နတ်ဆိုးအသွင်ပြောင်းလက္ခဏာ
Vol. 2 Ch. 17
တောင်နက်၏ဦးခေါင်းပေါ်လက်တင်၍ ပတ်ဝန်းကျင် ဝိညာဉ်ချီများကို ဆွဲယူကာ ပထမဝိညာဉ်စာချုပ်ချုပ်နိုင်လုနီးပါးရှိသည့် ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်လိုက်သည်။
ပထမဆုံးအကြိမ်ဖြစ်၍ သူအတော်ဂရုစိုက်သည်။ အရင်ကစမ်းသပ်မှုများထက် ဝိညာဉ်စွမ်းအားကို လျှော့ထားသည်။ ထို့ကြောင့် အဆင်ပြေပြေထိန်းချုပ်နိုင်သည်။
ဝိညာဉ်စွမ်းအင်များ တောင်နက်ထဲသို့ စီးဝင်သွားချိန်တွင် သူစိတ်လှုပ်ရှားလာသည်။ ဖြစ်လာမည့်အပြောင်းအလဲများကို ဂရုတစိုက်စောင့်ကြည့်နေသည်။
ကြက်ဘဲများစွာ စမ်းသပ်ပြီးနောက်တွင် တိရစ္ဆာန်တိုင်း ဝိညာဉ်ချီကို လက်မခံနိုင်ကြောင်း သူသိလာသည်။ အထူးသဖြင့် ချီစွမ်းအင်များကို အတင်းထည့်သွင်းလျှင်ပင် ထိန်းသိမ်းမထားနိုင်ကြ။
တိရစ္ဆာန်တိုင်း၏ ကံကြမ္မာက ဝိညာဉ်စွမ်းအင်နှင့် သဟဇာတမဖြစ်ကြောင်း ကြက်ဘဲများစွာ၏အသက်ကို အရင်းအနှီးပြု၍ သူသိလာသည်။
အစပိုင်းတွင် ဝိညာဉ်ချီအကြောင်း သူသိပ်နားမလည်သေးသောကြောင့်လည်းဖြစ်သည်။ အထပ်ထပ်လေ့ကျင့်၍ တဖြေးဖြေးကျွမ်းကျင်လာသဖြင့် ချီသဟဇာတမဖြစ်သည့် ကြက်ဘဲများကို နောက်ပိုင်းတွင် ပေါက်ကွဲပြီး သေမသွားအောင် ထိန်းထားနိုင်လာသည်။
အသက်မသေသော်လည်း ထည့်သွင်းပေးထားသည့် ချီစွမ်းအင်များ ကြာရှည်မခံဘဲ ပျောက်ပျက်သွားသည်။
သတ္တဝါတစ်ကောင် အသွင်ပြောင်းရန် ဝိညာဉ်ချီကို ထိန်းထားနိုင်ဖို့လိုသည်။ ပြန်လည်မွေးဖွားနိုင်ရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ ထိုစွမ်းရည်သည် ကံသတ်မှတ်ထားသည့် မွေးရာပါစွမ်းရည်မျိုးဖြစ်သည်။
စွမ်းရည်သည် အရေးကြီးပါသည်။ ထိုစွမ်းအင်မရှိလျှင် ကံကြမ္မာကိုပြောင်းလဲ၍ ပြန်မွေးဖွားနိုင်မည်မဟုတ်။ စွမ်းရည်ရှိနေလျှင်လည်း ထူးခြားချင်မှ ထူးခြားမည်။ ကြက်ခြံဘဲခြံထဲတွင် မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်တစ်ချို့တွင် ထိုစွမ်းရည်မျိုးရှိကြသည်။
ကြက်ဘဲများမှလွဲ၍ တစ်ခြားတိရစ္ဆာန်များနှင့် မစမ်းသပ်ဖူးသဖြင့် တစ်ခြားသတ္တဝါမျိုးစိတ်များ ထိုသို့ဟုတ်မဟုတ် မသိသော်လည်း ထိုအတိုင်းပင်ဖြစ်မည်ဟု သူယူဆသည်။
