သားလိမ္မာ
Vol. 1 Ch. 13
“ဝုတ် ဝုတ်”
အနက်ရောင်အမွှေးမှ မီးခိုးရောင်ပြောင်းစ ခွေးပေါက်လေးက ဆယ်ကျော်သက်တစ်ယောက်ဘေးတွင် လှည့်ပတ်ပြေးလွှားနေသည်။ ကောင်လေးက ခြေထောက်တစ်ဘက်ကို မကြာခဏဆန့်ထုတ်၍ ခွေးပေါက်လေးမကပ်နိုင်အောင် တားထားသည်။
“သွားပါ၊ ဟိုနားကိုသွား။ မနှောက်ယှက်နဲ့။ ဒီကိစ္စက မင်းရှေ့ရေးနဲ့ဆိုင်တယ်”
လက်ထဲတွင် ကြက်ခံထဲမှ ကြက်မဒန်းတစ်ကောင်ကို ဆုပ်ကိုင်၍ ဖုန်ချင်အန်း ရှေ့သို့လျှောက်သွားသည်။ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ဘေးပတ်လည်ကို သတိမပြတ် ကြည့်နေသည်။
ယနေ့သည် နေ့ကောင်းနေ့မြတ်ဖြစ်သည်။ သူ့မိဘများ အိမ်တွင်မရှိ။ ထို့နေ့မျိုးရောက်ဖို့ ရက်အတော်ကြာအောင် သူသည်းခံစောင့်ခဲ့ရသည်။
မကောင်းသည့်ကိစ္စလုပ်ဖို့မဟုတ်။ သူ့အကိုထွက်သွားပြီးနောက် ပြီးခဲ့သည့်လပိုင်းအတွင်း သူအတော်လိမ်လိမ်မာမာနေခဲ့သည်။ မဟုတ်လျှင် သူ့မိဘများက သူ့ကို အိမ်တွင်တစ်ယောက်တည်း ချန်ထားခဲ့မည်မဟုတ်ပေ။
ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်းကို သူစမ်းသပ်လိုခြင်းဖြစ်သည်။ အစက ပထမဝိညာဉ်စာချုပ်ချုပ်ပြီးသည်အထိ စောင့်၍ ဝိညာဉ်စွမ်းအင်လုံလောက်မှ ထိုနည်းလမ်းကို စမ်းသပ်ဖို့ တွေးထားသည်။
သို့သော် အပြောင်းအလဲများ ကြုံခဲ့ရသည်။ ပြီးခဲ့သည့်တစ်လလုံး ညတိုင်း အဆက်မပြတ် ဝီရိယစိုက်၍ သူလေ့ကျင့်ခဲ့သည်။ ဝိညာဉ်စာချုပ်ချုပ်နိုင်ဖို့ အလှမ်းဝေးသေးသော်လည်း သူစုစည်းထားသည့်ဝိညာဉ် အတော်တိုးပွားလာပြီဟု ခံစားရသည်။
ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်းကို တစ်ကြိမ်လောက် အသုံးပြုရန် လုံလောက်ပြီဟု သူခန့်မှန်းမိသည်။ ဝိညာဉ်စွမ်းအင်နည်းနည်းပင် ပိုလျှံဦးမည်။ သူမစောင့်နိုင်။ ဝိညာဉ်စွမ်းအင်အသုံးချနိုင်သည့် တစ်ခြားလမ်းစများကို သူရှာချင်သေးသည်။
သူနည်းနည်း စိတ်ပျက်မိသည်။ သူ့လေ့ကျင့်ချိန် မကြာသေးသော်လည်း ဝိညာဉ်စွမ်းအင် အတော်တိုးတက်ခဲ့သည်။ သို့သော် ထူးထူးခြားခြားပြောင်းလဲလာခြင်းမရှိ။
