ပထမဝိညာဉ်စာချုပ်
Vol. 2 Ch. 18
“ဒီသောက်ခွေးက ငါပြောတာတကယ်နားလည်တာပဲ”
လရောင်အောက်တွက် နံရံပါ်ကျော်တက်၍ ထွက်သွားသည့် တောင်နက်ကိုကြည့်ရင်း ဖုန်ချင်အန်း တအံ့တဩ ရေရွတ်မိသည်။
တောင်နက်၏အမွေးများက ညအမှောင်နှင့် ရောထွေးနေပြီး သူသေချာမမြင်ရသော်လည်း လပေါင်းအတော်ကြာ ကျင့်ကြံထားခဲ့သဖြင့် အာရုံခံစားမှုအတော်ထက်မြက်သည်။ အမှောင်ထုနှင့် တောင်နက်ကို အလွယ်တကူ သူခွဲခြားနိုင်သည်။
ကျင့်ကြံမှုမှရလာသည့် ကောင်းကွက်လေးတစ်ခုဖြစ်သည်။ တစ်ခြားအပြောင်းအလဲများကို သူမမြင်သေး။ သူ့ဝိညာဉ်စွမ်းအားက ထူးခြားအပြောင်းအလဲဖြစ်နိုင်သည့် အနေအထားသို့ မရောက်သေး၍ဖြစ်မည်ဟု သူယူဆသည်။
(မစ်ရှင်ခွဲ၊ အနာဂတ်အမြင် ၃။ ပြည့်စုံပါပြီ)
(ဆုလာဒ်၊ စနစ်ခွင့်ပြုချက်၊ သားရဲအကဲဖြတ်စွမ်းရည် အသက်ဝင်ပါပြီ”
ဖုန်ချင်အန်း ပြတင်းပေါက်ဘေးတွင် ခဏရပ်နေပြီးနောက် အိပ်ခန်းသို့ဝင်၍ ကျင့်ကြံမှုစရန် ကြံနေစဉ် စနစ်အသံ ကြားလိုက်ရသည်။ ထို့ကြောင့် ကျင့်ကြံမှုကို အချိန်ခဏရွှေ့ဆိုင်းလိုက်သည်။
အခန်းထဲတွင် လှည့်ပတ်ကြည့်သည်။ ထို့နောက် သူ့မိဘများအိပ်ခန်းဆီ ပြတင်းပေါက်မှ လှမ်းကြည့်သည်။ အိပ်ယာဝင်ပြီးကြောင်း သေချတော့မှ အခန်းတံခါးဖွင့်၍ ခြံထဲသို့ အသာဆင်းလာသည်။ အသက်ထပ်ဝယ်ထားသည့် ခြံထဲမှ ကြက်ဘဲများကိုကြည့်လိုက်ပြီး တစ်ကောင်အမြန်ဖမ်းလိုက်သည်။
“အကဲဖြတ်မယ်”
ခပ်တိုးတိုးသူရေရွတ်လိုက်သည်။ စက်သံပေါ်မလာ။ သို့သော် သူ့သိစိတ်အာရုံတွင် မက်ဆေ့တိုတစ်ခု ပေါ်လာသည်။
(အမျိုးအစား၊ အဝါသုံးရောင်ကြက်)
(စွမ်းရည်အဆင့်၊ မရှိ)
(တိုက်ခိုက်အားအဆင့်၊ မရှိ)
“ဘာမှမရှိဘူးလား၊ ဒါဆို အကဲဖြ်နေလို့ ဘာထူးမှာလဲ”
ဖုန်ချင်အန်း မကျေမနပ်ရေရွတ်လိုက်သည်။ အဖြစ်အပျက်ကို အကြမ်းဖျင်းနားလည်သည်။ ထိုကြက်က သာမန်ဆန်လွန်းသည့်ကြက်ဖြစ်သည်။ ထူးခြားစွမ်းရည် တိုက်ပွဲစွမ်းရည် အဆင့်သတ်မှတ်စရာမရှိ။
သို့သော် အကဲဖြတ်စွမ်းရည် အသစ်ရထားသဖြင့် အခန်းထဲသို့ သူမပြန်လိုသေး။ ဘဲခြံမှ ဘဲတစ်ကောင်ကို ဖမ်း၍ အကဲဖြတ်လိုက်သည်။ ရလာဒ်က ထူးမခြားနား။
(အမျိုးအစား၊ ဘဲဖြူ)
(စွမ်းရည်အဆင့်၊ မရှိ)
“တိုက်ခိုက်အားအဆင့်၊ မရှိ)
ဘဲများသာမက တစ်ခါမှ မစမ်းသပ်ဖူးသည့် ငန်းဖြူကြီးနှစ်ကောင်ကိုပါ သူစမ်းကြည့်သည်။
