နားမလည်နိုင်တော့သည့် လင်ရှ
Vol. 5 Ch. 57
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်နေပြီးမည်သူမှ နေရာမရွှေ့ရဲကြချေ ။
လောမိသားစုဝင်များအားလုံး ကျီဝေ့လျှို့ဝှက်ဒေသထဲသို့ ဝင်သွားပြီးမှသာ အားလုံး ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွား၏။
" ရှေ့ကဖယ်စမ်း ၊ ငါ အရင်သွားမယ် "
" ချီးပဲကွာ .. ဘာလို့ တိုးနေတာလဲ "
" အဓိပ္ပါယ် မရှိတာတွေ .. လောထျန်းရှေ့ ခြေတစ်လှမ်းတိုးရမှာ ကြောက်နေတဲ့ကောင်ကများ .. ဘာတွေလာပြောနေတာလဲ "
အားလုံးပင် လျို့ဝှက်ဒေသ တံခါးဝသို့ အတိုးအကြိတ် ဝင်သွားကြသည်။
" ဟန်ဝမ်ကျိုး ၊ ကျုပ်တို့တွေ ဘာလုပ်ကြမလဲ "
ထိုစဥ် ဟန်ဝမ်ကျိုး၏ အစောင့်ရှောက် ရောက်လာပြီး မေး၏။
ဟန်ဝမ်ကျိုးက သူ့လက်ထဲမှ သတိလစ်မေ့မျောနေသော ထန်တျောင်လုံကို ကြည့်ကာ အချိန်အတန်ငယ်ကြာ စဥ်းစားပြီးမှ ပြောလိုက်သည်။
" ကျုပ် အထဲဝင်ပြီး သွားကြည့်ချင်သေးတယ် ။ တကယ်လို့သာ သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ကျုပ် ယူနိုင်ခဲ့ရင် ဂိုဏ်းအတွက် ကောင်းတဲ့ကိစ္စပဲ "
အစောင့်အရှောက်က ခေတ္တမျှ တူန့်ဆိုင်းနေပြီးမှသာ ပြန်ပြော၏။
" ကောင်းပြီ ၊ ဒါပေမယ့် လောမိသားစုကိုတော့ ဘယ်လိုနည်းနဲ့မှ သွားရန်မစနဲ့နော် "
ဟန်ဝမ်ကျိုးက အောင့်သက်သက်ပြုံးလိုက်သည်။
" ခင်ဗျား မပြောလဲ ကျုပ် သိပါတယ်ဗျာ "
သူက မည်သည့်အတွက်ကြောင့် လောမိသားစုကို ရန်စရပါမည်နည်း ။
သူ့အသက်က တစ်ချောင်းတည်းသာ ရှိပေသည် ။
ထိုသို့ ပြောပြီးသည်နှင့် ဟန်ဝမ်ကျိုးနှင့် လူအချို့ ကျီဝေ့လျှို့ဝှက်ဒေသထဲ ဝင်သွားလိုက်ကြသည်။
ဤသို့ဖြင့် အချိန်အနည်းငယ် ကြာပြီးနောက်တွင်မူ အပြင်ဘက်၌ လောချန်တစ်ယောက်တည်းသာ ကျန်နေခဲ့တော့၏။
လောချန်က ကျီဝေ့လျှို့ဝှက်ဒေသထဲသို့ ဝင်ရန် ပြင်လိုက်စဥ်မှာပင် သူ့ကိုယ်မှ အသံလွှင့်အဆောင်ကဒ်ပြားက ရုတ်တရက် အရောင်လက်လာသည်။
" အရိုအသေ ပြုပါတယ် ဂိုဏ်းချုပ်ကြီး "
လောချန်က အဆောင်ကဒ်ပြားကို ထုတ်ကာ ပြောလိုက်သည်။
သူ့အား ထိုအဆောင်ဖြင့် ပုံမှန် ဆက်သွယ်လာလေ့ရှိသူမှာ သူတို့၏ ဂိုဏ်းချုပ်ကြီးသာ ဖြစ်သည်။
" လောချန် .. ငါတို့ ဂိုဏ်းရဲ့ ကိစ္စတွေက မပြီးသေးဘူးကွ ၊ ဆိုတော့ ကျီဝေ့လျှို့ဝှက်ဒေသကို မင်းပဲ ကိုင်တွယ်လိုက်ဦးကွာ ။ ခုလို ကြိုးကြိုးစားစား လုပ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်တယ် ။ဒါနဲ့ လျှို့ဝှက်ဒေသမှာ ဘာပြဿနာမှ မရှိဘူး မဟုတ်လား "
