အအေးမိမည်စိုး၍
Vol. 1 Ch. 15
“တကယ်မလွယ်ဘူး။ အခုမှပဲ နောက်တစ်ခါအခွင့်အရေးရတော့တယ်”
လဝက်ကြာပြီးနောက် လူရှင်းနေသည့်အိမ်ကိုကြည့်၍ ဖုန်ချင်းအန်း ဝမ်းသာလုံးဆို့နေသည်။ သူအဖေနှင့်အမေ တစ်ယောက်ယောက်ရှိလျှင် ကြက်မား ဘဲများကို သူမျက်စောင်းထိုးခွင့်မရ။
ကံကောင်းထောက်မစွာဖြင့် သူတို့မိသားစုလုပ်ငန်းကိုင်ငန်းက ကျယ်ပြန့်လာသည်။ သူက စိတ်ရှည်ရှည် အခွင့်ချောင်းရုံသာဖြစ်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ကြက်ဆိုတော့၊ ဒီတစ်ခါ ဘဲနဲ့စမ်းမယ်။ မျှတသွားအောင်ပေါ့”
လက်ဝါးနှစ်ဘက်ကိုပွတ်၍ ဘဲခြံထဲသို့ ခုန်ဝင်လိုက်သည်။ ဆူညံသည့် တဂွတ်ဂွတ်အော်သံများကြားမှ ဘဲကြီးတစ်ကောင်ကို လည်ပင်းမှဖမ်းကိုင်လိုက်သည်။
“အရင်တစ်ခါကလို သတိလက်လွတ်လုပ်လို့မဖြစ်ဘူး”
ပြီးခဲ့သည့်တစ်ခေါက်ကအဖြစ်ကို သူပြန်တွေးမိသည်။ ယခုလည်း အောင်မြင်မည်ဟု သည့်ထင်မထား။ ကျရှုံးမှုအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ အိုးခွက်ပန်းကန်များကို ဆေးကြောထားသည်။ မီးဖိုးထဲသို့ ထင်းများထိုးထည့်ထားသည်။ အားလုံး အသင့်ပြင်ထားသည်။
“ဝုတ် ဝုတ်”
နည်းနည်းအရွယ်ရောက်လာသည့် ရှောင်ဟေးဇီက သူ့ခြေရင်းတွင် လှည့်ပတ်နေသည်။ ပျော်ရွှင်နေဟန်ဖြင့် အမြီးနှံ့နေသည်။ သူ့သခင်လေး အသားဟင်းချက်တော့မည်မှန်းသိသည်။ အသားမရနိုင်သော်လည်း အရိုးအားလုံးက သူ့အစာဖြစ်လာမည်။
“သွား၊ ဟိုနားမှာ သွားပုန်းနေ။ ပြီးခဲ့တဲ့တစ်ခေါက်ကလို အရှက်ကွဲနေလိမ့်မယ်”
ရုန်းကန်နေသည့်ဘဲကို ထိန်းကိုင်၍ ကြိုပြင်ထားသည့် သစ်သားစည်ထဲသို့ ထည့်လိုက်သည်။ အသက်ရှုနှုန်းထိန်း၍ ဝိညာဉ်ချီများ စုစည်းသည်။ ဘဲကိုယ်ထဲသို့ ကျင်လည်စွာ ပို့လွှတ်သည်။
ဤတစ်ကြိမ်တွင် ဝိညာဉ်စွမ်းအားကို ဘဲ၏သွေးနှင့်အသားများထဲသို့ ပို့လွှတ်သည်။ သို့သော် ထိုအဆင့်ကို သူကျွမ်းကျင်ရန် အတော်လိုသေးသည်။ ထို့ကြောင့်
"ဘုန်း”
သို့သော် ယခင်တစ်ခေါက်ထက် ပိုပြင်ဆင်ထားသည်။ ဘဲခန္ဓာကိုယ်က ဖေါင်းပွပေါက်ကွဲမထွက်မီ မျက်လုံးဖွင့်၍ သစ်သားစည်အဖုံးကို အုပ်လိုက်သည်။ သူ့လက်အောက်တွင် ပြင်းထန်သည့်အားလှိုင်းကို ခံစားလိုက်ရပြီးနောက်တွင် အလွန်တရာတည်ငြိမ်သည့်အသွင်ဖြင့် သွေးချင်းချင်းရဲနေသည့်အဖုံးကို ပြန်ဖွင့်သည်။
