မာန်ထောင်သည့်ကောင်
Vol. 2 Ch. 22
ခြံဝင်သည် မနက်လင်းသည်နှင့် လှုပ်ရှားသက်ဝင်နေသင့်သည်။ ကြက်များ၊ ဘဲများ၊ ငန်းများ၊ အားလုံးက အငြိမ်နေကြသည့်ကောင်များမဟုတ်။ နေ့ရောညပါ ဆူညံနေသူများဖြစ်သည်။ အချိန်အခါမရွေး အော်သံတွန်သံပေးကြသည်။
သို့သော်ယခု ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ အားလုံးက တစ်ညီတစ်ညွတ်တည်း သူ့ကိုစိုက်ကြည့်နေကြသည်။ ဖုန်ချင်အန်းစိတ်ထဲ နည်းနည်းထိတ်လန့်သွားမိသည်။
"ဖျောင်း ဖျောင်း ဖျောင်း"
တောင်ပံခတ်သံများပေါ်လာသည်။ အသံလာရာသို့ သူလှမ်းကြည့်လိုက်သည်။ အရောင်အသွေးစိုပြေတောက်ပသည့် ကြက်ကြီးက သူ့ထံ ပြေးဝင်ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
“ဝုတ်”
ကြက်ဖကြီး သူ့ကိုခုန်အုပ်ခါနီးတွင် ကျယ်လောင်သည့်ဟောင်သံတစ်ခု ဟိန်းထွက်သွားသည်။ ဖုန်ချင်အန်းနောက်မှလိုက်လာသည့် တောင်နက်က ရှေ့သို့ခုန်ထွက်၍ လေထဲမှပျံဝင်လာသည့်ကြက်ဖကြီးကို လက်ဝါးဖြင့်မြေပေါ်သို့ပုတ်ချလိုက်သည်။ အစွယ်ကိုဖြဲကာ ခေါင်းငုံ့ကို ကိုက်ခဲရန်ပြင်သည်။
“တောင်နက်”
ဖုန်ချင်အန်း အော်ဟစ်တားဆီးလိုက်သည်။ အစောပိုင်းက နူးညံ့သိမ်မွေ့၍ ခပ်တုံးတုံးအသွင်ရှိသည့် တောင်နက်မှာ တစ်ခါမှမပြဖူးသည့်ကြမ်းတမ်းမှုမျိုးကို ထုတ်ပြနေသည်။ တောင်တန်းပေါ်မှ ဆင်းလာသည့် သားရဲကောင်အသွင် ရှိနေသည်။
အရိုင်းဆန်သည့် သူ့အပြုအမူကြောင့် အိမ်မွေးကောင်အားလုံး မြေပေါ်တွင် အတူစုရုံး၍ တုန်ရင်နေသည်။ တောင်ပံတဖျတ်ဖျတ်ခတ်၍ ကြောက်လန့်တကြားအော်ဟစ်နေသည်။ ခြံဝင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
“ဝုတ်”
ဒေါသထွက်နေဟန်ရှိသည့်တောင်နက်က ဖုန်ချင်အန်းအသံကြောင့် ချက်ချင်းရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်သည်။ ဒေါသပြေသွားဟန်ရှိသော်လည်း ထူးထဲသည့်အမွှေးများက ကြွက်သားအမြှောင်းလိုက်ထနေသည့်ကိုယ်ထည်ကို ဖုံးအုပ်နိုင်စွမ်းမရှိ။ ဖုန်ချင်အန်းကို လှည့်ကြည့်ပြီးနောက် အပြစ်ကင်းသည့် ခွေးတစ်ကောင်အသွင် ပြန်ပြောင်းသွားသည်။
“လွှတ်လိုက်”