ဂိုဏ်းချုပ်ကြီး လင်ရှက မေးလိုက်သည်။
လောချန်က
" ပြဿနာ နည်းနည်းတော့ ရှိသွားတယ် သခင်ကြီး ။ ယွိလုံနိုင်ငံ ဝေ့မိသားစုက သခင်လေး ဝေ့ထျန်းယီ ဒီကို ရောက်လာသေးတယ် "
ဟု ပြောပြလိုက်သည်။
လင်ရှ အံ့အားသင့်သွားကာ မေး၏။
" ယွိလုံနိုင်ငံက ဝေ့မိသားစု ဟုတ်လား .. သူတိူ့က ဒီကို ဘာလို့ ရောက်နေကြတာလဲ "
" သူတို့တင် မကဘူးဗျ ၊ ထျန်းဟယ်ဂိုဏ်းက လူတွေလဲ ရောက်နေကြတယ် ။ သူတို့ပြောတာတော့ သိုင်းသမား သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်က လျှို့ဝှက်ဒေသထဲမှာ ဒီနှစ် ပေါ်လာမယ်လို့ တစ်ယောက်ယောက်က တွက်ချက်ထားတယ်တဲ့ ""
လောချန် ပြောပြလိုက်သည်။
" ဘယ်လို .. "
တစ်ဖက်မှ ဂိုဏ်းချုပ်ကြီး လင်ရှ အံ့သြတုန်လှုပ်သွားသည်။
" သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ် ... အဲ့လိုဟာမျိုး ရှိလို့လားကွာ ။ ဒီလျှို့ဝှက်ဒေသက ငါတို့ဂိုဏ်းမှာ ရှိနေတာ ကြာလှပြီ ။ ငါတို့တောင် ဒါမျိုး တစ်ခါမှ မကြားဖူးဘူး ။ ဒါပေမယ့် ယွိလုံနိုင်ငံရဲ့ သတင်းနှိုက်နိုင်တဲ့ အရည်အချင်းက ငါတို့ထက် ပိုကောင်းတယ်ဆိုတော့ သူတို့ ဒါမျိုးတွေ သိနေတာ မဆန်းပါဘူး လေ "
သူက ခေတ္တမျှ ရပ်ပြီး စကားဆက်၏။
" ဝေ့မိသားစုနဲ့ ထျန်းဟယ်ဂိုဏ်းက လူတွေ ရောက်နေတာဆိုတော့ သခင်လေး လောထျန်းကို သူတို့နဲ့ ပြဿနာမဖြစ်အောင် သတိပေးလိုက်ဦး ။ သခင်လေး လောထျန်းက ငါတို့ဂိုဏ်းအပေါ် ကျေးဇူးရှိထားတဲ့ သူပဲကွ "
လောချန်က မျက်နှာရဲသွားကာ ပြန်ပြောသည်။
" ဂိုဏ်း .. ဂိုဏ်းချုပ်ကြီး .. သူတို့ချင်း ပြဿနာဖြစ်ပြီးသွားကြပြီ "
လင်ရှ အံ့အားသင့်သွားရပြန်သည်။
" ဘာ ..ပြဿနာ ဖြစ်သွားတယ် .. သခင်လေး လော ဘာဒဏ်ရာမှ မရလိုက်ဘူးမလား "
" မရလိုက်ဘူးဗျ "
လောချန်၏ အဖြေကို ကြားမှသာ လင်ရှ သက်ပြင်းချလိုက်သည်။
" တော်သေးတာပေါ့ကွာ "
" ဒါပေမယ့် ဝေ့ထျန်းယီနဲ့ သူ့အစောင့်အရှောက်တွေကတော့ သခင်လေး လော လက်ချက်နဲ့ သေကုန်ကြပြီ "
လောချန် ဆက်ပြောလိုက်သည်။
" ဘယ်လို .. "
လင်ရှ မယုံကြည်နိုင် ဖြစ်သွား၏။
" ဝေ့ထျန်းယီ သေသွားပြီ ဟုတ်လား .. သူ့ ဘိုးဘေး ဝေ့ပုဒေါက်က သူ့မြေးမြစ်တွေကို အင်မတန် အကာကွယ်ပေးတတ်တဲ့သူလို့ ငါ ကြားထားတယ် ။ အခု သူ့မြစ်က သေသွားပြီဆိုတော့ သူ ဒါကို ဒီတိုင်းထားမှာ မဟုတ်ဘူး ။ သူသာ ငါတို့ ယဲ့ဖုန်းနိုင်ငံကိုလာရင် ဒုက္ခတွေ များကုန်တော့မှာပဲ "
