← Chapters

သားရဲအသိုက်၏ လျှို့ဝှက်ချက်

Vol. 5 Ch. 62

သားရဲအသိုက်၏ လျှို့ဝှက်ချက်

Vol. 5 Ch. 62

" အခြေနေ မဟန်ဘူး "

နတ်ဆိုးဘုရင်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကာ လက်သည်းကို အမြန်သိမ်းလိုက်သည်။

သို့သော် ထိုအချိန်တွင် လောထျန်းက သူ့ဘယ်လက်ကိုမြှောက်ကာ ကောင်းကင်ဘုံ လက်ဝါးသိုင်းကွက်ကို သုံးလိုက်သည်။

ချက်ချင်းပင် ရွှေရောင်လက်တစ်ဖက် ထွက်ပေါ်လာပြီး သားရဲ၏ လက်သည်းကို ဆွဲကိုင်ကာ ဆောင့်ဆွဲလိုက်သည်။

ဝုန်း ....

လိုဏ်ဂူ ပြိုကျသွားပြီး နတ်ဆိုးဘုရင်က ရွှေရောင်လက်ကြီးနှင့်အတူ အပြင်သို့ ပါလာ၏။

ထိုအချိန်မှသာ နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ် အစစ်အမှန်က ရုပ်လုံးပေါ်လာသည်။

သို့သော်၎င်း၏ ခန္ဓာကိုယ်က အနည်းငယ် ထူးဆန်းနေ၏။

၎င်းက ဧရာမ အသားလုံးကြီး တစ်ခုအသွင် ရှိပြီး ကြီးမားသော မျက်လုံးနှစ်လုံး ရှိကာ လက်သည်းချွန် ခုနစ်ခု ၊ ရှစ်ခုက ကိုယ်ပတ်ပတ်လည်တွင် ရှိနေသည် ။ ထိုစဥ် နတ်ဆိုးဘုရင်က လောထျန်းဆီသို့ အရှိန်ဖြင့် တိုးဝင်သွား၏။

လောထျန်းက အခြားလက်တစ်ဖက်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စွမ်းအင်များကို နဂါးပုံရိပ် တစ်ခုအသွင် စုစည်းလိုက်သည်။

" ကောင်းကင်ဘုံ လက်သီး "

ဘုန်း ...

လောထျန်းက နတ်ဆိုးဘုရင်အား တည့်တည့်ပင် လက်သီးဖြင့် ထိုးလိုက်သည်။

ထိုလက်သီးချက်၏ ကြောက်မက်ဖွယ်အစွမ်းကြောင့် နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်တစ်ဝက်မှာ မရေမတွက်နိုင်သော အသားစများနှင့် သွေးစက်များအဖြစ်သို့ ချက်ချင်း ပေါက်ကွဲထွက်သွား၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် သားရဲများမှာ စကားမဆိုနိုင်ဘဲ ဖြစ်သွားကြသည်။

သူတို့ နတ်ဆိုးဘုရင်၏ အစွမ်းကို သူတို့ သေချာသိပေသည်။

သူသည် သားရဲအသိုက်တစ်ခုလုံး၏ ဘုရင်ဖြစ်ပြီး သူ့အား မည်သူမှ ပြန်မတိုက်ခိုက်ရဲကြချေ ။

သူတို့ သားရဲအသိုက်မှ သားရဲအများစုအတွက်မူ နတ်ဆိုးဘုရင်သည် အတုမရှိ ပြိုင်ဘက်ကင်း အစွမ်းထက်သူ တစ်ယောက်ဖြစ်သည်။

သို့သော် သူတို့၏ သားရဲဘုရင်က ထိုလူသားလက်ချက်ဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရ၏။

သူတို့ရှေ့မှ လူသည် ဘီလူးတစ်ကောင်ပင် ...

လောထျန်းက လက်ကို ဝေ့ယမ်းကာ သားရဲတို့၏ အလောင်းများကို လွင့်ပစ်လိုက်ပြီး ရှေ့ဆက် သွားရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် ...

ဝှစ် ...

ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

လောထျန်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ အစောက အပိုင်းပိုင်းအစစ ဖြစ်နေခဲ့သည့် နတ်ဆိုးဘုရင်၏ အလောင်းက ပြန်ပေါင်းသွားကြပြီး ယခင်ကအတိုင်း အသားလုံးတစ်ခုကဲ့သို့ ပြန်ပြောင်းသွားသည်ကို တွေ့လိုက်ရသည် ။

၎င်းက စက္ကန့်ပိုင်းလေးအတွင်းမှာပင် နဂိုမူလ အနေအထားသို့ ပြန်ရောက်သွားတော့သည် ။

" ဟင် .. "

လောထျန်း အလွန်အံ့အားသင့်သွား၏။

ထိုလူက သေရာမှ ပြန်ရှင်နိုင်သည်လား ...

ထိုစဥ် တစ်ဖက် တောင်ကြား၌ ...