စားသောက်နှုန်းလည်း တိုးမလာ။ အရပ်လည်း ရှည်မလာ။ ခန္ဓာကိုယ်ခုခံအား၊ အမြန်နှုန်းနှင့် တစ်ခြားစွမ်းရည်များ အရင်ကထက်ထူးမလာသေး။ နှစ်ခြိုက်စွာ အိပ်ရခြင်းနှင့် စိတ်ကြည်လင်ခြင်းမှလွဲ၍ သိသိသာသာ ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့် ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်းကိုသာ စမ်းသပ်ရန် ရွေးချယ်ရသည်။
ကြက်မဒန်းတစ်ကောင်ကို ရွေးချယ်ရခြင်းမှာလည်း ထိုနည်းလမ်းသည် အန္တရာယ်နည်းနည်းရှိသောကြောင့်ဖြစ်သည်။ မဆင်မခြင်လုပ်လျှင် သူ့သားရဲခွေးပေါက်လေး ဒုက္ခရောက်နိုင်သည်။
ထို့ကြောင့် ခွေးပေါက်လေးကို အသုံးမချမီ တစ်ခြားသတ္တဝါများဖြင့် ကျွမ်းကျင်လာအောင် လေ့ကျင့်ဖို့လိုသည်။
“ဝိညာဉ်ပေါင်းစပ်ခြင်း၊ သွေးသန့်စင်နည်းလမ်း”
ကြက်တောင်ပံနှစ်ဘက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကြက်မဒန်းအော်ဟစ်နေသည်ကို သူအရေးမစိုက်။ စိတ်ကိုစုစည်း၍ အထပ်ထပ်လေ့ကျင့်ထားသည့် ဝိညာဉ်စုနည်းလမ်းကို စတင်လိုက်သည်။
ကျင့်ကြံထားသည့် ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ဝိညာဉ်ချီများကို စုပ်ယူသည်။ ထိုအဆင့်ကို သူကျွမ်းကျင်နေပြီဖြစ်သည်။ စွမ်းအင်များများတော့ မစုပ်ယူနိုင်သေး။ သို့သော် သွေးသန့်စင်နည်းကို အသုံးချနိုင်ဖို့သာ အဓိကကျသည်။
ဝိညာဉ်ချီများကို သက်ရှိများဝိညာဉ်ထဲသို့ ထည့်သွင်းရသည်။ ခန္ဓာကိုယ်ကို သန့်စင်ပေးရသည်။ သွေးနှင့်အရိုးများကို အဟာရဖြည့်ပေးရသည်။ သို့မှသာ အသွင်ပြောင်းမှု အောင်မြင်မည်။
သူ့မျက်လုံးများ မှေးစင်းသွားပြီး ကျင့်ကြံမှုအဆင့်သို့ ဝင်လာသည်။ မိုးမြေကြားတွင် ပျံ့နှံ့နေသည့် အလင်း(ချီ)တစ်ခုကို သူမြင်ရသည်။
ထိုအလင်းကို သူ့ဝိညာဉ်စွမ်းအားဖြင့် ဆွဲယူလိုက်သည်။ ကျင်လည်စွာထိန်းချုပ်၍ ဆုပ်ကိုင်ထားသည့် ကြက်မဒန်းကိုယ်ထဲသို့ အလင်းနှစ်ခုသုံးခု ပို့လွှတ်လိုက်သည်။ အဆင်ပြေသွားသည်။ ဝိညာဉ်ချီများ အောင်မြင်စွာ ထည့်သွင်းနိုင်သည်။
“ငါအောင်မြင်သွားပြီလား”
အပျော်စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကျင့်ကြံမှုအာရုံမှ ထွက်လာသည်။ ထိုခဏမှာပင် သူ့လက်ထဲမှ ရုန်းကန်နေသည့်စွမ်းအားက အဆများစွာတိုးပွားလာသလို ခံစားလိုက်ရသည်။ လက်ထဲမှ လွတ်သွားမတတ်ဖြစ်လာသည်။