လင်ရှက ပြောလိုက်သည်။
လောချန်က ခေါင်းကုတ်ကာ မရဲတရဲ ပြန်ပြော၏။
" ဟို .. သူ့ရဲ့ ကိုယ်ပွားပုံရိပ်လဲ ဒီကို ရောက်လာတယ် "
ထိုစဥ် တစ်ဖက်မှ လင်ရှမှာ ကြားလိုက်ရသည့် စကားကို မယုံနိုင်ဖြစ်သွားသည်။
" ဝေ့ပုဒေါက်ရဲ့ ကိုယ်ပွားလဲ ရောက်နေတယ် ... သူ့ကိုယ်ပွားကတောင် ကွေ့ရှအဆင့် ရောက်နေပြီ .. ဒါဆို လောထျန်းက ... "
ကွေ့ရှအဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ရောက်လာသည်ဟု ကြားလိုက်ရသည်နှင့် လင်ရှ၏ ရင်ထဲတွင် ဗြောင်းဆန်သွားသည်။
သို့သော် .. ထိုအချိန်မှာပင် လောချန်က စကားဆက်လိုက်၏။
" သူက အကိုကြီး လောထျန်းနဲ့ စကားများပြီး တိုက်ပွဲ ဖြစ်သွားခဲ့သေးတယ် ။ ဒါပေမယ့် အကိုကြီး လောထျန်းက သစ်ကိုင်းခြောက် တစ်ခုနဲ့ သူ့ကို အသေထိုးသတ်လိုက်တာ "
လင်ရှ စကားပြန်မပြောနိုင်ဘဲ တိတ်သွားသည်။
အချိန် အတန်ကြာသွားပြီးမှသာ အသံလွှင့် အဆောင်ကဒ်မှ လင်ရှ၏ အသံ ထွက်ပေါ်လာ၏။
" ကောင်လေး .. မင်း ဘာပြောလိုက်တာလဲ ။ ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား .. ။ ဝေ့ပုဒေါက်ရဲ့ ကိုယ်ပွားက သခင်လေးလောထျန်း သတ်တာကို ခံလိုက်ရတယ် ... သခင်လေးလောထျန်းက တုတ်ချောင်းနဲ့ ထိုးပြီး သတ်လိုက်တာ .. ဟုတ်လား ..။ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုခု မဟုတ်ဘူးဆိုတာ သေချာရဲ့လား "
လင်ရှ၏ အသံမှာ အံ့သြတုန်လှုပ်မှူ အပြည့်ဖြစ်သည်။
လောချန်က လောထျန်း အသုံးပြုသွားခဲ့သည့် တုတ်ချောင်းကို မြေကြီးပေါ်မှ ကောက်ယူကာ လက်ဖြင့် အသာကွေးကြည့်လိုက်သည်။ တုတ်ချောင်းက ချက်ချင်း နှစ်ပိုင်းကျိုးသွား၏။
" ပုံမှန် တုတ်ချောင်းပဲဆိုတာ သေချာတယ် သခင်ကြီး ။ ကျွန်တော် အခု ကောက်ပြီး ကွေးကြည့်လိုက်တာ ကျိုးသွားတယ် "
လောချန် ပြောလိုက်သည်။
အမှန်တွင်မူ သူသည်လည်း သူ့ပါးစပ်မှ ထွက်လာသည့် စကားကိုပင် မယုံနိုင်ဘဲ ဖြစ်နေ၏။
ဤတုတ်ချောင်းလေးက ဝေ့ပုဒေါက်၏ ကိုယ်ပွားကို သတ်နိုင်ခဲ့သည်လား ။
တစ်ဖက်မှ လင်ရှမှာလည်း အလွန်အံ့အားသင့်သွားရသည်။
" သခင်လေး လောထျန်းက အင်မတန်အစွမ်းထက်တာ သိပြီးသားပေမယ့် ခုလောက်ကြီး အစွမ်းထက်နေမယ်လို့ ငါ မထင်ထားဘူး "
လင်ရှ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
