တောင်နက်အာရုံ
Vol. 2 Ch. 29
(ပုံရိပ်သားရဲသခင်၊ မစ်ရှင်ခွဲ - စွမ်းအားရဖို့ဆိုတာ နိမ့်ပါးတယ်မရှိပါဘူး)
(လိုအပ်ချက် - နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို မှန်ကန်အောင် တစ်ကြိမ်အသုံးပြုပါ)
(ဆုလာဒ် - ဝိညာဉ်စုစွမ်းရည်)
“ကျင့်စဉ်နည်းအသစ်လား”
တိတ်ဆိတ်သည့်ညဘက် ကျင့်ကြံမှုပြီးဆုံး၍ အိပ်ရန်ပြန်နေစဉ် မစ်ရှင်အသစ်ထွက်လာသည်။ ဖုန်ချင်အန်း ချက်ချင်း မျက်လုံးပြူးသွားသည်။ ထိုကျင့်စဉ်နည်းသစ်သည် လက်ရှိလေ့ကျင့်နေသည့် ဝိညာဉ်စုကျင့်စဉ်ထက် ပို၍စွမ်းအားကြီးလောက်သည်။
“နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်”
အသံတိတ်သူတွေးတောနေသည်။ သူ့ခန္ဓာကိုယ်အသွင်ပြောင်းပြီးနောက် ကျင့်ကြံမှုနှုန်း ပိုမြန်ဆန်လာသည်။ ထို့ကြောင့် အခြေခံအဆင့်ကို လျင်မြန်စွာကျွမ်းကျင်တတ်မြောက်လာသည်။ ကျင့်ကြံမှုတွင် စိတ်နှစ်နေသဖြင့် အသစ်ရထားသည့် “နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်”အကြောင်း သူမေ့ထားခဲ့သည်။
အကြောင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ သားရဲထိန်းသခင်၏လျှို့ဝှက်ကျင့်စဉ်များက အလွန်ကျင့်ကြံရန်ခက်ခဲကြောင်း သိထားသောကြောင့်ဖြစ်သည်။ အချိန်အလဟဿမဖြုန်းတီးလိုပေ။ ဒုတိယတစ်ချက်မှာ ထိုကျင့်စဉ်သစ်ကို တစ်ချက်ကြည့်ရုံဖြင့် သူလုံးဝသဘောမတွေ့သောကြောင့်ဖြစ်သည်။
“နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်” သည် အတော်အဆင့်နိမ့်သည်ဟု သူယူဆသည်။ သူ့သိစိတ်ဝိညာဉ်ကို စာချုပ်မှတစ်ဆင့် သူ့သားရဲဆီ လွှဲပြောင်းရခြင်းသာဖြစ်သည်။
အရိုးရှင်းဆုံးပြောရလျှင် သူ့သားရဲ၏မျက်လုံးမှ အမြင်အာရုံကို ရနိုင်မည်။ ထိုမှလွဲ၍ သိသာထင်ရှားသည့် တစ်ခြားအကျိုးကျေးဇူးမရှိ။ ထို့ကြောင့် သူအချိန်ကုန်ခံ၍ လေ့ကျင့်ရန် စိတ်မဝင်စာမိ။
ထိုအဆင့်နိမ့် စွမ်းရည်ဖြင့် တောင်နက်၏အမြင်အာရုံကို အချိန်ကုန်ခံလေ့လာမည့်အစား လက်ရှိကျင့်ကြံမှုကိုသာ သူအာရုံစိုက်ချင်သည်။
