များ၏ အဆုံးအမ၊ ရှေးဟောင်းညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ကျင့်ကြံမှုကို အာရုံစိုက်မည်ဟု ဆုံးဖြတ်ထားသည့် ဖုန်ချင်အန်း ရည်ရွယ်ချက် ပျက်စီးသွားသည်။ စာပေကို ဝီရိယစိုက်၍ လေ့လာမှဖြစ်မည်။ သူ့အကိုလို ပုံမှန်အစည်အလာအတိုင်း နန်းတွင်းစာမေးပွဲဝင်ဖြေရန် ကြိုးစားရတော့သည်။

သို့သော် ကျင့်ကြံမှုကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်တော့မဟုတ်။ အဆင့်တက်နိုင်မည့်လမ်းစက သူ့ရှေ့တွင် ရှိနေသည်။ သူစွန့်လွှတ်စရာအကြောင်းမရှိ။ အချိန်အတော်ပေးရမည်ဖြစ်သော်လည်း ရသည့်အချိန်အတွင်း သူကြိုးစားသည်။

အိပ်ချိန်တစ်ချို့ အစားထိုးကျင့်ကြံရသည်။ သို့သော် သူစိတ်ဓာတ်မကျ။

ဆရာကျန်းထွက်သွားချိန်တွင် နေအတော်မြင့်နေပြီဖြစ်သည်။ ဖုန်မိသားစု ပုံမှန်အတိုင်း သက်ဝင်လှုပ်ရှားလာသည်။ ဖုန်ချင်ပင်းကို လာရောက် ဂုဏ်ပြုသည့်ဧည့်သည်များ ရောက်လာသည်။ ယခုတစ်ကြိမ်တွင် ရပ်ဝေးမှ ရောက်လာသည့် ဧည့်သည်များဖြစ်သည်။

စာပေပညာရှင် ပြန်လည်ကြိုဆိုပွဲက တစ်နေ့တည်းဖြင့် ပြီးမသွား။ ဆူညံနေသည့်ပတ်ဝန်းကျင်ကို ဖုန်ချင်အန်း သိပ်အရေးမစိုက်အားတော့။

အိပ်ယာထဲတွင်လှဲရင်း ဒဏ်ရာကုနေသည်။ သူ့မိဘများလက်စွမ်းက အရိုးနှင့်ကြွက်သားများကို မထိခိုက်သော်လည်း အရေပြားပေါ်တွင် အတော်သက်ရောက်မှုအားကောင်းသည်။ ပြန်သက်သာရန် ငါးရက်ခန့်အချိန်ယူရမည်ဖြစ်သည်။

ပျင်းရိငြီးငွေ့မှုကို အိပ်ခန်းထဲတွင် ခွေးပေါက်လေးနှင့်ဆော့ကစားရင်း ဖြေဖျောက်ရသည်။ ထိုခွေးပေါက်လေးအဖေါ်ရှိ၍ တော်သေးသည်။ မဟုတ်လျှင် ငြီးငွေ့လွန်း၍ သေသွားနိုင်သည်။

စိတ်ဝင်စားစရာတော့ကောင်းသည်။ ယင်ရှီနဲ့ လူရိုးပုံပေါက်သည့် ဖုန်ရှို့လင်တို့က ခွေးပေါက်လေးရောက်လာသည်ကို ဘာမှသိပ်မပြော။ ကျေနပ်ကြဟန်ရှိသည်။

သူတို့နေအိမ်သည် အတော်ကျယ်ဝန်းသည်။ ဖုန်ချင်ပင်းလည်း အမြဲနေနိုင်မည်မဟုတ်။ ခဏနေပြီးလျှင် မြို့တော်သို့ ပြန်ရမည်။ သူပြန်သွားလျှင် အိမ်တော်ကြီးတစ်ခုလုံး မိသားစုသုံးယောက်သာ ကျန်ခဲ့မည်။ ခွေးတစ်ကောင်ထပ်တိုးလာသည်က အဆိုးကြီးတော့မဟုတ်။

ရွာလူကြီးများက ဘိုးဘေးဝိညာဉ်များကို နှစ်သိမ့်ပူဇော်ရန် ကျောက်ကမ္ဗည်းတစ်ခု စိုက်ကြသည်။