“ဒီညတော့ ဘဲသားစွပ်ပြုတ်ပေါ့”
ညနေဆည်းဆာ ရွှေဝါရောင်အလင်းက ဖုန်အိမ်တော်ခြံဝင်းထဲသို့ ထိုးကျနေသည်။ မိုးခြုန်းသံနှင့်သူသည့် အော်သံတစ်ခုသာမရှိလျှင် အလွန်သာယာသည့် မြင်ကွင်းတစ်ခုဖြစ်ပေမည်။
“ဖုန်ချင်အန်း၊ ငါ့မွေးထားတဲ့ကြက်တွေကို နင်ဒုက္ခပေးပြန်ပြီလား”
“မဟုတ်ပါဘူး အမေ။ အခုကျွန်တော် ဘဲသားပေါင်းစွပ်ပြုတ်ချက်နေတပါ။ လာမြည်းကြည့်ပါဦး။ ပြီးခဲ့တဲ့တစ်ခေါက်ကထက် အရသာကောင်းမယ်ထင်ပါတယ်။ ဆားအများကြီး မထည့်ပါဘူး”
“နင့်ကို မီးဖိုချောင်မဝင်ဖို့ ငါပြောထားတယ်မဟုတ်လား။ ဘာလို့ ရောက်နေပြန်တာလဲ”
ယင်ရှီအတော်ဒေါသထွက်နေသည်။ ပွဲတော်နေ့မဟုတ်ဘဲ ဖုန်ချင်အန်းက ကြက်ဘဲများကို သတ်ဖြတ်နေသည်။ မည်သူမှ သည်းခံနိုင်မည်မဟုတ်။
“ကျွန်တော် မနေနိုင်လို့ပါ”
“မနေနိုင်ဘူးတဲ့လား။ ငါပင်ပင်ပန်းပန်းမွေးထားတဲ့ ဘဲတွေကို ဖျက်ဆီးတဲ့ကောင်။ နင်အမြဲတမ်း ဒုက္ခပေးနေပါလား ငွေဖြုန်းတီးတဲ့ကောင်ရဲ့။ အဲဒီမှာ ရပ်နေစမ်း”
“မလုပ်နဲ့၊ မရိုက်ပါနဲ့အမေ။ နာတယ်ဗျ။ ကျွန်တော်မှားသွားပါတယ်”
“မှားသွားတယ်ပေါ့။ အဲဒါဆို အခုချက်ချင်းဒူးထောက်စမ်း။ ညစာစားချိန်မရောက်မချင်း မထနဲ့”
“ဟုတ်ကဲ့ပါ”
အပြစ်ဒဏ်ကို သူရိုကျိုးစွာ ခံယူသည်။ သို့သော် ထိုရိုကျိုးမှုအောက်တွင် လုံးဝဆန့်ကျင်ဘက်အတွေးများရှိနေသည်။
“နောက်တစ်ကြိမ်ထပ်လုပ်ဦးမယ်”
သုံးရက်ကြာပြီးနောက် ယင်ရှီ အပြင်ထွက်ရသည်။ သို့သော် အိမ်တွင်ကျန်ခဲ့သည့် ကြက်များဘဲများကို စိတ်မချသဖြင့် စောစောပြန်လာသည်။
“ဖုန်ချင်အန်း”
အမေများက သားတစ်ယောက်ကို နာမည်အပြည့်အစုံခေါ်ပြီဆိုလျှင် တုံ့ဆိုင်းမနေဘဲ မြန်နိုင်သမျှမြန်အောင် ပြေးရသည်။ သို့မှသာ အနာသက်သာသည်။
“အမေ၊ ကျွန်တော်မှားမှန်းသိပါပြီ။ ကျွန်တော့်နောက်ကို လိုက်မလာပါနဲ့”
ရွာလမ်းတစ်လျှောက် ဖုန်ချင်အန်း အားကုန်ပြေးသည်။ နောက်ပြန်လှည့်ကြည့်တိုင်း ဒေါသတကြီး တံမျက်စည်းကိုင်၍လိုက်လာသည့် ယင်ရှီကို မြင်ရသည်။
“ငွေဖြုန်းတီးနေတဲ့ကောင်၊ အဲဒီမှာရပ်နေစမ်း”
“အမေလိုက်မလာဘူးဆိုရင် ကျွန်တော်ရပ်မှာပေါ့”
