ဒီဘီလူးက အစွမ်းထက်လွန်းတယ်
Vol. 5 Ch. 59
ထိုစဥ် လောထျန်းသည် မြေပုံကို ကိုင်လျက် ခြောက်သွေ့နေသည့် တောအုပ်တစ်နေရာသို့ ရောက်လာ၏။ သူ့မျက်နှာကမူ ဇေဝါဇဝါ ဖြစ်နေဟန်တူသည်။
" မြေပုံမှာ ပြောထားတာတော့ ယွိလင်နန်းတော်က နူးညံ့တဲ့ စိတ်စွမ်းတွေနဲ့ ပြည့်နေပြီး မှော်ဆေးပင်တွေလဲ အများကြီးပဲဆို .. ဒီနေရာက ဘာလို့ အန္တရာယ်ရှိတဲ့ပုံ ပေါက်နေရတာလဲ "
လောထျန်း ခေါင်းမော့ကာ ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်သည်။
သူရပ်နေသည့် နေရာမှာ တောင်ကြားတစ်ခုရှေ့ ဖြစ်ဟန်တူပြီး သူ့ဘေးပတ်ဝန်းကျင် တစ်ခုလုံး မီးလောင်ပြင်တစ်ခုကဲ့သို့ မဲနက်နေ၏။ မြေပုံတွင် ပြောထားသလို နတ်သမီးလေထုနှင့် အကွာကြီးပင် ။
" ဒီမြေပုံက အမှိုက်ပဲကွာ .. လျှောက်ရေးထားတာ "
လောထျန်း မကျေမနပ် ညည်းညူလိုက်သည်။
ထိုအချိန်မှာပင် ...
ဘုန်း ..
သူ့ခြေထောက်အောက်မှ မြေကြီးက စတင်တုန်ခါလာ၏။
မရှေးမနှောင်းမှာပင် ဆိုးရွားသော အနံ့အသက်တစ်ခုကိုလည်း သူ ရလိုက်သည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
လောထျန်း အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။
မကြာမီမှာပင် မီးလောင်ပြင်ကို ဖြတ်၍ သူရှိရာ နေရာဆီသို့ ပြေးလာနေသော သားရဲတစ်အုပ်က သူ့မြင်ကွင်းတွင် ပေါ်လာကြသည်။ လောထျန်း သေချာကြည့်လိုက်သောအခါ ထိုသားရဲအုပ်တွင် ခွေးအ များ ၊ ကျား များ ၊ ကျားသစ်များ စသည်ဖြင့် သားရဲ ပေါင်းစုံပါနေပြီး အားလုံး၏ ခန္ဓာကိုယ်များက မည်းနက်နေကာ အနီရောင် မျက်လုံးများ ရှိကြသည်ကို မြင်လိုက်ရသည်။
" ဟင် .. "
လောထျန်း အံ့အားသင့်သွား၏။
ထိုစဥ် သားရဲအုပ်ကလည်း သူ့ကို တွေ့သွားကြသည်။
" ဟားဟား .. လူသားတွေ လျှို့ဝှက်ဒေသကို ဝင်လာတိုင်း ငါတို့က ဟိုပြေးဒီပြေးနဲ့ လိုက်ဖမ်းခဲ့ရတာ ။ ဒီနှစ်တော့ ငါတို့ တံခါးဝရှေ့ကို သူ့ဟာသူ ရောက်လာတဲ့ ကံဆိုးသူမောင်ရှင် ရှိနေပါလားဟေ့ "
" ဟေ့ .. ဒီလူသားကောင်လေးက ရူးနေတာလား မသိဘူး ။ သူက အခု တားမြစ်နေရာနားလေးမှာ ပုန်းနေတာဆိုတော့ သူ့နားကပ်လို့တော့ မရသေးဘူးကွ ။ ဒါပေမယ့် ဒီကောင်လေးက တကယ်ကြီး သားရဲအသိုက်ကို လာခဲ့တာပဲ "
