← Chapters

ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်

Vol. 5 Ch. 60

ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်

Vol. 5 Ch. 60

" သားရဲခေါင်းဆောင် ငါးဦးတောင် သေသွားတယ် ဟုတ်လား "

အဘိုးအိုတစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။

ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်သည် တိုက်ရည်ခိုက်ရည်၌ ထုံရွှယ်အဆင့် ရှိထားပေရာ ..

သူတို့နှင့် အစွမ်းချင်း သိပ်မကွာလှချေ ။

သို့သော် ယခု မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းတွင် သားရဲခေါင်းဆောင် ငါးဦးက သေသွားခဲ့သည်လား ။

သူတို့ အံ့အားသင့်နေစဥ်မှာပင် သားရဲမြေပုံက ထပ်ပြောင်းသွားပြန်၏။

" ဟင် .. သားရဲခေါင်းဆောင် နှစ်ယောက် .. ထပ်သေသွားတာပါလား "

လုံယင့်ချုံ အံ့သြတကြီး ရေရွတ်လိုက်သည်။

၎င်းက မြန်လွန်းလှပေသည် ။

" ခေါင်းဆောင်တွေတင် မဟုတ်ဘူး ၊ ခေါင်းဆောင်တွေ လက်အောက်က အဆင့်နိမ့် သားရဲတွေရဲ့ အရေအတွက်လဲ မြန်မြန် လျော့နေတယ် "

တစ်ယောက်က အော်လိုက်သည်။

အားလုံး၏ အကြည့်က သားရဲခေါင်းဆောင်များဆီမှ ခွာကာ အောက်ဘက်ရှိ အဆင့်နိမ့်သားရဲများ အရေအတွက်ဆီသို့ ရောက်သွားကြသည်။

သားရဲတစ်ရာ မြေပုံကို စထုတ်ခဲ့စဥ်က မြေပုံတွင် အဆင့်နိမ့်သားရဲ အရေအတွက် ၆၀၀၀၀ ကျော် ရှိနေခဲ့၏။

သို့သော် မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းမှာပင် ထိုနံပါတ်က ၅၀၀၀၀ခန့်သိူ့ ချက်ချင်း ပြောင်းသွားသည် ။

တကယ့် အချိန်တိုလေးအတွင်း ထိုသို့ ပြောင်းသွားခြင်းပင် ။

သားရဲ ၁၀၀၀၀ ကျော်က ဤမျှ အချိန်လေးအတွင်း သေသွားခဲ့ကြသည်လား .. ။

အားလုံးပင် တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြသည် ။

" ကြည့်ရတာ သားရဲအသိုက်မှာ ကမ္ဘာတုန်လောက်တဲ့ ကိစ္စကြီးတစ်ခု ဖြစ်နေတယ်နဲ့ တူတယ် "

နတ်ဆိုးအောင်နိုင်သူ ကျောင်းတော်မှ ဘုန်းကြီးက ပြောလိုက်သည်။

" ကြည့်ရတာ ကျီဝေ့ လျှို့ဝှက်ဒေသကို စောစော ပိတ်ရတော့မယ်နဲ့ တူတယ် "

အဘိုးအိုတစ်ယောက်ကလည်း သက်ပြင်းချကာ ပြောလိုက်သည်။

" အစောကြီး ပိတ်မှာလား .. "

အခြားအဘိုးအိုတစ်ဦးက စိတ်မကောင်းဟန်ဖြင့် ဆို၏။

ယခုနှစ်တွင် သိုင်းသမားသခင်ကြီး ကျီဝေ့၏ အမွေအနှစ် ပေါ်လာမည်ဟု ကောလဟာလထွက်ထားရာ အစောကြီးပိတ်ရမည်ကို သူတို့ နှမျောနေကြသည်မှာ မထူးဆန်းပေ ။

" အားလုံးပဲ .. ကျုပ်တို့တွေ ဆုံးဖြတ်ချက် မချခင် သားရဲအသိုက်ထဲမှာ ဘာဖြစ်နေတာလဲဆိုတာ အရင် သွားကြည့်သင့်တယ်ထင်တယ် "

