← Chapters

ပျောက်ဆုံးသွားသော နတ်ဘုရားများ

Vol. 2 Ch. 28

ပျောက်ဆုံးသွားသော နတ်ဘုရားများ

Vol. 2 Ch. 28

“ဒီထိပ်တန်းစာပေပညာရှင်ဟာ ကွန်ဖြူးရှပ်စာပေသူတော်စင်တစ်ယောက် ဝင်စားတာများလား”

စာပေနတ်မင်း သက်ပြင်းချလိုက်သည်။

“ဘယ်သူသိနိုင်မလဲ။ ဟုတ်ချင်ဟုတ်မှာပေါ့။ အဲလိုမဟုတ်ခဲ့ရင်တောင် နောင်တစ်ချိန် ကွန်ဖြူရှပ်စာပေပညာရှင်တွေ ရှိခိုးဦးညွှတ်ရတဲ့ သူတော်စင်တစ်ယောက်ဖြစ်လာမှာ သေချာတယ်”

“ဟုတ်တယ်၊ သူဖြစ်လာမှာပါ”

စာပေနတ်မင်း ချွင်းချက်မရှိသဘောတူသည်။ ထို့နောက် အတွေးတစ်ခု ပေါ်လာပြန်သည်။

“စာဖြေသူတွေရဲ့ နာမည်အချက်အလက်တွေကို နန်းတွင်းစာမေးပွဲစာလွှာတွေမှာ မမြင်အောင်ဝှက်ထားတယ်မဟုတ်လား။ စာစစ်သူတွေက ဒီပညာရှင်ရဲ့ အဖြေလွှာမှန်း ဘယ်လိုခွဲခြားသိတာလဲ။ သူတစ်ယောက်တည်းအတွက် ချွင်းချက်ထားပြီး စည်းကမ်းဖေါက်ကြတာလား။ သူ့နာမည်ကို အဖြေလွှာမှာ ဖေါ်ပြထားတာလား”

“အားလုံးက ပုံမှန်စည်းမျဉ်းအတိုင်းပဲ သွားတာပါ။ နာမည်နဲ့ မွေးဇာတိအချက်အလက်တွေ ဖုံးကွယ်ထားတယ်။ ဒါပေမယ့် သူတို့ရဲ့နက်ရှိုင်းကျယ်ပြန့်တဲ့ ပညာရှင်ဝိညာဉ်ဓာတ်ကို ဖုံးကွယ်ထားလို့မရဘူးလေ။ အဖြေလွှာစစ်ဆေးတဲ့ စာစစ်သူဟာ ဒီဝိညာဉ်မျိုးပိုင်ဆိုင်တဲ့ ပညာရှင်ကို သိတာပေါ့။ တစ်ခြားလူတွေထက် ထူးခြားနေမှာပဲမဟုတ်လား”

“သခင်ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ကျုပ် အတွေးတိမ်သွားတာပါ”

စာပေနတ်မင်း လေးလေးစားစားပြောသည်။

“ဘာမရှင်းတာရှိသေးလဲ”

“အခုလောလောဆယ် မရှိတော့ပါဘူး။ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်သခင်။ သခင့်အချိန်တွေအများကြီး ကျုပ်ဖြုန်းမိသွားပြီ။ အခု ကျွန်တော် သွားပါတော့မယ်”

“နေဦး၊ တစ်ခုရှိသေးတယ်”

မြို့တော်နတ်ဘုရားက တားလိုက်သည်။

“ပြောပါ သခင်”

“စာပေပညာရှင်တွေ မြင့်မြတ်တဲ့လူတွေကို မင်းလေးစားလို့ အနားကပ်ဖို့ကြိုးစားရဲတာ ငါသိတယ်။ ဒါပေမယ့် ဒီတစ်ယောက်က မတူဘူး။ ငါတို့လို သရဲဝိညာဉ်တွေ သူ့ကို အဝေးကနေပဲ ကြည်ညိုသင့်တယ်။ သူ့အနားကပ်လို့ မဖြစ်ဘူး”

ယုံမင်မြို့တော်နတ်ဘုရားက မျက်မှောင်ကျုံ့၍ အလေးအနက်ပြောသည်။

“သခင်ပြောခဲ့တာတွေ နားထောင်ပြီးတော့ ကျုပ်သူ့ကို တကယ့်ကိုလေးစားမိပါတယ်။ လူချင်းလည်းတွေ့ချင်တယ်။ ဒါပေမယ့် သူ့အိမ်ကိုတောင် ကျုပ်မကပ်နိုင်ဘူး”