(အမျိုးအစး၊ ဘဲငန်း)
(စွမ်းရည်၊ မရှိ)
(တိုက်ခိုက်အား၊ မရှိ)
ကြက်၊ ဘဲ၊ ငန်း အားလုံးကို စမ်းသပ်ပြီးနောက် မကျေနပ်သေးသဖြင့် နွားခြံသို့သွား၍ စမ်းသပ်ပြန်သည်။ ရလာဒ်က ထူးမလာပေ။
(အမျိုးအစား၊ နွားဝါနီ)
(စွမ်းရည်၊ မရှိ)
(တိုက်ခိုက်အား၊ မရှိ)
အခန်းထဲ ပြန်ရောက်ပြီးနောက် သူအတော်စိတ်ပျက်နေမိသည်။ ဘာမှထူးထူးခြားခြားဖြစ်မလာ။ ကွဲပြားချက် မတွေ့ရ။ စွမ်းရည်နှင့်တိုက်ခိုက်အားအဆင့်ရှိကြောင်းသာ သိရသည်။ သို့သော် ထိုအဆင့်များ မည်သို့ခွဲခြားသည်ကို မသိသဖြင့် စနစ်ကိုအသေးစိတ်မေးရန်ကြိုးစားသည်။ ဘာတုံ့ပြန်ချက်မှ မရ။
“သောက်လခွမ်းပဲကွာ”
လအတော်ကြာ သူပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီးမှ ထိုအကဲဖြတ်စွမ်းရည်မျိုး ရလာသဖြင့် ဒေါသအလိပ်လိုက်ထွက်နေသည်။ အိပ်ယာပေါ်ရောက်၍ ခဏကြာပြီးနောက် စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ ကျင့်ကြံမှုစသည်။ ကုတင်ပေါ်တင်ပျဉ်ခွေထိုင်၍ ဝိညာဉ်စွမ်းအင်များကို စုစည်းသည်။
“အောက်အီးအီးအွတ်”
ကြည်လင်ပီသသည့် ကြက်တွန်သံကြောင့် သူနိုးလာသည်။ မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ အမြင်အာရုံ ကြည်လင်နေသည်။ စိတ်လည်း လန်းဆန်းတက်ကြွနေသည်။ ပင်ပန်းနွယ်နယ်မှု လုံးဝမရှိ။
ထရပ်၍ ကုတင်းစွန်းမှ ခြံဝန်းထဲသို့ တစ်ချက်ချောင်းကြည့်လိုက်သည်။ သူနှင့်ရင်းနှီးသည့် အသွင်သဏ္ဌာန်တစ်ခုက မြေပြင်တွင် အိပ်ချင်ဟန်ဆောင်နေသည်ကို မြင်လိုက်ရသည်။ မနေ့ညက နံရံပေါ်မှ ကျော်ထွက်သွားသည့် တောင်နက်ပင် ဖြစ်သည်။
“အကဲဖြတ်မယ်”
ဖုန်ချင်အန်း တောင်နက်ဆီလျှောက်သွား၍ ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းကိုပွတ်လိုက်သည်။ တောင်နက်မျက်ခွံများ တစ်ချက်လှုပ်သွားသည်။ သို့သော် နှုတ်ခေါင်းဝသာ တရှုံ့ရှုံ့လှုပ်၍ မျက်လုံးက ပွင့်မလာပေ။
(အမည်- တောင်နက်)
(အမျိုးအစား- ခွေးဝံပုလွေ)
(ပင်ကိုယ်အရည်အသွေး - သားရဲ)
(စွမ်းရည်အဆင့်- ဝိညာဉ်နိုးထခြင်း အခြေခံအဆင့်)
(တိုက်ခိုက်အားအဆင့် - မရှိ)
“နောက်ဆုံးတော့ ဝိညာဉ်နိုးထခြင်းအဆင့်လေးတော့ တွေ့ရပြီပဲ”
