နောက်ဆုတ်သွားသည့် မကောင်းဆိုးဝါးများ
Vol. 2 Ch. 23
အရောင်အသွေး တောက်ပခံ့ညားသည့် ကြက်ဖကြီးက ဖုန်ချင်အန်းကို ကြောက်ရွံ့ပုံမရဘဲ ဝံ့ကြွားသည့်ဟန်ပန်ဖြင့် အခန်းထဲတွင် လျှောက်သွားသည်။ ပထမတစ်ကြိမ် ခေါ်ယူလာစဉ်ကလိုပင်ဖြစ်သည်။
သေချာအနီးကပ်ကြည့်ချိန်တွင် ကြက်ဖကြီးည် ဦးခေါင်းကိုလှုပ်ယမ်းလျက် ခန်းမထဲတွင် အေးအေးဆေးဆေးလျှောက်သွားနေသည်ကို ဖုန်ချင်အန်း မြင်ရသည်။ သာမန်တည်ငြိမ်မှုမျိုးဟု ထင်ရသော်လည်း သူ့အနားသို့တဖြည်းဖြည်းကပ်လာရန် ကြိုးစားနေပုံရသည်။
“ငါ့ဆီမှာ ဆွဲဆောင်မှုတစ်ခုခုတော့ရှိတယ်။ သိပ်တော့ မပြင်းထန်လောက်သေးဘူး”
လက်တစ်ဘက်ဖြင့် စိုထိုင်းနေသည့် ဆံပင်များကို ပွတ်ခါလိုက်သည်။ ရေချိုးပြီးစဖြစ်၍ ကြည်လင်လန်းဆန်းနေသည်။ သူ့ကိုယ်မှ အနံ့ဆိုးအားလုံးနီးပါး ဆေးကြောသန့်စင်ပြီးချိန်ဖြစ်သည်။
“ဒါပေမယ့် ရှိနေသေးတာကခက်တယ်”
ကြက်ဖဆီ သူလျှောက်သွားသည်။ အေးအေးဆေးဆေးလမ်းလျှောက်နေပုံရသည့် ကြက်ဖကြီးက သူကပ်လာသည်ကို အာရုံခံမိသွားသဖြင့် တောင်ပံကိုဖြန့်၍ ထိုးဆိတ်ရန်ပြင်သည်။
“ဖုန်း”
လေထဲပျံလာသည့် ကြက်ဖကို ကြီးမားသည့်ခွေးလက်ဝါးက ရိုက်ချသွားသည်။ မနက်ကအတိုင်းပင် ဖြစ်သည်။ တောင်နက်ကြောင့် ထိတ်လန့်သွားသဖြင့် တောင်ပံကိုမှုန်နေအောင် အရှိန်ပြင်းပြင်းခတ်သည်။
“မမှတ်သေးဘူးထင်တယ်။ ဝိညာဉ်ချီ အကျိုးကျေးဇူးရထားတာတောင် ဗီဇစိတ်က လွှမ်းမိုးထားလို့
အသိဉာဏ်မြင့်မလာတာဖြစ်မယ်”
ခွေးလက်ဝါးအောက်မှကြက်ဖကို ဆွဲယူ၍ ပြတင်းပေါက်မျှ အပြင်သို့ လွှင့်ပစ်လိုက်သည်။
ယခု သူ့ကိုယ်မှထွက်နေသည့် စွမ်းအင်ရောင်သည် လူသားများမှလွဲ၍ တိရစ္ဆာန်အားလုံးကို အရူးအမူဖြစ်အောင် အပြင်းအထန်ဆွဲဆောင်နေပုံရသည်။ သို့သော် ရေချိုးသန့်စင်ခြင်းဖြင့် စွမ်းအင်ရောင်ကို အားနည်းအောင် လျှော့ချနိုင်သည်။
“ဒါပေမယ့် ပြဿနာက ရှိနေသေးတယ်”
နားထင်ကို လက်ဖြင့်နှိပ်၍ သူစဉ်းစားနေသည်။ အိမ်မွေးတိရစ္ဆာန်များကို ဆွဲဆောင်သည်က အကြောင်းမဟုတ်။ ရွာအပြင်ဘက်သို့ မကြာမကြာရောက်လာတတ်သည့် တောရိုင်းသားရဲများ ရှိသည်။ တောင်ကြောများပေါ်မှ ဆင်းလာသည့် အလွန်ရက်စက်ကြမ်းကြုတ်သည့်သားရဲကောင်များပင် ရှိသည်။ ထို့အပြင် တစ်ခြားအန္တရာယ်များလည်း ရှိနေသေးသည်။
“ဖြေရှင်းဖို့နည်းလမ်းတစ်ခုတော့ ငါရှာမှဖြစ်မယ်။ စွမ်းအင်ရောင်ထိန်းချုပ်တဲ့ နည်းလမ်းတွေများ ရှိနေမလား။ ရှိတော့ရှိမှာပါ။ ဒါပေမယ့် ဘယ်မှာသွားရှာရမှာလဲ”
ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း အဖြေရှာမတွေ့။
စနစ်ကလည်း မျှော်လင့်စရာသိပ်မရှိလှ။ အသိဉာဏ်ရှိသည်မဟုတ်။ လိုအပ်ချက်တစ်ချို့ကို သူဖြည့်ဆည်းနိုင်ရန် မစ်ရှင်များသာ ချပေးသည်။ လိုအပ်သည့်စံနှုန်းရောက်လျှင် ဆုလာဒ်ထုတ်ပေးသည်။
“နည်းလမ်းတစ်ခုခုတော့ ရှိလာမှာပါ။ ဒါတွေကို စိုးရိမ်မနေဘဲ ငါ့စွမ်းအားတိုးအောင်ပဲ ကြိုးစားသင့်တယ်။ တောရိုင်းကောင်တွေဟာလည်း အိမ်မွေးတိရစ္ဆာန်တွေလိုပဲလို့ သဘောထားလိုက်ရင် ဘာကြောက်စရာရှိလဲ။ ငါ့ကိုလာခုန်အုပ်ရင် မောင်းထုတ်ပစ်မှာပေါ့”
သူ့အကြည့်က အခန်းထဲမှ တောင်နက်ထံရောက်သွားသည်။
“လာပါ။ မင်းကို ဝိညာဉ်ပေါင်းစပ်ဖို့ ငါကူညီမယ်။ ငါ့ဝိညာဉ်ခန္ဓာဗီဇစွမ်းရည်က မင်းကိုဘာတွေကူညီနိုင်ဦးမလဲ ကြည့်ရမှာပေါ့”
သူ့စကားကြားသည်နှင့် တောင်နက်က ချက်ချင်းပြေးလာသည်။ သူ့ရှေ့တွင် ပါးစပ်ဟကာ လျှာထုတ်၍ အလိုက်တသိဝပ်နေသည်။ အတော်တုံးအပြီး အန္တရာယ်မရှိသည့်ပုံစံဖြစ်နေသည်။ ကြက်ဖကို တိုက်ခိုက်စဉ်က ကြမ်းတမ်းပုံမျိုး လုံးဝမရှိ။
“ဟမ်”
ဝိညာဉ်ပေါင်းစပ်မှု စတင်သည်နှင့် ထူးခြားချက်တစ်ခုကို သူချက်ချင်းခံစားမိသည်။ သူ့အာရုံတွင် ဘေးပတ်လည်တွင် လွင့်မျောနေသည့် ဝိညာဉ်ချီအလင်းစက်များက သူ့ထံ အလိုလို လွင့်ပျံလာသည်။ ကြက်ဖကြီး ဆွဲဆောင်ခံရသလိုပင်ဖြစ်သည်။ သူ့ထံ အတင်းတိုးဝင်လာသည်။
သူ့မြင်ကွင်းထဲမှသာမဟုတ်။ သူမမြင်ရသည့် အပြင်ဘက်မှ ချီစွမ်းအင်များလည်း လွင့်ပျံလာသည်။ သူ့ဘေးပတ်လည်တွင် ထူထဲသိပ်သည်းစွာ ဝန်းရံနေကြသည်။ တစ်ကိုယ်လုံး ပိုးစုန်းကြူးရာထောင်ချီ၍ ဝန်းရံခံထားရသလိုဖြစ်နေသည်။
“ဒါ ဝိညာဉ်ခန္ဓာက ဝိညာဉ်ချီနဲ့ သဟဇာတဖြစ်တဲ့သဘောလား”
ပထမဆုံးအကြိမ် ထိုမြင်ကွင်းမျိုး မြင်ရခြင်းဖြစ်၍ သူအံ့ဩမိသည်။ ထို့နောက် အပျော်စိတ်များ ရင်ထဲပြည့်လာသည်။ ဝိညာဉ်ပေါင်းစပ်နည်းဖြင့် သားရဲများကို သွေးသန့်စင်ပေးခြင်းသည် သူ့ကိုယ်ပိုင်ဝိညာဉ်ကို ကျင့်ကြံရသည်နှင့် အတော်တူသည်။
ဝိညာဉ်ခန္ဓာရပြီးနောက် သူသည် သားရဲအတွက် သန့်စင်ပေးသည့် မိခင်သွေးပုလင်းကြီးတစ်လုံး ဖြစ်လာသလို သူ့ကျင့်စဉ်စွမ်းအားလည်း များစွာ တိုးတက်လာသည်။ ဝိညာဉ်စွမ်းအင်ကို အရင်ကလို ဖြေးဖြေးချင်း စုစည်းရန်မလိုတော့။
“ဝုတ်”
