တောင်နက်
Vol. 2 Ch. 16
“ဒီနေ့ကြက်သတ်တာကရော ဘာအကြောင်းရှိလို့လဲ’
အိမ်ပြန်ရောက်လာသည့်ယင်ရှီက ဇွဲကောင်းလွန်းသည့်သူ့သား မီးဖိုနားတွင် အလုပ်များနေသည်ကိုကြည့်၍ ပျော်ခြင်းဝမ်းနည်းခြင်းမရှိသည့်မျက်နှာဖြင့် မေးသည်။ တည်ငြိမ်လှသည်။ ထိုမိမနိုင်ဖမနိုင်ကောင်၏ အကြောင်းပြချက်ကိုသာ ကြားလို၍ မေးခြင်းဖြစ်သည်။
“အမေပြန်လာပြီလား”
သူ့လုပ်ရပ်များနှင့် အသားကျသွားသည့်ယင်ရှီကို လှမ်းကြည့်သည်။
ဖုန်ချင်အန်း နည်းနည်း ရှက်သွားသည်။ သို့သော် သေချာရှင်းပြလိုက်သည်။
“သူ့ကိုသတ်ဖို့ရယ်တော့မဟုတ်ပါဘူး။ ဒီကြက်က အပူရှပ်သွားတယ်။ ကျွန်တော် သူ့အတွက်စိတ်မကောင်းလို့ ရေထဲနှစ်ပြီး အအေးဓာတ်ပေးလိုက်တာပါ။ ခဏကြာတော့ သူက ရုတ်တရက် အသက်ရှူကြပ်သလိုဖြစ်လာတယ်လေ။ ဒါနဲ့ သူ့ဒုက္ခကို ရှင်းပေးလိုက်ရတာပါ”
“ဪ အဲလိုဖြစ်သွားတာလား”
ယင်ရှီ တည်ငြိမ်စွာခေါင်းငြိမ့်သည်။
ပြီးခဲ့သည့်လဝက်လောက်ကသာဆိုလျှင် ထိုစကားမျိုးကြားပြီးနောက် တံမျက်စည်းကိုင်၍ သူလိုက်ရိုက်မည်ဖြစ်သည်။ ပေါက်တတ်ကရဆင်ခြေများပေးနေသည့်သားကို ဆုံးမမည်ဖြစ်သည်။
သို့သော်ယခု သူအတော်ပင်ပန်းသွားသည်။ ရိုက်ချင်စိတ်လည်းမရှိတော့။ လုပ်ချင်ရာလုပ်ခွင့်ပေးထားလိုက်သည်။
အဖေကြီးဖုန်ရှို့လင်လည်း ဘာမှမပြောတော့။ လက်ရှိမိသားစုအခြေအနေက ကြက်ဘဲကိစ္စ အရေးစိုက်စရာမလိုတော့။ သူ့သား ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လိုအပ်သည်ဟုသာ ယူဆထားလိုက်သည်။
“အမေကျွန်တော့်ကို မရိုက်တော့ဘူးလား”
အရင်ကနှင့် မတူတော့သည့် ယင်ရှီကိုကြည့်၍ သူနည်းနည်းစိတ်မသက်မသာဖြစ်မိသည်။ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်ကို ရနိုင်သည့်နည်းလမ်းဖြင့် သူလေ့ကျင့်နေရသည်။
ထိုသို့လေ့ကျင့်ရသည်ကမလွယ်။ တန်ဖိုးတခု အမြဲတမ်းပေးဆပ်ရသည်။
ကြက်နှင့်ဘဲများ ဘဝကူးသွားသည်။ သူ့ဖင်လည်း မကြာခဏ ရောင်ကိုင်းလာသည်။ သို့သော် ထိုအရာအားလုံးက ထိုက်တန်ပါသည်။
“ငါနင့်ကိုရိုက်ရင်ရော မသတ်ဘဲနေမှာလား။ ငါအမှန်အတိုင်း သိချင်တယ်”
ယင်ရှီ အတော်စိတ်ပျက်နေဟန်ဖြင့် မေးသည်။