ဖုန်ချင်အန်း အစောပိုင်းက အချက်အလက်များနှင့် နှိုင်းယှဉ်စဉ်းစားရင် အတွေးတစ်ချို့ သုံးသပ်ချက်တစ်ချို့ ရလာသည်။
“ဝိညာဉ်နိုးထခြင်းလား။ အခြေခံဝိညာဉ်နိုးထခြင်းအဆင့်ပေါ့။ ဒါဆို ဒါဟာ သားရဲတစ်ကောင်သာမန်အဆင့်က ကူးပြောင်းဖို့ ပထမခြေလှမ်းက ဦးနှောက်ရှိဖို့ပေါ့။ ဦးနှောက်မရှိရင်လည်း သားရဲထိန်းသခင်နဲ့ ဆက်သွယ်နိုင်မှာတောင်မဟုတ်ဘူး”
သူ့သုံးသပ်ချက် သိပ်မလွဲနိုင်ဟု ထင်သည်။ သားရဲနှင့်သခင် ဆက်သွယ်မှုက အလွန်အရေးကြီးသည်။ တောင်နက်ကို အိမ်ခေါ်လာခြင်းမှာလည်း တိရစ္ဆာန်များထဲတွင် ခွေးများသည်သာ လူသားနှင့် ခိုင်မာသည့်ရင်းနှီးမှုမျိုး တည်ဆောက်နိုင်သောကြောင့်ဖြစ်သည်။
“ဒါပေမယ့်၊ ဝိညာဉ်နိုးထပြီးရင် နောက်တစ်ဆင့်ကဘာလဲ”
ထိုထက်မြင့်သည့်အဆင့်များ ရှိသည်မှာ သေချာသည်။ သို့သော် စနစ်က သူ့ကိုလမ်းမပြသေး။ သားရဲသခင်များ အဆင့်အတန်းမည်သို့ခွဲကြောင်းကိုပင် မသိသေး။ အခြေခံအဆင့်တွင် ထိုအကြောင်းများ တွေးစရာလည်း မလိုသေးပါ။
တွေးနေ၍ အကျိုးထူးမည်မဟုတ်သဖြင့် ခေါင်းထဲမှ ချက်ချင်းထုတ်လိုက်သည်။ သူ့ကျင့်စဉ်စွမ်းအား စံသတ်မှတ်ချက်တစ်ခု ရောက်လျှင် အလိုလိုသိလာလိမ့်မည်။
“ဝိညာဉ်ပေါင်းစပ်မယ်”
သူ့လက်အောက်တွင် အိပ်နေသည့်ခွေးကိုကြည့်ရင်း နေ့စဉ်လုပ်နေကျ ဝိညာဉ်ပေါင်းစပ်မှုကို စတင်သည်။ အကျိုးကျေးဇူးကို မြင်နေရပြီဖြစ်၍ နှစ်ဆအားစိုက်လိုက်သည်။
သူပင်ပန်းနေရပြီး တောင်နက်က အကျိုးခံစားနေရမှန်းသိသော်လည်း ထိုသားရဲသည် သူ့အတွက် အနာဂတ်အဖေါ်မွန်ဖြစ်သည်။
“သားရဲသခင်ဖြစ်ရတဲ့ဘက ဒီလောက်တောင်ကြမ်းတမ်းတာလား”
သူထိုသို့ တွေးမိသည်။ သို့သော် သူ့လက်များက မရပ်မနားလှုပ်ရှားနေသည်။
နေ့ရက်များက ထိုသို့ပင် တည်တည်ငြိမ်ငြိမ်ဖြတ်သန်းသွားသည်။ တောင်နက်အတွက် ဝိညာဉ်ပေါင်းစပ်ခြင်းနှင့် သွေးသန့်စင်ခြင်းကို နေ့အချိန်တွင်လုပ်သည်။ ထို့နောက် ရွာကျောင်းသို့သွားသည်။ ညဘက်တွင် အိမ်စာပြီးပြီးနောက် သူအိပ်မပျော်မချင်း ကျင့်ကြံသည်။ တစ်နေ့ပြီးတစ်နေ့ သူမပျက်မကွက်လုပ်သည်။
နေ့စဉ် ဝိညာဉ်ပေါင်းစပ်ခြင်း သွေးသန့်စင်ခြင်း ညဘက်တွင် သူ့ဘာသာအမဲလိုက်ခြင်း စသည့်အကြောင်းများကြောင့် တောင်နက်ခန္ဓာကိုယ်လည်း သိသိသာသာကြီးထွားလာသည်။
