← Chapters

မိမိကိုယ်ကို ယုံကြည်မှုအပြည့်နှင့် နတ်ဆိုးဘုရင်

Vol. 5 Ch. 61

မိမိကိုယ်ကို ယုံကြည်မှုအပြည့်နှင့် နတ်ဆိုးဘုရင်

Vol. 5 Ch. 61

" အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲ .. "

ရှဲ့ဝေ့မှာ ခြေထောက်များ ပျော့ခွေကျသွားတော့မည့်အလား ခံစားလိုက်ရသည် ။

သားရဲအသိုက်မှ ပုံမှန် သားရဲများကပင် သူတို့အတွက် ခေါင်းကိုက်စရာ ဖြစ်နေလေပြီ ။

ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်သာ ထွက်လာပါက ...

" ဒီကောင်က ဘယ်လောက် အစွမ်းထက်နိုင်လဲ "

ရှဲ့ဝေ့က မေးလိုက်သည်။

" သေချာတော့ ပြောဖို့ခက်တယ် ၊ အတွင်းထဲ ထပ်ဝင်ပြီး ကြည့်လိုက်မယ်ဗျာ "

လုံယင့်ချုံ ပြောလိုက်သည်။

" တောင်းတယ် ၊ သွားကြည့်ကြစို့ "

သခင်ကြီး ယွမ်ရှင်းကလည်း ထောက်ခံလိုက်သည်။

ရှဲ့ဝေ့သည် အနည်းငယ် တုန့်ဆိုင်းနေသော်လည်း မည်သို့မှ ထပ်မပြောဘဲ သူတို့နှင့်အတူ အထဲဆက်ဝင်သွား၏။

သူတို့ သုံးယောက် အတွင်းထဲသို့ ရောက်လာလေလေ ပို၍ ကြောက်ရွံ့လာကြလေပင် ။

အဘယ့်ကြောင့်ဆိုသော် လမ်းတစ်လျှောက်တွင် သားရဲများ၏ အလောင်းများက တစထက်တစ ပိုများလာသောကြောင့်ဖြစ်သည်။

ထို့အပြင် အလောင်းများ လဲကျနေပုံကို ကြည့်ခြင်းဖြင့်ပင် ထိုသားရဲများက အသက်မဆုံးခင် သားရဲအသိုက်သို့ ဦးတည်သွားနေကြမှန်း သိသာနေ၏။

" ဘာတွေ ဖြစ်နေတာလဲ .. ဒီသားရဲတွေက ထွက်မပြေးကြဘူးလား "

ရှဲ့ဝေ့က သားရဲအလောင်းများကို နားမလည်နိုင်စွာ မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။

" အဲ့ဒီ ရက်စက်တဲ့ သားရဲက အပြင်က လာတာများလား "

လုံယင့်ချုံ ဖြစ်နိုင်ချေကို စဥ်းစားကြည့်လိုက်သည်။

" အဲ့လိုပဲ ဖြစ်ရမယ် ။ သားရဲအသိုက်ထဲမှာ မွေးလာတဲ့ သားရဲတစ်ကောင်က ဘယ်လောက်ပဲ ရက်စက်တယ်ပြောပြော သူတို့အချင်းချင်းကို ခုလောက်ကြီးတော့ လုပ်မှာ မဟုတ်ဘူး "

သခင်ကြီး ယွမ်ရှင်းကလည်း သဘောတူ၏။

" ဒါဆို ဒီသားရဲရဲ့ အစွမ်းက ဘယ်လောက်ရှိလဲ "

ရှဲ့ဝေ့က မေးလိုက်သည်။

သခင်ကြီးယွမ်ရှင်း ခေတ္တမျှ တုန့်ဆိုင်းသွားပြီး မည်သည့်စကားမှ ထပ်မပြောတော့ချေ ။

ထိုအချိန်တွင် လုံယင့်ချုံထံမှ ရုတ်တရက် ရေရွတ်သံ ထွက်လာ၏။

" ဒါ .. မဖြစ်နိုင်ဘူး .. "

ရှဲ့ဝေ့တို့ နှစ်ယောက် သူ့ဘက်သို့ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းမှ ဧရာမသားရဲတစ်ကောင်၏ အလောင်းအား အံ့သြတကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။