“ဟင့်အင်း၊ ကျွန်တော်မရပ်နိုင်ဘူး”
ဖုန်ချင်အန်း ဤတစ်ကြိမ်တွင် အမှန်အတိုင်းဖြေလိုက်သည်။ သူ့တိုးတက်မှု သိသိသာသာရှိခဲ့သော်လည်း မလုံလောက်သေး။ ဝိညာဉ်စုစည်းခြင်းအဆင့် ပြီးမြောက်သွားပြီး သူရွေးချယ်သည့်ကြက်ဘဲများ အသက်ရှင်လျက် ခုန်ပေါက်နေမှသာ အောင်မြင်သည်ဟု သတ်မှတ်နိုင်ပြီဖြစ်သည်။
“နင့်ကို ရိုက်တာရော ဆူငေါက်တာရော ဘာမှထူးမလာဘူးလေ။ ငါက ဘာလုပ်စရာရှိသေးလို့လဲ”
ယင်ရှီ သက်ပြင်းချ၍ ခေါင်းခါသည်။
“နင့်စိတ်ကြိုက်သာလုပ်ပါ။ ဟင်းချက်တတ်တာလည်း ကောင်းပါတယ်။ နင်ဘယ်နေရာရောက်ရောက် မငတ်တော့ဘူးပေါ့”
“အဲလောက်ပဲလား”
ဖုန်ချင်အန်း အတော်အသားမကျဖြစသွားသည်။ လှည့်ပြေးရန်ပြင်ထားပြီးဖြစ်သည်။ ပြေးပေါက်လည်း စီစဉ်ထားသည်။ ပုန်းစရာနေရာသုံးခု ပြင်ထားပြီးဖြစ်သည်။ သို့သော် ယခု မလိုအပ်တော့။
“ဟင်း”
သူသက်ပြင်းချလိုက်သည်။ ဆရာတစ်ယောက် ပညာရပ်များ ကျွမ်းကျင်ပြီးမြောက်ပြီးနောက် လောကတွင် ပြိုင်ဘက်မရှိတော့သဖြင့် အထီးကျန်သည့်ခံစားချက်မျိုးပင် ပေါ်လာသည်။
ကြက်သားစွပ်ပြုတ်နံ့ ဝေ့ဝဲလွင့်ပျံလာသည်။ ဖုန်ချင်အန်း အတွေးဖြတ်၍ အလုပ်ပြန်လုပ်သည်။ ဘာမှပြောစရာမရှိတော့။ ပြီးခဲ့သည့်နှစ်လသုံးလအတွင်း သူ့စွပ်ပြုတ်အရည်အသွေးလည်း အတော်တိုးတက်လာပြီဖြစ်သည်။
သူ့ကြောင့် ကံဆိုးသွားသည့် ကြက်ဘဲများ၏ အသားတုံးတစ်ခုတစ်လေပင် အချဉ်းအနှီးမဖြစ်တော့။ အားလုံးက အသားဟင်းဖြစ်လာသည်။
နောက်ရက်များတွင် ပို၍ငြိမ်းချမ်းသွားသည်။ ယင်ရှီလည်း ကြက်ဘဲများ ရက်ခြားတစ်ခါသတ်နေသည့် သူ့သားအတွက် စိတ်သောကထပ်မခံစားတော့။ ရှီလီရွာသားများလည်း ရိုက်နှက်ဆူငေါက်သည့်မြင်ကွင်းမျိုး ထပ်မြင်ရမည်မဟုတ်တော့။
အရာရှိငယ်ဖြစ်ချင်သည်ဟု ကြွေးကြော်ခဲ့သည့် ဖုန်ချင်အန်း ထူးထူးခြားခြား စွမ်းဆောင်နိုင်၍တော့မဟုတ်။ သူ့အမေက လက်လျှော့လိုက်သောကြောင့်ဖြစ်သည်။
ရွာသားများလည်း မျက်စိပသာဒခံစရာ နည်းသွားသလို ဖုန်ချင်အန်းကိုယ်တိုင်လည်း နည်းနည်းငြီးငွေ့သွားသည်။ သို့သော် မည်မျှငြီးငွေ့သော်လည်း ကြက်ဘဲသတ်သည့်အချိန် သူ့မိဘများမမြင်အောင် ကြိုးစားရသေးသည်။ သူဘာလုပ်နေသည်ကို မြင်သွား၍မဖြစ်။
