ယုံနင်မြို့တော်နတ်ဘုရား
Vol. 2 Ch. 24
“ငါအထက်ကိုသတင်းပို့မှဖြစ်တော့မယ်။ အင်းး”
ရှီလီနတ်မ်ငး သက်ပြင်းချသည်။ သူ့အောက်ဘက်မှ ရွှေရောင်အလင်းကို ငေးကြည့်နေသည်။
အသိဉာဏ်ရသွားသည့် နတ်ဆိုးသားရဲကို သူမမြင်ရ။ သူ့အပြစ်တော့မဟုတ်။ သူသည် အသေးစားနတ်တစ်ပါးသာဖြစ်သည်။ ထည်ဝါခံ့ညားသည့် သူ့ရှေမှ ပဝိညာဉ်စွမ်းအင်သည် ပြိုင်ဘက်ကင်းခြောက်ထပ်ကွမ်းပညာရှင် ချန်ထားခဲ့ခြင်းဖြစ်သည်။ သူမဆန့်ကျင်ရဲ။
အမှန်တော့ ဤနေရာသို့ ရောက်စက သူသံသယတစ်ချို့ရှိခဲ့သေးသည်။ အရာအားလုံးကို နှိပ်ကွပ်နိုင်သည့် အင်အားကြီးဝိညာဉ်စွမ်းအင်မျိုး ရှိနေသည်။ ထိုနေရာတွင် မည်သည့်သတ္တဝါက နတ်ဆိုးသားရဲအဖြစ်ပြောင်းသွားသည်မသိ။
ယခု ကိုယ်တိုင်မျက်မြင်ကြုံရသည်ဖြစ်၍ သူမယုံနိုင်။ သတ္တဝါတစ်ကောင် အမှန်တကယ် နတ်ဆိုးသားရဲအဖြစ်ပြောင်းသွားသည်။ အတော်ထူးခြားသည့်ဖြစ်ရပ်မျိုးဖြစ်သည်။
သူကိုင်တွယ်နိုင်သည့် အနေအထားမဟုတ်တော့။ ယခု သူသည် ဖုန်အိမ်တော်ခြံဝန်းနှင့် ကျန်းသုံးဆယ်အကွာတွင် ရှေ့ဆက်မတိုးရဲ။ တိုးလည်းမတိုးနိုင်။
သို့သော် နယ်မြေစောင့်ရှောက်သည့် နတ်တစ်ပါးဖြစ်၍ သူ့ပိုင်နက်ထဲမှ လူများကို စောင့်ရှောက်ရမည့်တာဝန်ရှိသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်၍ လျစ်လျူရှု၍မဖြစ်။ သတင်းပို့ရမည်။
ပူပြင်းသည့်နေမင်းက ကောင်းကင်တွင် ထွန်းလင်းနေသည်။ တောက်ပသည့်အလင်းတန်းများ ဖြန့်ကျက်ထားသည်။ နေမွန်းတည့်အချိန်တွင် ပိတ်ပါးဦးထုတ်ဆောင်း၍ ဝတ်ရုံရှည်ဝတ်ထားသည့် အရပ်မြင့်မြင့်လူတစ်ယောက် ရှီလီရွာအဝင်ဝသို့ ရောက်လာသည်။ အသွင်သဏ္ဌာန် တည်ကြည်ခံ့ညားသည်။
“ကင်းထောက်နေမင်းအရာရှိကို အရိုအသေပြုပါတယ်”
စောင့်ဆိုင်းနေသည့် နယ်ခံလူပုနတ်မင်းက ရှေ့တိုးသွားပြီး ဦးညွတ်လိုက်သည်။ သူ့ရှေ့မှ အရာရှိနှင့်ယှဉ်လျှင် သူ့ပုံစံက အတော်သေးကွေးနေသည်။
“နယ်မြေနတ်၊ မြို့တော်နတ်ဘုရားကို ဘာသတင်းပို့စရာရှိလို့လဲ”