" အားလုံး နေရာမရွှေ့ကြနဲ့ ၊ သူ့ကို ငါပဲ စားမယ် "
" စားချင်ရင် မင်းအမကို သွားစားလေ ၊ ဒါ ဘုရင်ကြီးကို ဆက်သဖို့ကွ ။ မင်း စားလိုက်ရင် ဘုရင်ကြီးက မင်းကို ပြန်စားမှာ မကြောက်ဘူးလား "
" ဟာ .. မင်း မစားချင်ရင် မစားနဲ့လေ ၊ ဒါပေမယ့် ဒီကောင်လေးကိုတော့ ငါကိုယ်တိုင် သတ်ရလိမ့်မယ် ။ ငါ ဘယ်သူ့ကိုမှ မသတ်ရတာ နှစ်တွေတော်တော်ကြာသွားပြီ "
အမဲရောင် ဝံပုလွေတစ်ကောင်က အော်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆိုလဲ မင်း လုပ်ချင်သလိုလုပ် "
ကျန်သားရဲများ ဘေးဖယ်ကာ ဝံပုလွေက လောထျန်းဆီသို့ လျှောက်သွားသည်ကို ကြည့်နေကြသည်။
လောထျန်းသည် သူ့ဆီသိူ့ လျှောက်လာနေသည့် အမဲရောင်ဝံပုလွေကို မြင်မှသာ အသိပြန်ဝင်သွား၏။
" ဟေ့ .. ခွေးမဲကြီး .. သဘာဝစိတ်စွမ်းအင် သလင်းကျောက်က ဘယ်နားမှာလဲ "
လောထျန်း မေးလိုက်သည်။
ထိုစကားကြောင့် အနီးနားတွင် ရှိနေသည့် သားရဲများအားလုံး အံ့သြမှင်သက်သွားကြ၏။
" ခွေး .. ခွေးမဲကြီး လို့ ခေါ်လိုက်တာလား ၊ ဒီလူသား ကောင်လေးကတော့ သွားပြီပေါ့ကွာ ။ သူက ဝံပုလွေနက်ကိုမှ ခွေးမဲကြီးလို့ သွားခေါ်လိုက်တယ်ဆိုတော့ "
" ဝံပုလွေနက် ခေါင်းဆောင်က ခွေးမဲကြီးလို့ အခေါ်ခံရတာ အမုန်းဆုံးပဲကွ ။ ဒီကောင်လေးကတော့ မကြာခင် ဆိုးဆိုးရွားရွား သေရတော့မှာပဲ "
ထိုစဥ်မှာပင် ဝံပုလွေနက်ခေါင်းဆောင်၏ မျက်လုံးများ ချက်ချင်း အေးစက်သွားကြသည်။
" လူသားကောင်လေး .. ငါ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီးတော့ကို သတ်ပစ်မယ် ။ မင်း အသက်မရှင်ချင်တော့လောက်အောင် နှိပ်စက်ပြီးမှ သတ်မှာကွ "
စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်က အမဲရောင် လျှပ်စီးတစ်ခုအဖြစ် ပြောင်းသွားပြီး လောထျန်းဆီသိူ့ အလွန်လျှင်မြန်သော အရှိန်ဖြင့် တိုးဝင်သွားသည်။
ထို့နောက် လေထဲတွင်ပင် ဝံပုလွေနက်၏ ခန္ဓာကိုယ်က ပြောင်းသွားပြန်၏။ သူ့ပါးစပ်ကြီးက ရုတ်ချည်းပင် မြို့တော်အဝင် ဂိတ်ပေါက်တစ်ခုနီးပါး ကြီးလာပြီး လောထျန်းအား တစ်ချက်တည်း ကိုက်သတ်ရန် ပြင်လိုက်သည်။
သို့သော် ...
" သွားစမ်းပါကွာ .. "
ဖုန်း ....