လုံယင့်ချုံက တုန့်ဆိုင်းစွာ ပြောလိုက်သည်။

" ဟုတ်တယ် ၊ ကျုပ်လဲ အဲ့လိုပဲ ထင်တယ် ။ ကျီဝေ့လျှို့ဝှက်ဒေသကို ပိတ်ဖို့ဆိုရင် အထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာကိုတော့ အနည်းဆုံး သိသင့်တယ်မဟုတ်လား "

အခြားတစ်ယောက်လည်း ထောက်ခံလိုက်သည်။

ထိုလူများ ခေတ္တမျှအကြာ စဥ်းစားဆွေးနွေးလိုက်ကြပြီးနောက် နတ်ဆိုးအောင်နိုင်သူကျောင်းတော်မှ ဘုန်းကြီးက ပြောလိုက်သည်။

" ကောင်းပြီ ၊ ဒါဆို လူနှစ်စု ခွဲလိုက်ကြတာပေါ့ ။ ကျုပ်တို့ထဲက သုံးယောက်က သားရဲအသိုက်ဘက်ကိုသွားပြီး ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်မယ် ။ ကျန်တဲ့သူတွေကတော့ လျှို့ဝှက်ဒေသထဲက တခြားသူတွေကို သွားခေါ်လိုက် ။ ပြီးတော့ လောချန်းက သခင်လေး လောထျန်းကို ရှာလိုက်ပါ ။ သူ ရှိနေရင် ကျုပ်တို့ ပိုအန္တရာယ် ကင်းလိမ့်မယ် "

နံဘေးမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးက အောင့်သက်သက်ပြုံးကာ ပြော၏။

" သခင်ကြီး ယွမ်ရှင်း ၊ အထဲမှာ ထုံရွှယ်အဆင့် သားရဲခေါင်းဆောင် ဆယ်ဂဏန်းအပြင်ကို အဆင့်နိမ့်သားရဲတွေလဲ သောင်းချီပြီး ရှိတာလေ ။ သခင်လေး လောထျန်းလာရင်တောင် လာမှ လုပ်နိုင်မယ် မထင်ဘူး "

နတ်ဆိုးအောင်နိုင်သူ ကျောင်းတော်မှ သခင်ကြီး ယွမ်ရှင်းက သက်ပြင်းချလိုက်သည် ။

" အနည်းဆုံးတော့ ကျုပ်တို့ချည်းပဲထက်တော့ ပိုကောင်းတာပေါ့ဗျာ "

လုံယင့်ချုံကလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။

" ကောင်းပြီ ၊ ဒါဆို .. ​အဲ့အတိုင်းပဲ လုပ်ကြတာပေါ့ဗျာ ။ သခင်ကြီး ယွမ်ရှင်း ၊ ဒေါ်လေး ရှဲ့ဝေ့ နဲ့ ကျုပ်တို့က သားရဲတွေရှိတဲ့ တောင်ကြားကို သွားစစ်ဆေးလိုက်မယ် ။ တစ်ခုခု မှားနေတာ တွေ့တာနဲ့ ကျုပ်တို့ ချက်ချင်း ထွက်ပြေးလာခဲ့မယ် ။ ကျန်တဲ့သူတွေကတော့ အပြင်ကကိစ္စတွေကို တာဝန်ယူထားလိုက်ပါ "

" ကောင်းပါပြီ "

အားလုံး သဘောတူကာ လူစုခွဲလိုက်ကြသည်။ ထိုနေရာတွင် လုံယင့်ချုံတို့ သုံးဦးသာ ကျန်နေခဲ့တော့၏။

" သွားကြစို့ဗျာ ၊ သားရဲအသိုက်ထဲမှာ ဘာတွေဖြစ်နေလဲ မသိဘူး "

လုံယင့်ချုံက သက်ပြင်းချကာ သားရဲအသိုက်ဘက်သို့ ကြည့်လိုက်သည်။

ထိုစဥ် သားရဲအသိုက်အတွင်းတွင် ....