သို့သော်ယခု အခြေအနေက မတူတော့။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ပထမဆုံးအကြိမ် အောင်မြင်အောင် အသုံးပြုဖို့လိုအပ်လာသည်။ သို့မှသာ ပိုအဆင့်မြင့်သည့်ကျင့်စဉ္သ်တစ်ခုကို လေ့လာနိုင်မည်။ ဤကျင့်စဉ်ဖြင့် မြေသားရဲစစ်သူကြီးအဆင့်ကို ရောက်နိုင်စရာရှိသည်။
“ကြည့်သေးတာပေါ့”
သူအလျင်စလို အိပ်ယာမဝင်သေး။ ထူးခြားသည့်ကျင့်စဉ်အကြောင်း အလေးအနက်စဉ်းစားသည်။ အသေးစိတ်အချက်အလက်များကို ကြည့်ပြီးနောက် ထိုကျင့်စဉ်အတွက် အခြေခံလိုအပ်ချက် သိပ်မမြင့်ကြေင်း သိလိုက်ရသည်။ သူ့သားရဲနျှင့် ရင်းနှီးမှုအတိုင်းအတာသည်သာ အရေးကြီးဆုံးဖြစ်သည်။
သားရဲက မငြင်းဆန်ဘဲ ပူးပေါင်းဆောင်ရွက်လျှင် သိစိတ်အာရုံကို အလွယ်တကူလွှဲ့ပြောင်း၍ သားရဲအမြင်ဖြင့် လောကကြီးကိုကြည့်နိုင်သည်။
“တောင်နက်၊ ဒီကိုလာဦး”
အိပ်ယာဝင်နောက်ကျခြင်းသည် ကောင်းသည့်အလေ့အထမဟုတ်။ သို့သော် သူအတော် စိတ်အားတက်ကြွနေသည်။ ကျင့်ကြံမှုအကျိုးဆက်ကြောင့် အိပ်ချိန်လည်း သိပ်မလိုလှ။
သုံးလေးရက်ကြာအောင် ငတ်ပြတ်နေသည့်တောင်နက်က ခေါ်သံကြားသည်နှင့် အခန်းထဲသို့ ချက်ချင်းဝင်လာပြီး အမြီးနံ့ပြနေသည်။ သူဘာပြောချင်သည်ကို ဖုန်ချင်အန်း သိသည်။ အပြင်ထွက်၍ အမဲလိုက်ခွင့်တောင်းနေခြင်းဖြစ်သည်။ သို့မှသာ သူကောင်းကောင်းစားသောက်ရမည်။
“ဘာလို့စိတ်လောနေတာလဲကွ။ နည်းနည်တော့ စောင့်ပါဦး”
နတ်ဆိုးခွေးကို သူတည်ငြိမ်အောင်ထိန်းလိုက်သည်။ သူတို့မိသားစုက တောင်နက်ကို အစာမကျွေးဘဲ ထားခြင်းတော့မဟုတ်။ အစာစားနှုန်းက သာမန်ထက်ပိုလွန်ကဲနေသောကြောင့်သာဖြစ်သည်။ အိမ်မွေးကြက်ဘဲများကို စားခွင့်ပေးလိုက်လျှင် နှစ်ကြိမ်သုံးကြိမ်စားရုံဖြင့် ပြောင်သလင်းခါသွားနိုင်သည်။ ယင်ရှီရှီ ဒေါသထွက်မည်။
“ငါ့ကိုလေ့ကျင့်ဖို့ ကူညီဦး။ မင်းတို့ခွေးတွေဟာ လူသားတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တယ်လို့ ငါကြားဖူးတယ်။ မင်းအမြင်အာရုံ ဘာတွေထူးခြားသလဲ ငါကြည့်ချင်တယ်”
နူးညံ့ပျော့ပြောင်းသည့်အမွှေးများကို ပွတ်ပေးရင်း သူအမှန်အတိုင်းပြောလိုက်သည်။
“မခုခံနဲ့၊ ငါ့ကိုမဆန့်ကျင်နဲ့”