လောထျန်းက လက်တစ်ဖက်တည်းဖြင့် ဝံပုလွေနက်ကြီးကို ဖြတ်ရိုက်လိုက်ရာ ၎င်းက အဝေးသို့ လွင့်ထွက်သွားသည်။
" အား .. "
ဝံပုလွေနက် ခေါင်းဆောင်ထံမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာပြီး အချိန်အတန်ကြာသည်အထိ နေရာမှ မထနိုင်ဘဲ လူးလိမ့်နေ၏။
လောထျန်းက လက်နှစ်ဖက်ကို ဖုန်ခါ၍ အထင်သေးရွံရှာဟန်ဖြင့် ပြောလိုက်သည်။
" ခွေးမဲစုတ် ၊ ငါ အကိုက်ခံရရင် ခွေးရူးပြန်ကာကွယ်ဆေး ဘယ်မှာသွားထိုးရမှာလဲဟ "
" ဟေ့ကောင်တွေ .. ဒီလူငယ်လေးက ပုံမှန်တော့ မဟုတ်ဘူးကွ ၊ အားလုံး အတူတူ တိုက်ခိုက်ကြရအောင် "
ဝံပုလွေနက် ခေါင်းဆောင်မှာ နောက်ဆုံးမှသာ ခက်ခက်ခဲခဲ ကြိုးစားမတ်တပ်ရပ်နိုင်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။
" ဘုရားရေ .. ဒီကောင်လေးက တော်တော်အစွမ်းထက်တယ်နဲ့ တူတယ်ကွ ။ သူ့ကိုသာ သတ်နိုင်မယ်ဆိုရင် သူ့အသားနဲ့ သွေးနဲ့က လူတစ်ရာစာလောက်နဲ့တောင် ညီသွားလိမ့်မယ် "
ခွေးအ တစ်ကောင်ကလည်း ပြောလိုက်သည်။
" ဟုတ်တယ် ၊ သူ့ကို သတ်ပြီး ပြန်ယူသွားရင် ဘုရင်ကြီးလဲ ကျေနပ်သွားမှာပဲ "
သားရဲတစ်စု လောထျန်းအနားသို့ တဖြည်းဖြည်း ချဥ်းကပ်လာကြသည် ။
လောထျန်း သားရဲအုပ်ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။
" မင်းတို့တွေ ဘာလုပ်နေကြတာလဲ ၊ ငါက လမ်းပဲ မေးချင်တာလေ "
လောထျန်း ပြောလိုက်သည်။
သူသည် အားလုံးကို စိတ်ရှိတိုင်း သတ်ဖြတ်နေတတ်သူ မဟုတ်ပေ ။ သားရဲများ ဆိုလျှင်ပင် အကြောင်းရင်း မရှိဘဲ သူ မသတ်ချင်ပါ ။
တစ်ဖက်မှ ကျားနက်ကြီးတစ်ကောင်က ဒေါသတကြီး ပြန်ပြော၏။
" ကောင်လေး .. မင်းက တော်တော် တုံး တာပဲ ။ မင်း ဒီလျှို့ဝှက်ဒေသထဲ ဝင်မလာခင်မှာ အဘိုးကြီးက မင်းကို ငါတို့အကြောင်း ဘာမှ မပြောလိုက်ဘူးလား "
" ဒါနဲ့ နေစမ်းပါဦး .. မင်းက ဘယ်သူလဲ "
လောထျန်း နားမလည်နိုင်စွာ မေးလိုက်သည်။
" ဟားဟား .. ငါတို့က ဒီလျှို့ဝှက်ဒေသရဲ့ ဘုရင်တွေပဲ ။အထူးသဖြင့် မင်းတို့လို လူသားတွေကို အမဲလိုက်တဲ့ နတ်ဆိုးသားရဲ မျိုးနွယ်စုတစ်ခုပေါ့ကွာ ။ မင်းမှ မဟုတ်ဘူး ၊ ဒီကို လာတဲ့သူတိုင်းက ငါတို့ရဲ့ သားကောင်တွေပဲ ။ ငါတို့က မင်းတို့လို လူတွေကို သတ်ပြီးတော့ ငါတို့ရဲ့ ဘုရင်ဆီ ဆက်သဖို့ ပြန်ယူသွားပေးတယ် ။ မင်းကတော့ ဒီနှစ်အတွက် ပထမဆုံး အသတ်ခံရမယ့် လူသားပေါ့ကွာ "
ကျားနက် က ပြောလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့သွား၏
" ငါ့ကို သတ်မယ် .. ဟုတ်လား .. သေချာရဲ့လား "
လောထျန်း မေးလိုက်သည်။
" ဘာဖြစ်လို့လဲကွ ၊ ကြောက်နေပြီလား .. ဒါဆို ခုချက်ချင်း ဒူးထောက်လိုက် .. အဲ့ကျ မင်းကို သနားညှာတာတဲ့အနေနဲ့ မြန်မြန် သေရအောင် လုပ်ပေးမယ် "