ဖုန်ချင်အန်း ပြန်အော်သည်။ အရိုက်ခံသင့်မှန်းသိသော်လည်း တံမျက်စည်းနှင့်ရိုက်ခံရလျှင် တကယ်နာသည်။ ထို့ကြောင့် အန္တရာယ်ရှောင်တမ်းလိုသည့် ဗီဇစိတ်ကြောင့် ပြေးဖို့သာ အရင်ဆုံးဖြတ်မိသည်။
“ဘာဖြစ်တာလဲ ဖုန်ချင်အန်းအမေ၊ ဒီကောင်ဘာလုပ်ခဲ့လို့ အဲလောက်စိတ်ဆိုးနေရတာလဲ”
တစ်ဘက်ခြံဝင်းထဲတွင် နေဆာလှုံနေသည့် သက်ကြီးပိုင်းတစ်ယောက်က ဖုန်ချင်အန်း သူ့ခြံဝင်းရှေ့ဖြတ်ပြေးသွားသည်ကိုကြည့်ပြီး တံမျက်စည်းကိုင်၍လိုက်လာသည့် ယင်ရှီကို ပြုံး၍မေးလိုက်သည်။
ကလေးဆိုးကို မိဘက တံမျက်စည်းကိုင်၍လိုက်သည့်မြင်ကွင်းမှာ သိပ်မရှားလှ။ မြင်နေကျမြင်ကွင်းဖြစ်သည်။
သို့သော် ဖုန်မိသားစုကလေးနှစ်ယောက်သည် လိမ္မာရေးခြားရှိသည်ဟု အားလုံးသိထားကြသည်။ မိဘများကို စိတ်အေးချမ်းမှုပေးနိုင်သဖြင့် တစ်ခြားမိဘများက တကယ့်စံပြကလေးများဟု ယူဆကြသည်။ သို့သော်ယနေ့ သားငယ်ဖုန်ချင်အန်းက အမေကိုစိတ်ဆိုးအောင်လုပ်မိသဖြင့် လိုက်ရိုက်ခံနေရသည်ကို မြင်ရသည်။ ထို့ကြောင့် သက်ကြီးပိုင်းလူက မနေနိုင်ဘဲ မေးလိုက်ခြင်းဖြစ်သည်။
“ဒီပေါက်လွှတ်ပဲစားက ကျွန်မမရှိတုန်း ကျွန်မမွေးထားတဲ့အကောင်တွေကို နောက်တစ်ခါ ထပ်သတ်ပြန်ပြီလေ”
မောပန်းနေသည့်ယင်ရှီက ခြေလှမ်းအရှိန်လျှော့၍ မကျေမနပ်ပြန်ဖြေသည်။
“ဖုန်ချင်အန်းအမေ၊ မင်းရဲ့သားကြီးက ထိပ်တန်းစာပေပညာရှင်ဖြစ်နေပြီ။ မင်းတို့မိသားစုလည်း ချမ်းသာပြီးဂုဏ်တင့်နေတာပဲလေ။ ကြက်တွေဘဲတွေ ရှားပါးသေးလို့လား”
အဘိုးအို နားမလည်နိုင်အောင် ဖြစ်သွားသည်။ ရွာထဲမှ လူဆင်းရဲသားသမီးများ ကြက်များဘဲများ ထင်သလိုသတ်ဖြတ်လျှင် မိဘများလိုက်ရိုက်သည်ကို သူနားလည်နိုင်သည်။ သို့သော် လယ်ဧကများစွာပိုင်ထားသည့် ဤမိသားစုအတွက် ကြက်ဘဲကိစ္စဆိုသည်မှာ ဘာမှမပြောပလောက်။
“ဒါပေမယ့် ဒီသူတောင်းစားက မကြာခဏ ကြက်တွေဘဲတွေသတ်ပြီး သူ့ဟင်းချက်စွမ်းရည်ကို လေ့ကျင့်နေတာ”
ယင်ရှီ ဒေါသမပြေ။ ကြက်များဘြများ မွေးရသည်မှာ လွဘ်သည့်အလုပ်မဟုတ်။ ယခု အလဟဿ ဖြုန်းတီးခံနေရသည်။
“ဟင်းချက်စွမ်းရည် လေ့ကျင့်တယ်တဲ့လား။ ဒါဆိုရင်တော့ သူအရိုက်ခံသင့်တာပေါ့”
အဘိုးအို ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ စာပေပညာရှင်တစ်ယောက်၏ညီငယ်သည် ချက်ရေးပြုတ်ရေးကိစ္စများကို ဝင်မစွက်သင့်။ စာကိုသာ ကြိုးစားလေ့လာ၍ ပညာရှင်ဖြစ်အောင်ကြိုးစားပြီး မိသားစုဂုဏ်ကို ဆောင်သင့်သည်။