သို့သော် သူ့ဝိညာဉ်စွမ်းအားဖြင့် လက်ထဲမှခွေးပေါက်လေးအခြေအနေကို အာရုံခံမိသဖြင့် သူစိတ်သာရာရသွားသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဝိညာဉ်ချီပေါင်းစပ်ခြင်း ချောမွေ့နေသည်။ သူမျှော်လင်ထားသည်ထက်ပင် ပို၍အဆင်ပြေနေသည်။ အရင်ကစမ်းသပ်ခဲ့သည် ကြက်ဘဲများထက် အခြေအနေပိုကောင်းသည်။
“ဟား၊ ဒီခွေးကို ငါမွေးမိတာ သိပ်မှန်တာပဲ။ တောင်နက်၊ မင်းတကယ် လုပ်နိုင်သားပဲကွ”
သူပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သူ့အနာဂတ်သားရဲက ပထမဝိညာဉ်ပေါင်းစပ်ခြင်းအဆင့်ကို အောင်မြင်သွားပြီဖြစ်သည်။ စိတ်လှုပ်ရှားမှုကြောင့် ခွေးပေါက်လေးကို သူ့ဦးခေါင်းအထက်သို့ မြှောက်လိုက်သည်။
တောင်နက်ကလည်း ပျော်ရွှင်နေသည့်ဖုန်ချင်အန်းကိုကြည့်၍ စိတ်လှုပ်ရှားဟန်ဖြင့် တဝုတ်ဝုတ်ဟောင်နေသည်။
စိတ်နည်းနည်းငြိမ်သွားပြီးနောက် တောင်နက်ကို ဝိညာဉ်ပေါင်းစပ်ခြင်းဒုတိယအဆင့် ချက်ချင်းစမလုပ်သေး။ တောင်နက်သည် အရင်ကြက်ဘဲများထက် ချီလက်ခံနိုင်စွမ်း ပိုမြင့်မားကြောင်း သိသာသော်လည်း အလျင်စလိုလုပ်၍မဖြစ်။
သူကိုယ်တိုင် မွေးဖွားခဲ့သည့် ဤခွေးသည် သူအဆင့်တက်နိုင်ရန် အဓိကသော့ချက်ဖြစ်သည်။ သူ့ကြောင့် လမ်းတစ်ဝက်တွင် မတော်တဆအန္တရာယ်ကြုံခြင်းမျိုး အဖြစ်မခံနိုင်ပေ။
တောင်နက်ကို တစ်နေ့လျှင် တစ်ကြိမ်သာ ဝိညာဉ်ပေါင်းစပ်မှုလုပ်၍ အပြောင်းအလဲများကို စောင့်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။
ထိုညမှာပင် တောင်နက်က ထူးခြားမှုပြလာသည်။ စားနှုန်းသိသိသာသာ တိုးလာခြင်းဖြစ်သည်။
သေးငယ်သည့်အပြောင်းအလဲလေးဖြစ်သော်လည်း နှစ်ကျော်ကြာအောင် အမြဲတမ်းအစာကျွေးလာသည့် ဖုန်ချင်အန်းက ချက်ချင်းသတိပြုမိသည်။
ထိုအဖြစ်ကြောင့် သူစိတ်အေးသွားသည်။ ပျော်ရွှင်ရသည်။ ပိုစားနိုင်ခြင်းသည်လည်း စွမ်းရည်တစ်ခုပင် ဖြစ်သည်။ တောင်နက်သည် ခန္ဓာကိုယ်ဖွံ့ဖြိုးဆဲအရွယ်ဖြစ်သည်။ ပိုစားနိုင်လေ အရွယ်အစားကြီးလာလေ ဖြစ်မည်။