ကိုယ်ထည်ကြီးမား၍ ကြောက်စရာကောင်းသည့် အသွင်အပြင်ကြောင့် တောင်နက်ကိုမြင်သူတိုင်း ထိတ်လန့်အံ့ဩကြသည်။
ခွေးပေါက်ဘဝက မီးခိုးရောင်အမွှေးပွပွနှင့် ချစ်စရာကောင်းခဲ့သည့် တောင်နက်သည် အများတရာချစ်ခင်ခြင်းခံရသည်။ လူတိုင်းက ပွေ့ချီလိုကြသည်။ သို့သော်ယခု လေးလသား ဖွံ့ဖြိုးဆဲအရွယ်မှာပဲ တောင်နက်အသွင်က ကြောက်စရာကောင်းနေသည်။
အမွှေးများက စိုပြေထူထဲနေပြီး အတွန့်အထစ်လုံးဝမရှိဘဲ တောက်ပပြောင်လက်နေသည်။ သို့သော် ထိုအမွှေးများက သန်မာသည့်သူ့ကိုယ်ထည်ကို ဖုံးမထားနိုင်ပေ။
“ဒီခွေးက အတော်လေးကို ကြီးလာတာပဲ”
အပြင်ထွက်တိုင်း ရွာသားများက မြင်ရုံဖြင့် ထိတ်လန့်ကြသည်။ ဖုန်ချင်အန်း ဘေးတွင်ရှိနေသဖြင့် အော်ဟစ်ပြေးလွှားခြင်းမရှိသော်လည်း တအံ့တဩရေရွတ်မိကြသည်။
“မဲလုံးလေးအတွက် ကြိုးတစ်ခုလောက်ဝယ်ကြမလား”
နွားသားပေါက်တစ်ကောင်နီးပါးရှိလာသည့် တောင်နက်ကိုကြည့်၍ ယင်ရှီပင် ဖုန်ရှို့လင်နှင့် တိုင်ပင်မိသည်။ သာမန်ခွေးများထက် အဆများစွာကြီးမားလာသဖြင့် လူအများကြောက်လန့်စရာဖြစ်လာသောကြောင့် ဖြစ်သည်။
“ဒီခွေးက လိမ္မာပါတယ်။ ဘာလို့ ငွေအပိုဖြုန်းနေမှာလဲ။ အဲဒီ့အစား အသားကောင်းကောင်းဝယ်ကြွေးလိုက်တာ ပိုကောင်းတာပေါ့”
ဖုန်ရှို့လင်၏အဖြေဖြစ်သည်။
သို့သော် ရွာသားများ၏ အံ့ဩစိတ်က လျော့မသွား။ ထိုခွေးကို ဝိညာဉ်(မကောင်းဆိုးဝါး) ဖြစ်လာသယောင် ထင်ကြသည်။ ရွာထဲမှ အားပန်အဖေကိုယ်တိုင် ရှင်းပြရသည်။
“ဒီခွေးက တောင်တန်းဝံပုလွေဘုရင်ရဲ့သားပါ။ ပြီးတော့ ပိုင်ရှင်အမှန်နဲ့တွေ့သွားတယ်လေ။ သာမန်ခွေးတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ။ မင်းတို့ခွေးတွေကို ဘာကျွေးသလဲ။ ဒီခွေးက ဘာစားသလဲ။ ယှဉ်လို့တောင်မရဘူးမဟုတ်လား”
ထိုသို့ဖြင့် တောင်နက်၏ထူးခြားမှုကို မကျေမနပ်ဖြင့် လက်ခံကြရသည်။ ဖုန်ချင်အန်း၏ မုန်တိုင်းနည်းနည်းထန်လာသည့်ဘဝလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုအချိန်အတွင်း အဆင့်တက်ရန် လုံလောက်သည့် ဝိညာဉ်စွမ်းအားကိုလည်း စုစည်းနိုင်ခဲ့သည်။
“ရက်ပေါင်းတစ်ရာ့နှစ်ဆယ်လောက ငါအသေအလဲကျင့်ကြံခဲ့တယ်။ နေ့တိုင်း မရပ်မနား လေ့ကျင့်ခဲ့တယ်။ ဒီနေ့တော့ အကျိုးခံစားရပြီပေါ့”
*********************************