စမ်းသပ်မှုမစမီ သူထပ်ပြီးသတိပေးသည်။ သူ့စိတ်ထဲမှ အချက်အလက်များအရ ဤကျင့်စဉ်၏သော့ချက်သည် သားရဲနှင့် သားရဲထိန်းသခင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပင် ဖြစ်သည်။
သူအတော်ကြိုးစားရမည်ဟု မျှော်လင့်ထားသည်။ သို့သော် ကျင်စဉ့်စလည်ပတ်သည်နှင့် ချောချောမွေ့မွေ့ဖြစ်သွားသည်။ တောင်နက်သူ့အပေါ မည်မျှယုံကြည်အားကိုးထားကြောင်း နားလည်လိုက်သည်။
သိစိတ်အာရုံလွှဲပြောင်းမှု အဆင်ပြေနေသည်။ ပထမအကြိမ်ကြိုးစားသည်နှင့်မတူ။ အထပ်ထပ်အခါခါ လေ့ကျင့်ထားသလို ဖြစ်နေသည်။ သူအံ့ဩမိသည်။
သူ့အမြင်အာရုံက အခန်းထဲတွင်ထိုင်နေသည့် သူ့ကိုယ်သူ မြင်နေရသည်။ နတ်ဘုရားပို့လွှတ်ချင်းအဆင့် အောင်မြင်သွားကြောင်း သိလိုက်သည်။
သို့သော် ခဏကြာပြီးနောက် တောင်နက်အမြင်အာရုံထဲမှ ခမ်းနားထည်ဝါသည့်လောကကိုကြည့်၍ မှင်သက်မိသွားသည်။
နေရာတိုင်း အလင်းများလွှမ်းခြုံနေသည်။ တောက်ပသော်လည်း မျက်စိမစူးသည့် ရွှေရောင်အလင်းများ သူ့အခန်းအပြည့် လွင့်ပျံလာသည်။နေသည်။
“ဒါကဘာလဲ”
နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် သာမန်ခပ်ညံ့ညံ့ကျင့်စဉ်မျိုးနည်းမဟုတ်ကြောင်း သူနားလည်လိုက်သည်။ သို့သော် ဘေးပတ်လည်တွင် ထူထပ်သိပ်သည်းစွာ လွင့်မျောစီးဆင်းနေသည့် စွမ်းအင်ရောင်ကို သူပို၍စိတ်ဝင်စားမိသည်။
သူ့အပေါ် မည်သို့မှ သက်ရောက်မှုရှိဟန်မတူ။ သူ့ဘေးပတ်လည်တွင် ထိုအလင်းဝေ့ဝဲသွားသည်။ ခန္ဓာကိုယ်ကို ဖြတ်သွားသည်။ သိုသော် မသက်မသာဖြစ်ခြင်းမျိုး ထူးခြားသည့်အပြောင်းအလဲမျိုး မရှိ။
အလင်းထွက်လာသည့်ရင်းမြစ်ကို သူတွေ့သည်။ သူ့အခန်းထဲ စာအုပ်စင်ပေါ်တွင်ပေါ်ရှိသည့် စာအုပ်များထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အားလုံးစာအုပ်များထဲမှ စီးဆင်းလာသည့် အလင်းများဖြစ်သည်။ သူ့အခန်းထဲပြည့်နေသည်။ ထို့နောက် အပြင်သို့ထွက်သွားသည်။ မည်မျှဝေးဝေးပျံ့နေမှန်း သူမသိ။
“ငါ့အကိုရေးခဲ့တဲ့ တော်ဝင်ကျမ်းစာတွေပဲ”
အားလုံးက သူ့အကို တစ်ခြားမိတ်ဆွေများ ဆရာများထံမှ စာအုပ်ငှားရမ်း၍ ရေးချထားသည့် မိတ္တူများဖြစ်သည်။ တစ်ကြိမ်ဖတ်ပြီးသည်နှင့် သူ့အကိုက မှတ်မိသည်။ အိမ်သို့ပြန်ရောက်ပြီးနောက် အလွတ်ရေးချသည်။