လူပုနတ်မင်းကို ငုံ့ကြည့်၍ ကင်းထောက်နတ်မင်းက ပြောသည်။ အရေးတကြီးသတင်းပို့စရာရှိကြောင်း နယ်ခံနတ်က အကြောင်းကြားသဖြင့် သူရောက်လာခြင်းဖြစ်သည်။ နယ်မြေစောင့်နတ်သည် မြို့တော်နတ်ဘုရားကို တိုက်ရိုက်သတင်းပို့ခွင့်မရှိ။
“ကင်းထောက်နေမင်းအရာရှိ။ ကျုပ်အပိုင်နယ်မြေက ရွာထဲမှာ ဒီမနက် နတ်ဆိုးစွမ်းအင်တစ်ခု ပေါ်လာပါတယ်။ မျိုးစိတ်တစ်ခု နတ်ဆိုးအဖြစ်ပြောင်းသွားပုံပါပဲ။ ကျုပ်စွမ်းအားက အားနည်းလွန်းလို့ နတ်ဆိုးကို မနှိပ်ကွပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြို့တော်နတ်ဘုရားအဆုံးအဖြတ်ကို နာခံဖို့ သတင်းပို့ချင်လို့ပါ”
“ဒီလိုအသေးအဖွဲကိစ္စအတွက် မြို့တော်နတ်ဘုရား ဒုက္ခပေးရမှာလား။ တကယ်သုံးစားမရတဲ့ကောင်ဘဲ။ အဲဒီ့နတ်ဆိုးလေး ဘယ်မှာလဲ။ ငါ့ကိုလမ်းပြပါ”
“ဒါပေမယ်ြ...”
ခန္ဓာကိုမြင့်မားထွားကျိုင်းသည့် ကင်းထောက်အရာရှိကိုကြည့်၍ ရှင်းပြရန်ကြိုးစားသည်။
“ငါ့အချိန်တွေကို ဖြုန်းတီးမနေနဲ့။ အခုချက်ချင်းလမ်းပြစမ်း”
“ဟုတ်ကဲ့”
ဘာမှမတတ်နိုင်ဘဲ နယ်ခံနတ်က ကင်းထောက်အရာရှိကို ဖုန်အိမ်တော်ဆီခေါ်သွားရသည်။
ဖျတ်ခနဲ ချက်ချင်းရောက်သွားသည်။
ခံ့ညားသည့် ရွှေရောင်ဝိညာည်စွမ်းအင်များ လွှမ်းခြုံနေသည့် အိမ်တော်ကိုကြည့်လိုက်ပြီးနောက် ကင်းထောက်အရာရှိ ဘေးဘယ်ညာကိုကြည့်သည်။ သူ့နောက်ဘက်ကိုပင် ပြန်ကြည့်သည်။
“ကင်းထောက်အရာရှိမင်း။ ကျုပ်ပြောတာ ဒီခြံဝင်းပါပဲ”
နယ်မြေခံနတ်က တုန်တုန်ရင်ရင်ဖြင်ပြောသည်။ ကင်းထောက်နတ်မင်းတို့သည် အတိတ်ဘဝက သနားငဲ့ညှားမှုကင်းသည့် လူကြမ်းလူရမ်းမျျားဖြစ်သည်။
“အဘိုးကြီး၊ ငါ့ကိုလာနောက်နေတာလား”
ထင်သည့်အတိုင်း သူ့စကားကြားပြီးနောက် ကင်းထောက်အရရှိ ဒေါသထွက်သွားသည်။
“ပညာရှင်ဝိညာဉ်စွမ်းအင်တွေအောက်မှာ ဘယ်လိုနတ်ဆိုးမျိုးက နေနိုင်မှာလဲ”
“ဝုတ်”
ထိုခဏမှာပင် ခွေးဟောင်သံတစ်ခု ဟိန်းထွက်လာသည်။ ကင်းထောက်အရာရှိ လှမ်းကြည့်သည်။ ခွေးဝံပုလွေတစ်ကောင်က သူ့ကို ဒေါသတကြီး ထိုးဟောင်နေသည်။
“အရာရှိမင်း၊ ကြည့်ပါ။ ဒီခွေးပါပဲ”