ကျားနက်ကြီး က ပြောလိုက်သည်။
အရပ်မျက်နှာစုံမှ ချဥ်းကပ်လာကြသည့် သားရဲများကလည်း တဟားဟား လှောင်ရယ်လိုက်ကြသည်။
လောထျန်းက သူ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ခါးကုန်းလိုက်သည်။
" ဟေ့ . သူက တကယ်ကြီး ဒူးထောက်နေတာပဲ ၊မင်းက တော်တော်အစွမ်းနိမ့်တဲ့ လူသားလေးပဲကွ "
" လူသားတွေအားလုံးက သုံးစားမရတဲ့ သူတွေပါကွာ "
သားရဲများထံမှ ရယ်သံကြီး ထပ်ထွက်လာပြန်သည်။
သို့သော် ထိုအချိန်မှာပင် လောထျန်းက မြေကြီးပေါ်မှ တုတ်ချောင်းတစ်ချောင်းကို ကောက်ယူလိုက်၏။
" ဟင် .. မင်း .. "
ကျားနက် အံ့အားသင့်သွားသည်။
မကြာမီပင် ...
ဖုန်း ...
လောထျန်းက တုတ်ချောင်းကို ဝေ့ယမ်းလိုက်ရာ ကျားနက်ကြီး လေထဲသို့ လွင့်တက်သွားသည်။
" ချီးပဲ .. ငါ ဒီနေ့ တော်တော် ကံမကောင်းပါလားကွာ ။ လူတွေက တိုက်ခိုက်ချင်ရတာနဲ့ .. အခု ခွေးတွေက တိုက်ခိုက်ချင်ရတာနဲ့ ။ မင်းတို့က ငါကို သတ်ချင်တယ် .. ဟုတ်လား ၊ လာခဲ့ကြကွာ .. မင်းတို့အဖိုး ငါက သတ်ခွင့်ပေးမယ် .. လာခဲ့ကြ "
လောထျန်း ဒေါသတကြီး အော်ကာ တုတ်ချောင်းဖြင့် ထပ်ရိုက်လိုက်သည်။
ချွင် ...
ထိုတုတ်ချောင်းမှ ဓားစွမ်းအင်များ ရုတ်ချည်း တိုးထွက်လာ၏။ ထို့နောက် ဓားစွမ်းအင် ကျရောက်သွားသည့် နေရာရှိ သားရဲများမှာ တမဟုတ်ချင်း အပိုင်းပိုင်း ပြတ်ကုန်ကြသည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
" ဒီလူသားက အန္တရာယ် ရှိတာပဲ "
သားရဲအများစုမှာ အစပိုင်းတွင် ခူခံရန် ပြင်လိုက်ကြသေးသော်လည်း လောထျန်းအနီးသို့ ရောက်သွားသည်နှင့် ကြောက်မက်ဖွယ် ဓားစွမ်းအင်က သူတို့ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်လိုက်ရာ အလောင်းပင် မကျန်တော့ချေ ။
ခဏအကြာတွင်မူ သားရဲများအားလုံး ကြောက်ရွံ့ထိတ်လန့်ကုန်ကြ၏။
" ပြေးကြဟေ့ "
သားရဲတစ်ကောင်က စပြေးလိုက်ရာ ကျန်သားရဲများကလည်း သူ့နောက်လိုက်၍ သူတို့ လာခဲ့သည့် လမ်းအတိုင်း ပြန်ပြေးသွားကြသည်။
" မင်းတို့တွေက အစောကတော့ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေကြပြီးတော့ ခုမှ ထွက်ပြေးနေတယ်ပေါ့လေ ။ ထွက်ပြေးလို့လဲ မထူးတော့ဘူးကွ "
လောထျန်းက ဒေါသတကြီး အော်ကာ တုတ်တချောင်းဖြင့် ထိုသားရဲများနောက်သို့ ပြေးလိုက်သွားသည် ။
အကယ်၍ တစ်ယောက်ယောက်သာ လေထဲမှ ကြည့်နေပါက ထိုမြင်ကွင်းကြောင့် အံ့သြမှင်သက်သွားမည်ဖြစ်သည်။
ကြီးမားသော တောင်ကြားတစ်ခု အတွင်းတွင် လူတစ်ယောက်သည် တုတ်တစ်ချောင်းကို ကိုင်လျက် ထောင် ၊ သောင်းချီသော သားရဲများ နောက်သို့ ပြေးလိုက်နေပြီး သားရဲများက သူ့တုတ်ချောင်း လက်ချက်ဖြင့် တစ်ကောင်ပြီးတစ်ကောင် သေသွားကြ၏။
၎င်းက လူလား .. ဘီလူး တစ်ကောင်ပေလား ...