" ကယ်ကြပါဦး ..ဘီလူးကြီးတစ်ကောင် ရောက်နေတယ် "

ကျားသစ်နက်တစ်ကောင်က အော်ကာ ပြေးသွား၏။

အနောက် မလှမ်းမကမ်းတွင်မူ တုတ်တစ်ချောင်း ကိုင်ထားပြီး ဒေါသထွက်နေသည့် မျက်နှာနှင့် လူရိပ်တစ်ခုက သူ့နောက်မှ ပြေးလိုက်နေသည် ။

ထိုလူမှာ လောထျန်းပင် ...

" ဒီလူက လူရော ဟုတ်သေးရဲ့လားကွာ "

" ငါက အခုမှ အပြင်စထွက်ဖူးတာဆိုတော့ မသိဘူး ၊ လူသားတွေ အားလုံးက အဲ့လိုတွေပဲလား "

" ဟေ့ မင်းငါ့ကို လိမ်ပြောခဲ့တာပဲ ။ မင်းပြောတော့ လူသားတွေက ငါတို့ရဲ့ အစာတွေဆို ..ခုတော့ကွာ ကြောက်စရာကောင်းလိုက်တာ "

ယခုမှ အမဲစလိုက်ဖူးသည့် သားရဲများမှာ ငိုချလုမတတ် ဖြစ်နေကြသည်။

ပြေးနေကြသည့် သားရဲအုပ်ထဲတွင် ဧရာမ ဆင်မဲးကြီးက အားလုံးထဲမှ ထင်းထွက်နေ၏။

သူက နောက်မှလိုက်နေသည့် လောထျန်းကို ကြည့်လိုက်ပြီး သူ့ဘေးမှ သားရဲကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

" ဟေ့ကောင်တွေ .. ငါ ပြဿနာကို ရှာတွေ့ပြီကွ ။ ဒီလူသားက သူ့လက်ထဲက တုတ်ချောင်းကိုပဲ အားကိုးပြီး တိုက်ခိုက်နေတာ "

" အဲ့တော့ ဘာဖြစ်လို့လဲ "

ဝက်ဝံမဲကြီးက ပြန်မေး၏။

ဧရာမဆင်ကြီးက ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။

" ဘာဖြစ်ရမှာလဲကွ .. သူက လက်နက်တွေ သုံးတဲ့နေရာမှာပဲ တော်ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းက အဆင့်နိမ့်နေတာ မဖြစ်နိုင်ဘူးလား ။ ဒါ့ကြောင့်မို့ သူက ဒီတုတ်ချောင်းတစ်ခုတည်းနဲ့ပဲ တိုက်ခိုက်နေတာ ဖြစ်ရမယ် "

သူတိူ့ဘေးမှ မြွေမဲတစ်ကောင်ကလည်း ပြောလိုက်သည်။

" မင်းပြောတာ ဖြစ်နိုင်တယ်ကွ ။ မျိုးနွယ်ချင်း ယှဥ်ရင် ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ သွေးက သူတို့ လူသားမျိုးနွယ်ထက် အများကြီး ပိုအစွမ်းထက်တယ် ။ပြီးတော့ ငါတို့ရဲ့ ခန္ဓာကိုယ်ကလဲ ပိုသန်မာတယ် ။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲကွာ "

ဧရာမ ဆင်ကြီးက ထူးထူးဆန်းဆန်း ရယ်ကာပြောလိုက်သည်။

" ငါ သူနဲ့ ရင်ဆိုင်လို့ရမယ့် နည်းလမ်းတစ်ခု စဥ်းစားမိထားတယ်ကွ ။ ငါ ခန့်မှန်းထားတာသာ အမှန်ဆိုရင် သူ တိုက်ခိုက်လာတာကို တစ်ချက်လောက်ပဲ ရှောင်ရမှာ ။ ပြီးရင် ဒီတိုင်း သူ့ကိုယ်ကို လက်သီးနဲ့ တစ်ချက်လောက်ထိုးပြီး သတ်လိုက်ရုံပဲ "