ခြံဝမှ ထိုးဟောင်နေသည့်ခွေးကိုမြင်သည်နှင့် စိုးရိမ်ပူပန်နေခဲ့သည့် နယ်မြေခံနတ် ပျော်ရွှင်သွားသည်။ တောင်နက်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
“အိမ်မွေးခွေးပေါ့”
တောင်နက်ကို မြင်သည်နှင့် ကင်းထောက်အရာရှိ ဇစ်မြစ်ကို တန်းသိသည်။ အမှန်တကယ် နတ်ဆိုးသားရဲအဖြစ် အသွင်ပြောင်းနေသည်။
“ဒီခွေး အသက်ဘယ်လောက်ရှိပြီလဲ”
“ခြောက်လမပြည့်သေးပါဘူး”
နယ်မြေခံနတ်လည်း အံ့ဩခဲ့ရသည်။ ထိုခွေးကို သူသိသည်။ ထို့ကြောင့်ပင် သူထိတ်လန့်မိခြင်းဖြစ်သည်။
“ခြောက်လ”
ကင်းထောက်နတ်မင်း ထပ်မံရေရွတ်၍ ဟောင်နေသည့်ခွေးကို စိုက်ကြည့်သည်။ ထို့နောက် လှည့်ထွက်သွားသည်။
“ဘယ်ကိုသွားမလို့လဲ အရာရှိမင်း”
နယ်မြေခံနတ် နောက်မှအမြန်လိုက်သွားရသည်။
“မြို့တော်နတ်ဘုရားကိုသွားတွေ့ပြီး ဒီကိစ္စ အစီရင်ခံမှဖြစ်မယ်”
“အဲ...ဒါက...”
နယ်မြေခံနတ် ခြေလှမ်းရပ်လျက် မှင်သက်မိသွားသည်။သက်မိသွားသည်။
စာပေပညာရှင်၏ တော်ဝင်ဝိညာဉ်စွမ်းအင်အောက်တွင်ရှိနေသည့်ခွေးကို ကင်းထောက်အရာရှိ ဘာမှမလုပ်နိုင်မှန်းသိသော်လည်း ချက်ချင်းစိတ်ပြောင်းသွားသည်ကိုကြည့်၍ အံ့ဩနေသည်။
“ဒီကိစ္စကို မြို့တော်နတ်ဘုရားကပဲ ဆုံးဖြတ်မှဖြစ်မယ်”
ထို့သို့ပြောပြီးနောက် ကင်းထောက်နတ်မင်း ယုံနင်ကောင်တီဆီသို့ ဦးတည်ပျံသန်းသွားသည်။ သိပ်မကြာမီ မြို့တော်သို့ရောက်သည်။ လူစည်ကားသည့်လမ်းများကိုဖြတ်၍ မြို့တော်နတ်ဘုရားဘုံကျောင်းသို့ တန်းလျှောက်သွားသည်။
“မြို့တော်နတ်ဘုရား၊ နတ်ဆိုးသားရဲအသွင်ပြောင်းသွားတဲ့ အိမ်မွေးခွေးတစ်ကောင်ကို ရှီလီဖုန်ကျာ့ကန်းမှာ တွေ့ခဲ့ပါတယ်”
မြို့တော်နတ်ဘုရားနေထိုင်ရာ ဘုံနယ်မြေသို့ဝင်သည်နှင့် ကျောက်စိမ်းအိမ်တော်များ၊ ထည်ဝါသည့်နန်းတော်များကို မြင်ရသည်။ အလယ်ဗဟိုမှ အခမ်းနားဆုံးနန်းတော်တွင် အသွင်ခံ့ညားသည့်နတ်မင်းတပါး ပလ္လင်ထက်တွင်ထိုင်၍ ကျောက်စိမ်းမင်တံဖြင့် တစ်စုံတစ်ခု ရေးခြစ်နေသည်။ နတ်နန်းအရာရှိများ သူ့ဘေးတွင်ရပ်စောင့်နေသည်။
“ဒီလိုအသေးအဖွဲ့ကိစ္စအတွက် ဘာလို့မြို့တော်နတ်ဘုရားကို အနှောက်အယှက်ပေးမှာလဲ”