" သခင်ကြီးလုံ ..ဘာဖြစ်လို့လဲ "

ရှဲ့ဝေ့က သူ့ဆီသို့ မြန်မြန်လျှောက်သွားကာ မေးလိုက်သည်။

လုံယင့်ချုံက သူ့ရှေ့မှ ခေါင်းမရှိတော့သော ဧရာမသားကောင်ကြီး၏ အလောင်းကို လက်ညိုးထိုးကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ကျုပ် ဒီသားရဲကို သိတယ် "

" ဒီသားရဲကို သိတယ် .. "

ရှဲ့ဝေ့ အံ့သြမှင်သက်သွားသည်။

လုံယင့်ချုံက ခေါင်းညိတ်ကာ စကားဆက်၏။

" လွန်ခဲ့တဲ့ သုံး ၊ လေး နှစ်လောက်က ကျုပ် တပည့်တွေကို ကျီဝေ့လျှို့ဝှက်ဒေသကို ခေါ်လာတဲ့အချိန် ဒီကောင်ကြီး နဲ့ တွေ့ခဲ့တာ ။ အဲ့တုန်းက ဒီကောင်ကြီးက သားရဲတောင်ကြားက ထွက်လာတဲ့အချိန် ကျုပ်တို့နဲ့ တိုးသွားတာပဲ ။ ဒီကောင်က အစွမ်းထက်ပြီး ရက်စက်လွန်းလို့ ကျုပ်နဲ့ မိုးကြိုးဂိုဏ်းက သခင်ကြီး လိုင် နှစ်ယောက်ပေါင်းအစွမ်းနဲ့တောင် သူ့ကို မနည်းဖိနှိပ်ခဲ့ရတယ် "

" သူ့အစွယ်တွေက နတ်ဘုရားဓား နှစ်လက်လို ဖြစ်နေတာကို ကျုပ် မှတ်မိတယ် ။ သူ့ကြောင့် ရခဲ့တဲ့ ဒဏ်ရာတောင် ကျုပ် ပုခုံးမှာ ခုထိ ရှိနေသေးတယ် "

လုံယင့်ချုံက ကြောက်စိတ် မပျယ်သေးဟန်ဖြင့် ပြောလိုက်သည်။

" အစွယ် ဟုတ်လား ..ဘယ်မှာလဲ "

ရှဲ့ဝေ့က ပြောပြောဆိုဆို အလောင်းကို ပတ်၍ကြည့်လိုက်သည်။ ခဏအကြာတွင်မူ သူမထံမှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာပြီး နေရာ၌ မေ့လဲကျလုမတတ်ပင် ဖြစ်သွား၏။

' ဘုရားရေ .. "

" ဘာဖြစ်လို့လဲ "

သခင်ကြီး ယွမ်ရှင်းက ရှဲ့ဝေ့ ရှိရာဘက်သို့ သွားလိုက်သည်။

သို့သော် သားရဲ၏ ခေါင်းနေရာတွင် မည်သည့်အရာမှ ရှိမနေသည်ကို တွေ့လိုက်ရ၏။

" သခင်ကြီးလုံ .. ဒီကောင်က အစွမ်းထက်တယ်ဆိုတာ သေချာရဲ့လား "

ရှဲ့ဝေ့က လုံယင့်ချုံအား မေးလိုက်သည်။

လုံယင့်ချုံမှာလည်း ထိုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။

ထိုနှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲကို သူ သေချာစွာ မှတ်မိသလို ..

၎င်းဆင်ကြီးက မည်မျှ အစွမ်းထက်သည်ကိုလည်း သူ ရှင်းရှင်းလင်းလင်း မှတ်မိ၏။

အကယ်၍သာ တစ်ယောက်ချင်း တိုက်ခိုက်ရသည့် တိုက်ပွဲဆိုပါက သူ ယခုချိန် အသက်ပင် ရှိတော့မည် မဟုတ်ချေ ။

သို့သော် ဤမျှ အစွမ်းထက်လှသည့် သားရဲကြီးက ယခု သေဆုံးနေသည်တဲ့လား ..