မြွေမဲ  ခေါင်းညိတ်၏ ။

" မင်းပြောတာ အဓိပ္ပါယ်ရှိတယ် ။ ဒါဆို သွားလုပ်ကွာ ။ ငါတို့ မင်းကို ကူညီပေးမယ် "

ဧရာမ ဆင်ကြီးက ပြောလိုက်သည်။

" ကောင်းပြီလေ ၊ ငါ အောင်မြင်သွားရင်တော့ ဒီတိုက်ပွဲအတွက် နာမည်ကို ငါပဲ ယူမှာနော် "

" ရတယ် ၊ ကိစ္စမရှိဘူး "

အခြားသားရဲများ ပြန်ပြောလိုက်ကြသည်။

ဘုန်း ..

ဧရာမ ဆင်ကြီးက စကားဆုံးသည်နှင့် ရုတ်တရက် ရပ်လိုက်သည် ။

ကျန်သားရဲများကလည်း တိုက်ပွဲကို ကြည့်ရန် သူနှင့် မီတာအနည်းငယ်အကွာတွင် ရပ်လိုက်၏။

" ဟား ဟား .. လူသားကောင်လေး .. မင်းတော့ သွားပြီပေါ့ကွာ ။ ငါ မင်းရဲ့ အားနည်းချက်ကို တွေ့သွားပြီကွ ၊ သေဖို့သာ ပြင်တော့ "

ဆင်ကြီးက လောထျန်းကို လှည့်ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့အကြည့်က လောထျန်းလက်ထဲမှ တုတ်ချောင်းပေါ်သို့ ရောက်သွား၏။

" တုတ်ချောင်းက အရေးကြီးဆုံးပဲ .. ဒီတုတ်ချောင်းကိုသာ ရှောင်နိုင်ရင် ငါ နိုင်ပြီ "

ဆင်ကြီးက တွေးလိုက်သည်။

ထိုအချိန်မှာပင် လောထျန်းက သူ့ရှေ့သို့ ရောက်လာသည် ။

" တုတ်ကို မြင်နေရပြီ "

ဆင်ကြီး၏ မျက်လုံးက မျက်လုံးအိမ်မှ ကျွတ်ထွက်ကျလုမတတ်ပင် ဖြစ်နေ၏ ။

သို့သော် ..

" ငါ့ရှေ့က ဖယ်စမ်းကွာ "

လောထျန်းက ဆင်ကြီး၏ ခေါင်းကို ကန်လိုက်သည်။

ဘုန်း ..

ချက်ချင်းပင် ဆင်ကြီး၏ ခေါင်းက အစိတ်စိတ်အမွှာမွှာ ကွဲကျေသွား၏။

" တုတ်ချောင်း တစ်ခုတည်းကြောင့် မဟုတ်ဘူး "

၎င်းမှာ ဆင်ကြီး မသေခင် နောက်ဆုံး တွေးလိုက်သည့် အတွေးပင် ။

' ဘုရားရေ "

" ဟို ငတုံးကောင် ဆင်ရဲ့ စကားကို မယုံလိုက်သင့်ဘူးကွာ "

" ဒီလူက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ "

" ကယ်ကြပါဦး "

သားရဲများ တစ်ပေါက်တစ်ပေါက် အော်ကာ ချက်ချင်း ထွက်ပြေးလိုက်ကြသည်။

" ကောင်းကင်ဘုံ ဓားသိုင်းကွက် "

လောထျန်း အော်လိုက်ရာ သူ့လက်ထဲမှ တုတ်ချောင်းမှနေ၍ ပေတစ်ရာခန့် ရှည်လျားသည့် ဓားစွမ်းအင်တစ်ခု တိုးထွက်လာ၏ ။ ၎င်းက ထွက်ပြေးနေသည့် သားရဲများပေါ်သို့ ကျသွားပြီး သားရဲ၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်တော့သည် ။