ရှီလီဖုန်ကျာ့ကန်းတစ်ရွာလုံး ငါးရက်တိုင်တိုင် ပွဲတော်ကျင်းပသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အပျော်စိတ်များ ကူးစက်ပျံ့နှံ့နေသည်။ ငါးရက်လုံးလုံး အရပ်လေးမျက်နှာမှ ရောက်လာသည့် ဧည့်သည်များကို ရှီလီရွာက ကျွေးမွေးဧည့်ခံသည်။

ပထမတစ်ရက်မှလွဲ၍ ဖုန်ချင်အန်း ကျွေးမွေးဧည့်ခံပွဲတွင် မပါဝင်တော့။ အိပ်ယာထဲတွင်သာ အချိန်ကုန်သည်။ သို့သော် စားသောက်ချိန်တော့ မလွတ်စေရ။ နေ့တိုင်း ကျွေးမွေးချိန်စသည်နှင့် သူ့အပေါင်းအပါများက အရသာရှိသည့် ဟင်းလျာများကို သူ့အခန်းထဲသို့ ပို့ပေးကြသည်။ သက်တောင့်သက်သာ အဟာရဖြည့်နိုင်အောင် ကူညီကြသည်။

ရက်တစ်ချို့ အလျှံပယ်စားသောက်နေရသဖြင့် ဝိတ်တက်လာသည်ဟုပင် ဖုန်ချင်အန်း ထင်မိသည်။ သို့သော် ထိုအချိန်ကောင်းများသည် အမြဲရျိမ်ညမဟုတ်။

သူ့အကို မြို့တော်ပြန်မည့်ရက်သို့ ရောက်လာသည်။

ဖုန်ချင်အန်း အိပ်ယာထဲမှထွက်၍ သူ့အကိုကို နှုတ်ဆက်သည်။ သူ့ဒဏ်ရာများလည်း အတော်သက်သာလာပြီဖြစ်သည်။ ညဘက်ရောက်တိုင်း ဝိညာဉ်စုစွမ်းအား ကျင့်ကြံခဲ့သည့် အကျိုးဆက်လားတော့မသိ။

“တကယ်ပြန်ရတော့မှာလား။ ရက်နည်းနည်းလောက် ထပ်နေလို့မရတော့ဘူးလား”

ယင်ရှီက မခွဲချင်သေးဟန်ဖြင့် သူ့သား၏အင်္ကျီလက်ကိုကိုင်ရင်း မျက်ရည်လည်ရွဲဖြစ်နေသည်။

မိခင်သည် အဝေးရောက်မည့် သားသမီးအတွက် စိတ်ပူတတ်ကြသည်သာဖြစ်သည်။ ဖုန်ချင်ပင်း နန်းတွင်းစာမေးပွဲသွားဖြေစဉ်ကလည်း ယင်ရှီ မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့သည်။ ယခု ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သဖြင့် မိသားစုနှင့် ခွဲရတော့မည်ဖြစ်သည်။

ရှီလီရွာနှင့် မိုင်ထောင်ချီဝေးသည့် နန်းမြို့‌တော်တွင် အရွယ်မရောက်သေးသည့် သားဖြစ်သူအတွက် မည်မျှခက်ခဲမည်ဖြစ်ကြောင်း ယင်ရှီနားလည်လာသည်။

“အမေ၊ ကျွန်တော်က အခု အဆင့်ငါးနန်းတွင်းစာပေပညာရှင် ဖြစ်နေပြီ။ အခုပြန်လာတာတောင် နန်းတွင်းတာဝန်တွေကနေ ခွင့်ယူခဲ့ရတာပါ။ ပြန်ရမယ့်ရက်ကိုလည်း သတ်မှတ်ထားပြီးသား။ ကျွန်တော် မပြန်လို့မရဘူး”

ဖုန်ချင်ပင်းက ယင်ရှီ၏လက်ကိုကိုင်၍ ရှင်းပြသည်။ အရာရှိတစ်ယောက်ဖြစ်လာသဖြင့် အရင်လို လက်လွတ်စပယ်ခေါင်းမာနေ၍ မရတော့။

“ဟုတ်ပါတယ်လေ၊ အခု ငါ့သားက အဆင့်မြင့်အရာရှိကြီး ဖြစ်နေပြီပဲ”