ဝပ်နေသည့်တောင်နက်က အသံတစ်ချက်ပေးသည်။ ရင်းနှီးနေသည့်အာရုံကို စောင့်ဆိုင်းနေသော်လည်း သူမရသေး။ ထို့ကြောင့် သူ့မျက်လုံးတွင် နည်းနည်းမကျေမနပ်ဖြစ်နေသည့် ဒွိဟဖြစ်နေသည့်အရိပ်များ ပေါ်နေသည်။
“မင်းကိုမေ့သွားတာ ဆောရီးပါကွာ။ ငါအခုစတော့မယ်”
သူ့အတွေးစများပြတ်သွားပြီး အသိပြန်ဝင်လာသည်။ သူ့ရှေ့မှ လုပ်နေကျအတိုင်း တောင်နက်၏ကိုယ်ထဲသို့ ဝိညာဉ်ချီများ လွှဲပေးလိုက်သည်။
အကြိမ်ကြိမ်လုပ်ခဲ့ဖူးပြီးဖြစ်၍ အသားကျသလောက်ဖြစ်နေသည်။
သို့သော် ဤတစ်ကြိမ်သည်မတူတော့။ သူသတိထားမိချိန်တွင် အရင်ထက် အဆတစ်ရာနီးပါး များပြားသည့်ဝိညာဉ်ချီများကို တောင်နက်ကိုယ်ထဲသို့ အပြင်းအထန်လွှဲပို့ပြီးဖြစ်နေသည်။
“အူး...”
များပြားလွန်းသည့်စွမ်းအင်များ ခန္ဓာကိုယ်ထဲပြည့်သွားသဖြင့် တောင်နက်ထံမှ အော်ညည်းသံထွက်လာသည်။ ထူထဲနူးညံသည့် မီးခိုးရောင်အမွှေးများ လေမတိုက်ဘဲ တဖျတ်ဖျတ် လှုပ်ခါနေသည်။ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး လက်ဝါးကိုလွှတ်လိုက်သည့် ဖုန်ချင်အန်းမျက်လုံးတွင် ယုံကြည်မှုရှိသည့်အရိပ်များ ပေါ်လွင်နေသည်။
“ထိန်းထားနိုင်ပြီပဲ”
ခန္ဓာကိုယ် နည်းနည်းဖောင်းပွလာသော်လည်း ပေါက်ကွဲထွက်မသွားသည့် တောင်နက်ကိုကြည့်၍ သူနည်းနည်းအံ့ဩသွားသည်။ သို့သော် မလိုအပ်ဘဲ စိုးရိမ်နေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။
ထိုခွေးဝံပုလွေ၏ ချီစွမ်းအင်လက်ခံနိုင်စွမ်းသည် သူထက်ထားသည်ထက် များစွာမြင့်မားနေသည်။
သို့သော် အမှတ်မထင်လုပ်မိသည့် ထိုအမှားက တောင်နက်၏ခံနိုင်စွမ်းထက်ပို၍ ဝိညာချီများစွာ ပိုသွင်းမိသွားသည်။
“ဖုန်ချင်အန်း၊ နင့်ခွေးကိုထိန်းစမ်း။ မနက်အစောကြီးရှိသေးတယ် အော်သံကဆူညံနေပြီ။ တစ်ချို့လူတွေ အိပ်နေကြတုန်းဟဲ့”
ယင်ရှီ၏အသံ အိမ်အပြင်ဘက်မှ ပေါ်လာသည်။ ခွေးဟောင်သည်က မဆန်း။ ရွာထဲတွင် ကြားနေကျဖြစ်သည်။ သို့သော် သူတို့ခွေး၏ ဟောင်သံက ကြောက်စရာကောင်းလွန်းသည်။ ဝံပုလွအော်သံလိုဖြစ်နေသည်။ ဝံပုလွေအော်သံဟု ပြောလျှင်လည်း ရပါသည်။
“ဟုတ်ကဲ့ပါ”
ဖုန်ချင်အန်း အသံကျယ်ကျယ် ပြန်အော်လိုက်သည်။ ထို့နောက် ရှေ့သို့တိုးသွားပြီး တောင်နက်၏ အထက်အောက်နှုတ်သီးနှစ်ခုကို လက်နှစ်ဘက်ဖြင့်ကိုင်၍ ပိတ်လိုက်သည်။ တောင်နက် သူ့ဘာသာ ထိန်းချုပ်ရန် ကြိုးစားနေသည်မှာ ထင်ရှားလှသည်။
ဤတစ်ကြိမ်သူရလိုက်သည့် ဝိညာဉ်ချီသည် အရင်က သူစုပ်ယူခဲ့သည့် စုစုပေါင်းပမာဏနှင့် အတူတူလောက်ရှိသည်။
“ဟောင်မနေနဲ့ကွ။ တောင့်ခံထားစမ်း”
“အူး...”
