သားရဲအသိုက်
Vol. 5 Ch. 58
ဝေ့ဟုန်ထျန်း အံ့သြမှင်သက်သွားသည်။
သူ နားကြားများ လွဲလိုက်သလား ...
" ဘိုးဘေးသတ်ချင်တဲ့ သူက ဘယ်အဆင့်ကလို့ ပြောလိုက်တာလဲ "
သူ သေချာအောင် ထပ်မေးလိုက်သည်။
" ယဲ့ဖုန်းနိုင်ငံက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်နဲ့ လူငယ်လေးပဲ "
ဝေ့ပုဒေါက်က ထပ်ပြော၏။
ဤတစ်ကြိမ်တွင်မူ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ကြသည်။
ဝေ့မိသားစုမှ လူအားလုံး ဘာစကားမှ မပြောနိုင်ဘဲ ဆွံ့အသွား၏။
သူတို့၏ ဘိုးဘေးသည် ကွေ့ရှ အဆင့် ၇ ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ယွိလုံနိုင်ငံ သိုင်းလောက၏ ထပ်သီးသိုင်းသမားတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက ယွိလုံနိုင်ငံ တော်ဝင်မိသားစု၏ ဧည့်သည်တော်တစ်ယောက်လည်း ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ထိပ်သီး သိုင်းသမား ဆယ်ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ ထိုသို့သော သူက ယဲ့ဖုန်းနိုင်ငံငယ်လေးမှ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်သာ ရှိသေးသည့် လူငယ်လေးတစ်ယောက်ကို သတ်ချင်သည်ဟု ပြောနေ၏။
၎င်းမှာ ထုတ်ပြောရန်ပင် ရှက်စရာ ကောင်းလှပေသည်။
ထိုမျှမက သူက ဝေ့မိသားစုမှ အခြားအစွမ်းထက် ကျင့်ကြံသူများကိုပါ သူနဲအတူ လိုက်ရန် ခေါ်နေသည့်အပြင် မိသားစု၏ အကြီးဆုံး ဝှက်ဖဲတစ်ခုဖြစ်သည့် ကြယ်ခုနစ်စင်း လူသတ်အစီအမံကိုပါ ထုတ်သုံးရန် ပြောနေ၏။
ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ လူငယ်လေးတစ်ယောက်ကို သတ်ရန် ဤမျှ လိုအပ်သည်လား .. ။
" ဘိုးဘေး .. နေကောင်းရဲ့လားဟင် "
ဝေ့ဟုန်ထျန်းက မေးလိုက်သည်။
" ဘာ .. မင်း ဘာကို ဆိုလိုတာလဲ "
ဝေ့ပုဒေါက်က သူ့အား အေးစက်စက်ကြည့်လိုက်သည်။
" ဘိုးဘေး ကျင့်ကြံနေရင်းနဲ့များ လမ်းကြောင်းလွဲသွားပြီး တကယ်မရှိတာတွေကို မြင်ယောင်နေတာများလား .. "
ဝေ့ဟုန်ထျန်း ထပ်မေးလိုက်သည်။
၎င်းမှာ သူ စဥ်းစားမိသည့် တစ်ခုတည်းသော ဖြစ်နိုင်ချေပင် ။
သူ့အနောက်မှ ဝေ့မိသားစုဝင်များကလည်း ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ..
ဖုန်း ...
