သတိပေးချက်
Vol. 2 Ch. 30
တစ်ခြားလောကအမြင်စစ်ကို ပေးခဲ့သည့် တောင်နက်ကိုကြည့်၍ သူ့သုံးသပ်ချက်မှန်မမှန် နည်းနည်းသံသယဖြစ်နေသည်။ အမျိုးအစားအရ ဤခွေးသည် နတ်ဆိုးသားရဲဖြစ်သည်။ တော်ဝင်စွမ်းအင်ရောင်၏ထိန်းချုပ်မျု ခံရသင့်သည်။ သို့သော် ထူးဆန်းနေသည်။ သက်ရောက်မှုလုံးဝမရှိ။
ထိုအလင်းများနှင့် ပတ်သက်၍ တော်ဝင်စွမ်းအင်ရောင်မှလွဲ၍ တစ်ခြားဖြစ်နိုင်စရာနည်းလမ်းကိုလည်း သူစဉ်းစားမရ။
“တောင်နက်၊ ခြံထဲကို သွားစစ်ဆေးကြည့်လိုက်”
စဉ်စားမရသည့်ကိစ္စကို ခဏဘေးဖယ်ထားလိုက်သည်။ ခွေးဝံပုလွေကို သိစိတ်အာရုံမှ အမိန့်ပေးလိုက်သည်။ သူနှင့်အမြင်အာရုံချင်း ဆက်သွယ်ထားပြီးဖြစ်သည်။ သူကိုယ်တိုင်က အခန်းထဲတွင် ကျန်ရစ်ခဲ့သည်။ နှုတ်ခမ်းများ လုံးဝမလှုပ်။
“ဝုတ်”
ရုတ်တရက် အတွေးထဲဝင်လာသည့်အသံကြောင့် တောင်နက်လန့်ဖြတ်သွားသည်။ သို့သော် ရင်းနှီးနေသည့်အသံဖြစ်၍ သူချက်ချင်းသဘောပေါက်သွားပြီး စိတ်လှုပ်ရှားပျော်ရွှင်လာသည်။
“ခြံထဲကိုသွား”
မကြုံဖူးသည့်အဖြစ်ကြောင့် ပျော်ရွှင်နေသည့်ခွေးကိုကြည့်၍ ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။
သေမျိုးတစ်ယောက်အဆင့်သာဖြစ်၍ သူမမြင်နိုင်သည့် အရာများစွာ ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ ယခု တောင်နက်အာရုံဖြင့် ပတ်ဝန်းကျင်ကို ပြန်လေ့လာခွင့်ရသည်။ ထိုအလင်းရောင် သူ့အခန်းထဲတွင်သာ ရှိနေခြင်းဟုတ်မဟုတ် သိလိုသည်။
တောင်နက် ခြံဝန်းထဲသို့ ပြေးထွက်သွားသည်။ တောင်နက်၏အာရုံဖြင့် ဖုန်ချင်အန်း ခြံဝန်းကို ရှင်းလင်းစွာမင်နေရသည်။ စွမ်းအင်ရောင်များမှလွဲ၍ ပုံမှန်မြင်နေကျမြင်ကွင်းသာဖြစ်သည်။
“ဒီအလင်းရောင် ခြံဝင်းထဲမှာလည်း ရှိနေတာပဲ။ တောင်နက်၊ အပြင်ကိုထွက်ကြည့်လိုက်”
အလင်းရောင်က သူ့အခန်းထဲကလိုပင် သက်ရောက်မှုလုံးဝမရှိ။ သူပို၍စိတ်ဝင်စားလာသည်။ တောင်နက်ကို ခြံစည်းရိုးကိုခုန်ကျော်၍ အပြင်ထွက်စူးစမ်းရန် တိုက်တွန်းသည်။ ရက်အတော်ကြာခြေချုပ်မိနေခဲ့သည့် တောင်နက်လည်း စိတ်လှုပ်ရှားသွားဟန်ရှိသည်။ ခြံစည်းရိုးကိုခုန်ကျော်၍အပြင်ထွက်လိုက်သည်။
“မရှိတော့ပါလား”