သို့သော် တောင်နက်ကို နေ့စဉ်ဝိညာဉ်ပေါင်းစပ်နေရင်း သူ့အပျော်များ လျော့ပါးသွားပြန်သည်။ တောင်နက်က တစ်နေ့ထက်တစ်နေ့ အစားပုပ်လာသောကြောင့်ဖြစ်သည်။
တစ်နေ့တစ်ခြား အစားကြီးလာသဖြင့် သူ့မိဘများပင် သတိထားမိလာသည်။ သို့သော် သိပ်တော့ အရေးမစိုက်ကြ။ ထိုခွေး၏ နောက်ခံမျိုးရိုးက သန့်ရှင်းသောကြောင့်ဖြစ်သည်။
သို့သော် ဖုန်ချင်အန်းနည်းနည်းစိတ်ပူလာသည်။ တောင်နက်က စားကြွင်းစားကျန်များကိုပါ အပြောင်းရှင်းလာသဖြင့် မိဘများ အံ့ဩလာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် နောက်ကွယ်တွင် ခွေးအတွက် အစာပိုရနိုင်အောင် သူနည်းလမ်းရှာရသည်။
သို့သော်လည်း ထိုအခြေအနေအတိုင်း ရေရှည် ဆက်သွား၍မဖြစ်။ သူ့အသက်အရွယ်နှင့် ခန္ဓာကိုယ်ကြောင့် စုထားသည့်ငွေတစ်ချို့ရှိနေသည့်တိုင် အားလုံး ထုတ်သုံးပြ၍မဖြစ်။
“တောင်နက်၊ မင်းတကယ်စားနိုင်တဲ့ကောင်ပဲ”
တောင်နက်ခေါင်းကိုကိုင်၍ သူသက်ပြင်းချနေသည်။ လဝက်အတွင်း တောင်နက်ခန္ဓာကိုယ်က သိသိသာသာကြီးလာသည်။ ဝိညာဉ်ချီ၏အကျိုးသက်ရောက်မှုက ထင်ရှားလွန်းနေသည်။
“ဝုတ်”
ဖုန်ချင်အန်း စိတ်ပျက်လက်ပျက်သက်ပြင်းချသံကြောင့် မြေပေါ်တွင်ဝပ်နေသည့် တောင်နက်က ခေါင်းထောင်၍ သူ့ကိုတိုးဝှေ့လာသည်။ ထို့နောက် ရုတ်တရက်ထရပ်၍ အိပ်အပြင်ဘက်ကသို့ ပြေးထွက်သွားသည်။ ဖုန်ချင်အန်း အံ့အားသင့်သွားသည်။
“တောင်နက်”
သူနောက်မှ အမြန်လိုက်သည်။ သို့သော် သုံးလသားခွေးပေါက်ကို သူ့လက်ရှိကလေးခန္ဓာကိုယ်က မီအောင်မလိုက်နိုင်ပေ။ တံခါးဝသို့ ရောက်ချိန်တွင် တောင်နက်က မြင့်မားသည့်သစ်ပင်တစ်ခုပေါ်မှ တစ်စုံတစ်ခုကိုက်ယူ၍ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
“ဝုတ်”
ဖုန်ချင်အန်းကို မြင်သဖြင့် တောင်နက်အမြန်ပြေးလာသည်။ ပါးစပ်ထဲမှအရာကိုချပြီး မြေပြင်တွင်ဝမ်ကာ သွားကိုဖြဲလျက် အမြီးကိုမှုန်နေအောင် နံ့ပြနေသည်။ သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေမှန်း သိသာသည်။
“ဘဲရိုင်း”
မြေပေါ်မှ သွေးသံရဲရဲငှက်ကိုကြည့်၍ ဖုန်ချင်အန်း ချက်ချင်းသိလိုက်သည်။ ထို့နောက် သူ့ရှေ့မှ ခွေးဝံပုလွေကို အံ့ဩဝမ်းသာကြည့်၍ ခေါင်းကိုပွတ်ပေးရင်း ရယ်မောလိုက်သည်။
