ထူးဆန်းသည့်ကြက်သားဟင်း
Vol. 1 Ch. 14
“နင်ဘာလို့ ရုတ်တရက်ကြီး ကြက်သားစွပ်ပြုတ် ချက်နေတာလဲ”
ညနေမိုးချုပ်အချိန် ယင်ရှီ၏ ဒေါသသံက ခြံဝန်းထဲတွင် ဟိန်းထွက်လာသည်။
“တကယ်ဥနှုန်းကောင်းတဲ့ ကြက်မတစ်ကောင်ကို မင်းဖြုန်းတီးလိုက်တာပဲ”
“အမေတို့ အလုပ်ဘယ်လောက်ပင်ပန်းသလဲဆိုတာ ကျွန်တော်မြင်တယ်လေ။ အိမ်ပြန်ရောက်လာရင် ကြက်သာစွပ်ပြုတ်လေးကျွေးရရင် ကောင်းမယ်လို့တွေးမိလို့ပါ။ အမေကိုယ်တိုင် ချက်ပြုတ်နေစရာမလိုတော့ဘူးပေါ့”
အပြစ်ကင်းဟန်ရှိသည့် ကလေးသံဖြင့် ပြန်ဖြေသည်။
“အဲလိုလွယ်လွယ်လေး မတွေးနဲ့လေ။ နင်လုပ်တာနင်ပြန်ကြည့်ဦး”
ယင်ရှီ၏ လေသံ ချက်ချင်းလျော့သွားသည်။ အစောတုန်းကလောက် ဒေါသသံမပါတော့။
“ထားလိုက်ပါ၊ ထားလိုက်ပါ။ ကြက်တစ်ကောင်ပဲကို။ ငါတို့လည်း အခုပြေလည်နေတာပဲ။ ဒီကောင်လေး ကူညီချင်စိတ်ရှိတာ ကောင်းတာပေါ့။ တာဝန်သိတယ်လို့ ပြောရမှာပဲ”
ဖုန်ရှို့လင်က အမြန်ဝင်ပြောသည်။ သားအမိကြား ဖျန်ဖြေပေးသည်။ ဥကြက်မတစ်ကောင်ဆုံးရှုံးသဖြင့် ဝမ်းနည်းသော်လည်း ချက်ပြီးသားဟင်းတစ်ခွက်အတွက် ကလေးကိုဆူပူငေါက်ငမ်းနေလျှင် ဘာမှအကျိုးမရှိဟု သူမြင်သည်။
“ဖုန်ရှို့လင်၊ ရှင် လူမှန်ကြီးလို ဟန်ဆောင်မနေနဲ့။ ရှင့်သားချက်ထားတဲ့ စွပ်ပြုတ်ကို လာမြည်းကြည့်ဦး။ ဆားတွေဘယ်လောက်များ ထည့်ထားတယ်မသိဘူး။ စားလို့တောင်ရသေးရဲ့လား”
ယင်ရှီစကားကြောင့် ဖုန်ရှို့လင်ရှေ့တိုးလာပြီး စွပ်ပြုတ်ကို တစ်ဇွန်းခပ်၍ မြည်းကြည့်သည်။ နည်းနည်းသာ မြည်းကြည့်ရသေးသည်။ မိုးဒစ်လေဒဏ်ကြောင့် ကြမ်းတမ်းနေသည့်သူ့မျက်နှာ ရှုံ့မဲ့သွားသည်။ ငန်သည်။ စားမရအောင် ငန်လွန်းသည်။
“ဆားတွေဘယ်လောက်များ မင်းထည့်လိုက်တာလဲ”
ဖုန်ရှို့လင်က ဘေးတွင်ရပ်နေသည့် အပြစ်ကင်းပုံပေါ်သည့်ကောင်လေးကို လှည့်ကြည့်လိုက်သည်။
“သေချာမပြောတတ်ဘူး။ အဆင်ပြေမယ်ထင်သလောက် ထည့်လိုက်တာပဲ။ ကျွန်တော်ထည့်တာ များလွန်းသွားလို့လား”
သူတကယ် သေချာမသိ။ ကြက်က မမျှော်လင့်ဘဲ ပေါက်ကွဲထွက်သည်။ ကြက်သွေးမရလိုက်။ ထို့ကြောင့် ဆားပိုထည့်၍ အချိန်ကြာကြာချက်လိုက်သည်။
“စွပ်ပြုတ်ထဲကို ရေပိုထည့်လိုက်ရင်ကောင်းမလားပဲ”
ဖုန်ရှို့လင် ယင်ရှီကို လှည့်ပြောလိုက်သည်။ ထို့နောက် ဖုန်ချင်အန်း သေချာဆုံးမသည်။
“ယောက်ျားကောင်းတစ်ယောက်ဟာ မီးဖိုချောင်နဲ့ ဝေးဝေးနေသင့်တယ်။ စာကိုပဲ အာရုံစိုက်လေ့လာပါ။ ဟင်းချက်တာကို မင်းအမေလုပ်လိမ့်မယ်။ နောက်ထပ် ဝင်မစွက်နဲ့တော့”
”ယောက်ျားကောင်းက မီးဖိုချောင်နဲ့ ဝေးဝေးနေသင့်တယ်ဆိုတဲ့စကားက မီးဖိုချောင်ကို ရှောင်ခိုင်းတာမဟုတ်ဘူး။ တကယ့် ဆိုလိုရင်းက...”