ဖီးနစ်မင်တံနှင့်သံပေလွှာတစ်ခုကိုင်ကာ မြို့တော်နတ်ဘုရားဘေးတွင် အရေးကိစ္စများဆောင်ရွက်နေသည့် နတ်တစ်ပါးရှိသည်။ စစ်ပွဲဝတ်စုံဝတ်ထားသည့် တစ်ခြားနတ်တစ်ပါးက မျက်မှောင်ကျုံ့၍ ကြည့်နေသည်။
“နတ်ဆိုးသားရဲတစ်ကောင်ပဲ။ ဖမ်းလိုက်ရင်ပြီးရောပေါ့။ ကလန်ကဆန်လုပ်ရင် ချက်ချင်းသတ်လိုက်ရုံပဲလေ”
“သခင်တို့ မသိသေးလို့ပါ။ ဒီခွေးက ဒီနှစ်စာမေးပွဲရဲ့ ထိပ်တန်းစာပေပညာရှင်မိသားစုမှာ ရှိနေတာပါ။ တော်ဝင်ဝိညာဉ်စွမ်းအင်ကိုတောင် ကြောက်ရွံ့တဲ့ပုံမပေါ်ပါဘူး”
“စာပေပညာရှင်မိသားစုက ဘာတွေများဒီလောက်ထူးခြားနေလို့လဲ။ နတ်ဆိုးသားရဲရှိရင် မင်းတာဝန်က ဖမ်းဆီးဖို့ပဲ”
စစ်ပွဲနတ်မင်းက အရေးမစိုက်ဟန်ဖြင့် ပြောသည်။
ထိပ်တန်းစာပေပညာရှင်သည် အစိုးရအဖွဲ့စည်းတွင် အဆင့်အတန်းမြင့်မားလာနိုင်သည့် အနာဂတ်ကောင်းမျိုး ပိုင်ဆိုင်ထားသည်။
သို့သော် ထိုအရာက ဖြစ်နိုင်ချေတစ်ခုသာဖြစ်သည်။ နတ်များအနေဖြင့် မရေရာသေးသည့်ပညာရှင်ကိုကြောက်ပြီး အိမ်ထဲမှနတ်ဆိုးသားရဲကို မဖမ်းနိုင်လျှင် လူရယ်စရာဖြစ်ပေတော့မည်။
“ကျုပ်တို့တာဝန်က တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့ပါ”
“မင်းစကား မှန်ပါတယ်။ နတ်ဆိုးသားရဲရှိရင် ဥပဒေအတိုင်း ဘက်မလိုက်ဘဲလုပ်ဆောင်ဖို့က မင်းတာဝန်ပါ။ ဒါပေမယ့် ကင်းထောက်အရာရှိ၊ တော်ဝင်ဝိညာဉ်ရှိနေတာတောင် ဒီခွေးက အကြောက်အရွံ့မရှိဘူးလို့ မင်းပြောလိုက်တာလား”
မြို့တော်နတ်ဘုရားကမေးသည်။
မင်တံကိုင်ထားသည့်နတ်မင်း မော့ကြည့်လာသည်။ သူ့အကြည့်က စူးရှတောက်ပသည်။
“ကျုပ်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပါ။ ဒီခွေးနတ်ဆိုးက တော်ဝင်ဝိညာဉ်အောက်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်. ကျုပ်ကိုတောင် ထိုးဟောင်နေပါသေးတယ်”
မြိုတော်နတ်ဘုရားကိုယ်တိုင် မေးခွန်းထုတ်လာသဖြင့် ကင်းလှည့်နတ်ဘုရား ဦးညွှတ်၍ ရိုရိုသေသေဖြေသည်။