ဝေ့ပုဒေါက်က ဝေ့ဟုန်ထျန်းအား ဖြတ်ရိုက်လိုက်ရာ ဝေ့ဟုန်ထျန်းတစ်ယောက် နောက်သို့ လွင့်စင်သွား၏။
" မျိုးမစစ်ကောင် .. ငါက မင်းကို နောက်နေတယ်များ ထင်နေတာလား ။ မင်းရဲ့ သား .. ဝေ့ထျန်းယီက ယဲ့ဖုန်းနိုင်ငံမှာ အသတ်ခံလိုက်ရပြီကွ "
ဝေ့ပုဒေါက်က ဒေါသတကြီး အော်လိုက်သည်။
" ဘယ်လို .. "
ထိုစကားကို ကြားသောအခါ မြေကြီးပေါ်တွင် ထိုင်လျက်ကျသွားသည့် ဝေ့ဟုန်ထျန်းတစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွား၏။
ဝေ့ထျန်းယီသည် သူ၏ အကြီးဆုံးသားဖြစ်ပြီး သူ မျှော်လင့်ချက်ကြီးကြီး ထားထားသည့် သူဖြစ်သည်။
သူ့သားက အမှန်တကယ် အသတ်ခံလိုက်ရသည်လား ။
" မဖြစ်နိုင်တာ .. ကျုပ် ထုံရွှယ်အဆင့် ကျင့်ကြံသူ လေးယောက်ကို သူနဲ့အတူ ထည့်ပေးလိုက်တယ်လေ ။ ပြီးတော့ သူ့ဆီမှာ ဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ်လဲ ပါသွားတာပဲ ။ သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ "
ဝေ့ဟန်ထျန်း မယုံနိုင်စွာ ပြောလိုက်သည်။
ဝေ့ပုဒေါက်က အံကြိတ်ကာ ပြော၏။
" အဲ့ လေးယောက်လုံး သေသွားပြီ ။ ငါ့ရဲ့ ကိုယ်ပွားပုံရိပ်လဲ ဖျက်ဆီးခံလိုက်ရတယ် "
" ဟင် .. "
ထိုနေရာတွင် ရှိနေကြသည့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
" ယဲ့ဖုန်းနိုင်ငံက ဘယ်သူကများ ဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ်ကို ဖျက်ဆီးနိုင်တာလဲ ။ သခင်ကြီး ထျန်းလား .. ဒါမှမဟုတ် ဘုရင်ရှန်းဝူလား "
" မဖြစ်နိုင်ဘူး .. ဘိုးဘေးရဲ့ ကိုယ်ပွားက ကွေ့ရှအဆင့် ၁ မှာ ရှိတာ ၊ အဲ့နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်ရင်တောင် ကိုယ်ပွားကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ဘိုးဘေး ဝေ့ပုဒေါက်က သုန်မှုန်နေသည့် မျက်နှာဖြင့် ပြောလာ၏။
" ငါရဲ့ ကိုယ်ပွားပုံရိပ်ကို သတ်ခဲ့တဲ့သူက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က လူယုတ်မာလေးပဲ ။ ဝေ့ထျန်းယီကိုလဲ သူပဲ သတ်ခဲ့တာ "
" ဟင် .. "
အားလုံး နားမလည်နိုင် ဖြစ်သွားကြပြန်သည် ။
ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ လူတစ်ယောက်က ...
ကွေ့ရှအဆင့်ရှိသူကို ဖျက်ဆီးခဲ့သည်လား ...
