← Chapters

ခတ်ဆေး (၁)

Vol. 2 Ch. 75

ခတ်ဆေး (၁)

Vol. 2 Ch. 75

မှောင်မိုက်နေတဲ့ တိုက်ခန်းလေးတစ်ခု။

တိုက်ခန်းက ကျဥ်းတယ်လို့ မဆိုသာပေမဲ့ အတွင်းထဲမှာ ထားရှိထားတဲ့ ပစ္စည်းတွေကြောင့် ပြည့်ကျပ်နေပြီး လူနေဖို့ နေရာတောင်မှ မရှိဘဲ ကျဥ်းမြောင်းပြီး မွန်းကျပ်တဲ့ခံ စားချက်ကို ပေးစွမ်းနေပါတယ်။

တိုက်ခန်းရဲ့နံရံတိုင်းလိုလိုမှာ ပိုစတာပုံတွေနဲ့ပြည့်နေပြီး ပိုစတာပုံတွေထဲမှာတော့ အနက်ရောင်ဂျာကင်အင်္ကျီကို ဝတ်ထားတဲ့ လူချောလေးတစ်ယောက်ရဲ့ပုံရိပ် ရှိနေတာကို မြင်နိုင်ပါတယ်။ စာဖတ်သူတို့အနေနဲ့ သေချာကြည့်မယ် ဆိုရင်တော့ ပိုစတာထဲက မော်ဒယ်ဟာ ဗင်းဆင့် နက်ဆန် ဖြစ်နေတဲ့အကြောင်း အစဖော်ပေးဖို့တောင် လိုမယ် မထင်ပါဘူး။

ပိုစတာတွေပြီးသွားတော့ အဝတ်ဗီရိုလေးပေါ်မှာ ကိုယ်တိုင် ပြုလုပ်ထားတယ်လို့ထင်ရတဲ့ အစာသွပ်ချည်ထိုး ရုပ်ကလေးတွေ ရှိနေပြီး အနက်ရောင်ဆံပင်နဲ့ အပြာရောင် မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံစံအတိုင်းပြုလုပ်ထားတာ။ နက်ဆန်ပုံကို ကာတွန်းဆန်ဆန် အမွှေးပွရုပ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

အခန်းထောင့်မှာရှိတဲ့ အိပ်ရာပေါ်မှာလည်း အထူးဇိမ်ရှိမယ့် ပုံပေါ်တဲ့ တန်ဖိုးကြီးဖက်လုံးတစ်လုံးရှိနေပြီး ဖက်လုံးစွပ် ပေါ်ကပုံက နက်ဆန်ရဲ့ပုံပဲ ဖြစ်နေပါပြန်ပါတယ်။ ခေါင်းအုံး စွပ်ကလည်း နက်ဆန်ရဲ့ရှားပါးတဲ့အပြုံးမျက်နှာ၊ အိပ်ရာခင်း မှာကတော့ နက်ဆန်ရဲ့အေးစက်စက်အကြည့်ပါတဲ့ပုံ၊ စသည်ဖြင့် အမျိုးမျိုတန်ဆာဆင်ထားတာကို တွေ့ရမှာပါ။

“ဟင်... ဟင်... ဟင်... ပြီးတော့မယ်... ခဏနေရင် အသင့်ဖြစ်တော့မယ်.. ဟီဟီဟီ။”

အဲဒီအခန်းလေးထဲမှာတော့ မိန်းမပျိုလေးတစ်ယောက်က ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။ ဗီရို အမျိုးမျိုးပေါ်မှာတင်ထားတဲ့ ဖန်ပုလင်းလေးတွေထဲက ဆေးမြစ်၊ ဆေးရွက်အမျိုးမျိုးကို ထုတ်ယူပြီးတော့ အခန်း တစ်ဖက်က စာကြည့်စားပွဲခုံပေါ်ကို ပြန်လာလိုက်၊ စားပွဲပေါ်က ချိန်ခွင်သေးသေးလေးမှာ ချိန်လိုက်နဲ့ အလုပ်များနေတော့တာပေါ့။

“ပါဝင်ပစ္စည်းတွေတော့စုံပြီ၊ နောက်တစ်ဆင့် စရမယ်။”