ဖုန်ချင်အန်း အလင်းပြရန် ကြိုးစားသည်။ သို့သော် သူ့စကားကို နားထောင်သူမရှိတော့။ ဖုန်ရှို့လင်က ယင်ရှီကို နှစ်သိမ့်နေသော်လည်း သူ့စိတ်ထဲ အတော်စိတ်ဓာတ်ကျနေသည်။ ထိုကြက်မဒန်းသည် တကယ်ဥနှုန်းကောင်းသည့်ကြက်ဖြစ်သည်။
မီးဖိုခန်းမှထွက်၍ ခြံထဲသို့ဆင်းလာပြီးနောက် သက်ဝင်လှုပ်ရှားနေသည့် အကောင်များကိုကြည့်ရင်း ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။
“ငါ ယောက်ျားကောင်း ဖြစ်နိုင်မယ်မထင်တော့ဘူး”
ယောက်ျားကောင်းဆိုသည်မှာ မြင့်မြတ်၍ ဖြောင့်မတ်သည့်စိတ်မျိုး ရှိရသည်။ သို့သော် ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်းကို သူသေချာပေါက် ဆက်လေ့ကျင့်ရမည်။ ခြံထဲမှ ကြက်များဘဲများသာ စမ်းသပ်စရာရှိသည်။ အိမ်မွေးတိရစ္ဆာန်များမှလွဲလျှင် တစ်ခြားစမ်းသပ်စရာ အကောင်မရှိ။
“ဝုတ် ဝုတ်”
ဖုန်ချင်အန်းကိုမြင်သည်နှင့် ခြံဝန်းထဲတွင် လှည့်ပတ်နေသည့် ခွေးပေါက်လေးက ချက်ချင်းပြေးလာသည်။ ခဏကစားပြီးနောက် ယင်ရှီက ညစာစားဖို့ လှမ်းခေါ်သဖြင့် ဖုန်ချင်အန်း အိမ်ထဲသို့ ဝင်သွားသည်။
“ကုန်အောင်စား။ ဒါတွေအားလုံး နင့်ကြောင့် အလဟဿဖြစ်တာ”
ပန်းကန်အပြည့်ကြက်စွပ်ပြုတ်က သူ့ရှေ့ စားပွဲပေါ်တွင် ရှိနေသည်။ သူ့ကလေးလက်နှစ်ဘက်ဖြင့်ပင် လှမ်းမီလောက်အောင် နီးကပ်နေသည်။
“အဖေနဲ့အမေရော စားဦးလေ”
အတော်များများစားပြီးမှ သူတစ်ယောက်တည်း ကြက်သားပန်းကန်ကို စားနေရခြင်းဖြစ်ကြောင်း သတိထားမိသွားသည်။ မိဘနှစ်ပါးက ဟင်းသီးဟင်းရွက်တစ်ချို့ဖြင့်သာ စားသောက်နေသည်။
“ဒီကြက်သားစွပ်ပြုတ်က တစ်ခုခုလိုနေသလိုပဲ။ ရှင်ပဲစားပါ”
ယင်ရှီမျက်နှာတွင် တစ်ခုခုထိန်းချုပ်ထားသည့်အမူအရာမျိုး ပေါ်နေသည်။
“မင်းစားပါ၊ ငါက ကြက်သားမကြိုက်ဘူး”
ဖုန်ရှို့လင်က သူ့ထမင်းပန်းကန်ကိုကိုင်ရင်း သွားဖြဲပြုံးပြသည်။
ဖုန်ချင်အန်း အသံတိတ်ဆက်စားနေသည်။ ထိုစကားလုံးမျိုး ကြိမ်ဖန်များစွာ သူကြားဖူးသည်။ အားလုံးက ဆင်ခြေများသာဖြစ်သည်။ ဆယ်နှစ်သားကလေးဖြစ်သည့် သူ့အနေဖြင့် အရင်က ထိုစကားမျိုးကို ယုံချင်ယုံမိလိမ့်မည်။ သို့သော် ယခု မယုံမိတော့။