ကြက်ဘဲတစ်ကောင်ကိုသူကိုင်ပြီး မျက်လုံးမှေးလိုက်ရုံဖြင့် ကြက်ဘဲများ ရုတ်တရက် ပေါက်ကွဲသည့် သို့မဟုတ် သေသွားသည့်မြင်ကွင်းမှာ အပြင်လူများအတွက် ယုံနိုင်စရမရှိသောကြောင့်ဖြစ်မည်။
ကြောက်စရာကောင်းလောက်အောင် ထူးဆန်းနေမည်။ ယုတ်ညံ့သည့် အောက်လမ်းဆရာာတစ်ယောက်ဟု သူ့ကိုကင်ပွန်းတပ်လာနိုင်သည်။ အရာရှိများက သူ့ကိုဖမ်းခေါ်ပြီး သစ်သားပြားဖြင့်ရိုက်မည့်အဖြစ်မျိုး သူမလိုချင်။ ထိုအဖြစ်သည် သူ့အမေ တံမျက်စည်းရိုက်ချက်နှင့် တူမည်မဟုတ်။
အချိန်က တိတ်ဆိတ်စွာ ဖြတ်ကျော်သွားသည်။ မသိလိုက်မသိဘာသာဖြင့် နွေလယ်ကာလသို့ရောက်လာသည်။
နေမင်းက ကြမ်းတမ်းရက်စက်သည်။ အပူဓာတ် မြင့်မားနေသည်။ အပူရှောင်ရန် အိမ်ထဲတွင် ထိုင်နေရင်း သူ့အခန်းထဲ လွတ်လပ်စွာ လျှောက်သွားနေသည့် ကြက်ဖကြီးကိုကြည့်၍ သူ့မျက်နှာတွင် အပျော်ရိပ်သန်းနေသည်။
ရောင်စုံအမွှေးများဖြင့် တကယ်ခံ့ညားသည့် ကြက်ဖကြီးဖြစ်သည်။ အမောက်က နီရဲနေသည်။ တောင်ပံများက တောက်ပပြောင်လက်နေသည်။ လည်ပင်းနှင့်ကျောပြင်က အဝါရောင်ရှိသည်။ မင်နက်ရောင်အမြီးက ကော့ညွှတ်နေသည့်။ အရောင်လျော့နေသည့်အမွှေးဟူ၍ မရှိ။ အရောင်ငါးခုလုံး ပြိုင်တူတောက်ပနေသဖြင့် ကြက်ဖကြီးအသွင်အပြင်က အတော်ဝင့်ထည်နေသည်။
“ဒီကိုလာစမ်း”
ဖုန်ချင်အန်းင်အန်း ကြက်ဖကို လက်ယပ်ခေါ်လိုက်သည်။ လွန်ခဲ့သည့်နှစ်ပတ်ကတည်းက သူ့လက်ထဲတွင် ကြက်ဘဲအတော်များများ အသက်မသေအောင် ထိန်းထားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် မဲလုံးကို မစမ်းသပ်သေး။ သူ့ပို့လွှတ်သည့်ဝိညာဉ်ချီများကို အောင်မြင်စွာစုပ်ယူနိုင်ခဲ့သည့် ကြက်ဘဲများ၏အခြေအနေကို ကြည့်နေသည်။
ထို့အပြင် သူ့ရှေ့မှကြက်ဖသည် အပြောင်းအလဲအကြီးမားဆုံး အလားအလာအကောင်းဆုံးဖြစ်သည်။ အသွေးအမွှေးများက သိသိသာသာပြောင်လက်လာသည်။
“ကတွတ် ကတွတ်”
ကြက်ဖက အဆက်မပြတ်အသံပေးနေသည်။ ဖုန်ချင်အန်း ခေါ်နေသည်ကို အရေးမစိုက်။
“ငါပြောတာနားမလည်ဘူးလား။ ဉာဏ်ရည် တိုးတက်မလာသေးတဲ့ပုံပဲ”