တောင်နက်သည် မယုံနိုင်စရာကောင်းလောက်အောင် လူ့ဘာသာစကားကို လူတစ်ယောက်လို နားလည်နိုင်စွမ်းရှိသည်။ အမြီးကိုနံ့၍ ကိုယ်ထဲမှ ပေါက်ကွဲထွက်မတတ်ဖြစ်နေသည့် စွမ်းအင်ဖိအားကို ကြိုးစားထိန်းချုပ်နေသည်။
ထိုအချိန်တွင် ရှီလီရွာ ဘိုးဘေးဘုံကျောင်းနှင့် မနီးမဝေးတစ်နေရာတွင် လူပုအဘိုးအိုတစ်ယောက် ပေါ်လာသည်။ အရပ်လေးပေထက်ပို မမြင့်။ သူ့အရပ်ထက်ပိုရည်သည့် လမ်းလျှောက်တုတ်တစ်ချောင်းဖြင့် ဟောင်းနွမ်းနေသည့် ဘုံကျောင်းအိုတစ်ခုထဲမှ ထွက်လာသည်။ ဖုန်အိမ်တော်ရှိရာသို့ လှမ်းကြည့်၍ ခပ်တိုးတိုးရေရွတ်နေသည်။
“အန္တရာယ်.....အန္တရာယ် ရောက်လာပြီ”
“ငါအထက်ကိုသွားခါနီးမှာ ရွာထဲက သားရဲတစ်ကောင်က ဘယ်လိုလုပ် မကောင်းဆိုးဝါးဖြစ်လာတာလဲ။ သူသာ တစ်ယောက်ယောက်ကို အန္တရာယ်ပေးရင် ဆိုးဝါးတဲ့ပြစ်မှုတစ်ခုဖြစ်လာမယ်”
သူအမြင်အာရုံတွင် သာမန်မျက်လုံးဖြင့်မမြင်နိုင်သည့် ဝိညာဉ်ချီလေဝဲတစ်ခု ရွာအထက်ကောင်းကင်တွင် ခြောက်ခြားဖွယ်ထွက်ပေါ်လာသည်ကို တွေ့နေရသည်။ ထိုဝိညာဉ်ချီလေဝဲသည် နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာသည့် လက္ခဏာဖြစ်သည်။ ယခု သူ့အပိုင်နယ်မြေ သူ့စောင့်ကြည့်မှုအောက်တွင် ပေါ်လာသည်။
“ဘယ်လိုကျိန်စာသင့်သားရဲက ဒီလောက်အတင့်ရဲတာလဲဆိုတာ ကြည့်ရသေးတာပေါ့”
သို့သော် ဝိညာဉ်လေဝဲရှိရာသို့ သူလိုက်သွားပြီး နတ်ဆိုးကို ကြည့်ရန်ပြင်နေစဉ် ပုကွနေသည့် သူ့ခန္ဓာကိုယ် ချက်ချင်းကျောက်ရုပ်လိုဖြစ်သွားသည်။
နောက်ထပ်ဆက်မသွားနိုင်၍တော့မဟုတ်။ နတ်ဆိုးသားရဲရှိနေသည့်ခြံဝန်းကို အလွန်ပြင်းထန်သည့် ရွှေရောင်အလင်းများ လွှမ်းခြုံထားသောကြောင့်ဖြစ်သည်။ ထိုရွှေရောင်အလင်းသည် တိုက်ရိုက်မထိတွေ့ရမီပင် သူ့ခန္ဓာကိုယ်ကို စူးနှင့်ထိုးသလို ခံစားနေရသည်။ အတော်အိပ်မက်ဆန်သည်။အသတ်ခံရတော့မလို ခံစားနေရသည်။
********************************