တောင်နက်လက်ဖဝါးအောက်မှ ကြောက်လန့်နေသည့်ကြက်ဖကြီးထံ ဖုန်ချင်အန်း အကြည့်ရောက်သွားသည်။ သူ့ထံမှ အကျိုးကျေးဇူးရထားသော်လည်း ကြက်ဖကြီးက သူ့ကို နှစ်လိုသည့်အမူအရာလုံးဝမပြခဲ့။ ယနေ့ အရူးတစ်ပိုင်း သူ့ကိုခုန်အုပ်ရန်ကြိုးစားခြင်းသည် မနေ့ညကအဖြစ်အပျက်များနှင့် ဆက်စပ်နေပေလိမ့်မည်။
“ဝုတ်”
တောင်နက် နောက်တစ်ကြိမ်ဟောင်လိုက်သည်။
“ဒီကြက်ကို ရှုံးလောက်အောင် ငါအားမနည်းသေးပါဘူးကွ”
ဖုန်ချင်အန်း စိတ်မသက်မသာ ပြောလိုက်သည်။
တစ်ခါမှမစမ်းကြည့်ဖူးသေးသော်လည်း မနေ့ညက သူ့ခန္ဓာကိုယ်အပြောင်းအလဲများ ကြုံခဲ့ပြီးဖြစ်၍ ထိုကြက်ကို အနိုင်ယူရန်မခက်ဟု သူတွေးမိသည်။
သူ့စကားကြောင့် တောင်နက် ချက်ချင်းလွှတ်ပေးလိုက်သည်။ မာန်ထောင်နေခဲ့သည့်ကြက်ဖကြီးမှာ ကြောက်လန့်တကြား ချက်ချင်းထရပ်ကာ တောင်ပံကိုခတ်လျက် ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် ဖုန်ချင်အန်းက အမြန်ဖမ်းဆီးလိုက်သည်။
“မင်းက ဘယ်ပြေးမလို့လဲကွ။ ငါ့ဆီမှာ တစ်ခုခုစိတ်ဝင်စားစရာရှိလို့လား”
ကြက်ဖကို သူကိုင်မြှောက်လိုက်သည်။ ကြက်ဖကြီးက ရုန်းကန်ခြင်းမရှိဘဲ စူးစားရဲရဲကြည့်နေသည်။ ဦးခေါင်းက ဖုန်ချင်အန်းလက်ကောက်ဝတ်ဆီ တိုးကပ်သွားသည်။
“ကတောက် ကတောက်”
ထို့နောက် အော်သံပေးသည်။ သို့သော် သူဘာပြောချင်သည်ကို ဖုန်ချင်အန်း နားမလည်။ ဝိညာဉ်စာချုပ်ချုပ်ထားသည့် တောင်နက်ဟောင်သံကို သူနည်းနည်းနားလည်နိုင်သည်။
သို့သော် ကြက်ဖကြီး၏ ထူးဆန်းသည့်အပြုအမူကြည့်ပြီး နောက်လက်တစ်ဘက်ဖြင့် သတိထား၍ လှမ်းကိုင်ရန် ပြင်လိုက်သည်။ ကြက်ဖကြီးက ယဉ်ကျေးမှုလုံးဝမရှိ။ သူ့လက်ကောက်ဝတ်ကို ဆိတ်လိုက်သည်။
“ဟင်းး”
ဖုန်ချင်အန်း ပင့်သက်တစ်ချက် ခပ်ပြင်းပြင်းရှိုက်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကြက်သားစွပ်ပြုတ်အိုးကို မြင်နေသည်။
ပိုထူးဆန်းသည်မှာ ကြက်ဖကြီးသည် တစ်ခါဆိတ်ရုံဖြင့်အားမရဘဲ နောက်တစ်ကြိမ်ဆိတ်ပေါက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ လက်တစ်ဘက်ဖြင့် နည်းနည်းမြှောက်ကိုင်၍ အဆိတ်ခံထားရသည့်လက်ဖြင့် ရိုက်လိုက်သည်။
“ဖုန်ချင်အန်း”
ထိုစဉ် ယင်ရှီ၏ ဒေါသတကြီးအော်သံက သူ့နောက်ဘက်မှ ထွက်လာသည်။
ခြံထဲမှ အသံဗလံများက ဆူညံလွန်းသြင့် အခြေအနေထွက်ကြည့်ချိန်တွင် ဖုန်ချင်အန်းက ကြက်ကိုရိုက်နေသည့်အဖြစ်ကို မြင်လိုက်ရသည်။