အနက်ရောင်ညကောင်းကင်အောက်တွင် တောင်နက်အမြင်အာရုံဖြင့် ရွာထဲမှအိမ်များ၏ အခြေအနေကို မြင်ကွင်းတစ်မျိုးဖြင့် မြင်နေရသည်။ ရွာထဲတွင် မီးလုံးဝမရှိ။ လနှင့်ကြယ်ရောင်မှိန်မှိန်ကြောင့် ညက ပို၍ပင်မှောင်မဲနေသယောင်ရှိသည်။
သို့သော် တောင်နက်ကို နောက်လှည့်ကြည့်ရန် အမိန့်ပေးလိုက်ချိန်တွင် တောက်ပသည့်အလင်းရောင်များ လွှမ်းခြုံနေသည့် သူ့အိမ်သူ ပြန်မြင်ရသည်။ နေ့ခင်းဘက်ကဲ့သို့ပင် ထိန်လင်းနေသည်။
“အကို”
သူမှင်သက်မိသွားသည်။ ထိုအလင်းသည် သာမန်အဆင်တန်ဆာသာမဟုတ်။ နတ်ဆိုးများသာ မြင်နိုင်သည်။ သာမန်လူများလုံးဝမမြင်နိုင်ပေ။
“အူး”
ထိုစဉ် တောင်နက်က တောင်းဆိုနေဟန်ဖြင့် တစ်ချက်ညည်းညူလိုက်သည်။ သူ့မျက်လုံးက ရွာအပြင်အမှောင်ထုထဲမှ တော်အုပ်လေးဆီ ကြည့်နေသည်။ မျှော်လင့်တောင့်တနေဟန်ရှိသည်။
“မင်းက...”
သူနားလည်လိုက်သည်။ တောင်နက် အမဲလိုက်၍ ဆာလောင်မှုဖြေဖျောက်ချင်နေသည်။ သူစိတ်မကောင်ဖြစ်သွားသည်။ သွားခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့ဆုံးဖြတ်ချက်အတည်မပြုမီ စိတ်လက်ပေါ့ပါးဟန်ရှိနေသည့်တောင်နက်က ရုတ်တရက် ခန္ဓာကိုယ်တောင့်တင်းသွားသည်။ ကြွက်သားများ တင်းမာလာသည်။ ကြောက်စရာအစွယ်များကို ဖြဲလိုက်သည်။ ရန်လိုသည် အော်သံပြုသည်။ တိုက်ခိုက်ရန် အသင့်ပြင်နေသည်။
ရွာလမ်းပေါ်တွင် ခံ့ညားသည့် စစ်သူကြီးဝတ်ရုံရှင်တစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။ ရွှေရောင်သံချပ်ကာနှင့် ကျိုင်းတုတ်ကိုင်ထားသည့် ထိုလူက သုံးမီတာနီးပါး အရပ်မြင့်သည်။ လမ်းနှစ်ဘက်မှ လူနေအိမ်များကို ကလေးကစားစရာ အရုပ်များသဖွယ် ငုံ့ကြည့်နေသည်။
“သရဲနတ်ဘုရား”
အခန်းထဲတွင်ထိုင်နေသည့် ဖုန်ချင်အန်း အသက်ရှူရပ်မတတ်ဖြစ်သွားသည်။ အစောပိုင်းက သူခန့်မှန်းခဲ့ရုံသာရှိသည်။ ယခု သာမန်လူတို့ ပူဇော်ကြသည့် နတ်ဘုရားအစစ်ကို မြင်နေရသည်။
နတ်ဘုရားစစ်သူကြီးသည် ဘုံကျောင်းထဲမှ ထွက်လာသည်ဟန်ပန်မျိုးရှိသည်။ ဝတ်စုံ၊ လက်တွင်ကိုင်ထားသည့် ကျိုင်း၊ ဘုံကျောင်းမှရုပ်ထုနှင့် တစ်ထေရာတည်းဖြစ်သည်။ သို့သော် ရုပ်ထုများက အသက်မရှိ။ ယခုစစ်သူကြီးက ပို၍မာန်ပါသည်၊ တည်ငြိမ်ခံ့ညားသည်။