စကူးဘတ်မိန်းကလေး မိုနီကာက သူ့ရဲ့သွားစွယ်တွေ ပေါ်အောင်လို့ ပြုံးလိုက်တယ်။ လက်ထဲမှာတော့ ငွေဓား သေးသေးလေးတစ်ချောင်းကိုကိုင်ထားပြီး ငွေဓားရဲ့ မျက်နှာပြင်ကနေတစ်ဆင့် သူ့ရဲ့လူမမာလိုဖြူဖျော့နေတဲ့ မျက်နှာနဲ့ ပတ္တမြားလိုမျိုး နီရဲတောက်ပနေတဲ့ မျက်လုံး အစုံကိုမြင်နေရလေရဲ့။

တောက်... တောက်... တောက်...

မိုနီကာက ဆေးမြစ်ဆေးရွက် တချို့ကို ငွေဓားလေးနဲ့ ပါးပါးလှီးတယ်။ “ချီကိုရီအမြစ်ကို တောက်တောက်စင်း ပြီးရင် ကျိတ်ဆုံထဲထည့်။”

ညို့ဓာတ်ပြင်းတဲ့ မိန်းမပျိုလေးက ပြောလဲပြော လုပ်လည်း လုပ်နဲ့ ဆေးမြစ်တွေကို ကျိတ်ဆုံထဲထည့်တယ်။ ပြီးနောက် အနီရောင် နှင်းဆီပန်းတစ်ပွင့်ကို ယူပြီးတော့ ပွင့်ဖတ်တွေကို ညင်သာစွာ ခြွေချရင်း ကျိတ်စုံထဲကို ထပ်ထည့်ပါတယ်။

“ဟုတ်ပြီ... ဟုတ်ပြီ နောက်ဆုံးလိုတာက ရို့မယ်ရီအမှုန့်နဲ့ စံပယ်ပန်းဆီပဲ။”

မိုနီကာရဲ့ကြွေဖယောင်းလိုလက်ကလေးတွေက ရို့မယ်ရီ အမှုန့်ထည့်ထားတဲ့ ဖန်ပုလင်းဆီရောက်သွားပြီး လက်ဖက်စားဇွန်းနဲ့ ပမာဏကိုသေချာချိန်ညှိပြီးတော့ ကျိတ်ဆုံထဲက တခြားဆေးအမယ်တွေပေါ် ဖြူးချတယ်။ နောက်တော့ စံပယ်ပန်းအဆီကိုလည်း တစ်ပေါက်နှစ်ပေါက် ထည့်တယ်ဆိုရုံလေး ထည့်ပါတယ်။

စံပယ်ပန်းရနံက အခန်းထဲမှာ သင်းပျံသွားပြီးတဲ့နောက် မိုနီကာက အားရပါးရအသက်ကို ရှုသွင်းလိုက်ပြီး သစ်သား ငရုတ်ကျည်ပွေ့ကိုကိုင်ပြီး ကျိတ်ဆုံထဲက ဆေးအမယ်တွေကို စတင်ကျိတ်ပါတယ်။ အားလုံးရောစပ်သွားတာ သေချာပြီ ဆိုတော့မှ နောက်တစ်ခါသွားပေါ်အောင် ထပ်ပြုံးလိုက်ပြီး ရပ်ပါတယ်။

“ဆေးကြိုအိုးကို အသင့်ပြင်ရမယ့်အချိန်ပဲ။”

မိုနီကာက သစ်သားစားပွဲပေါ်ကို နှစ်ပေပတ်လည် အနက်ရောင် သံပြားတစ်ပြားတင်လိုက်တယ်။ လုံခြုံရေးအရ မီးခံအနေနဲ့အသုံးပြုဖို့ဖြစ်ပြီး သေချာနေရာချပြီးတဲ့အခါမှာ ရေနွေးအိုးအရွယ် မီးသွေးမီးဖိုငယ်တစ်ခုကို အပေါ်က ထပ်တင်တယ်။ အဲဒီအပေါ်မှာကတော့ ကြေးသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ခပ်လုံးလုံးအိုးလေးတစ်အိုး တင်ထားတယ်။ အိုးမှာ မျိုးစုံတဲ့မှော်စာလုံးတွေကို ထွင်းထုထားပြီးတော့ မြင်ရုံနဲ့တင် မှော်ပစ္စည်းတစ်ခုမှန်း သိသာပါတယ်။