ထို့ထက်ဆိုးသည်မှာ အလောင်းကို ကြည့်ပါက ထိုသားရဲသည် တစ်စုံတစ်ယောက် ၏ လက်ချက်ဖြင့် တမဟုတ်ချင်း သေဆုံးသွားခဲ့သည်မှာ ထင်ရှားနေပေသည် ။

ထိုဆင်ကြီးကို သတ်ဖြတ်ခဲ့သည့် သူက ...

" ကြည့်ရတာ အဲ့ဒီသားရဲက ကျုပ်ထင်ထားတာထက်တောင် ပိုအစွမ်းထက်နေတယ်နဲ့တူတယ် "

လုံယင့်ချုံ၏ နဖူးမှ ဇောချွေးများ ပျံလာသည်။

" သခင်ကြီးလုံ .. ရှေ့ဆက်သွားချင်သေးလား "

ရှဲ့ဝေ့က အနည်းငယ် တုန့်ဆိုင်းစွာ မေးလိုက်သည်။

လုံယင့်ချုံက ခေတ္တမျှ စဥ်းစားပြီးမှသာ ပြန်ဖြေ၏။

" ကျုပ်တို့ နည်းနည်း ထပ်သွားသင့်တယ်လို့ ထင်တယ် ။ ကျုပ်စိတ်ထဲမှာ တစ်ခုခု လွဲနေတယ်လို့ ခံစားနေရတယ် "

သခင်ကြီး ယွမ်ရှင်းကလည်း ခေါင်းညိတ်လိုက်သည်။

" ကျုပ်လဲ အဲ့လိုပဲ တွေးတယ် ။ ဒီအဖြစ်အပျက်က ယဲ့ဖုန်းနိုင်ငံအတွက် ကပ်ဘေးကြီးတစ်ခုလို ဖြင်လာနိုင်တယ်ဆိုတော့ အပြင်ဘက်ကို အကျိုးအကြောင်း မပြောခင် ဘာတွေဖြစ်နေတယ်ဆိုတာ ကျုပ်မျက်လုံးနဲ့ သေချာမြင်ဖို့လိုတယ် "

" ကောင်းပါပြီ "

ရှဲ့ဝေ့သည် ဆက်သွားရန် လုံးဝ ဆန္ဒမရှိသော်လည်း တခြားရွေးချယ်စရာလဲ မရှိသဖြင့် သူတို့နောက်မှ ဆက်သွားလိုက်ရသည်။

ထိုစဥ် သားရဲအသိုက်၏ အတွင်းဘက် အကျဆုံးနေရာ၌ ...

" သခင်ကြီး ..ကယ်ပါဦး ..ဘီလူးတစ်ကောင် ရောက်နေလို့ "

ခေါင်းဆောင်အဆင့် သားရဲများစွာက အော်ဟစ်အကူအညီတောင်းလိုက်ကြသည်။

သူတို့ တစ်ကိုယ်လုံးတွင်လည်း ဖုန်မှုန့်များ ပေလူးနေပြီး ခြေကုန်လက်ပန်း ကျနေဟန်တူ၏။

နတ်ဆိုး မျောက်တစ်ကောင်ဆိုလျှင် လက်တစ်ဖက်ပင် ကျိုးနေသည်။

ထိုစဥ်မှာပင် ...

ဂူအတွင်းဘက်ဆုံးမှ အဖြူရောင်အမွှေးများနှင့် လက်သည်းရှည်တစ်ခု ထွက်လာပြီး သားရဲ၏ ခန္ဓာကိုယ်အား ထိုးဖောက်ပစ်လိုက်သည်။

" ဘုရင်ကြီး .. "

ထိုသားရဲမှာ မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားတော့သည်။

" ဒီကိုလာပြီး ဆူညံ ဆူညံ မလုပ်ဖို့ ငါ ပြောထားတာ ဘယ်နှခါ ရှိနေပြီလဲ ။ မင်းတို့ကောင်တွေက ဦးနှောက်လဲ မပါကြဘူးနဲ့တူတယ် "

ဧရာမ လက်သည်းကြီးက ပြန်ဝင်သွားပြီး အတွင်းဘက်မှ အသံတိုးတိုး တစ်သံ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားသည်နှင့် ကျန်သားရဲများအားလုံး မြေပေါ်သို့ ပြားပြားဝပ်သွားကြသည်။