သူတို့ ကြားလိုက်ရသည့် နားကိုပင် မယုံနိုင်တော့ပေ ။
လူအုပ်၏ ဖြစ်ပျက်သွားသည့် မျက်နှာကိုကြည့်ကာ ဝေ့ပုဒေါက်က အေးစက်စက် ဆက်ပြောလိုက်သည်။
" ဒီကောင်လေးက ထူးခြားတဲ့ ပစ္စည်းတစ်ခုခု ရထားလို့ပဲ ဖြစ်ရမယ် ။ သူ့ ကျင့်ကြံခြင်းက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် မှာပဲ ရှိသေးတယ်ဆိုပေမယ့် သူ့အစွမ်းက .. ငါ ခန့်မှန်းတာသာ မှန်ရင် ကွေ့ရှအဆင့် ၃ လောက် ရှိနေပြီ "
" ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် နှင့် ကွေ့ရှအဆင့် ၃ အစွမ်း တဲ့လား ... "
ထိုစကားကြောင့် အားလုံး တုန်လှုပ်သွား၏။
သူတို့၏ မျက်လုံးများလည်း ပြူးကုန်ကြသည်။
ဝေ့ပုဒေါက်က စကားဆက်၏။
" ထျန်းယီက မစဥ်းစား မဆင်ခြင်ဘဲ လုပ်လွန်းတယ် ။ သူက အဲ့ဒီကောင်လေးဆီကနေ ခုနက ပြောခဲ့တဲ့ ပစ္စည်းကို လုယူဖို့ ကြိုးစားခဲ့တာ ။ ဒါပေမယ့် အဲ့ကောင်လေးရဲ့ အစွမ်းကို သေချာသိအောင် အရင်မလုပ်တော့ အသက်ဆုံးသွားရတာပဲ "
" ဒါ့ကြောင့်မို့ ထျန်းယီအတွက် လက်တုန့်ပြန်ဖို့ရော ၊ ငါတို့ ဝေ့မိသားစုရဲ့ အစွမ်းအတွက်ရော ဒီကောင်လေးကို မြန်မြန်ရှင်းပစ်ပြီး သူ့ရဲ့ လျှို့ဝှက်ချက်ကို မြန်မြန်သိအောင် လုပ်မှရမယ် "
ဝေ့ပုဒေါက် စကားဆုံးသောအခါ ဝေ့မိသားစုဝင်တစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလာ၏။
" ဘိုးဘေး .. အဲ့လိုဆိုရင်တောင် ခုလောက်ကြီး အင်အားသုံးဖို့ မလိုဘူးလို့ ကျုပ် ထင်တယ် ။ သူက ကွေ့ရှ အဆင့် ၃ အစွမ်း ရှိနေရင်တောင် ဘိုးဘေးရဲ့ အစွမ်းနဲ့ဆို နောက်ထပ် လူ ၂ ယောက်လောက်ပဲ ခေါ်ပြီး သူ့ကို ရှင်းပစ်လို့ ရတယ်မဟုတ်လား "
သို့သော် ထိုလူ ပြောပြီးသွားသည်နှင့် ဝေ့ပုဒေါက်က သူ့အား ဖြတ်ရိုက်လိုက်ရာ ထိုလူ နောက်သို့ လွင့်ထွက်သွားသည် ။
" အရူးကောင် .. ပြီးခဲ့တဲ့နှစ်တွေတုန်းက ငါ မင်းကို သင်ပေးထားတာတွေကို မေ့သွားပြီလား ။ ဒီကောင်လေးကို ဆက်ပြီးထားလို့ မရတာကို သိသိကြီးနဲ့ အစွမ်းအပြည့် မသုံးရင် သူ့ကို တမင် သွားလေ့ကျင့်ပေးသလို ဖြစ်သွားမှာပေါ့ကွ "
ဝေ့ပုဒေါက်က ဆူလိုက်သည်။
အဆူခံလိုက်ရသည့်သူမှာ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ချက်ချင်း ခေါင်းငုံ့လိုက်သည်။
" တောင်းပန်ပါတယ် ဘိုးဘေး ၊ ကျုပ် မှားသွားတယ် "
ဝေ့ပုဒေါက်က သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
" ကြယ်ခုနစ်စင်း လူသတ်အစီအမံကို ယူလာခဲ့ ။ ပြီးရင် မိသားစုထဲက ထုံရွှယ် အဆင့် ရှိတဲ့သူတွေအားလုံး ငါ့နောက် လိုက်ခဲ့ကြ ။ ဒီကောင်လေးကို လွတ်မယ့် အခွင့်အရေး နည်းနည်းလေးတောင် ပေးလို့မရဘူး "
" ဟုတ်ကဲ့ "
ဝေ့မိသားစုမှ လူများအားလုံး သံပြိုင် ဖြေလိုက်ကြသည်။
ထိုနေ့တွင် ဝေ့မိသားစု တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေတော့၏။
ထိုစဥ် ကျီဝေ့လျှို့ဝှက်ဒေသအတွင်း၌ ....
