ဝိညာဉ်ခန္ဓာ
Vol. 2 Ch. 20
“နောက်ထပ်ရှိသေးတာလား”
သူတကယ် အံ့ဩရပြန်သည်။ သားရဲထိန်းသခင်စနစ်အသိပေချက်သည် အစောပိုင်းအဆင့်များထက် များစွာထူးခြားနေသည်။
(စနစ်စစ်ဆေးချက်အရ ပိုင်ရှင်ဟာ လက်ရှိကမ္ဘာမှာ အသန်မာဆုံးပုံရိပ်သားရဲသခင်ဖြစ်လာပါပြီ)
(ဆုလာဒ်- ဝိညာဉ်ခန္ဓာ)
(ရုပ်ခန္ဓာပြောင်းလဲမှုကို ဆက်လုပ်လိုပါသလား)
ဖုန်ချင်အန်း အသံတိတ်မျင်သက်မိနေသည်။ ဘာပြောရမှန်းမသိ။ ပြီးပြည့်စုံသည် သူမသေမျိုးကျင့်စဉ်စနစ်က သားရဲထိန်းသခင်အစစ်သို့ ပြောင်းသွားသည်။ ထိုအမှားအယွင် အဘယ်ကြောင့်ဖြစ်ခဲ့သည်မသိ။
လက်ရှိအခြေအနေကလည်း သိပ်တော့အဆိုးကြီးမဟုတ်။ ဥပမာအားဖြင့် ယခု အိပ်ယာပေါ်လှဲနေရင်းဖြင့် သူအောင်မြင်မှုရနိုင်သည်။ တစ်လောကလုံးတွင် သားရဲထိန်းသခင်ဟူ၍ သူတစ်ယောက်တည်းသာရှိလျှင် သေချာပေါက် သူအသန်မာဆုံးဖြစ်ပေလိမ့်မည်။
“ဝိညာဉ်ခန္ဓာဆိုတာ ဘယ်လိုဖြစ်တည်မှုမျိုးလဲ”
သံသယကို သူထုတ်မေးသည်။ သို့သော် ပြန်ဖြေသံမကြားရ။ ဤစနစ်၏သဘာဝအရ ခန္ဓာတည်ဆောက်ပြီးမှသာ အဖြေကိုသိနိုင်မည့်သဘောရှိသည်။
“ခန္ဓာပြောင်းလဲမယ်”
ခဏတုံ့ဆိုင်းနေပြီးနောက် သူလက်ခံဖို့ ရွေးချယ်လိုက်သည်။ အတော်စွမ်းအားကြီးမည့် ခန္ဓာမျိုးဖြစ်မည်ဟု သူယူဆသည်။ အပိုအဆစ်ရလာခြင်းမျိုးဖြစ်၍ သူမငြင်းပယ်နိုင်ပေ။
“ဝိညာဉ်ခန္ဓာကိုယ်၊ ပြောင်းလဲဖို့ ပြင်ဆင်နေပါပြီ)
(သားရဲထိန်းသခင်၊ ကျေးဇူးပြုပြီး သည်းခံပေးပါ)
စနစ်သတိပေးချက်ကိုကြည့်၍ သူမျက်လုံးပြူးသွားသည်။ တစ်ခုခုမှားနေပြီဟု တွေးနေစဉ်မှာပင် သူ့ရင်ဘတ်နေရာမှ ပြင်းထန်သည့်စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သိပ်သည်းပြင်းထန်လွန်းသည်။ ဝိညာဉ်စာချုပ်ချုပ်စဉ်က ခံစားခဲ့ရသည်နှင့် လုံးဝမတူ။ ချောင်းငယ်တစ်ခုထဲသို့ မြစ်ရေလှိုင်းလုံးများ တိုးဝင်လာသလိုရှိသည်။
“သောက်လခွမ်းပဲကွာ”
သူခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ဝေဒနာက ရိုးတွင်းချင်ဆီထဲထိစိမ့်ဝင်၍ တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ကြမ်းပြင်ပေါ်တွင် ခရုတစ်ကောင်လို ခွေလှိမ့်နေရသည်။ ချွေးများ အဆက်မပြတ်ထွက်လာသည်။ ရုတ်တရက်ဖြစ်လာသည့် အပြောင်းအလဲကြောင့် သူ့ရှေ့တွင်ရပ်နေသည့် တောင်နက် ထိတ်လန့်သွားဟန်ရှိည်။