သားရဲတို့၏ နာကျင်စွာ အော်ဟစ်သံများ ရုတ်ချည်း ဆူညံသွား၏။

တစ်ဖက်ရှိ တောင်ကြားအဝင်ဝ တွင်မူ လုံယင့်ချုံနှင့် ကျန်နှစ်ယောက်က ကျောက်တုံးကြီးနောက်တွင် ပုန်းနေကာ အသက်ပင် မရှူရဲကြချေ ။

" ကိုယ့်လူတို့ .. ရှေ့က သားရဲတွေရဲ့ အသိုက်ပဲ ။ အချိန်မရွေး အန္တရာယ်နဲ့ ကြုံသွားနိုင်တာမို့ အားလုံး သတိထားကြပါ "

လုံယင့်ချုံက သတိပေးလိုက်သည် ။

" ခင်ဗျားတို့နှစ်ယောက် အန္တရာယ်တစ်ခုခုကြုံရင် ကျုပ် ကာကွယ်ပေးမယ် ။ ကျုပ်ကို ဂရုမစိုက်ဘဲ ပြေးသာပြေးကြနော်။ ကျုပ်တို့ သုံးယောက်လုံး ဒီမှာ သေသွားလို့ မဖြစ်ဘူး ။ တစ်ယောက်ယောက်တော့ အပြင်ကို သတင်းပြန်ပို့မှ ရမယ် "

သခင်ကြီး ယွမ်ရှင်းက ပြောလိုက်သည် ။

" သခင်ကြီး .. ခုလို စကားတွေ မပြောပါနဲ့ဦး။ ကျွန်မတို့ သုံးယောက်ရဲ့ အစွမ်းနဲ့ သားရဲအသိုက်တစ်ခုလုံးကို မဖျက်ဆီးနိုင်ပေမယ့် အတူတူ ပြေးကြရင် အောင်မြင်နိုင်ချေတော့ တော်တော်များပါတယ် "

ရှဲ့ဝေ့က သူမလက်ထဲမှ ဓားကို တင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။

" သွားကြစို့  ၊ ကျုပ်တို့ ရှိမှန်း မသိစေနဲ့ "

လုံယင့်ချုံက အချက်ပြလိုက်သည်နှင့် သူတို့ သုံးယောက် ခြေဖျားထောက်ကာ တောင်ကြားထဲသို့ တိတ်တဆိတ် ဝင်သွားလိုက်ကြသည် ။

" ဟင် ..ဟိုမှာ "

တောင်ကြားထဲသို့ ရောက်သည်နှင့် ပုံမှန်မဟုတ်သော အရာတစ်ခုကို သခင်ကြီး ယွမ်ရှင်း တွေ့သွား၏။

သူတို့နှင့် မလှမ်းမကမ်းတွင် များလှစွာသော သားရဲအလောင်းများ ပုံလျက် ရှိနေသည်။

" ဘုရားရေ "

ထိုအခြင်းအရာကို မြင်သောအခါ သခင်ကြီးယွမ်ရှင်း မနေနိုင်ဘဲ လက်ဝါးနှစ်ဖက်ကို စု၍ ဘုရားစာအချို့ ရွတ်လိုက်သည်။

ရှဲ့ဝေ့မှာလည်း မြင်ကွင်းကို မယုံနိုင်ဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

လုံယင့်ချုံ တစ်ယောက်တည်းကသာ သားရဲအလောင်းဆီသို့ သွား၍ ခေတ္တမျှ စစ်ဆေးကြည့်လိုက်သည် ။ ထို့နောက် သူ သက်ပြင်းချလိုက်သည် ။

" သခင်ကြီးလုံ ၊ ဘာတွေ့လိုက်လို့လဲ "

ရှဲ့ဝေ့က မေးလိုက်သည် ။

လုံယင့်ချုံ ခေါင်းယမ်းလိုက်သည်။

" ကျုပ် မပြောတတ်ဘူးဗျ ။ သေချာတာ တစ်ခုကတော့ ဒီသားရဲတွေကို သတ်သွားတဲ့ကောင်က  အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ပဲ ဖြစ်ရမယ် "

All Chapters