“အရင်ဆုံး လောင်စာဖြည့်ရမယ်။” မိုနီကာက အိုးကို အသာလေးမလိုက်ပြီး ကျွန်းနက်သားကနေ ပြုလုပ်ထားတဲ့ မီးသွေးတောင့်တချို့ကို အောက်က မီးဖိုထဲ ပစ်ထည့်တယ်။ မှော်နှင်တံကို လက်ကနေကိုင်ပြီး မှော်ဂါထာတစ်ခုကိုရွတ် မီးကိုစမွှေးတယ်။

“လုဆပ်...”

ဖျောင်း...

မီးသွေးတွေက ချက်ချင်းရဲရဲနီအောင် မီးထတောက်တယ်။ အလှလေးက အဲဒီမြင်ကွင်းကို သဘောတကျကြည့်နေရင်း ဆေးကျိုအိုးထဲကို စပျစ်ဝိုင်တစ်ဝက်လောက် ဖြည့်ထည့် လိုက်တယ်။ ဝိုင်တွေဆူပွတ်လာပြီးတဲ့နောက် အစောပိုင်းက ပြင်ဆင်ထားတဲ့ ဆေးအမယ်တွေကို ဂရုတစိုက် ဆေးကျိုအိုးထဲ ထည့်လိုက်ပြီး မှော်နှင်တံနဲ့ စတင်မွှေနှောက်ပါတယ်။

“အို... ပြုစားခြင်းအတတ်တို့၏အရှင်သခင်မ မယ်တော်ဟီကိတ်၊ အချစ်ငတ်နေတဲ့ ကျွန်တော်မျိုးမကို ကောင်းချီးပေးတော်မူပါ။ ကျွန်တော်မျိုးမချစ်ရသော အမှောင်ညနတ်ဘုရားမ၏သားတော် နက်ဆန်နှင့်ရွှေလမ်း ငွေလမ်းလျှောက်ရအောင် ကူညီပေးတော်မူပါ။”

ဝိုင်နဲ့ဆေးအမယ်တွေ ကောင်းစွာနှံစပ်ပြီးရောနှောသွားတဲ့ အချိန်မှာတော့ မိုနီကာက သူ့လက်ထိပ်ကလေးကို ဖောက်ပြီး သွေးတစ်စက်နှစ်စက် ဆေးကျိုအိုးထဲကို ချလိုက်တယ်။ အဲဒီနောက် ဆေးကျိုအိုးထဲက ဆေးရည်က အလင်းရောင် နည်းနည်းတောက်ပလာပြီး ပြန်ငြိမ်သွားတယ်။

“အောင်မြင်သွားပြီပေါ့လေ။” မိုနီကာက ပြုံးလိုက်ပြီး ဆေးကျိုအိုးကို လက်နှီးစုတ်နဲ့ကိုင်ကာ ဆေးကျိုအိုးပေါ်က ချလိုက်တယ်။ နောက်တော့ မီးဖိုကို မှော်နှင်တံနဲ့ ညွန်ပြပြီး

“လူးရှပ်...” ဂါထာတစ်ခုနဲ့အတူ မီးက ချက်ချင်းငြိမ်းကျ သွားတယ်။ မီးသွေးတွေက တဖြည်းဖြည်းနီရဲနေရာကနေ ငြိမ်သက်သွားရော။ မိုနီကာကတော့ ဆေးကျိုအိုးထဲက ဆေးတွေကို အအေးခံထားရင်းနဲ့ အခြေအနေစောင့်ကြည့် နေပါတယ်။

အားလုံးအဆင်ပြေသွားပြီဆိုတော့မှ တန်ဖိုးကြီးပုံရတဲ့ ခရစ်စတယ်ဖန်အစစ်နဲ့ပြုလုပ်ထားတဲ့ ဖန်ပုလင်းလေးကို ယူလိုက်ပြီး ဆေးရည်တွေကို ဂရုတစိုက်နဲ့မဖိတ်အောင် ပုလင်းထဲ ထည့်ပါတယ်။ နောက်ဆုံးပိတ်အနေနဲ့တော့ အဖုံးကို သေချာပိတ်လိုက်ပြီး ကောက်ကျစ်တော့မယ့် ပုံစံနဲ့ ပြုံးလိုက်ပါတယ်။