“ခွေးနတ်ဆိုး၊ မင်းကိုငါစောင့်နေတာ ရက်အတော်ကြာပြီ။ ဒီနေ့ညမှပဲ မင်းအပြင်ထွက်တာနဲ့ ကြုံတော့တယ်”
တောင်နက်အာရုံမှတစ်ဆင့် နတ်ဘုရားပြောသည့်စကားကို ကြားလိုက်ရသဖြင့် ဖုန်ချင်အန်း အသက်ပြန်ဝင်လာသည်။
သူ့ရင်ထဲ လေးလံလာသည်။ နတ်ဘုရားပေါ်လာခြင်းသည် နတ်ဆိုးတစ်ပါးပေါ်လာသလိုပင်ဖြစ်သည်။ တောင်နက်သာအဖမ်းခံရလျှင် သူဘာဆက်လုပ်ရမည်မသိတော့။
“မင်းအစွယ်တွေဖြဲပြနေဖို့မလိုပါဘူး။ ငါမင်းကို ဖမ်းခေါ်ဖို့လာတာမဟုတ်ဘူး။ မင်းလှုပ်ရှားမှုတိုင်းကို ငါစောင့်ကြည့်နေတယ်ဆိုတာ ပြောဖို့လာတာ။ ဒီကလူတွေကို မင်းဒုက္ခပေးရင် မင်းကိုငါ ဘယ်လိုနည်းနည်းဖြစ်ဖြစ် တရားစီရင်ဖို့ ခေါ်သါားမယ်။
သူ့စကားအရ အခြေအနေက ထင်သလောက်မဆိုးသေးကြောင်း ဖုန်ချင်အန်း သိလိုက်သည်။ နတ်ဘုရားသည် သတိပေးရန်သာ ရောက်လာခြင်းဖြစ်သည်။ အတော်တာဝန်သိတတ်သည့် သရဲနတ်ဘုရားဖြစ်သည်။ လူတို့ကြည်ညိုလေးစားမှု ခံယူထိုက်ပေသည်။
“ဝုတ်”
လူစကားနားလည်ပြီး သူ့ရည်ရွယ်ချက်ကိုသိသည့် တောင်နက်က ရန်လိုသည့်အမူအရာကို ချက်ချင်းပြောင်း၍ မြေပေါ်တွင်ထိုင်ချပြီး တစ်ချက်ဟာင်လိုက်သည်။ သူ့မျက်နှာတွင် မခိုးမခန့်အမူအရာမျိုး ပေါ်နေသည်။
လူတွေကို ဒုက္ခပေးဖို့။
ထိုအလုပ်မျိုးလုပ်မည့်ခွေးဟု နတ်ဘုရားက ထင်နေဟန်ရှိသည်။
တောင်နက်သည် ရွာထဲမှ ကြက်ဘဲငန်းဝက် တစ်ကောင်တစ်လေပင် အန္တရာယ်မပေးခဲ့ဖူး။ သခင်ထက်ပင်ပို၍ စည်းကမ်းရှိသေးသည်။
“ခွေးနတ်ဆိုး၊ တော်ဝင်စွမ်းအင်ကာကွယ်ထားရုံနဲ့ ငါမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မထင်လိုက်နဲ့။ အလွန်ဆုံး မင်းအပြင်ထွက်အမဲလိုက်ပြီး အသွေးအသားစားလို့ပဲရမယ်။ မင်းငါ့ဒေါသကိုလာဆွရင်တော့ ကောင်းကောင်းဆုံးမမယ်။ နောက်ထပ်ဆယ်ရက်လောက်ပိုစောင့်ရလည်း ငါဂရုမစိုက်ဘူး”
အသိဉာဏ်ရထားသည့်ခွေးက ပမာမခန့်ပုံစံလုပ်နေသည်။ ဒေါသကြီးသည့် စစ်ပွဲနတ်မင်း သည်းမခံနိုင်ပေ။
တောင်နက် ချက်ချင်းအမူအရာပြန်ပြင်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ့ရှေ့မှ သရဲနတ်ကို သူအနိုင်မယူနိုင်သေး။ အစောပိုင်းက မနိုင်လျှင်လည်း တိုက်ခိုက်မည်ဟု ကြံခဲ့သည်။ တစ်ဘက်သားကို ကိုယ်အားနည်းကြောင်း မပြချင်။ သို့သော်ယခု အခြေအနေက မတူတော့။