“အူးးး”
ဖုန်ချင်အန်း အသားအရေ နီရဲလာသည်ကိုကြည့်၍ တောင်နက် ဂဏာမငြိမ်ဖြစ်လာပြီး စိုးရိမ်နေဟန်ဖြင့် သူ့ဘေးတွင် လှည့်ပတ်နေသည်။ မကြာခဏာ ခေါင်းငုံ့၍ အနံ့ခံသည်။ နောက်ဆုံးတွင် တံခါးဆီ သူလှမ်းကြည့်သည်။
အပြင်သို့ ပြေးသွားရန်ပြင်နေစဉ် ဖုန်ချင်အန်းက ပူခြစ်နေသည့်လက်ဝါးဖြင့် သူ့အမြီးကို လှမ်းဆွဲလိုက်သည်။
“ငါအဆင်ပြေတယ်။ ခဏနေရင် ကောင်းသွားမှာပါ။ အမေတို့ကို သွားမနှိုးနဲ့”
အံ့ကိုကြိတ်၍ စကားတစ်လုံးချင်းကို အားတင်းပြောလိုက်ရသည်။ မခံမရပ်နိုင်သည့်ဝေဒနာကို သူခံစားနေရသည်။ အဝတ်အစားများ ချွေးဖြင့်စိုရွဲနေသည်။ သို့သော် သူ့အသိစိတ်က ထူးထူးခြားခြား ကြည်လင်နေသည်။ သတိလစ်မေ့မျော့နိုင်စရာမရှိ။
ထို့ကြောင့် ဝိညာဉ်စာချုပ်ချုပ်ထားပြီးဖြစ်သည့် တောင်နက်၏ခံစားချက်ကို ကောင်းကောင်းနားလည်သည်။
“အူးးး”
တောင်နက်အသိပြန်ဝင်လာပြီး ဖုန်ချင်အန်းကို ငုံ့ကြည့်သည်။ သူ့မျက်လုံးတွင် လူသားတစ်ယောက်ကဲ့သို့ စိုးရိမ်နေသည့်အရိပ်မျိုး ပေါ်လွင်နေသည်။
“ဘာမှမဖြစ်ဘူး။ ငါခံနိုင်ရည်ရှိပါတယ်။ခဏနေရင် အဆင်ပြေသွားမှာပါ”
အံကိုတင်းတင်းကြိတ်ထားသည်။ သူတောင့်ခံထားသည်။ သားရဲသခင်စနစ်၏ ဝိညာဉ်ခန္ဓာပြောင်းလဲမှုဖြစ်စဉ်အချက်အလက်များ သူ့အာရုံထဲသို့ဝင်လာသည်။
(၁၀ ရာနှုန်း....၁၅ ရာနှုန်း...၂၀ ရာနှုန်း...”
“သောက်ရေးထဲမှပဲ။ ဒီထက်မြန်လို့မရဘူးလားကွ”
နှေးကွေးသည့် ပြောင်းလဲနှုန်းကိုကြည့်၍ သူရူးမတတ်ဖြစ်သွားသည်။ အတော်နာကျင်ခံစားနေရသဖြင့် ညတာက ရှည်လွန်းသည်ဟုပင် တွေးမိသည်။
(ပြောင်းလဲဖြစ်စဉ်...၉၀ ရာနှုန်း...၁၀၀ရာနှုန်း)
(ခန္ဓာပြောင်းလဲခြင်း ပြီးဆုံးသွားပါပြီ)
(ဂုဏ်ယူပါတယ် သားရဲထိန်းသခင်။ ဝိညာဉ်ခန္ဓာကို ရရှိသွားပါပြီ)
ရုတ်တရက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ်ဖြစ်နေသည့် စွမ်းအားက ချက်ချင်းလျော့ကျသွားပြီး တစ်စမကျန်ပျောက်ကွယ်သွားသည်။
ကြမ်းပြင်ပေါ်တွင်လှဲရင်း ပါးစပ်ဟ၍ အသက်ကိုမောပန်းစွာ သူရှူရှိုက်နေရသည်။ မျက်နှာတွင် ကျေနပ်သည့်အပြုံးတစ်ခုရှိနေသည်။ သေဘေးလွတ်လာသည့် လူတစ်ယောက်လို ဖြစ်နေသည်။ တစ်ကိုယ်လုံး အရင်ကနှင့်မတူဘဲ ပေါ့ပါးလန်းဆန်းသွားသဖြင့် လေထဲပျံတက်မိတော့မလို ဖြစ်နေသည်။ သူ့ကိုယ်ထဲတွင် မကြုံစဖူးထူးခြားသည့် ပေါ့ပါးသွက်လက်မှုမျိုးကို ခံစားရသည်။