လင်ရှသည် ရှန်းဝူနန်းတော်နှင့် ရင်ဆိုင်ရမည့် တိုက်ပွဲအတွက် ပြင်ဆင်နေရသောကြောင့် ဤတစ်ကြိမ်တွင် ကျီဝေ့လျှို့ဝှက်ဒေသသို့ မလာနိုင်ခဲ့ခြင်းဖြစ်သည်။
သူ့အမြင်တွင် ဘုရင်ရှန်းဝူသည် အလွန်အစွမ်းထက်လှသည့်အတွက် သူ့ကိုတိုက်ခိုက်ရန်ဆိုလျှင် ရှိသမျှ အစွမ်းကုန် ၊ လူစုံ ထုတ်သုံးမှ ရလိမ့်မည်ဟု သူ တွေးထားခဲ့၏။
ထို့ကြောင့် သူနှင့် သူ့မိတ်ဆွေ အကြီးအကဲများက နေ့မနား ညမနား ကြိုးစားကာ သိုင်းကွက်များနှင့် အကာကွယ် အစီအမံများကို ဖန်တီးနေကြခြင်းဖြစ်သည်။ သို့မှသာလျှင် သူတို့အတွက် နိုင်နိုင်ချေ တိုးလာမည်ဟုလည်း သူ ထင်ထား၏။
ထို့ကြောင့် ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်ပွဲကဲ့သို့ ကိစ္စကြီးတစ်ခုကိုပင် သူတို့ဂိုဏ်း၏ တပည့်ချုပ် လောချန်ကို တာဝန်ပေးထားခြင်းဖြစ်သည်။
သို့သော် ယခု လောချန်က လောထျန်းသည် ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူကိုပင် သတ်ပစ်ခဲ့သည်ဟု ပြောနေ၏။
သူလွန်ခဲ့သည့် ဆယ်ရက်ကျော်အတွင်း နေ့မနား ညမနား ကြိုးစားခဲ့သည်မှာ အချီးနှီးဟုပင် လင်ရှ တွေးမိသွားသည်။
သူ အလွန်လည်း ပင်ပန်းနေလေပြီ။
" အ .. ဂိုဏ်းချုပ်ကြီး ၊ ကျွန်တော် တစ်ခု ထပ်ပြီး သတင်းပို့စရာ ကျန်သေးတယ် "
လောချန်က ပြောလိုက်သည်။
" ဟင် .. ဘာဖြစ်လို့လဲ "
လင်ရှ မေးလိုက်သည်။
" ဝေ့ပုဒေါက်က အကိုကြီး လောထျန်းနဲ့ စာရင်းရှင်းဖို့ သူ့ခန္ဓာကိုယ်အစစ်နဲ့ ကျီဝေ့လျှို့ဝှက်ဒေသကို မကြာခင် လာခဲ့မယ်လို့လဲ ပြောသွားသေးတယ် "
လောချန် ပြော၏။
" ဘာ .. သူ့ခန္ဓာကိုယ်အစစ်နဲ့ လာခဲ့မှာ .. ဟုတ်လား ။ ကွေ့ရှ အဆင့် ၇ ရှိတဲ့ ခန္ဓာကိုယ်နဲ့လေ "
လင်ရှ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားသည်။
" ဟုတ်ကဲ့ "
လောချန်၏ စကားကြောင့် လင်ရှ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ဝေ့ပုဒေါက်၏ ခန္ဓာကိုယ်အစစ်၏ အစွမ်းနှင့် ကိုယ်ပွား၏ အစွမ်းတို့မှာ ကွာခြားလှသည်ကို သူ သိထားပေသည်။
" သခင်လေး လောထျန်းကရော ဘာပြောလဲ "
လင်ရှ မေးလိုက်သည်။
လောချန်က ခေတ္တမျှ စဥ်းစားပြီးမှသာ ပြန်ဖြေ၏။
" အကိုကြီး လောထျန်းက ... သိပ်ဂရုမစိုက်တဲ့ပုံပဲ "
" ဟင် .. "
လင်ရှ နားမလည်နိုင် ဖြစ်သွားရသည်။
ဘာတွေ ဖြစ်နေပါသနည်း ။
လောထျန်းက ထိုကိစ္စကို စိတ်ထဲပင် မထားဘူးတဲ့လား ...