ကြက်သားတစ်တုံးကို တူဖြင့်ညှပ်ယူ၍ ခဏကိုက်ဝါးနေသည်။ ထို့နောက် အဆီပြန်နေသည့်သူ့မျက်နှာ ရှုံ့မဲ့သွားသည်။ ပါးစပ်ဟ၍ ဝါးပြီးသားကြက်သားဖတ်ကို ထမင်းပန်းကန်ထဲသို့ ပြန်ထွေးထုတ်သည်။
“ဘာဖြစ်တာလဲ”
ယင်ရှီက စိုးရိမ်တကြီး မေးသည်။
“ဒီအသားက တစ်ခုခုထူးဆန်းနေသလိုပဲ”
“ဘာထူးဆန်းတာလဲ။ ဆားငန်တာလား။ အင်းလေ၊ နင်က ဆားတွေအများကြီးထည့်ခဲ့တာပဲ”
“မဟုတ်ဘူး။ အဲလိုမဟုတ်ဘူး။ အရသာက တစ်မျိုးကြီးဖြစ်နေတာ။ ကျွန်တော်မပြောတတ်ဘူး။ ထူးဆန်းတယ်။ အရင်ကစားဖူးတာနဲ့ မတူဘူး”
ဖုန်ချင်အန်း မျက်မှောင်ကျုံ့၍ အလေးအနက်ပုံစံဖြင့်ပြောသည်။
“ဘာတွေများ ဒီလောက်ထူးဆန်းနေတာလဲ”
ယင်ရှီ နည်းနည်းအံ့အားသင့်သွားသည်။ ကြက်သားတစ်တုံး သူကိုယ်တိုင်စားကြည့်သည်။ ခဏဝါးနေပြီးနောက် ဖုန်ချင်အန်းကိုကြည့်၍
“အရသာက ဘာမှမူမမှန်တာမရှိဘူး”
“တကယ် တစ်မျိုးကြီးဖြစ်နေလို့ ပြောတာပါအမေ။ အမေက သေချာအရသာမခံတတ်လို့ပါ။ အဖေ၊ အဖေမြည့်ကြည်ပါဦး။ အမေက ဘာမှမသိဘူး”
ဖုန်ချင်အန်းအကြည့်က သူ့ဖခင်ဆီသို့ ရောက်သွားသည်။ သားအမိနှစ်ယောက်စကားကြောင့် ဖုန်ရှို့လင်လည်း နည်းနည်းဇဝေဇဝါဖြစ်သွားသည်။ အသားတစ်တုံးယူ၍ ဝါးကြည့်သည်။ ဘာထူးခြားချက်မှ မခံစားရ။
“ဘာထူးဆန်းတာရှိလို့လဲ။ အတော်လတ်ဆတ်ပါတယ်ကွ”
“အဖေတို့နှစ်ယောက်လုံး အရာသာမှန် မသိကြဘူးလား”
ဖုန်ချင်အန်း ပွစိပွစိပြော၍ သူ့မိဘများရှေ့တွင် နောက်ထပ်ကြက်သားတစ်တုံး ကောက်ဝါးလိုက်သည်။ ခဏဝါးနေပြီးနောက် မျက်မှောင်ကျုံ့၍ သူ့ခွက်ထဲသို့ ပြန်ထွေးလိုက်သည်။
“တကယ်တစ်ခုခုမှားနေတယ်။ ဒီကြက် ရောဂါဖြစ်နေတာတော့ မဟုတ်ဘူးမို့လား”
“ပေါက်ရတွေ”
“ပေါက်ကရမပြောနဲ့။ ဘာလို့ ရောဂါဖြစ်ရမှာလဲကွ”
နှစ်ယောက်လုံး အော်ငေါက်ကြသည်။ ဖုန်ချင်အန်းစကားကို မယုံသဖြင့် နောက်ထပ်တစ်တုံစီ ထပ်ယူ၍ သေချာအရသာခံကြည့်ကြသည်။ အချင်းချင်းကြည့်၍ ဘာမှမထူးခြားကြောင်း အတည်ပြုကြသည်။
“မင်းရေပိုထည့်ပြီး ပြန်ချက်လိုက်လို့ အရသာနည်းနည်းပြောင်းသွားတာဖြစ်မယ်။ ဒါကြောင့် အားနွီက မူမမှန်ဘူးထင်နေတာလားမသိဘူး”