စာပေနတ်မင်းက စိတ်ပျက်ဟန်ဖြင့် ပြောသည်။

ဖုန်အိမ်တော် တော်ဝင်ဝိညာဉ်စွမ်းအင်ရောင်ကို ထိပ်တန်းပညာရှင်က တမင်ချန်ထားခဲ့သည်ဟု အစကထင်ခဲ့သည်။ ယခု ပြန်တွေးကြည့်လျှင် တမင်ချန်ခဲ့ခြင်းဟုတ်ပုံမရ။ ခြုံငုံသုံးသပ်ကြည့်လျှင် ထိုလူမျိုးကို သူလက်လှမ်းမမီနိုင်ပေ။

“အဝေးကကြည့်တာတောင် လက်ခံလို့မရဘူး။ ဒီစာပေပညာရှင်ရှိနေတဲ့အချိန်ဆို ငါတို့ဝေးဝေးရှောင်သင့်တယ်”

“ဘာလို့လဲသခင်”

စာပေနတ်မင်း နည်းနည်းနားရှုပ်သွားသည်။

လူသားနဲ့ သရဲဝိညာဉ်ဘုံ ယင်ရှီနဲ့ယန်ကြားမှာ စည်းတစ်ခုခြားထားတယ်။ ဝိညာဉ်တွေဟာ လူသားကိစ္စတွေမှာ ဝင်စွက်ခွင့်မရှိပေမယ့် မဖြစ်မနေလိုအပ်လာရင် အရာရှိတွေကို အိပ်မက်ကနေတစ်ဆင့် တိုက်ရိုက်သတင်းပို့လို့ရပါတယ်။ ဒီပညာရှင်ကိုကျမှ ဘာလို့ တွေ့ခွင့်တောင်မရှိတာလဲ”

“ငါ့ရဲ့ယုံမင်ကောင်တီကနေ နန်းမြို့တော်အထိ လီနှစ်ထောက်ခြောက်ရာခရီးလမ်းမှာ စန့်ကျန်းနတ်မင်းအပြင် နောက်ထပ် မြေဝိညာဉ်နတ်ဆိုးမင်း ဆယ့်ကိုးယောက်လည်း ပျောက်ကွယ်သွားပြီ။ သူတို့နေရာတွေ လစ်လပ်သွားပြီ”

စာပေနတ်မင်း နားမလည်ဟန်ဖြင့် နတ်ဘုရားကို မော့ကြည့်လိုက်သည်။

“ဒီပညာရှင်သတ်ခဲ့တာ စန့်ကျန်းနဂါးတစ်ယောက်တည်းလို့ မင်းထင်နေလား”

မြို‌တော်နတ်ဘုရားက ပြုံးစစဖြင့် ငုံ့ကြည့်၍ မေးသည်။

“ဒါ ဒါဆို...”

စာပေနတ်မင်း ထိတ်လန့်တုန်လှုပ်သွားသည်။

“ရေနဂါးအသတ်ခံရတာက‌တောင် ချုန်တောင်ရဲ့ မြို့တော်နတ်ဘုရားက အမှတ်မထင် မြင်ခဲ့လို့ပါ”

အဘယ်ကြောင့် ထိုစာပေညာရှင်နှင့် ဝေးဝေးနေဖို့ နတ်ဘုရား အကြံပေးနေသည်ကို စာပေနတ်မင်း သဘောပေါက်သွားသ်ည။

တောင်တန်း(မြေ)နှင့် မြစ်စောင့်နတ်ဘုရားများ ပျောက်ကွယ်သွားသည်။ တကယ်မယုံနိုင်စရာပင်ဖြစ်သည်။

“ဆယ့်ကိုးယောက်။ အခုထိ အတည်ပြုထားတဲ့ အရေအတွက်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့က တာ့ကျင်းအင်ပါယာ အသိအမှတ်ပြုထားခံရတဲ့ လူတွေမို့လို့ စုံစမ်းရတာမြန်တယ်။ ဒါ့အပြင် အစက ငြိမ်နေတဲ့ ကျေးလက်ဒေသတွေမှာ ထူးဆန်းပြီး အစဉ်အလာမဟုတ်တဲ့ ပူဇော်ပွဲတွေလည်း အများကြီးရှိခဲ့တယ်။ ဒီလိုကိစ္စတွေကို ဘယ်လိုလုပ် အသေးစိတ်လိုက်စုံစမ်းနိုင်မှာလဲ”