အားလုံးရှေ့မှ ဦးဆောင်ဝင်လာသည့် လောထျန်းမှာ အထဲရောက်သည်နှင့် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။
ကောင်းကင်ယံတွင် နေ မရှိနေသော်လည်း မရေမတွက်နိုင်သော ကြယ်များက လင်းလက်တောက်ပနေသည့်အတွက် မြေပြင်တစ်ခုလုံး လင်းထိန်၍နေသည်။
လေထုထဲရှိ စိတ်စွမ်းအင်ကလည်း အပြင်ဘက်မှလေထက် များစွာ ကြွယ်ဝ၏။
" ဒါ သိုင်းသမားသခင်ကြီး ကျီဝေ့ ကျင့်ကြံခဲ့တဲ့ နေရာလား .. တကယ်ကို ထူးခြားတာပဲ "
တစ်ယောက်က မနေနိုင်ပဲ ချီးကျူးလိုက်သည်။
" ကဲ .. လျှို့ဝှက်ဒေသထဲကို ရောက်ပြီဆိုတာနဲ့ ဘာအဖိုးတန်ပစ္စည်းတွေ ရမလဲဆိုတာ မင်းတို့ရဲ့ ကံအပါ်မှာပဲ မူတည်တယ် ။ ဒီတော့ အချင်းချင်း အဖွဲ့လေးတွေဖွဲ့ပြီး ရှာကြပါ ။ ဘေးကင်းလုံခြုံဖို့တော့ သေချာဂရုစိုက်ကြ "
လောထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်လေး "
ယခုသည် သူတို့အတွက် လျှို့ဝှက်ဒေသသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ အားလုံး အလွန်စိတ်လှုပ်ရှားနေကြ၏
မကြာမီပင် အားလုံး အဖွဲ့ကိုယ်စီ ဖွဲ့လိုက်ကြပြီး အဖိုးတန်ပစ္စည်းများရှာရန် ထွက်ခွာသွားကြသည်။
လောထျန်းက ထိုအချိန်မှသာ လောချန်ပေးခဲ့သည့် မြေပုံကို ထုတ်၍ စလေ့လာလိုက်သည်။
" အင်း .. သဘာဝစိတ်စွမ်းအင် သလင်းကျောက် တွေ့ဖူးတဲ့ နေရာ နည်းနည်းတော့ ရှိတာပဲ ။ ဒီ ယွိလင်နန်းတော် ဆိုတဲ့ဟာက အနီးဆုံးဆိုတော့ အဲ့ကိုပဲ အရင်သွားလိုက်မယ် "
လောထျန်းက ပြောကာ ခြေချောင်းများကို လက်ညိုးထိုး၍ ယွိလင်နန်းတော် ရှိရာသို့ တည်နေရာရွှေ့သွားလိုက်သည်။
ထိုစဥ် လောထျန်း၏ အနောက်ဘက်တွင် ရှိနေသည့် မြေပုံကိုင်ထားသော ယဲ့ဖုန်းနိုင်ငံသား နှစ်ဦးမှာ လောထျန်း၏ နောက်ကျောကို အံ့သြတကြီး ကြည့်နေကြ၏။
" ဟင် .. အကိုကြီး လောထျန်းက ဘာဖြစ်လို့ အဲ့ဘက်ကို သွားလိုက်တာလဲ ။ အဲ့ဘက်က သားရဲအသိုက် ရှိတဲ့နေရာ မဟုတ်ဘူးလား "
" ဟုတ်တယ်ကွ ၊ မြေပုံမှာတော့ အဲ့ဘက်မှာ သားရဲတွေကလွဲပြီး ဘာ ရတနာမှ မရှိဘူးလို့ မှတ်ထားတာပဲ ။ ပြီးတော့ အဲ့မှာ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင် ရှိတယ်လို့လဲ ငါကြားဖူးတယ်။ ထုံရွှယ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် အဲ့ဘက်ကို မတော်တဆ သွားမိပြီး သေသွားတယ်လို့ ပြောတယ် "
" အင်း .. သူက သားရဲတွေကို သတ်ပြီး သူတို့ရဲ့ အတွင်းအားဖြည့်ဆေးရည်ကို ယူချင်လို့လား မသိဘူး "
" ဖြစ်နိုင်မှာပါလေ .. ထားလိုက်ပါကွာ .. သူ့လိုလူက ဘယ်လိုတွေးနေတယ်ဆို ခန့်မှန်းနေလို့လဲ မထူးပါဘူး ။ ယွိလင် နန်းတော်ကိုပဲ အရင်သွားကြတာပေါ့ ။ ပုံမှန်ဆိုရင် အဲ့ဘက်မှာ ရတနာတွေ တော်တော်များများ ရှိတယ် "
" ဟုတ်တယ် ၊ သွားစို့ "
သူတို့နှစ်ဦးက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းကို လစ်လျူရှုကာ သူနှင့် ဆန့်ကျင်ဘက် လမ်းတစ်ဖက်ဆီသို့ ထွက်သွားလိုက်ကြသည်။
ထိုစဥ် သားရဲအသိုက်အတွင်း၌ ...