“နိုးလာပြီလား အမေ”
ကြက်တစ်ဘက်ကို လက်ကကိုင်၍ ခွေးတစ်ကောင်က သူ့ဘေးတွင်ရပ်နသည်။ တောင်နက်အရှိန်ကြောင့် ကြောက်ရွံ့နေသည့် ကြက်၊ဘဲ၊ငန်းများ သူ့ဘေးပတ်လည်တွင် ရှိနေသည်။
ဘယ်လိုပင်ကြည့်ကြည့် ယင်ရှီမျက်လုံးထဲတွင် ဆုံးမမရသည့်သူ့သားက ခွေးနှင့်အတူ ခြံထဲမှတိရစ္ဆာန်များကို ဒုက္ခပေးနေသည်ဟုသာ မြင်ပေလိမ့်မည်။
“ကြက်ကိုချလိုက်စမ်း”
“အမေ၊ ဒီကြက်က အတော်ပုန်ကန်နေတယ်။ သူ့ကို ဒီနေ့ ပေါင်းအိုးထဲထည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်”
ဖုန်ချင်အန်း အလေးအနက် ပြောလိုက်သည်။ ထိုကြက်ကို သူကောင်းကောင်းဆက်ဆံခဲ့သည်။ ကျေးဇူးကြွေးပင် တင်နေသေးသည်။ သို့သော် ထိုကြက်က ကျေးဇူးမသိတတ်ဘဲ အမဲလိုလိုထောင်လွှားခဲ့သည်။ ယနေ့ သူ့လက်ကိုပင် လာဆိတ်သည်။ စွပ်ပြုတ်မလုပ်ရလျှင် ဘယ်သူမှဒေါသပြေနိုင်မည်မဟုတ်။
“ချလိုက်စမ်း”
ဖုန်ချင်အန်း၏ ပေါက်တတ်ကရစကားများကို ယင်ရှီအရေးမစိုက်။ ကြက်ဘဲများသတ်ရန် သူ့သားပြောခဲ့သည့် ထူးဆန်းသည့်ဆင်ခြေဆင်လက်များစွာ သူကြားခဲ့ရပြီးဖြစ်သည်။
“ငါတို့တစ်ရွာလုံးမှာ ဒီကြက်လောက်လှတာ တစ်ကောင်မှမရှိဘူး။ အချိန်မှန်တွန်သံပေးဖို့ မွေးထားတာတောင် အတော်ကောင်းနေပြီ။ နင်ကဘာလို့ သတ်ချင်နေရတာလဲ”
“သူကျွန်တော့်ကိုဆိတ်တယ်အမေ”
ဖုန်ချင်အန်း မကျေမနပ်ပြောသည်။ တကယ်လည်း စိတ်ဆိုးနေသည်။ ရုပ်လှသည့်ကြက်လည်း ကံကြမ္မာကို ပြောင်းလဲနိုင်သည့်သဘောရှိသည်။ ကံကောင်းထောက်မစွာဖြင့် ဤလောကတွင် ရုပ်ချင်းယှဉ်လျှင် သူကထိပ်တန်းစာရင်းဝင်နေသည်။
“နင်ကသွားဖမ်းတာလေ။ ဆိတ်မှာပေါ့”
သူ့သားအပြစ်ဟုသာ ယင်ရှီတွေးနေသည်။
“သူ့ကို တကယ်သတ်လို့မရဘူးလား”
ဖုန်ချင်အန်း စိတ်မလျှော့ချင်သေး။ အဆိတ်ခံရသည့် လက်ကောက်ဝတ်တွင် အနီစက်တစ်ခုပေါ်နေပြီဖြစ်သည်။ ထိုကြက် စွပ်ပြုတ်အိုးထဲမရောက်လျှင် တရားမျှတမှုမရှိ။
“ဒီနေ့ ငါရှိနေသရွေ့ နင်သူ့ကို ထိလို့မရဘူး”
ယင်ရှီလေသံက အတော်မာသည်။ နှစ်ပေါင်းများစွာ ကြက်မွေးခဲ့သော်လည်း ထိုမျှလှပသည့်ကြက်ဖမျိုး သူမရခဲ့ဖူး။ ရွာလူကြီး၏သားက ထိုကြက်ကို ငွေဆယ်တုံးဖြင့်လာဝယ်စဉ်ကပင် သူမရောင်းခဲ့။ ထို့ကြောင့် သူ့သားကသတ်ဖြတ်မည်ကို လုံးဝခွင့်မပြုနိုင်ပေ။