“သခင်၊ ဒီပညာရှင်က ဘာလို့များ ဒီလောက်ကြီးမားတဲ့ အမုန်းတရားမျိုးရှိနေတာလဲ”

စာပေနတ်မင်း ကြောက်နေသည်။ ထိုပညာရှင်ကိုတွေ့ဖို့ သူရည်ရွယ်ထားခဲ့သည်။ သို့‌သော် ရေနဂါးစစ်၏သားကို သတ်ခဲ့ကြောင်း သိရပြီးနောက် ထိုပညာရှင်တစ်ချက်ကြည့်ရုံဖြင့် သူသေသွားနိုင်သည်ဟုပင် ထင်မိသည်။

“ကြောက်ဖို့မလိုပါဘူး။ ဒီပညာရှင်က သတ်ဖြတ်ချင်စိတ်လွန်ကဲနေတာမဟုတ်ဘူး။ ဟိုဝိညာဉ်တွေက စည်းပျက်ကမ်းပျက်ဆိုးသွမ်းပြီး ရာထူးနဲ့မတန်ကြလို့ပါ။ ဒါကြောင့် ပျောက်သွားတဲ့ဝိညာဉ်နတ်ဆိုးအများစုဟာ တောင်တန်းဝိညာဉ်နတ်ဆိုးတွေ ဖြစ်နေတာပဲ”

“နားလည်ပါပြီ”

စာပေနတ်မင်း အသက်ရှူချောင်သွားသည်။ ထိုပညာရှင်က တွေ့ကရာဝိညာဉ်မှန်သမျှ သတ်နေသည်ဆိုလျှင် သူဝေးဝေးရှောင်ရမည်မှာ သေချာနေသည်။

“ဒါပေမယ့် ငါတို့ဝိညာဉ်တွေအနေနဲ့ ဒီပညာရှင်ကို မတွေ့အောင်ရှောင်တာ အကောင်းဆုံးပဲ”

“သိပ်မှန်တာပေါ့သခင်”

.............................

အိမ်အပြင်ဘက် ဝိညာဉ်တစ်ချို့ စုစည်းနေကြောင်း ခန့်မှန်းမိသည့်ဖုန်ချင်အန်း အခန်းထဲမှမထွက်။ သူစိုးရိမ်နေသော်လည်း ဘာမှမတတ်နိုင်။ ယခုထိ ဘာမှထူးခြားမလာသဖြင့် ပြဿနာကြီးတစ်ခုတော့ မဟုတ်နိုင်ဟု သူယူဆသည်။

ထိုဝိညာဉ်များ သူ့အိမ်ကို မျက်စိကျလာရသည့်အကြောင်းတစ်ခုကို သူခန့်မှန်းမိသည်။ တောင်နက်ကို သူလှမ်းကြည့်လိုက်သည်။

“အကဲဖြတ်မယ်”

(မျိုးစိတ် - ခွေးဝံပုလွေ)

(ပင်ကိုယ်ဗီဇ - သားရဲ၊ နတ်ဆိုး)

(စွမ်းရည်အဆင့် - ဝိညာဉ်နိုးထခြင်း အလတ်တန်းဆင့်)

(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း အခြေခံအဆင့်)

တိုက်ခိုက်စွမ်းအားသည် ‘မရှိ’ မဟုတ်တော့။ နောက်ထပ်အရည်အချင်းတစ်ခု တိုးလာပြီဖြစ်သည်။ ထိုခွေးသည် အသွင်ပြောင်းလဲမှုကြောင့် အကျိုးကျေးဇူးရလာကြောင်း ထင်ရှားနေသည်။ သာမန်ခွေးမဟုတ်တော့။

“နတ်ဆိုးဖြစ်လာပြီပေါ့”

ထပ်တိုးလာသည့်အရည်အချင်းကိုကြည့်၍ အတော်ကြာအောင်စဉ်းစားနေသော်လည်း အဖြေရှာမတွေ့။ အပြောင်းအလဲများကိုသာ သူစောင့်ကြည့်နိုင်သည်။ သူကိုယ်တိုင်ကလည်း စွမ်းအားမြင့်သည့် လူသားအဖြစ်သာ ရှိသေးသည်။

“အင်း.. တစ်ဆင့်ချင်းသွားတာပေါ့”

တောင်နက်၏အမွှေးများက ယခုမသိမသာအရောင်ထွက်နေသလိုရှိသည်။ သူသက်ပြင်းချ၍ ခေါင်းငြိမ့်လိုက်သည်။