သူ့မျက်နှာမှ အပြုံးများ နည်းနည်းလျော့သွားသည်။ လက်ထဲမှ ကြက်မဒန်းခန္ဓာကိုယ်က ဘောလုံးတစ်လုံးလို ဖေါင်းပွလာသောကြောင့်ဖြစ်သည်။
“ဟာ...ပေါက်ကွဲတော့မှာပဲ”
ရုတ်တရက်ဖြစ်လာသည့် အပြောင်းအလဲကြောင့် ကြက်ကို အဝေးသို့ ချက်ချင်းလွှင့်ပစ်လိုက်သည်။ သို့သော် ထိုကြက်မ မြေသို့မကျမီ လေထဲမှာပင် ပေါက်ကွဲထွက်သွားသည်။
"ဘုန်း”
အနီရောင်၊ အနက်ရောင်၊ ခရမ်းရောင်များ လေထဲတွင် ပြန့်ကျဲသွားပြီး အောက်သို့ကျလာသည်။ သူအလိုလို မျက်လုံးမှိတ်၍ ထိုင်ချလိုက်မိသည်။ ပူနွေးစေးပျစ်သည့်အရည်များ သူ့မျက်နှာနှင့် ဦးခေါင်းပေါ်သို့ ကျလာသည်။
မျက်လုံးပြန်ဖွင့်ချိန်တွင် ရှုပ်ပွနေသည့်မြင်ကွင်းကို တွေ့လိုက်ရသည်။ သူမှင်သက်မိသွားသည်။သက်မိသွားသည်။ အတိတ်မှတ်ဉာဏ်ကြောင့် အသက်အရွယ်နှင့်မမျှအောင် ဗဟုသုတများသော်လည်း ကြက်မတစ်ကောင် ဘတ်စကစ်ဘောလို ဖေါင်းပွလာပြီး ပေါက်ကွဲသည့်အဖြစ်မျိုး သူမကြုံဖူးခဲ့။
“ကျင့်စဉ်ကျမ်းထဲက အန္တရာယ်ဆိုတာ ဒါကိုပြောတာလား”
မျက်နှာပေါ်မှ သွေးခဲများကိုသုတ်၍ ရှုပ်ပွနေသည့် အစအနများကိုကြည့်ရင်း သူရေရွတ်လိုက်သည်။
မလှမ်းမကမ်းတွင်ရှိနေသည့် ခြံထဲမှ ကြက်ဘဲများလည်း ထိုမြင်ကွင်းကြောင့် ငေးကြောင်နေကြသည်။ ဖုန်ချင်အန်းအသံထွက်လာမှ တောင်ပံတဖျတ်ဖျတ်ခတ်၍ ဆူညံစွာ အော်ဟစ်နေကြလေသည်။ အတော်ကြောက်သွားကြဟန်ရှိသည်။
“ဂီး ဂီး”
ကြက်နှင့်ဘဲများသာမဟုတ်။ ခြံထဲတွင် စိတ်အေးလက်အေး လျှောက်သွားနေသည့် ငန်းဖြူကြီးနှစ်ကောင်နှင့် ခွေးပေါက်လေးမဲလုံးပင် ကြောက်လန့်တကြား အော်ဟစ်နေသည်။ အမြီးကုပ်၍ ထောင့်တစ်နေရာတွင် ပုန်းနေကြသည်။
သူတို့အသံများကြောင့် ဖုန်ချင်အန်း အတွေးပြတ်သွားသည်။ တွေးတောနေချိန်မရှိ။ ခြံဝန်းကို အမြန်ရှင်းလင်းဖို့ အရေးကြီးသည်။ သူ့မိဘများပြန်လာလျှင် ရှင်းပြရခက်ပေလိမ့်မည်။
“ကြက်ကလေး၊ ကြက်ကလေး၊ ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းဟာ လူသားလောကမှာ စားစရာတစ်ခုပါပဲ။ ဒီနှစ်စောစောထွက်သွားသလို နောင်နှစ်မှာလည်း စောစောပြန်လာနိုင်ပါစေ”