" မင်းတို့က အစောကြီး ပြန်လာကြတာပဲ ၊ လူသား ဘယ်နှယောက် ပါခဲ့ကြလဲ "

အတွင်းဘက်မှ အသံက မေးလိုက်သည်။

" တစ်  .. တစ်ယောက်မှ မပါခဲ့ပါဘူး ဘုရင်ကြီး "

သားရဲတစ်ကောင်က ကြောက်ကြောက်လန့်လန့် ပြန်ဖြေ၏။

" တစ်ယောက်မှ မပါဘဲနဲ့ ပြန်လာရဲတယ်ပေါ့လေ ၊ သေချင်နေပြီလား "

ဂူအတွင်းထဲမှ ဘုရင်ကြီး အလွန်ဒေါသထွက်သွားသည်။

ချက်ချင်းပင် သားရဲအသိုက်တစ်ခုလုံး လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွား၏။

သားရဲတစ်အုပ်မှာလည်း ချက်ချင်း မြေကြီးပေါ် ဒူးထောက်ကာ သနားညှာတာပေးရန် ငိုယိုတောင်းပန်လိုက်ကြသည်။

" ဘုရင်ကြီး .. ခုလို ဖြစ်သွားရတာ ကျွန်တော်တို့အပြစ် မဟုတ်ပါဘူး ။ကျွန်တော်တို့ ဘီလူးတစ်ကောင်နဲ့ တွေ့ခဲ့တာ .. သူက ကျွန်တော်တို့ ညီအကိုတွေ အားလုံးနီးပါးကို သတ်ပစ်ခဲ့တယ် "

သားရဲတစ်ကောင်က ​အထိတ်တလန့် ပြောပြလိုက်သည်။

ထိုအချိန်မှသာ ဂူအတွင်းရှိ လူသတ်အရိပ်အငွေ့များ အနည်းငယ် လျော့သွား၏။

" ဘီလူး ..ဟုတ်လား .. ဘာ ဘီလူးလဲ "

ဘုရင်ကြီးက နားမလည်နိုင်ဟန်ဖြင့် မေးသည်။

" လူ .. လူသားတစ်ယောက်ပါ "

" လူတစ်ယောက် ..ဟုတ်လား .. "

ဘုရင်ကြီး အံ့အားသင့်သွား၏။

" မင်းတို့က လူသားတစ်ယောက်ရဲ့ အမဲလိုက်တာကို ခံလာရတယ်ပေါ့ .. သူက ဘယ်ကျင့်ကြံခြင်းအဆင့်ကလဲ ။ ကွေ့ရှအဆင့်လား .. မဟုတ်ရင် အဘိုးကြီး ကျီဝေ့လို တုကျဲ့ အဆင့်ကလား "

အဘိုးကြီးကျီဝေ့အကြောင်းကို ပြောလိုက်ချိန်တွင် ဘုရင်ကြီး၏ အသံက အနည်းငယ် တုန်လှုပ်သွားဟန်တူသည်။

သူတို့ ပြောနေစဥ်မှာပင် ဂူအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

မြေကြီးပေါ် ဝပ်နေကြသည့် သားရဲများမှာ ခြေသံကြားသည်နှင့် သေမတတ်ပင် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

" အရှင်မင်းကြီး .. သူ လာနေပြီ "

သားရဲများစွာပင် ကြောက်လန့်တကြား ပုန်းလိုက်ကြသည်။

"  မင်းတို့က အမှိုက်ကောင်တွေပဲ "

ဘုရင်ကြီးက သူတို့ ဖြစ်ပျက်သွားပုံကို ကြည့်ကာ ဆူလိုက်သည်။ သို့သော် သားရဲများမှာ သူတို့ဘုရင်ကြီး၏ စကားကိုပင် ဂရုမစိုက်နိုင်ကြပါချေ။

ဂူအတွင်းမှ ဧရာမ မျက်လုံးကြီး ပွင့်လာကာ ခြေသံလာရာဘက်သို့ ကြည့်လိုက်သည်။

" စောနကလေးတင် ကျန်တဲ့ကောင်တွေ ဒီဘက်ကို ပြးဝင်သွားတာ တွေ့လိုက်ပါတယ် ။ ဒါက ယွိလင်နန်းတော်လား .. ဘာလို့ အဲ့လောက် နံစော်နေရတာလဲ "

ထိုစဥ် လောထျန်း ဝင်လာ၏။

" ဒီလူသားရဲ့ ... စိတ်စွမ်းအင်တွေက ပြန့်ကျဲနေပြီးတော့ စိတ်စွမ်းပင်လယ်အဖြစ် မစုစည်းနိုင်သေးဘူး ။ ဒါ .. ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်လား "

မျက်လုံးနီ နတ်ဆိုးဘုရင်ကြီး နားမလည်နိုင် ဖြစ်သွားသည် ။

ဝီ ...