နတ်ဆိုးသားရဲတစ်ကောင်ကို လနှင့်ချီ၍ ပင်ပင်ပန်းပန်းပျိုးထောင်ခဲ့ရသည့် အကျိုးကျေးဇူးပင် ဖြစ်လိမ့်မည်။ ထို့ကြောင့်လည်း ဝိညာဉ်သရဲများ အာရုံကျလာခြင်းဖြစ်သည်။ ထိုဝိညာဉ်များ တောင်နက်အပေါ် မည်သို့သေဘာထားသည်ကို သူလည်းမသိ။

သရဲဝိညာဉ်များအပြင် သိပ်မထင်ရှားသည့်နောက်ထပ် ပြဿနာတစ်ခုလည်း ရှိသေးသည်။ တောင်နက်၏ စွမ်းရည်မမျှမတဖြစ်လာခြင်း ဖြစ်သည်။ တိုက်ခိုက်စွမ်းအားက စွမ်းရည်အဆင့်ကို အမှီလိုက်လာသည်။ စွမ်းရည်အဆင့် အားနည်းလျှင် နောက်ထပ်အဆင့်တိုးရန် ဖြစ်နိုင်မည်မဟုတ်။

“ငါနောက်ကို ပိုပြီးအားစိုက်ရတော့မယ့်ပုံပဲ။ ဝိညာဉ်စပ်တာ သွေးသန့်စင်တာကို ပိုပြီးအားထည့်ရတော့မယ်။ ဒီကောင် ငါထင်ထားတာထက် ပိုဒဏ်ခံနိုင်တာပဲ”

ဝိညာဉ်သရဲများကိစ္စကို စိတ်ထဲမှခဏထုတ်ထားလိုက်သည်။ အနာဂတ်ကျင့်ကြံမှုအတွက် အစီအစဉ်ချသည်။ ညစာစားရန် ယင်ရှီ၏ခေါ်သံကြားမှ အတွေးရပ်၍ အခန်းထဲမှ ထွက်လိုက်သည်။

နေ့ရက်များက ငြိမ်းချမ်းစွာ ဖြတ်ကျော်နေသည်။ ထို့ကြောင့် အာရုဏ်တက်ချိန် ညနေမိုးချုပ်အချိန်တို့တွင် အိမ်နားပတ်ဝန်းကျင်ကို အရိပ်အယောင်ရှိမရှိ ရှာဖွေခွင့်တစ်ချို့ ရလာသည်။

သို့သော် ဘာမှမတွေ့။ ထိုနေ့က သူတွေ့ခဲ့သည့် မြင့်မားသည့်အရိပ်များသည် အာရုံမှားခဲ့ခြင်း ဖြစ်လေသယောင်ရှိသည်။

သို့သော် အာရုံမှားမှုသက်သက်ဟု သူမယူဆ။ မည်သို့ပင်ဆိုစေ နတ်ဆိုးသားရဲတစ်ကောင် သူမွေးထားသည်။ သာမန်လူတို့ နတ်စင်ဘုံကျောင်းတို့တွင် ပူဇော်နေကြသည့် ရွံ့ရုပ်သစ်သားရုပ်တို့သည် အမြင်သက်သက်သာ ရှိသည်မဟုတ်။

“ဒါဆိုအခု အားလုံးအဆင်ပြေသွားတဲ့သဘောလား”

အကောင်းဘက်က သူလှည့်တွေးကြည့်သည်။ သို့သော် အမှားကင်းအောင် တောင်နက်ကို ညဘက်အမဲလိုက်ခွင့်မပေးဘဲ ခြံထဲတွင်နေရန် အမိန့်ပေးထားသည်။ တစ်ခြားဘယ်မှ သွားခွင့်မပြု။

ကံကောင်းထောက်မစွာဖြင့် တောင်နက်၏အစာအဟာရကို ဝိညာဉ်ချီများက အစားထိုးဝင်ရောက်သွားဟန်ရှိသည်။ အစာစားနှုန်း နည်းနည်းလျော့သွားသည်။ သို့သော်လည်း တောင်နက် အတော်ဆာလောင်နေဆဲဖြစ်သည်။

တည်ငြိမ်သည့်နေရက်များ ကုန်လွန်ပြီးနောက် တစ်ညတွင် အပြောင်းအလဲတစ်ခု ဖြစ်လာသည်။

(ပုံရိပ်သားရဲသခင်၊ မစ်ရှင်ခွဲတစ်ခု ပြင်ဆင်နေပါတယ်)

*****************************

All Chapters