“ပြီးတော့ ဒီခွေးကို ထူးခြားနေတာတွေ့လို့ နယ်ခံနတ်ကို ကျုပ်မေးခဲ့ပါတယ်။ ဒီခွေသက်တမ်းဟာ ခြောက်လတောင် မပြည့်သေးဘူးလို့ သိရပါတယ်”
“ခြောက်လမပြည့်သေးတဲ့ နတ်ဆိုးသားရဲ”
စစ်ပွဲနတ်မင်းမျက်နှာတွင် အံ့ဩရီပ်ပေါ်လာသည်။ ထို့နောက် မျက်နှာတင်းသွားသည်။ မြို့တော်နတ်ဘုရားကို ဦးညွှတ်၍ တောင်းဆိုသည်။
“သခင်၊ ဒီနတ်ဆိုးဟာ နောင်တစ်ချိန် ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်လာမှာပါ။ ကျုပ်ကိုယ်တိုင် သုတ်သင်ပါရစေ”
“သခင်ရှု၊ ဒီနှစ်ရဲ့ထိပ်တန်းစာပေပညာရှင်ဟာ ဘယ်သူလဲဆိုတာ သိသလား”
မြို့တော်နတ်ဘုရား ပြန်မဖြေမီ သူ့ဘေးမှ မင်တံကိုင်စာပေနတ်ဘုရားက စစ်ပွဲနတ်မင်းကို တအံ့တဩကြည့်၍ မေးလိုက်သည်။
ထိုလူရမ်းကားနတ်မင်း သိပင်သိဦးမည်မထင်။ အဘယ်ကြောင့် ထိုမျှရဲတင်းစွာ တောင်းဆိုခဲ့သည်မသိ။
“ကျုပ်က မြေအောက်လောကနတ်မင်းပါ။ ဘာလို့ သေမျိုးစာပေပညာရှင်ကို အရေးစိုက်နေရမှာလဲ”
စစ်ပွဲနတ်ဘုရားက ဝင့်ကြွားသည့်လေသံဖြင့် ပြန်ဖြေသည်။ သူသည် သေမျိုးစွမ်းအားကို အရေးစိုက်၍ အိမ်မွေးခွေးတစ်ကောင်ရှင်းလင်းဖို့ပင် ချီတုံချတုံဖြစ်နေသည့် မျက်နှာလိုမျက်နှာရ အနိမ့်စားနတ်များလိုမဟုတ်။
“ဒီခွေးကို ပညာရှင်ချန်ထားခဲ့တဲ့ တော်ဝင်ဝိညာဉ်က ကာကွယ်ထားတာပါ”
မင်တံနတ်ဘုရားက စေတနာဖြင့် သတိပေးလိုက်သည်။
နန်းတော်က စာမေးပွဲအောင်မြင်ကြောင်း ကြေညာသည့်နေ့တွင် သတင်းပို့အရာရှိများနှင့်အတူ သူလည်း ဂုဏ်ပြုရန် သွားခဲ့သည်။ အနားသို့မကပ်နိုင်သဖြင့် အဝေးမှသာကြည့်ခဲ့ရသည်။
ထိုအဖြစ်ကြောင့် သူအားမလိုအားမရဖြစ်ခဲ့သည်။ သူကိုယ်တိုင်က စာပေနတ်မင်းဖြစ်၍ ထိုပညာရှင်ရေးသည့် စာပေများကို ကြည့်ချင်ခဲ့သည်။ သို့သော် အိမ်တော်နားသို့ပင် မကပ်နိုင်ခဲ့။
(**မြို့တော်နတ်ဘုရားဘေးတွင် မြို့တော်အရေးအရာများ ဆုံးဖြတ်ဆောင်ရွက်ပေးသည့် မြို့တော်တရားသူကြီး (စာပေနတ်မင်း)နှင့် မိစ္ဆာနတ်ဆိုးများပေါ်လာလျှင် သုတ်သင်ရှင်းလင်းပေးသည့် အုပ်ချုပ်ရေးတရားသူကြီး (စစ်ပွဲနတ်မင်း) တို့ရှိပါသည်)
*********************************************