ယင်ရှီ ဝမ်းနည်းဝမ်းသာဖြစ်နေသည်။

“အကို၊ မြို့တော်မှာ အိမ်တစ်လုံးတန်ကြေး ဘယ်လောက်ရှိမလဲ။ အကို့အရာရှိလစာနဲ့ အဲဒီမှာ အိမ်တစ်လုံးဝယ်နိုင်ဖို့ ဘယ်လောက်ကြာမလဲ။ အိမ်အကြီးကြီး မလိုပါဘူး။ ကျွန်တော်တို့မိသားစု နေလောက်ရင် တော်ပါပြီ”

ဖုန်ချင်အန်းက အလွမ်းသယ်နေသည့် သားအမိနှစ်ယောက်ကို အမြင်ကပ်လာသဖြင့် တမင်မေးလိုက်သည်။

“မြို့တော်က မြေတန်ဖိုးက..”

ခြောက်ထပ်ကွမ်းပထမစာပေပညာရှင် ဖုန်ချင်ပင်း ခေါင်းယမ်းလိုက်သည်။

“ငါလက်ရှိလစာနဲ့ဆို မြို့တော်နံရံအောက်က သာမန်အိမ်တစ်လုံးဝယ်ဖို့တောင် နှစ်သုံးရာလောက်ကြာလိမ့်မယ်”

“မြို့တော်နံရံအောက်ကလား”

ဖုန်ချင်အန်း နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။ မြို့တော်တစ်ခုတွင် မြို့နံရံအောက်နားကပ်နေသည့် နေရာများသည် အဆင်မပြေဆုံးဖြစ်သည်။ နံရံများကြောင့် နေရောင်ကောင်းကောင်းမရ။

“အကို၊ ဒါဆိုရင်တော့ ပိုက်ဆံစုနေမယ့်အစား အထက်တန်းလွှာက မိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီး ရာထူးတိုးနဲ့ အိမ်ဝယ်တာ ပိုအဆင်ပြေလိမ့်မယ်”

“မင်းဘာတွေလျှောက်ပြောနေတာလဲ”

ဖုန်ချင်အန်းက ရယ်မောလျက် ပြန်ငေါက်လိုက်သည်။

“ကျွန်တော်က မြို့တော်မှာ အိမ်ကြီးကြီးနဲ့ နေချင်လို့ပါ။ အိမ်ရှိရင် အမေတို့နဲ့ကျွန်တော် လိုက်လာပြီး ပိုကောင်းတဲ့ဘဝကို ခံစားလို့ရပြီလေ။

“အိမ်တစ်လုံးပဲမဟုတ်လား။ သိပ်မကြာပါဘူး”

ဖုန်ချင်ပင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

“ကောင်းပြီလေ။ ကျွန်တော်အဲဒီ့အချိန်ကို စောင့်နေမယ်”

ဖုန်ချင်အန်းမျက်လုံးများ မျှော်လင့်ချက်အရိပ်သန်းလာသည်။ သူ့ဝင်ပြောသည့်စကားကြောင့် အားလုံးစိတ်ပေါ့ပါးသွားကြသည်။ ခွဲခွာချိန်ဝမ်းနည်းစိတ်များ အတော်လျော့ပါးသွားကြဟန်ရှိသည်။

နောက်ဆုံးတွင် လိုက်ပါနှုတ်ဆက်ကြသည့် ရွားသားများနှင့်အတူ ဖုန်မိသားစုက ရိုးရှင်းသည့်မြင်းလှည်းအိမ်ပေါ်တက်သွားသည့် စာပေပညာရှင်ကို ကြည့်နေကြသည်။ ယင်ရှီက မြို့တော်အပြန်လမ်းတွင် ကြုံတွေ့နိုင်သည့်အန္တရာယ်များအကြောင်း စိုးရိမ်တကြီး သတိပေးရန်ဟန်ပြင်သည်။ သို့သော် သာမန်အဝတ်အစား တည်ကြည်ခံ့ညားသည့် မြင်းစီးသမားများ မြင်းလှည်းဘေးသို့ပေါ်လာသည်ကို သူမြင်လိုက်ရသည်။ ထို့ကြောင့် သူဘာမှမပြောဖြစ်တော့။