“ဖန်သားပြင်ကိုကြည့်မယ်”
(သားရဲထိန်းသခင် - ဖုန်ချင်အန်း)
(အဆင့် - ပုံရိပ်သားရဲသခင်)
(ခန္ဓာ - ဝိညာဉ်ခန္ဓာ (ဆက်ကြည့်ရန်))
(ပထမဝိညာဉ်စာချုပ် - တောင်နက် (ဆက်ကြည့်ရန်))
အဆင့်မြှင့်ထားသည့် ခန္ဓာသတ်မှတ်ချက်ကိုကြည့်၍ သူသက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ကိုယ်လုံး စေးကပ်ကပ်ဖြစ်နေပြီး နေမထိထိုင်မသာခံစားနေရသည်။ သို့သော် သူ့ကိုယ်သူ ဆေးကြောသန့်စင်ခြင်းမပြုမီ သူဒုက္ခခံ၍ ရထားသည့် အကျိုးရလာဒ်ကို သိလိုသေးသည်။
(ဝိညာဉ်ခန္ဓာ)
(ဖေါ်ပြချက် - သားရဲထိန်းသခင်များ အလိုချင်ဆုံး ရုပ်ခန္ဓာတစ်မျိုးဖြစ်သည်။ ဝိညာဉ်ချီနှင့်ပေါင်းစပ်နိုင်စွမ်း အားကောင်းသည်။ အချိန်ကြာမြင့်စွာ ရင်းနှီးကျွမ်းဝင်ပြီးလျှင် သားရဲ၏စွမ်းရည်ကို တိုးတက်စေနိုင်သည်။ သားရဲအတွက် ဝိညာဉ်စွမ်းအင်စုပ်ယူမှုကို အားဖြည့်ပေးနိုင်သည်။ သားရဲ၏ တိုက်ခိုက်နိုင်စွမ်း ခုခံနိုင်စွမ်းကို များစွာ တိုးတက်စေနိုင်သည်)
“ဒါပဲလား”
ဝိညာဉ်ခန္ဓာအချက်အလက်ကို ဖတ်ပြီးနောက် ဖုန်ချင်အန်း မျက်လုံးပြူးသွားပြန်သည်။ ပြင်းထန်သည့်ဝေဒနာကိုခံစား၍ သူဖြတ်ကျော်ခဲ့ရသည်။ သို့သော် ရလာသည့်ခန္ဓာက သူတစ်ပါးကို ထောက်ပံ့ရသည့်ခန္ဓာဖြစ်နေသည်။ အစာခွက်ကြီးနှင့် တူနေသည်။
“လခွမ်းပါပဲကွာ”
သူ့ဘဝနှစ်ခုလုံး ထိုမျှနာကျင်ခံစားရမှုမျိုး မကြုံဖူးသဖြင့် သူ့ကိုယ်သူ လှောင်ရယ်လိုက်မိသည်။
ဝိညာဉ်စာချုပ် ချုပ်ဆိုထားသည့်အခြေအနေအရ သားရဲကောင်က အကျိုးအမြတ်ရမှသာ သားရဲသခင်ဖြစ်သည့် သူ့အတွက် နည်းနည်းတန်ပြန်အကျိုး ခံစားရသည်။ တကယ်တမ်းပြောရလျှင် အကျိုးအမြတ်အားလုံးကို သူလိုချင်သည်။
“သောက်ငတုံးခွေးက တကယ်ကံကောင်းတာပဲ”
ကြမ်းပြင်မှထရပ်လျက် တောင်နက်ကိုကြည့်၍ မကျေမနပ်ဆဲလိုက်သည်။ အောင်နက်သည်လည်း ယခု စိတ်ပူပန်ဟန်မရှိတော့။ နည်းနည်းပင် ပျော်ရွှင်နေပုံရသည်။
“အတိတ်ဘဝတုန်းက မင်းဘယ်လိုကုသိုလ်တွေများလုပ်ခဲ့လို့ ငါမွေးစားတာ မင်းခံရတာလဲ။ သောက်လခွမ်းကောင်”
“အူးးး”
တောင်နက် တစ်ချက်ညည်းညူသံပေး၍ ခေါင်းပုသွားသည်။ ဖုန်ချင်အန်း အဘယ်ကြောင့် ရုတ်တရက် ဒေါသဖြစ်လာမှန်း သူနားလည်ပုံမပေါ်။