“မင်းဟာ တော်ဝင်စွမ်းအင်ရောင်ရဲ့ ကောင်းချီးရထားတဲ့ဝိညာဉ်လို့ မြို့တော်နတ်ဘုရား ပြောတယ်။ အတော်စိတ်ကောင်းရှိတဲ့ အိမ်တော်အစောင့်အရှောက်ခွေးပဲတဲ့။ သူချီးကျူးတာနဲ့ ကိုက်ညီအောင်နေပါ။ ဒုက္ခပေးဖို့ မစဉ်းစားနဲ့”
တောင်နက် အသိဉာဏ်ရှိကြောင်း မြင်နေရသဖြင့် စစ်ပွဲနတ်မင်း ကျိတ်၍ချီးကျူးမိသည်။ သို့သော် မျက်နှာကိုတော့ တင်းထားဆဲဖြစ်သည်။ စိတ်ထဲရှိသည့်အတိုင်း သတိပေးကြိမ်းဝါးပြီးနောက် သူလှည့်ထွက်သွားသည်။
“သွားပြီလား”
လှည့်ထွက်သွားသည့် နတ်ဘုရားကိုကြည့်၍ ဖုန်ချင်အန်း ချက်ချင်းအသိဝင်လာသည်။
“အကဲဖြတ်မယ်”
(အမျိုးအစား - အပူဇော်ခံဝိညာဉ်)
(ပင်ကိုယ်ဗီဇ - နတ်ဘုရား၊ သရဲ)
(စွမ်းရည်အဆင့် - တပ်မှူး၊ အလတ်တန်းဆင့်)
(တိုက်ခိုက်စွမ်းအား - တပ်မှူး၊ အလတ်တန်းဆင့်)
“တပ်မှူးလား”
ဖန်သားပြင်တွင် ပေါ်လာသည့်အဆင့်ကိုကြည့်၍ သူစဉ်းစားနေသည်။ နတ်ဘုရားအရိပ်က အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
"ဟူး “
ယနေ့ညသည် တကယ့်အံ့ဩစရာအဖြစ်များ သူမြင်ခဲ့ကြားခဲ့ရသည်။ ရှိနေသည်ဟုသာ သာမန်ယူဆထားသည့် အရာများ အံ့ဩစရာကောင်းလောက်အောင် ထွက်ပေါ်လာသည်။ အဆင့်မြင့်နတ်ဘုရားများသည် သေမျိုးများနှင့် အတော်နီးကပ်သည့်ဆက်သွယ်မှုမျိုး ရှိနေသည်။
ပထမအကြိမ် တစ်ဆင့်ခံအာရုံဖြင့် နတ်ဘုရားတစ်ယောက်နှင့် တွေ့ဆုံပွဲက သိပ်အဆင်မချောလှ။ သူ့ခွေးကို အထူးတလည် လာသတိပေးသည်။ သို့သော် တာဝန်သိတတ်သည့် နတ်ဘုရား၏စိတ်ကြောင့် သူအတော်လေးစားမိသည်။
နောက်တစ်ချက်မှာ ထိုနတ်ဘုရားပေါ်လာသောကြောင့် အစောပိုင်းက သူ့ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။
“တော်ဝင်စွမ်းအင်ရောင်။ ဒီစာအုပ်တွေက ထွက်နေတဲ့အလင်းဟာ တကယ်တော်ဝင်စွမ်းအင်ရောင်ပဲ။ ငါမှန်းတာ မမှားဘူး။ ဒီစွမ်းအင် တောင်နက်အပေါ်မသက်ရောက်တာ ထူးခြားအကြောင်းရင်းတစ်ခု ရှိလိမ့်မယ်”
သို့သော် အချက်တစ်ချက်ကို သူသတိပြုမိသည်။ တင်းမာခက်ထန်သည့် နတ်ဘုရားစစ်သည်ကြီးသည် သူ့အိမ်နှင့် အတော်ဝေးဝေးတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ ရှိသင့်သည်ထက် ပိုဝေးသည့်နေရာတစ်ခုဖြစ်သည်။
***************************************