တစ်ကြိမ်အသွင်ပြောင်းပြီးနောက်မှာပင် ဉာဏ်ရည်အဆင့်အတန်းမြင့်သည့် ဝိညာဉ်မျိုးမွေးဖွားမလာသေး။ ချီစွမ်းအင်စုပ်ယူမှုကြောင့် ထူးခြားလာသည်မှာ အမွှေးအတောင်နှင့်အရွယ်အစားသာ ဖြစ်ပုံရသည်။
“တောင်နက်၊ ဒီကြက်ကို မောင်းထုတ်လိုက်”
အစမ်းသပ်ခံအဖြစ် သူစောင့်ကြည့်နေသည့် ကြက်ဖက ဘာမှမတုံ့ပြန်သဖြင့် ဖုန်ချင်အန်း အမိန့်ပေးလိုက်သည်။
သူ့စကားဆုံးသည်နှင့် အနက်နှင့်မီးခိုးရောင်ရှိသည့် ခွေးပေါက်လေးက သူ့ခြေရင်းမှထွက်သွားပြီး ကြက်ဖကို ဒေါသတကြီး ထိုးဟောင်သည်။
သူ့ပိုင်နက်လို အေးအေးဆေးဆေးလျှောက်သွားနေသည့် ကြက်ဖကြီး လန့်ဖျတ်သွားပြီး တောင်ပံတဖျတ်ဖျတ်ခတ်၍ ထွက်ပြေးသည်။ ခြေသုံးလေးလှမ်း ခုန်လိုက်ရုံဖြင့် ဖုန်ချင်အန်း အခန်းထဲမှ လွတ်ထွက်၍ ခြံဝင်းထဲရောက်သွားသည်။
“တော်တယ် တောင်နက်”
တောင်နက်ဟူသည့်နာမည်ကို ခွေးပေါက်လေးအား သူပေးထားသည်။ ဝိညာဉ်ပေါင်းစည်းခြင်းနည်းကို ကြက်ဘဲအုပ်များအပေါ် အတော်ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီးနောက် ထိုနာမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
ရှောင်ဟဲဇီ(မဲလုံးလေး) ဆိုသည့်နာမည်က သိပ်မသင့်တော်ပေ။ ယခုခေါ်၍ အဆင်ပြေသော်လည်း နောင်တစ်ချိန် ခွေးဝံပုလွေက နတ်ဆိုးသားရဲ သို့မဟုတ် နတ်ဆိုးဘုရင်ဖြစ်လာလျှင် အဆင်မပြေတော့။ တစ်ခြားနတ်ဆိုးသားရဲများနှင့် မိတ်ဆက်လျှင် မဲလုံးလေးဟူသည့်နာမည်သည် လှောင်ရယ်စရာဖြစ်နေလိမ့်မည်။
ထို့ကြောင့် အတော်ကြာအောင်စဉ်းစားပြီးနောက် အသွေးအမွှေး နက်မှောင်သည့်အဖြစ်ကို အခြေခံ၍ ရှေ့တွင် ‘တောင်’ ဟူသည် မျိုးရိုးနာမည်ထည့်လိုက်သည်။
“ဝုတ်”
တောင်နက်က အမြီးနံ့၍ ပြန်လျှောက်လာသည်။ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်း တစ်ခါမှ မကြုံရသေးသော်လည်း ဖုန်ချင်အန်းနာမည်သစ်ပေးသည်ကို သူချက်ချင်းနားလည်သည်။
“ငါပြင်ဆင်နေတာကြာပြီ။ အခု မင်းကို ဝိညာဉ်ပေါင်းစပ်ပြီး သွေးသန့်စင်နိုင်ပါပြီ”
ဖုန်ချင်အန်း ခွေးပေါက်လေးကို ကောက်ချီလိုက်သည်။ နှစ်လအတွင်း တောင်နက်၏အရွယ်အစား နှစ်ဆတိုးလာသည်။ အတော်အားစိုက်၍ ချီမရသည်။ ခွေးပေါက်လေးက ရုန်းကန်ခြင်းမပြု၍ တော်သေးသည်။
**************************