“ဟီးဟီး... ငါ့ရဲ့ဒါလင်အနားမှာနေပြီး နေ့တိုင်းအမျိုးမျိုး မြူဆွယ်ပြနေတဲ့ ဆယ်ဗီဆိုတဲ့ကောင်မရေ။ ညည်း သတိထားနေပေတော့။ ဒီဆေးရည်ကို ဒါလင် သောက်ပြီးတာနဲ့ သူက ငါ့အပိုင်ဖြစ်လာတော့မှာ။”

...

နက်ဆန်လည်း ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီ ဖြစ်ပြီးတော့ အေသင်မှာ ကျွန်မတို့တွေ တခြားလုပ်စရာ မရှိတော့တဲ့အတွက် ပြန်ဖို့အတွက် ပြင်ဆင်ကြပါတယ်။ ညနေကျရင် ရထားအမီသွားရမှာမလို့ ကျွန်မတို့တွေ အထုပ်အပိုးတွေ စတင်ပြင်ဆင်နေကြပြီ။

ကျွန်မကတော့ အခန်းပြတင်းပေါက်ကနေတစ်ဆင့် အကင်တွေရောင်းတဲ့ လမ်းကြားလေးကို ကဲကြည့်ရင်း ငိုတောင်ငိုချင်သွားတယ်။

“ငါတော့ အဲဒီဆိုင်လေးကို လွမ်းမိနေတော့မှာပဲ။”

ကျွန်မ ဒီလိုတွေးလိုက်မိပေမဲ့ နောက်တစ်ခါရပ်မယ့်နေရာက အစ္စတန်ဘူလ်ဖြစ်ပြီး တူရကီက ဥရောပရဲ့ဟင်းလျာ အဆင့်အတန်းမှာ မနိမ့်တဲ့နိုင်ငံဖြစ်လို့ အသစ်အဆန်းတွေ စားရတော့မယ်ဆိုပြီး ပျော်နေပြန်တယ်။

“ သေချာပေါက် ကိဘိတ်လို့ခေါ်တဲ့ အသားကင်တစ်မျိုး သူတို့ဆီမှာရှိတယ်မဟုတ်လား။ အဲဒါကို မြည်းကြည့်ရမယ်။ ကိဘိတ်စားမယ်... ကိဘတ်စားမယ်...”

တွေးရင်းတွေးရင်းနဲ့စားချင်စိတ်က လွှမ်းမိုးလာပြီး သွားရည်တောင် ကျမိလာတယ်။ တစ်ချိန်တည်းမှာပဲ အပြင်ကနေ ပြန်လာတဲ့ အိုလီရာနာက သွားရည်ကျပြီး အသားကင်နာမည်ကိုရွတ်နေတဲ့ ကျွန်မနားကို ကပ်လာတာ သတိထားမိပြီး အနားကပ်လာတယ်။ နောက်တော့ နားနားကို ကပ်ပြီး...

“ကိဘတ်စားမယ်...”

“အိုလီရာနာ...”

“ကိဘတ်စားမယ်...”

“အိုလီရာနာ...”

“အိုလီရာနာ... စားမယ်...”

“အိုလီရာနာ...”

“အိုလီရာနာ စားမယ်...”

“.....” ခဏလောက်နေတော့ ကျွန်မသတိပြန်ဝင်လာပြီး ကောင်မစုတ်လေးကို ကြည့်လိုက်တယ်။ သူက ကျွန်မကို ကြည့်နေပြီး တခိခိအူတက်နေလေရဲ့။ နောက်တော့...