“ကောင်းပါပြီ”
“မင်းဒီနေ့ကံကောင်းသွားတယ်မှတ်ပါ”
မကျေမနပ်ဖြင့် ရောင်စုံကြက်ဖကြီးကို လွှတ်ပေးလိုက်သည်။ ထိုကြက်သည့် အမြင်သာလှ၍ အတွင်းစိတ်ယုတ်ညံ့သည်။
အမှန်အတိုင်းပြောရလျှင် ဝိညာဉ်ချီအဟာရပြုထားသည့် ကြက်သားအရသာကို သူမြည်းစမ်းလိုသည်။ ထူးခြားမည်မှာ သေချာသည်။
“နင်ဘာလုပ်ဖို့ကြံနေတာလဲ။ ငါသတိပေးထားမယ်။ ငါ့ကြက်ဖတစ်ခုခုဖြစ်လို့ကတော့ နင်မလွယ်ဘူးမှတ်”
ယင်ရှီ မျက်နှာတင်းတင်းဖြင့် သတိပေးသည်။ ထိုကြက်ဖသည် ခြံထဲမှတစ်ခြားကြက်များထက် တန်ဖိုးကြီးသည်။ သူ့သားသတ်ဖြတ်ရန် ဝယ်ထားသည့် ရေပေါ်ဆီကြက်များနှင့် ယှဉ်၍မရ။
“ကောင်းပါပြီ၊ ကျွန်တော်ကတိပေးပါတယ်။ မသတ်ပါဘူး”
ယင်ရှီလေသံက တင်းလွန်းသဖြင့် ဖုန်ချင်အန်း ချက်ချင်းကတိပေးလိုက်သည်။ သူလည်း ကြက်များဘဲများကို ဆက်ပြီးဒုက္ခပေးစရာမလိုတော့။ ထိုရောင်စုံကြက်ဖကိုတော့ သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသည့်အပြောင်းအလဲများကို စမ်းသပ်ရန် အသုံးချနိုင်သည်။ တစ်ခြားကြက်များအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို စမ်းသပ်နိုင်သည်။
သူ့မိခင်ယင်ရှီ၏ အမူအရာနှင့်လေသံအရ ဘာကိုမှထူးထူးခြားခြားသံသယမဝင်သေးသည်မှာ ထင်ရှားနေသည်။ ထိုသို့မဟုတ်လျှင် ကြက်ဖအပေါ်စိတ်မရောက်ဘဲ သူ့ကိုသာ လာစစ်ဆေးပေလိမ့်မည်။
သာမန်လူများ မသိနိုင်ပေ။ ခြံထဲမှ တိရစ္ဆာန်များ၏ ယနေ့အပြုအမူကိုကြည့်ခြင်းအားဖြင့် အပြင်ဘက်မှ ငှက်၊ ငါး၊ ပိုးမွှားနှင့် တစ်ခြားသားရဲများ ဤကြက်ဖကြီးလို သူ့ကိုတုံ့ပြန်လာသည်ဆိုလျှင် အတော်ကြောက်စရာကောင်းသည့်ကိစ္စဖြစ်သည်။
ထိုသို့ဆိုလျှင် သူအပြင်မထွက်သည်မှာ အကောင်းဆုံးဖြစ်မည်။ ထွက်လျှင်လည်း တောင်နက်ကို ခေါ်သွားမှဖြစ်မည်။ ဝေးဝေးတော့ သွား၍မဖြစ်။ တောင်နက်သည် ပြောင်းလဲလာသည်ဆိုသော်လည်း တောရိုင်းထဲမှ ရက်စက်သည့်သားရဲများကို ရင်ဆိုင်နိုင်ဦးမည်မဟုတ်။ ထို့အပြင် တောရိုင်းတိရစ္ဆာန်များအပြင် တစ်ခြားအန္တာရယ်များပါရှိနေသည့် နေရာများ ဤကမ္ဘာတွင် ရှိနေသည်။
သူ့လက်ရှိအသိဖြင့် လိုက်မမီသည့် ထိုအန္တရာယ်များက သူ့အပေါ်အာရုံကျလာလျှင် အတော်ဆိုးဝါးလာပေလိမ့်မည်။
********************************************