ဖုန်ကျားဆိပ်ကမ်း လီတစ်ဆယ်ပတ်လည်အတွင်း ထိပ်တန်းပညာရှင်ကို မွေးထုတ်နိုင်ခဲ့သည့် ဖုန်မိသားစုကြောင့် ဤရွာသားများလည်း အကျိုးကျေးဇူးများ ရကြသည်။ ဥပမာအားဖြင့် ဤအဘိုးအို၏မြေးသည် အနီးအနားရွာမှ မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ရန်စီစဉ်ခဲ့သည်။ အစက သိပ်အဆင်မပြေခဲ့။ သို့သော် သူတို့ရွာတွင် ထိပ်တန်းစာပေပညာရှင်ပေါ်ထွက်သည်ဟု ကြားသည်နှင့် လက်ထပ်ပွဲက ချက်ချင်းအဆင်ချောသွားသည်။ သူတို့ရွာသည် ပညာရှင်အရှိန်အဝါရှိသည်ဟု ပြောကြသည်။
“ဖုန်ချင်အန်းအမေ၊ သူ့နောက်ကို ဆက်လိုက်ပါ။ သူ့အမှားသူသိအောင် သေချာလုပ်ပေးဖို့လိုတယ်”
“နေဆာလှုံနေပါဦး အဘိုး။ ကျွန်မ ဒီကောင်လေးနောက် လိုက်သွားဦးမယ်”
............
“ဖုန်ချင်အန်း။ ကြက်ခြံထဲမှာ ဘာလို့ကြက်တစ်ကောင်လျော့နေတာလဲ”
“ဒီမှာပါအမေ”
ဖုန်ချင်အန်းက ဝင့်ကြွားသည့်ဟန်ပန်ဖြင့် လက်ထဲမှ အမွှေးနှုတ်ပြီးသားကြက်ကို မြှောက်ပြသည်။
ကြက်ဘဲတစ်ဒါဇင်ကျော် သတ်ဖြတ်ပြီးနောက်တွင် ကြက်ဘဲများပေါက်ကွဲမထွက်အောင် သူလုပ်နိုင်လာသည်။ အသက်မသေအောင် မထိန်းနိုင်သော်လည်း အစပိုင်းနှင့်ယှဉ်လျှင် များစွာတိုးတက်လာသည်။
“နောက်ထပ် ငါ့ကြက်တစ်ကောင် သတ်ပြန်ပြီပေါ့”
စိတ်ပျက်စရာကောင်းသည့်သားငယ်ကို ခံစားချက်ကင်းမဲ့နေသည့်မျက်နှာဖြင့် ယင်ရှီကြည့်နေသည်။ ပြီးခဲ့သည့်နှစ်လအတွင်း သူအတော်စိတ်ပင်ပန်းရုံသာ အဖတ်တင်သည်။ သူ့ကြက်များဘဲများက သူ့သားကို ဘယ်လိုရန်စမိသည်မသိ။ ဖုန်ချင်အန်းက လုံးဝအလွတ်မပေး။
“အာ အမေ၊ ကျွန်တော်ရှင်းပြပါ့မယ်။ ဒီကြက်က သူ့ဘာသာ ပျံထွက်သွားတာ။ သူ့နောက်ကို ကျွန်တော်တစ်လမ်းလုံး လိုက်ဖမ်းတယ်။ ကုံးတန်ရဲ့ အိမ်ဘေးက ရေကန်ကိုရောက်မှ သူ့ကိုမိတာ”
“ဒါဆို ကြက်က ဘယ်လိုလုပ်ဒီပုံစံဖြစ်သွားတာလဲ”
“ရေထဲကျသွားတယ်လေ။ အအေးမိမှာစိုးလို့ ရေစိုနေတဲ့သူ့အမွှေးတွေကို ကျွန်တော်နှုတ်ပေးလိုက်တာ။ ပြီးမှ ရေနွေးပူနဲ့စိမ်ပြီး သူအနွေးဓာတ်ရအောင် လုပ်ပေးမလို့ပါ”
“အော်...ဟုတ်လား၊ နင်အဲဒီမှာရပ်နေစမ်း”
***************************************