ဝေ့ပုဒေါက် မည်မျှ အစွမ်းထက်သည်ကို သူ မသိဘူးလား .. ။ သို့မဟုတ် လောထျန်းက ဤမျှ အစွမ်းထက်သည်လား ... ။
" မဟုတ်သေးဘူး ၊ ငါကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ် "
လင်ရှ စိတ်ဆုံးဖြတ်ကာ လောချန်အား ပြောလိုက်သည်။
" ကောင်းပြီ ၊ မင်းလဲ ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်သင့်တယ် ။ ဖြစ်နိုင်ရင်တော့ သိုင်းသမားသခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ရအောင် ကြိုးစားပေါ့ကွာ ။ ငါ မကြာခင် လာခဲ့မယ် "
" ဟုတ်ကဲ့ .. တပည့် ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကို နာခံပါ့မယ် "
လောချန်က ပြောလိုက်သည်။
ထို့နောက် သူသည်လည်း ကျီဝေ့လျှို့ဝှက်ဒေသထဲသို့ ဝင်သွား၏။
ထိုအချိန် ... ယွိလုံနိုင်ငံ ၊ ဝေ့မိသားစု အိမ်တော်၌ .....
ဘုန်း ...
ဝေ့ပုဒေါက် ကျင့်ကြံနေသည့် နေရာဖြစ်သော အိမ်တော်အနောက်ဘက်မှ တောင်ကြီးက ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
ဝေ့မိသားစုမှ လူများက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကာ ထိုနေရာသို့ အပြေး ရောက်လာကြသည်။
အပျက်အစီးများနှင့် ကျောက်တုံးကျောက်ခဲများကြားတွင် ဝေ့ပုဒေါက်က ဖြူဖျော့နေသည့် မျက်နှာ ၊ သွေးပေနေသည့် နှုတ်ခမ်းဖြင့် ရပ်နေသည်ကို သူတို့ မြင်လိုက်ရသည်။
သူတို့၏ ဘိုးဘေး ဒဏ်ရာ ရခဲ့သည်လား ...
ဝေ့မိသားစုမှ လူတိုင်း ထိတ်လန့်တုန်လှုပ်သွား၏။
ထိုစဥ် ဝေ့ပုဒေါက်က ရောက်လာသူများအား ဝေ့ဝဲကြည့်လိုက်ရာ ဝေ့မိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ၊ ဝေ့ဟုန်ထျန်း အား တွေ့သွားသည်။
" ဝေ့ဟုန်ထျန်း .. လူခြောက်ယောက်ကို ခေါ်လာခဲ့ ။ ကြယ်ခုနစ်စင်း လူသတ်အစီအမံကိုလဲ ယူလာခဲ့ဖို့ ပြောလိုက်။ ပြီးရင် ငါ့နောက် လိုက်ခဲ့ပစေ "
ဝေ့ပုဒေါက်က ပြောလိုက်သည်။
" ကြယ်ခုနစ်စင်း လူသတ် အစီအမံ .. ဘာဖြစ်လို့လဲ ဘိုးဘေး ။ လင်မိသားစုနဲ့ ချန်မိသားစုက ကျုပ်တို့ကို တိုက်ခိုက်ဖို့ ပြင်နေကြလို့လား "
ဝေ့ဟုန်ထျန်းက အံ့သြတကြီး မေးလိုက်သည် ။
ကြယ်ခုနစ်စင်း လူသတ်အစီအမံနှင့် ဝေ့ပုဒေါက်တို့မှာ သူတို့ ဝေ့မိသားစု၏ အဓိက ဝှက်ဖဲကြီးနှစ်ခုဖြစ်သည်။
ထိုဝှက်ဖဲနှစ်ခုကို တစ်ပြိုင်တည်း သုံးနေပြီ ဆိုလျှင် ကြီးမားသည့် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်နေရပြီဆိုသည့် အဓိပ္ပါယ်ပင်။
" မဟုတ်ဘူး .. ငါနဲ့ လိုက်ပြီးတော့ လူတစ်ယောက်ကို သွားသတ်ရမှာ "
ဝေ့ပုဒေါက်၏ မျက်လုံးများ အေးစက်သွား၏။
" လူသတ်ဖို့ .. "
ဝေ့ဟုန်ထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားသည် ။ ထို့နောက် သူ့ရင်တစ်ခုလုံး ရုတ်တရက် လှုပ်ရှားသွား၏ ။
ဝှက်ဖဲနှစ်ခုဖြင့် လူတစ်ယောက်တည်းကို သတ်ဖို့ဆိုပါက ...
သုက တံတွေးမြိုချက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။
" ဘိုးဘေး .. ကပ်ဘေးအဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို သွားသတ်မလို့လား "
" မဟုတ်ဘူး .. ငါ သတ်ချင်တဲ့သူက ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်က "
ဝေ့ပုဒေါက်က လောထျန်း၏ ပုံရိပ်ကို ပြန်မြင်ယောင်ကာ အံကြိတ်၍ ပြောလိုက်သည်။