“ဆယ်ဗီမ၊ နင်အဲဒီလောက်စားနေရင် ဝိတ်တက်လာပြီး အရေးအကြောင်းဆိုရင် မပြေးနိုင်မလွှားနိုင် ဖြစ်လိမ့်မယ်။”

ကျွန်မလည်း စိတ်တိုပြီး အိုလီရာနာကို ထိပ်ခေါက်ချင်ပေမဲ့ ကောင်မစုတ်လေးက ကျိန်စာပြန်ဖြေမပေးသေးတာကို သတိရသွားတဲ့အတွက် လက်ကို ဘရိတ်အုပ်လိုက်ရတယ်။

အိုလီရာနာကတော့ ကျွန်မဘေးမှာ ဝင်ထိုင်ပြီးတော့ ပြောလိုက်ပါတယ်။ “ဒါပေမဲ့ နင်တို့ခေတ်သစ်ကမ္ဘာကြီးက စားစရာတွေစုံသား။ ငါတို့ခေတ်မှာက စားစရာတွေ အများကြီး သိပ်မရှိဘူးလေ။ ရှိခဲ့ရင်တောင် စားဖို့ မတတ်နိုင်တာများတယ်။”

အိုလီရာနာက ရှေးခေတ်ဟောင်းမှာ နေခဲ့တဲ့သူပါ။ ကျွန်မတို့ရဲ့၂၁ရာစုကြီးအကြောင်းကို လေ့လာနေပြီ ဖြစ်ပေမဲ့ အသားကျဖို့အတွက်တော့ ခက်နေသေးပုံပဲ။ သူက ကျွန်မကို မေးလိုက်တယ်။

“အခုနင်က နိုင်ငံတော်တော်များများကို ခရီးသွားပြီးပြီ ဆိုတော့ ဘယ်နေရာက စားစရာကို အကောင်းဆုံးလို့ ထင်လဲ။”

အိုလီရာနာက စပ်စုချင်စိတ်သက်သက်နဲ့ မေးခဲ့တာပါ။ ကျွန်မလည်း သေချာစဥ်းစားရင်းနဲ့ “ သေချာပေါက် ဂရိအကင်က နံပါတ်တစ်မှာပဲ။ ပြီးရင်တော့ အီတလီ ပီဇာထင်တယ်။ မော်လီချက်ကျွေးဖူးတဲ့ ပြင်သစ် ကြက်သွန်ဟင်းရည်ကတော့ တတိယလိုက်မယ်ထင်တယ်။”

အိုလီရာနာက လက်ညိုးလေးတစ်ချောင်း ထောင်လိုက်ပြီး “ဆယ်ဗီမ၊ နင်လေ သူနာပြုမလုပ်ဘဲ ငါကြည့်နေကျ Youtubeထဲကလို အစားအသောက်တွေညွန်းပေးတဲ့သူ လုပ်ရမှာ။”

“....” ကျွန်မ ပြောစရာစကားကင်းမဲ့သွားတယ်။ ခုရက်ပိုင်း အတွင်းမှာတင် အိုလီရာနာက ဖုန်းသုံးနည်းကို သေချာ ကျွမ်းကျင်သွားပြီ။ သူက ကျွန်မဖုန်းကို ကပ်သုံးနေတာ ဖြစ်တဲ့အတွက် နည်းနည်းစိတ်ဆိုးမိပေမဲ့ ကလေးမလို့ ဆူမနေတော့ဘဲ ပစ်ထားလိုက်တယ်။ သူက သာမန်လူ မဟုတ်လေတော့ မျက်လုံးထိခိုက်မိမှာလည်း ပူစရာမရှိဘူးလေ။

တီတီတီ... တီတီတီ...

ရုတ်တရက် ကျွန်မဖုန်းက အလန်းမြည်လာတယ်။ နာရီကို ကြည့်လိုက်တော့ ဆယ့်နှစ်နာရီထိုးနေပြီ။

“ဟိုတယ်ကနေ စထွက်ရမယ့်အချိန်နဲ့ နီးနေပြီပဲ။ အိုလီရာနာ၊ အထုပ်တွေကို အခန်းထဲကနေထုတ်လာခဲ့။ နက်ဆန်ကို သွားခေါ်ရအောင်။”

အိုလီရာနာက ခေါင်းညိတ်ပြီး ခရီးဆောင်အိတ်ကြီး တစ်အိတ်ကို ဆွဲယူလာတယ်။ ကျွန်မကလည်း ကျွန်မကိုယ်ပိုင် ခရီးဆောင်အိတ်တစ်အိတ်ကို ဆွဲယူပြီး အပြင်ကိုထွက်လိုက်တယ်။ နောက်တော့ နက်ဆန်ရဲ့ အခန်းရှေ့မှာရပ်ပြီး... တံခါးခေါက်တယ်။

ဒေါက်... ဒေါက်... ဒေါက်...