“မင်းတော်တယ် တောင်နက်။ မင်းကို အမဲလိုက်ခွေးဆိုတာ ငါမေ့နေတယ်။ မင်းဘာသာ အမဲလိုက်နိုင်တာပဲ။ ဒါပေမယ့် ခွေးတစ်ကောင် သစ်ပင်တက်ပြီး ငှက်ဖမ်းတာတော့ သိပ်သဘာဝမကျဘူး”
ဖုန်ချင်အန်း စကားကြောင့် မာန်ဝင့်နေသည့်တောင်နက် ချက်ချင်းခေါင်းငုံ့သွားသည်။ နားရွက်နှစ်ဘက်လည်း အောက်သို့ကျသွားသည်။ စိတ်ဆိုးသွားပုံရသည်။ ထိုအဖြစ်ကိုကြည့်၍ ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။သင့်သွားသည်။
“ငါပြောတာကို မင်းနားလည်တယ်ပေါ့”
ခွေးများသည် ဉာဏ်ရည်မြင့်မားကြောင်း သူသိသည်။ သို့သော် ထပ်တလဲလဲကြားဖူးသည့် စကားတစ်ချို့ကိုသာ နားလည်နိုင်စွမ်းရှိသည်။ ရှုပ်ထွေးသည့်ဝါကျများကို နားမလည်နိုင်ပေ။ ယခု တောင်နက်အပြုအမူက သာမန်ခွေးများထက် အသိဉာဏ်မြင့်မားကြောင်း ပြနေသည်။
“ဝုတ်”
တောင်နက် ခေါင်းပြန်မော့လာသည်။ အမြီးကို ပြန်နံ့ပြသည်။ တစ်ခုခုကို အတည်ပြုနေဟန်ရှိသည်။
“ငါပြောတာကို နားလည်တယ်ဆိုရင် ဒီည မင်းစားဖို့ မင်းဘာသာရှာရမယ်”
“အူးးး”
“ငါပြောတာ ဆုံးအောင်နားထောင်ဦး”
မြေပေါ်တွင်ဝပ်၍ ဗိုက်ကိုလှန်ပြရန်ပြင်နေသည့် ခွေးဝံပုလွေကိုကြည့်၍ ဖုန်ချင်အန်း ပိုသေချာသွားသည်။
“မိုးချုပ်လို့ ငါ့မိဘတွေ အိပ်ရင် နံရံပေါ်က ခုန်ကျော်ပြီး မင်းသွားပါ။ သစ်ပင်တက်ပြီးတောင် ငှက်ဖမ်းနိုင်တယ်ဆိုတော့ တောကြက်တွေ၊ တောယုန်တွေလည်း မင်းဖမ်းနိုင်တယ်မဟုတ်လား”
“ဝုတ်”
တောင်နက် ချခက်ချင်းထရပ်လာပြီး စိတ်လှုပ်ရှားဟန်ဖြင့် သူ့ဘေးတွင် လှည့်ပတ်နေသည်။ အပြင်ထွက်၍ အမဲလိုက်ချင်စိတ်ကို အတော်ထိန်းထားခဲ့ရဟန်တူသည်။
“အရိုင်းကောင်တွေပဲ မင်းဖမ်းရမယ်နော်။ တစ်ခြားအိမ်က မွေးထားတဲ့ ကြက်တွေဘဲတွေကို သွားမထိနဲ့။ တစ်ယောက်ယောက်လာတိုင်လို့ကတော့ မင်းကိုငါ ကာကွယ်မပေးဘူး”
တောင်နက်သည် သူ့ထက်စည်းကမ်းပိုရှိမှန်းသိသော်လည်း ဖုန်ချင်အန်း အလေးအနက် သတိပေးလိုက်သည်။ တောင်နက်သည် အသားမက်သော်လည်း ခြံထဲမှကြက်ဘဲများကို တစ်ခါမှမထိဖူး။
*****************************