အဖြူရောင် အရိုးများ တောင်လိုပုံနေသည့် ဂူတစ်လုံးအတွင်းတွင် ဧရာမ မျက်လုံးကြီး တစ်လုံး ရုတ်တရက် ပွင့်လာ၏။
ထိုမျက်လုံး ပွင့်လာသည်နှင့် ဂူတစ်ခုလုံး သိသိသာသာ အေးစက်သွားသည်။
ထိုနေရာတွင် နေထိုင်ကြသည့် သားရဲများအားလုံးက အလွန်ကြောက်ရွံ့နေဟန်ဖြင့် တလေးတစား ဦးညွှတ်လိုက်ကြ၏။
" ဟား ဟား .. ဒီနေ့က ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်တဲ့နေ့ပဲ ။ လတ်လတ်ဆတ်ဆတ် လူသားလေးတွေ စားရတော့မှာပေါ့ကွာ ။ ကောင်လေးတို့ .. ငါ့အတွက် လူသားတွေကို သွားပြီး အမဲလိုက်ကြစမ်း ၊ ပြီးရင် ငါ့ဆီ လတ်လတ်ဆတ်ဆတ်လေးတွေ ယူလာခဲ့ "
မျက်လုံးပိုင်ရှင်က ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် အနီးနားတွင် ရှိနေသည့် သားရဲများက ချက်ချင်း ဦးညွှတ်ကာ အလျှိုလျှို ထွက်သွားကြသည်။
" ဟား ဟား .. လူသားကွ "
ဂူအတွင်းမှ ဧရာမသားရဲ လက်သည်းတစ်ခု ဆန့်ထွက်လာပြီး မြေကြီးပေါ်မှ လူရိုးများကို ကောက်ကိုင်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် အရိုးများကို တဂျွတ်ဂျွတ် ဝါးနေသည့် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ဝီ ...
ထိုစဥ် ဂူ အတွင်းပိုင်းဘက်မှနေ၍ သွေးချင်းချင်းနီနေသော စက်ဝိုင်းပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။
" အ .. အသင့်ဖြစ်ခါနီးပါပြီ ။ နောက်ထပ်အစွမ်းထက်တဲ့ သွေးနဲ့ အသား နဲနဲ ထပ်ပေါင်းလိုက်ရင် အသုံးပြုလို့ ရတော့မှာပါ ။ ကျေးဇူးပြုပြီး ခဏလေးပဲ စောင့်ပေးပါဗျာ "
မျက်လုံးပိုင်ရှင်၏ အသံက အလွန်ယဥ်ကျေးနေပြီး သူ့ထက်ပိုအစွမ်းထက်သည့် လူတစ်ယောက်ကို ပြောနေသည့်အလား တလေးတစား ရှိနေ၏။
ထို့နောက်မှသာ သွေးနီရောင် စက်ဝိုင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။