“နက်ဆန်ရေ၊ သွားဖို့အချိန်ကျနေပြီနော်။ နောက်ကျရင် ဟိုတယ်မှာ နောက်တစ်ရက်စာ ထပ်ပေးနေရဦးမယ်။”

ရထားထွက်မယ့်အချိန်က ညနေ လေးနာရီမှဆိုပေမဲ့ ကျွန်မတို့က နေ့လယ် ဆယ့်နှစ်နာရီထပ် ကျော်ပြီးတော့ မနေဖို့ ဆုံးဖြတ်ထားတယ်။

“ငါ အသင့်မဖြစ်သေးဘူး။ ခဏစောင့်...”

အထဲကနေပြီး မိန်းကလေးတစ်ယောက်ရဲ့အသံ ထွက်လာတဲ့အတွက်ကြောင့် ကျွန်မအံ့ဩသွားတယ်။ ကျွန်မက အိုလီရာနာကို ကြည့်လိုက်ပြီး တံခါးကို ထပ်ခေါက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒေါက်... ဒေါက်... ဒေါက်...

“နက်ဆန်၊ ကျွန်မတို့ ဝင်ခဲ့လို့ရမလား။” ကျွန်မက အော်ရင်း တံခါးခေါက်တော့ အထဲကနေ မိန်းကလေးတစ်ယောက်က ဒေါသထွက်ပြီး အော်လိုက်တဲ့အသံကို ကြားလိုက်ရပြန်တယ်။

“ခဏစောင့်ပါဆိုနေမှပဲ...”

ဒီတစ်ခါတော့ ကျွန်မနဲ့အိုလီရာနာက တိုင်ပင်ထားစရာ မလိုအပ်ဘဲ တံခါးကိုအတင်းဆောင့်ကန်ဖွင့်ပြီး အခန်းထဲ ဝင်လိုက်တယ်။ နောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်မဒေါသတွေ ထောင်းခနဲထွက်လာတော့တာပဲ။

အခန်းထဲက မှန်ရှေ့မှာ ခါးအထိရောက်တဲ့ အနက်ရောင်ဆံပင်ရှည်တွေနဲ့ အပြာရောင်မျက်လုံးတွေ ရှိတဲ့မိန်းကလေးတစ်ယောက်က ရပ်နေပြီးတော့ နက်ဆန် ဝတ်နေကျ ဂျာကင်အနက်ကြီးကို ဝတ်ထားတယ်။ ဒါပေမဲ့ မိန်းကလေးခန္ဓာကိုယ်က သေးသေးကွေးကွေးမလို့ ဂျာကင်နဲ့သူနဲ့က မလိုက်ဘဲ ရယ်စရာကြီးဖြစ်နေတယ်။ ကျွန်မနဲ့ အဲဒီကောင်မလေးနဲ့ မျက်နှာချင်းဆိုင်မိတယ် ဆိုရင်ပဲ ကျွန်မက အခန်းစားပွဲပေါ်မှာတင်ထားတဲ့ ပန်းအိုးကို ကောက်ယူလိုက်ပြီး ရိုက်တော့မယ့်မျက်နှာနဲ့ မေးလိုက်တယ်။

“နင်က ဘယ်သူလဲ၊ နက်ဆန့်အခန်းထဲကို ဘာဝင်လုပ်တာလဲ။”

ကျွန်မက ပြောရင်းပြောရင်းနဲ့ ဒေါသထွက်လာတဲ့အတွက် ပန်းအိုးနဲ့တကယ်ပစ်ပေါက်တော့မလို လုပ်လိုက်ပေမဲ့ အိုလီရာနာက ဆွဲထားလိုက်တယ်။ ကောင်မလေးကတော့ အခန်းထောင့်မှာ ဝင်ပုန်းနေပြီး မယားငယ်တုံးညှပ်တဲ့ လေသံနဲ့ ရှင်းပြနေတယ်...