စာအုပ်အများစုက သူ့အကို သူ့မျက်စိရှေ့မှာပင် တစ်လုံးချင်း စုတ်တစ်ချက်ချင်း ရေးခဲ့ခြင်းဖြစ်သည်။
သူ့အကိုလက်ရေးက နဂါးတစ်ကောင်လို့ အားပါသည်။ ရဲဝံ့သက်ဝင်၍ အင်အားအပြည့်ရှိသည်။ ရေးနေစဉ်ကလည်း သူကိုယ်တိုင်ကြည့်ဖူးသည်။ ရေစီးလိုချောမွေ့ညင်သာသည်။ အတော်ကြည့်ကောင်းသည်။
တော်ဝင်စာလုံးများကို အညံ့စားစက္ကူပေါ်တွင် အညံ့စားမင်ဖြင့် အညံ့စားသစ်သားစုတ်တံသုံး၍ ရေးခဲ့ခြင်းဖြစ်သည်။
ထိုစာအုပ်များသည် အဖိုးဖြတ်မရသည့် လက်ရေးပန်းချီများဟု သူယူဆသည်။ ထို့ကြောင့် သူ့အကို နန်းတွင်းစာမေးပွဲ သွားဖြေပြီးနောက် တစ်အိမ်လုံးအသစ်ပြန်ပြင်ချိန်တွင် စာအုပ်အားလုံး သူ့အခန်းထဲရွှေ့၍ စင်ပေါ်တင်ထားခဲ့သည်။ သို့သော် အဆင်တန်ဆာတစ်ခုမျှသာ ဖြစ်လာသည်။
ယခု တောင်နက်၏အမြင်အာရုံမှ သူမြင်နေရသည်။ ထိုစာအုပ်များသည် ထူးခြားသည့်သဘာဝရှိကြောင်း နားလည်လိုက်သည်။
အညံစားစက္ကူ၊ စျေးပေါသည့်မင်တို့သည် ဘာမှမဆန်းပြား။ သူ့အကိုအတွက် အကြိမ်များစွာ သူသွားဝယ်ပေးခဲ့ဖူးသည်။ ထိုစာအုပ်များ၏ ထူးခြားအရည်အသွေးမှာ ရေးခဲ့သည့်လူကြောင့်ဖြစ်နိုင်သည်။
“ဟော်ရန်တော်ဝင်ချီဆိုတာများလား”
သူခန့်မှန်းကြည့်သည်။ ကွန်ဖြူးရှပ်စာပေသမားများသည် ဆယ်စုနှစ်တစ်ခုကြာ လေ့လာပြီးနောက် တော်ဝင်ချီကို လေ့ကျင့်နိုင်သည်ဟု ပြောသံကြားဖူးသည်။
သို့သော် ကြားရုံသာကြားဖူးသည်။ မမြင်ဖူး။ ထို့ကြောင့် ယခုမြင်နေသည့်စွမ်းအင်ရောင်မျိုး ဟုတ်မဟုတ်မသိ။ လက်ရှိမြင်နေရသည့် သွင်ပြင်လက္ခဏာအရ ဟုတ်လောက်မည်ထင်သည်။ သူ့အကိုစာအုပ်များ တစ်နည်းနည်းဖြင့် မှော်အစွမ်းဝင်လာခြင်းတော့ မဖြစ်တန်ရာ။
“ဒါဆို မင်းကိုရော ဘာလို့သက်ရောက်မှုမရှိတာလဲ’
ကြားဖူးထားသည့် ဟော်ရန်တော်ဝင်ချီအကြောင်းများ ပြန်တွေးမိလာပြီး သူ့ပကတိမျက်လုံးဖြင့် တောင်နက်ကို စိုက်ကြည့်လိုက်သည်။
“အဲဒီချီမျိုးကို မကောင်းဆိုးဝါးဝိညာဉ်တွေ ရှောင်ရှားကြတယ်။ နတ်ဆိုးတွေ အရှုံးပေးရတယ်။ မင်းကဘာလို့ ဘာမှမဖြစ်တာလဲ”
*************************************