ထိုမြင်းစီးသမားများသည် သာမန်လူများမဟုတ်ကြောင်း အမြင်စူးရှသူတိုင်း သိနိုင်သည်။

ခံ့ညားသည့်မြင်းများက သာမန်မြင်းလှည်းဆွဲသည့်မြင်းမျိုး၊ တောအရပ်တွင်သုံးသည့်မြည်းမျိုး မဟုတ်။ တိုက်ပွဲဝင်မြင်းမျိုးဖြစ်သည်။ နှိုင်းယှဉ်စရာပင်မရှိ။

“တကယ်သာမန်မဟုတ်ဘူး။ အဆင့်အတန်းမြင့်တဲ့ဘဝကို သူတကယ် ရောက်သွားပြီ။

ရွာသားတစ်ယောက်က တွေးတွေးဆဆဟန်ဖြင့် မှတ်ချက်ပေးသည်။ ဖုန်အိမ်တော်တွင် ရိုးရိုးရှင်းရှင်းပုံစံဖြင့် ဧည့်ခံခဲ့သည်မှာ မကြွားဝါလိုပဲ နှိမ်ချ၍ဂါရဝထားခဲ့ခြင်းသာဖြစ်သည်။

“ဟန်လင်း‌ကျောင်းက စာပေပညာရှင်တစ်ယောက်ဟာ ဒီလောက်တောင် အဆင့်အတန်းမြင့်တာလား”

တဖြေးဖြေးပျောက်ကွယ်သွားသည့် မြင်းလှည်းကိုကြည့်၍ ဖုန်ချင်အန်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

သူ့အကိုမြင်းလှည်းဘေးတွင် ခွန်အားကောင်းသည့်မြင်းများဖြင့် ဝိုင်းရံလိုက်ပါသွားသူများသည် သံချက်ကာဝတ်၍လက်နက်ကိုင်ကာ စစ်မြေပြင်သို့ အကြောက်အရွံ့မရှိ ချီတက်ခဲ့ဖူးသူများဖြစ်ကြောင်း သူသံသယမဖြစ်မိ။

“ကဲ တော်တော့။ ငေးမနေနဲ့တော့။ မင်းအကိုလိုဖြစ်ချင်ရင် ပညာကို အာရုံစိုက်ပြီးလေ့လာပါ။ အရာရှိငယ်ဖြစ်ဖို့ပဲ စိတ်ကူးယဉ်မနေနဲ့”

ဖုန်ရှို့လင်က ဖုန်ချင်အန်းခေါင်းကို ရိုက်လိုက်သည်။ ဤရက်များအတွင်း သူ့သားအတွက် အတော်စိုးရိမ်ပြီး စိတ်ဖိစီးခဲ့ရသည်။ သူ့အသွေးအသားတစ်ယောက် ဘာမဟုတ်သည့် အရာရှိငယ်ဖြစ်ဖို့ စိတ်ကူးနေသည့်အဖြစ်က သူ့အတွက် လက်ခံဖို့ အတော်ခက်ခဲခဲ့သည်။

“ဖြေးဖြေးလုပ်ပါအဖေရ။ ကျွန်တော်နားလည်ပါတယ်။ ကြိုးစားပြီးလေ့လာမှာပါ။ ဟိုနေ့က ရယ်စရာအဖြစ်ပဲ ပြောလိုက်တာပါ”

ဖုန်ချင်အန်း ခေါင်းကိုပွတ်ရင်း မကျေမနပ်ရေရွတ်လိုက်သည်။

ဤရက်များအတွင်း သူအတော်ဒုက္ခရောက်ခဲ့သော်လည်း သူကြိုးစားလေ့လာပြခဲ့သည်။ ဘယ်သူမှသူ့ကို စာပေပညာရှင် သို့မဟုတ် ထိပ်တန်းစာပေပညာရှင်ဖြစ်လာဖို့ မတိုက်တွန်းကြတော့။ လူကောင်းတစ်ယောက်ဖြစ်ရန် ကြိုးကြိုးစားစား ပညာလေ့လာ၍ ပုံမှန်အတိုင်း ရင့်ကျက်သည့်အပြုအမူမျိုး ရှိနေလျှင်ပင် အားလုံးကျေနပ်ကြမည်ဖြစ်သည်။

***********************************

All Chapters