“ဆယ်ဗီ... နင်လက်လွန်မယ်နော်... ရှင်းပြဆိုရင် သေချာ ရှင်းပြပါမယ်ဟာ...”

ကျွန်မကတော့ အလိုလိုနေရင်း မျက်လုံးထဲကနေ မျက်ရည်ပူတွေစီးကျလာပြီး ငိုသံကြီးနဲ့အော်ပြော မိလိုက်တော့တယ်။

“ဘာမှရှင်းပြစရာမလိုဘူး... နင်က နက်ဆန်ရဲ့ရည်စား မဟုတ်လား။ နင်တို့တွေက အတူနေတဲ့အဆင့်တောင် ရောက်နေပြီပေါ့လေ။ အော်... ကိုနက်ဆန်ရယ်၊ ရှင်က ကျွန်မကိုတောင် ရည်းစားရှိတယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောမပြနိုင်ပါ့လား။”

ကျွန်မတအီးအီးနဲ့ငိုနေတုန်း အိုလီရာနာက ကျွန်မပေါင်ကို ဆိတ်ဆွဲတယ်။

“ဆယ်ဗီမ၊ ဘာအရူးထပြန်တာလဲ။ အဲဒါ သခင်ကိုကိုမှ သခင်ကိုကိုအစစ်ပဲ။ မိန်းကလေးပုံစံဖြစ်နေပေမဲ့ သူ့ကိုယ်ထဲက အမှောင်စွမ်းအားက ဒီအတိုင်းပဲ။ ငါတို့မသိတာတစ်ခုခု ဖြစ်သွားပြီး အခုလိုဖြစ်နေတာ နေမှာ။”

“....” ကျွန်မ အဲဒီကောင်မလေးကို နောက်တစ်ခါထပ်ပြီး ကြည့်လိုက်တယ်။ အနက်ရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံး ဒါတွေက နက်ဆန်မှာရှိတဲ့ဟာတွေ။ သေချာကြည့်မယ်ဆိုရင် မျက်နှာချင်းကလည်း အတူတူပဲ။ နက်ဆန်တစ်ယောက် မိန်းကလေးအဖြစ်မွေးလာရင် ဖြစ်မယ့်ပုံစံမျိုး။

“ ရှင်က ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ...”

ကျွန်မ မေးလိုက်တော့ နက်ဆန်က စားပွဲပေါ်မှာတင်ထားတဲ့ ဖဲစည်းလေးနဲ့ ပုလင်းအသေးလေးတစ်လုံးကို လက်ညိုးနဲ့ ထိုးပြတယ်။ ကျွန်မလည်း ကြည့်လိုက်တော့ စာတစ်စောင်နဲ့ အတူတူတွဲထားတဲ့ အဲဒီပုလင်းကို သတိထားမိသွားရော။

“မင်္ဂလာပါခင်ဗျ။ ကျွန်တော်တို့ရဲ့ဟိုတယ်မှာ ရက်ရှည် တည်းခိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ၁၀နှစ် နှစ်ချို့ပန်းသီးဝိုင် တစ်ပုလင်း လက်ဆောင်ပေးလိုက်ပါတယ်။ ကျေးဇူးပြုပြီး နေ့မွန်းမတည့်ခင် သုံးဆောင်ပါ။”

ကျွန်မလည်း အဲဒီကောင်မလေးနက်ဆန်ကို ကြည့်ပြီးတော့ မေးလိုက်တယ်။ “မဟုတ်မှလွဲရော အဲဒီသံသယရှိစရာ ပုလင်းထဲက ဝိုင်တွေကို ရှင်သောက်လိုက်ပြီး ဒီလိုဖြစ်သွားတာလား။”

နက်ဆန်က ခေါင်းညိတ်ပြတယ်။ ကြည့်ရတာ ဂရိကနေ မထွက်ခင် နောက်ထပ်ပြဿနာတစ်ခု ထပ်တက်ပြန်ပြီနဲ့ တူပါရဲ့။

All Chapters