သူသင်ထားသည့် ကြက်သရဲနှင်ဂါထာကို ခပ်တိုးတိုးရွတ်လျက် မြေအင်တုံတစ်ခုသွားယူကာ ခြံထဲတွင် ပြန့်ကျဲနေသည့် အမွှေးတွဲလွဲ အသားနှင့်အရိုးစများကို စတင်ရှင်းလင်းသည်။
ရွံစရာကောင်းသည်။ သို့သော် မဖြစ်မနေ သူရှင်းရမည်။ ရှင်းလင်းနေရင်းမှ သားရဲထိန်းသခင်၏ ဤလျှို့ဝှက်နည်းလမ်း မည်မျှကြောက်စရာကောင်းသည်ကို နက်နက်နဲနဲသဘောပေါက်လာသည်။
သားရဲ၏ ရုပ်ခန္ဓာတိုးတက်ရန် အသွင်ပြောင်းရန်သာ အသုံးပြုနိုင်သည်မဟုတ်။ တစ်လွဲအသုံးချလျှင် အလွန်ကြောက်စရာကောင်းသည့် သတ်ဖြတ်နည်းတစ်ခုလည်း ဖြစ်လာနိုင်သည်။
သူသည် သားရဲထိန်းသခင်အခြေခံအဆင့်နားသို့ပင် မရောက်သေး။ သူစုပ်ယူနိုင်သည့် ဝိညာဉ်ချီများကလည်း အလွန်နည်းပါးသည်။ သို့သော် ထိုဝိညာဉ်ချီအနည်းငယ်သည်ပင် ကြက်မဒန်းကိုယ်ထဲသို့ အတင်းပေါင်းစပ်ပြီးနောက် ကြောက်စရာအပြောင်းအလဲတစ်ခု ဖြ်စလာသည်။
“ရက်စက်တဲ့သားသတ်သမားမျိုး ငါမဖြစ်ချင်ပါဘူး။ ကျင့်စဉ်နည်းတွေကို တလွဲအသုံးမချချင်ဘူး။ နည်းလမ်းမှန်အသုံးပြုနည်းတွေကို ငါအရင်နားလည်မှဖြစ်မယ်”
အရင်က ရှိခဲ့သည့် အန္တရာယ်များသည့် အတွေးများကို သူထိန်းချုပ်လိုက်သည်။ အတွေ့အကြုံကို သင်ခန်းစာယူသည်။
“ဝိညာဉ်ချီပေါင်းစပ်ပြီးရင် ဒီကြက်ကို ငါကိုယ်တိုင် ထိန်းချုပ်သန့်စင်နိုင်ခဲ့ရမှာ။ ဒီကြက်သာ ဝိညာဉ်ချီကိုလက်ခံနိုင်ပြီး အသုံးချနိုင်ရင် ခြံထဲတောင်လှောင်ထားလို့ရမှာမဟုတ်ဘူး”
ကောက်ချက်မျိုးစုံ သူ့ခေါင်းထဲဝင်လာသည်။ အကျိုးရလာဒ်က ထင်ထားသည်ထက် နည်းနည်းပိုရက်စက်သော်လည်း တစ်ကြိမ်မအောင်မြင်သည်က ဘာမှအရေးမကြီး။ သို့သော် ခြံထဲမှ ကြက်နှင့်ဘဲများကို လှမ်းကြည့်၍ သူ့မျက်လုံးများ အရောင်တောက်လာသည်။
“မှန်ကန်တဲ့နည်းလမ်းကို အတည်ပြုဖို့ ငါအမှားတွေ အများကြီးလုပ်ခွင့်ရှိသေးတာပဲ။ အလျင်မလိုပါဘူး။ ဖြေးဖြေးချင်းပဲ သွားတာပေါ့”
“အင်း..ဒီအသားတွေကိုတော့ စွပ်ပြုတ်လုပ်ဖို့သုံးရမှာပဲ။ အလဟဿအဖြစ်မခံနိုင်ဘူး။ အမေတို့ပြန်လာတဲ့အခါ အံ့ဩသွားအောင်လုပ်မယ်။ လိမ္မာတယ်ဆိုပြီး ငါ့ကိုချီးမွှမ်းကြလောက်တယ်”
******************************************