ထိုစဥ် သားရဲအသိုက် အပြင်ဘက်တွင် အဖွဲ့ပေါင်းစုံမှ အစွမ်းထက် ကျင့်ကြံသူ လူကြီး ဆယ်ယောက်ကျော်က အစဥ်လိုက်ရပ်နေကာ သားရဲအသိုက်ဘက်သို့ တည်တည်ငြိမ်ငြိမ် ကြည့်နေကြ၏။
သူတို့ဘေးမှ လောချန်က အားလုံးကို တလေးတစား ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
" သားရဲအသိုက်က သားရဲတွေကို ခုခံတိုက်ခိုက်ပေးဖို့အတွက် ဒီကိုလာခဲ့ကြတဲ့ သခင်ကြီးတို့အားလုံးကို ကျေးဇူးတင်ပါတယ် "
လောချန် ပြောလိုက်သည်။
" တူလေး လောချန် ၊ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ ။ လူငယ်တွေက အဖိုးတန် ရတနာတွေကို ရှာတဲ့အချိန် ငါတို့လို အဘိုးကြီးတွေရဲ့ တာဝန်က သူတို့ကို သားရဲရန်ကနေ ကာကွယ်ပေးဖို့ပဲ ။ ငါတို့တွေ ဒီကိစ္စကို ပြောနေကြတာ တော်တော်ကြာပြီကွ "
အဘိုးအိုတစ်ယောက်က မုတ်ဆိတ်ကို သပ်ကာ ပြောလိုက်သည်။
" ဟုတ်တယ်ကွ ၊ သားရဲအသိုက်က သားရဲတွေက အင်မတန် ရက်စက်ကြတယ် ။ ဒီကောင်တွေသာ လူငယ်လေးတွေကို ဆက်နှောင့်ယှက်နေမ
ယ်ဆိုရင် ဘယ်နှယောက်တောင် ဆက်ပြီး သေကြေကြမလဲ မသိဘူး "
အခြားအဘိုးအို တစ်ဦးကလည်း ပြော၏။
" သားရဲအသိုက်က သားရဲတွေကို လျှော့တော့ မတွက်နဲ့နော်။ သူတို့ထဲက ခေါင်းဆောင်အဆင့်ရှိတဲ့ သားရဲတွေဆိုရင် တိုက်ရည်ခိုက်ရည်က ထုံရွှယ်အဆင့်နီးပါးတောင် ရှိတယ် ။ ပြီးခဲ့တဲ့တစ်ခေါက် ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်တုန်းကဆိုရင် ခေါင်းဆောင်အဆင့် သားရဲခြောက်ကောင်တောင် တစ်ပြိုက်တည်း ပေါ်လာကြတာ ။ ကျွန်မတို့လူတွေ အများကြီးလဲ ဒဏ်ရာရသွားခဲ့ကြတယ် "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
" ဒါနဲ့ .. လောချန် ၊ ကွေ့ယွမ်ဂိုဏ်းရဲ့ သားရဲတစ်ရာ မြေပုံက ဘယ်သားရဲခေါင်းဆောင်တွေ ရှိနေတယ်ဆိုတာ ပြပေးတယ်မဟုတ်လား "
လုံယင့်ချုံက လောချန်ကိုကြည့်ကာ မေးလိုက်သည်။
လောချန် ခေါင်းညိတ်ကာ ပြန်ဖြေ၏။
" ဟုတ်တယ်ဗျ ၊ ကျုပ် အားလုံးကို ပြမယ် "
သူက ပြောပြောဆိုဆိုပင် သားရဲတစ်ရာ မြေပုံကို ထုတ်ယူကာ စိတ်စွမ်းအင်အချို့ ပို့လွှတ်လိုက်သည်။