ထိုအချိန်မှာပင် မျက်လုံးနီ နတ်ဆိုးဘုရင် ရှိနေသည့် နေရာဆီမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ၎င်းက မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

" စိတ်ဝင်စားစရာပဲ ။ သူက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးပေမယ့် သူ့ခန္ဓာကိုယ်က အဲ့အဆင့်ထက် အများကြီး ကျော်နေပြီ ။ သူ့သွေးထဲမှာ ရှိနေတဲ့ အစွမ်းကလဲ စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာပဲ ။ စိတ်မပူပါနဲ့ .. ဒီကောင့်ရဲ့ ကိုယ်ကို ဆွဲဖြဲပစ်ပြီးတော့ သူ့အသွေး၊ အသားတွေနဲ့ သခင်ကြီးကို ပူဇော်ပါ့မယ် "

မျက်လုံးနီ နတ်ဆိုးဘုရင်က ပြောလိုက်သည်။

" စကားပြောနေတာ ဘယ်သူလဲကွ "

လောထျန်းက စကားသံကို ကြားသွားကာ ဝေ့ဝဲကြည့်လိုက်သည်။

ထိုတခဏမှာပင် အဖြူရောင် လက်သည်းရှည်တစ်ခု ဂူအတွင်းမှ ထွက်လာ၏။

" လူသားကောင်လေး ..မင်းက ငါ့ပိုင်နက်ထဲကို လာရဲတယ်ပေါ့လေ  ။ဒါဆိုရင်တော့လဲ မင်းရဲ့ ကံကြမ္မာပေါ့ကွာ ၊ သေစမ်း .. "

သားရဲ၏ လက်သည်းရှည်များက လောထျန်းဆီသို့ အသံတိတ် တိုးဝင်သွားသည်။

ထိုသားရဲ၏ လက်သည်းက အလွန်ချွန်ထက်နေပြီး နတ်ဘုရားလက်နက်များနှင့်ပင် ယှဥ်၍ရနေ၏။

နတ်ဆိုးဘုရင်က ယုံကြည်ချက်အပြည့်ဖြင့် လောထျန်းကို တစ်ချက်တည်း အသေသတ်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

သို့သော် ..

ချွင် ..

သားရဲ၏ လက်သည်းချွန်များက လောထျန်း၏ ကိုယ်နှင့် တွေ့သောအခါ သံသံချင်း တိုက်မိသံသာ ထွက်ပေါ်လာ၏။

ထို့နောက်တွင်မူ လက်သည်းချွန်များ ကျိုးပဲ့သွားတော့သည် ။

" ဟင် .. "

မျက်လုံးနီ နတ်ဆိုးဘုရင် အံ့သြတုန်လှုပ်သွားသည်။

သူ ထိုအကွက်ကို သုံးလာခဲ့သည့်တစ်လျှောက်  တစ်ခါမှ မကျရှုံးဖူးခဲ့ချေ ။

သို့သော် ယခုတွင်မူ လောထျန်းကို သတ်ရန် ကျရှုံးသွားခဲ့ရုံမက သူ့လက်သည်းများပင် ကျိုးသွားခဲ့ရ၏။

" ဟင် .. "

လောထျန်းက ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး နောက်ဆုတ်ချိန် မရလိုက်သည့် သားရဲ၏ လက်သည်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျိုးနေသည့် လက်သည်းကို မြင်သွားကာ အခြေနေကို သဘောပေါက်သွား၏။

" မင်းက ငါကို သတ်ချင်နေတာပေါ့လေ "

လောထျန်း၏ အသံက အလွန်အေးစက်နေသည် ။

All Chapters