သို့သော် ဖုန်ချင်အန်း အဆင်ပြေသွားသဖြင့် အတော်ပျော်ရွှင်နေဟန်ရှိသည်။ ဖုန်ချင်အန်း အခြေအနေ တိုးတက်လာသည်။ ဖေါ်ပြ၍၍မရသည့်အပြောင်းအလဲတစ်ချို့ ရှိနေသည်။ တောင်နက် သူ့အနားသို့ အလိုလိုကပ်လာသည်။
“ခွေးရူး”
ထောင့်မကျိုးသည့်မျက်နှာနှင့် ထုံထိုင်းထိုင်းခွေးကိုကြည့်၍ ဖုန်ချင်အန်း နောက်တစ်ကြိမ် အော်ငေါက်လိုက်သည်။ ထိုခွေးသည် မွေးကတည်းက မြေတွင်ဝပ်နေခဲ့ပြီး ဘာမှမလုပ်ဘဲ အောင်မြင်မှုရလာသည်ဟု ဆိုနိုင်သည်။ နောက်တစ်ချိန် စွမ်းအားကြီးသတ္တဝါ ဖြစ်လာနိုင်သေးသည်။ တောင်တန်းဘုရင်ပင် ဖြစ်နိုင်သည်။ ခွေးချင်းအတူတူ ကွာခြားချက်က ကြီးမားလွန်းလှသည်။
“တစ်ကိုယ်လုံးနံစော်နေပြီပဲ”
ခံစားချက်များ ဖွင့်ထုတ်ပြီးနောက် ခန္ဓာကိုယ်ကို နည်းနည်းလှုပ်ရှားလိုက်သည်။ အတော် စိတ်မသက်မသာ ဖြစ်ရသည်။ တစ်ကိုယ်လုံး ချွေးနံ့များ နံစော်နေသည်။ ချွေးထွက်လွန်ခဲ့သဖြင့် အာခေါင်များ ခြောက်ကပ်နေသည်။
ညအချိန်ဖြစ်သော်လည်း အပြင်ထွက်၍ ကိုယ်လက်ဆေးကြောသန့်စင်ပြီးမှ အိပ်ယာဝင်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ခြားကိစ္စများကို နောက်နေ့မှ သူစဉ်းစားတော့မည်။
သို့သော် အိမ်တံခါးမှ ထွက်လိုက်သည်နှင့် စနစ်၏ အေးတိအေးစက် စကားသံက လေးကြိမ်မြောက် ပေါ်ထွက်လာသည်။ သူခြေလှမ်းရပ်သွားသည်။
(မစ်ရှင်အောင်မြင်မှု - အားလုံး၏ အဓိပဓိ)
(စနစ်စစ်ဆေးချက်၊ လက်ရှိလောကရဲ့ အသန်မာဆုံးသားရဲထိန်းသခင်ဖြစ်လာတဲ့အတွက် မစ်ရှင်အတွက် အမြင့်ဆုံးအောင်မြင်မှုဆုလာဒ်ကို ပြင်ဆင်နေပါတယ်)
“ဆုလာဒ် - အဓိပဓိဝိညာဉ်တစ်သောင်းခန္ဓာကိုယ်ပါ)
(ခန္ဓာပြောင်းလဲမှုကို ဆက်လုပ်လိုပါသလား)
“အသန်မာဆုံးသားရဲထိန်းသခင်”
သူမျက်ခုံးလှုပ်သွားသည်။ အစောပိုင်းက အတွေ့အကြုံကြောင့် ကြီးမားသည့် အန္တရာယ်အငွေ့အသက်ကို သူခံစားမိလာသလိုရှိသည်။
ပုံရိပ်သားရဲသခင်အဆင့်သည် သားရဲထိန်းသခင်စနစ်၏ အခြေခံသာဖြစ်သည်။ အခြေခံအဆင့်၏ အောင်မြင်မှုဆုလာဒ်သည်ပင် သူ့ကိုအတော်နှိပ်စက်ခဲ့သည်။
ယခု စနစ်က သူ့ကို အမြင့်ဆုံးအောင်မြင်မှုဆုလာဒ်ကို ချီးမြှင့်နေသည်။
သူလက်ခံနိုင်ဖို့ မသေချာ။
*******************************