ထို့နောက်တွင်မူ လောချန်၏ မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းသွား၏။
" ဘယ်လို .. မဖြစ်နိုင်တာ "
လောချန် အံ့သြတကြီး ရေရွတ်လိုက်သည်။
" ဟင် .. ဘာဖြစ်လို့လဲ .. ငါ ကြည့်ကြည့်မယ် "
လုံယင့်ချုံက အနားရောက်လာကာ မြေပုံကို ယူကြည့်လိုက်သည်။ သူသည်လည်း ချက်ချင်း မျက်နှာထားပြောင်းသွား၏။
" လေးဆယ် .. နတ်ဆိုး သားရဲခေါင်းဆောင် လေးဆယ်တောင် .. "
" ဘာ .. "
အခြားသူများလည်း အထိတ်တလန့် ဖြစ်သွားကြသည်။
" ဒါ ..ထုံရွှယ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ သားရဲတွေ အကောင်လေးဆယ် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ။ ဒီနှစ် ဘာဖြစ်သွားတာလဲ .. ဘာဖြစ်လို့ ဒီလောက်အများကြီး ပေါ်လာရတာလဲ ။ သားရဲဂူထဲမှာ တစ်ခုခုများ ဖြစ်သွားလို့လား "
" သေစမ်းကွာ ၊ ကျုပ်တို့မှာ အခု ထုံရွှယ်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက်ပဲ ရှိတယ် ။ ဒီလူတွေနဲ့ သူတို့ကို တားနိုင်ပါ့မလား "
" လောချန် .. ကျီဝေ့လျှို့ဝှက်ဒေသကို စောစောပိတ်သင့်တယ်နော် ။ မဟုတ်ရင် ပိုရှုပ်ကုန်လိမ့်မယ် "
တစ်ယောက်က အကြံပြုလိုက်သည်။
မှန်ပါသည် ။ ထုံရွှယ်အဆင့် သားရဲ လေးဆယ် အပြင် အဆင့်နိမ့်သားရဲများလည်း သောင်းချီ၍ ရှိသေးရာ အားလုံးကို သူတို့ မတိုက်ခိုက်နိုင်ပါချေ ။
သို့ဖြစ်ရာ လျှို့ဝှက်ဒေသကို စောစောပိတ်လိုက်ခြင်းကသာ အဓိပ္ပါယ် ရှိပေသည်။
လောချန်က ထိုဆုံးဖြတ်ချက်ကို ချခါနီးဆဲဆဲမှာပင် သားရဲတစ်ရာ မြေပုံက ရုတ်တရက် ပြောင်းသွား၏ ။
" ဟင် .. ဘောတွေ ဖြစ်နေတာလဲ "
လောချန် အံ့သြမှင်သက်သွားသည် ။
" ဘာတွေ ဖြစ်နေတာလဲ ၊ ဆုံးဖြတ်ချက်ကို မြန်မြန်ချသင့်တယ်နော် ။ ဒါ ရယ်စရာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးကွ "
လုံယင့်ချုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သို့သော် သူသည်လည်း မြေပုံကို ငုံ့ကြည့်လိုက်သောအခါ လောချန်နှင့် အလားတူ ဆွံ့အသွား၏။
အဘယ့်ကြောင့်ဆိုသော် မြေပုံတွင် သားရဲခေါင်းဆောင် ၃၅ ဦးသာ ကျန်တော့သည်ဟု ပြနေသောကြောင့်ပင် .. ။