ဖုန်ရှို့လင်က ဖြစ်နိုင်ခြေကို စဉ်းစားသည်။
“နင်က အတော်ချေးများတာပဲ။ အငတ်ဘေးဆိုက်ရင် နင်ဂျေးများပုံနဲ့တော့ ငတ်သေမှာပဲ။ နင့်ထမင်းကို မြန်မြန်ကုန်အောင်စား။ ထမင်းတစ်စေ့မှ မကျန်စေနဲ့”
ယင်ရှီ အော်ငေါက်သည်။
ဖုန်ချင်အန်း သူ့ထမင်းပန်းကန်ကို အမြန်လက်စသပ်သည်။ ထို့နောက် မိဘနှစ်ပါးကိုကြည့်၍
“ဒီကြက်သားကို အမေတို့စားချင်စားကြ။ ကျွန်တော်တော့ လုံးဝမထိတော့ဘူး။ ဘယ်လိုအရသာကြီးမှန်းမသိဘူး”
“စားချင်လည်းစား၊ မစားချင်လည်းမစားနဲ့ပေါ့”
ယင်ရှီက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“အရသာက တကယ်ထူးဆန်းနေတာပါ။ အမေတို့က သေချာအရာသမခံနိုင်လို့ပါ”
ဖုန်ချင်အန်း ဗလုံးပထွေးရေရွတ်လျင် သူ့အခန်းသို့ ပြန်သွားသည်။ အခန်းတံခါးပိတ်ပြီးနောက် နှုတ်ခမ်းကို လျှာဖြင့်သပ်၍ ကျန်နေသးသည့်အရသာကို သေချာခံစားလိုက်သည်။
ဤမိဘနှစ်ပါးသည် သူ့အရင်ဘဝမိဘနှစ်ပါးလိုပင်ဖြစ်သည်။ သားသမီးကို အရာအားလုံး တတ်နိုင်သမျှ အကောင်းဆုံးပေးကြသည်။
သို့သော် သူတကယ်လည်း ကြက်သားစွပ်ပြုတ်တစ်အိုးလုံး ကုန်အောင်မစားနိုင်ပါ။ မိသားစု အတူမျှစားမှသာ ပိုအဆင်ပြေမည်။
ယခုသူတို့ ခက်ခဲရှားပါးသည့်ဘဝမျိုးမဟုတ်တော့။ အတိတ်ဘဝက ပိုကောင်းသည့်ဘဝမျိုး တွေ့ကြုံဖူးသဖြင့် ယခုလို တိုးတက်လာသည့် အိမ်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဖုန်ချင်အန်း နေတတ်သည်။ သို့သော် သူ့မိဘများက အရင်လို ခြိုးခြံချွေတာ၍သာ နေကြဆဲဖြစ်သည်။
သူအဖေ ဖုန်ရှို့လင်ကို ဥပမာကြည့်နိုင်သည်။ မြေပိုင်ရှင်အဖြစ် ခံ့ခံ့ညားညားနေနိုင်သော်လည်း ပေါက်ပြားထမ်း၍ လယ်မြေထွန်ယက်ဖို့သာ ရွေးချယ်သည်။
သူ့အမေယင်ရှီလည်း မထူးလှ။ အိမ်စေအလုပ်သမားများစွာ ငှားရမ်းနိုင်သ်ောလည်း အားလုံးကို သူ့ဘာသာလုပ်သည်။
ဖုန်ချင်အန်း ဘာမှမတတ်နိုင်။ အခါအားလျော်စွာ ပါးပါးနပ်နပ်ဖြင့် လှည့်ကွက်တစ်ချို့ ထုတ်သုံးရုံသာရှိတော့သည်။
*****************************************