လုံယင့်ချုံနှင့် ကျန်နှစ်ဦး ရှေ့သို့ ဖြည်းဖြည်းချင်း တိုးဝင်လာကြသည် ။

သားရဲအသိုက်အနီးသို့ ရောက်လာလေလေ သူတို့သုံးယောက် ပို၍ ထိတ်လန့်လာရလေပင် ။

" ဒီမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ "

" သင်္ချိုင်းပြင်ကြီး ကျနေတာပဲ "

မြေကြီးပေါ် နေရာအနှံ့ ပြန့်ကျဲနေသည့် အလောင်းများကို ကြည့်ကာ သူတို့သုံးယောက်လုံး အနည်းငယ် ကြောက်ရွံ့သွားကြသည်။

ဤသို့ဖြင့် အချိန်အတန် ကြာသွားပြီးနောက်မှသာ ရှဲ့ဝေ့ထံမှ စကားသံ ထွက်လာ၏။

" ရှင်တို့ နှစ်ယောက် .. ဒီသားရဲအသိုက်အကြောင်းကို ဘယ်လောက် သိထားလဲ "

သခင်ကြီးယွမ်ရှင်းက ခဏတာ စဥ်းစားကာ ပြန်ဖြေသည်။

" သခင်ကြီးထျန်း ဒီနေရာအကြောင်းကို ပြောတာတော့ ကျုပ် ကြားဖူးတယ် "

" သခင်ကြီး ထျန်းက ဘာပြောလဲ "

ကျန်နှစ်ယောက် ချက်ချင်း စိတ်ဝင်စားသွားကြသည်။

သူတို့သည် ထုံရွှယ် အစောပိုင်းအဆင့်သာ ရှိသော်လည်း သခင်ကြီးထျန်းက ထုံရွှယ် အဆင့်ကိုး ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလား .. ။

ထို့အပြင် အစွမ်းတစ်ခုတည်းကိုသာ ကြည့်ပါက သခင်ကြီးထျန်း၏ အစွမ်းသည် ထုံရွှယ်အဆင့်ထက် များစွာ ကျော်လွန်နေပြီး ကွေ့ရှအဆင့်နီးပါးပင် ရှိနေပြီဖြစ်သည်။

သို့ဖြစ်ရာ သူ့စကားကို အလေးနက်ထား နားထောင်သင့်၏။

" သခင်ကြီးထျန်း ပြောတာတော့ ကွေ့ယွမ်ဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ဟောင်းက သားရဲအသိုက်ထဲက ပြဿနာကို တစ်ခါတည်း အပြီးရှင်းရအောင် လို့ သူ့ကို သားရဲအသိုက်ဆီ ဖိတ်ခဲ့တယ်တဲ့ "

ထိုစကားကို ကြားသောအခါ လုံယင့်ချုံတို့ နှယောက် ခေါင်းညိတ်လိုက်ကြသည်။

ကျီဝေ့လျှို့ဝှက်ဒေသသည် ယဲ့ဖုန်းနိုင်ငံတွင် ပထမတန်းအဆင့် လျှို့ဝှက်ဒေသတစ်ခုအဖြစ် သတ်မှတ် မခံထားရပေ ။

ထိုသို့ ဖြစ်ရခြင်းမှာလည်း အဖိုးတန် ရတနာများ လုံလောက်စွာ မရှိခြင်းကြောင့် မဟုတ်ပါ ။

သားရဲအသိုက်အတွင်းမှ သားရဲများက အန္တရာယ်ရှိကြသောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ စွန့်စားမှုနှင့် ပြန်ရသည့် ရလဒ်က မညီမျှလှချေ ။

အကယ်၍ ထိုသားရဲများကိုသာ အပြီး ရှင်းလိုက်နိုင်ပါက ကျီဝေ့လျှို့ဝှက်ဒေသ၏ တန်ဖိုးက များစွာ တက်သွားနိုင်ပေသည် ။

သခင်ကြီး ယွမ်ရှင်းက စကားဆက်သည်။

" အဲ့နှစ်က တိုက်ပွဲမှာ သခင်ကြီးထျန်း နဲ့ တခြားသခင်ကြီးတွေက သားရဲအသိုက်ရဲ့ ဟိုး အတွင်းဘက်ဆုံးကို ဝင်နိုင်ခဲ့ကြတယ်။ အဲ့ထဲမှာ နတ်ဆိုးဘုရင် ရှိနေတာကိုလဲ တွေ့သွားပြီး တိုက်ပွဲပြင်းပြင်း ဖြစ်ခဲ့တယ် "

" နောက်ဆုံး ဘာဖြစ်သွားလဲ "

ရှဲ့ဝေ့က စိုးရိမ်တကြီး ​မေးလိုက်သည်။

သခင်ကြီးယွမ်ရှင်းက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ပြန်ဖြေ၏။

" သခင်ကြီး ထျန်းတို့အဖွဲ့ နိုင်သွားတာပေါ့ဗျာ "

" နိုင်သွားတယ် ...ဒါ ဆို ဘာဖြစ်လို့ .. "

လုံယင့်ချုံက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

သခင်ကြီးထျန်းနှင့် အဖွဲ့ နိုင်သွားသည် ဆိုပါက သားရဲအသိုက်က မည်သည့်အတွက် ဆက်ရှိနေရသေးသနည်း ။

သခင်ကြီး ယွမ်ရှင်းက ဆက်ပြောလိုက်သည်။

" သခင်ကြီးထျန်း ပြောတာတော့ အဲ့ဒီ နတ်ဆိုးဘုရင်က သတ်လို့ မရဘူးတဲ့ "

" သတ်လို့မရဘူး .. ဟုတ်လား ..ဒါ ဘာအဓိပ္ပါယ်လဲ "

ကျန်နှစ်ယောက် နားမလည်နိုင် ဖြစ်သွားကြသည်။

သခင်ကြီးယွမ်ရှင်းက ရှင်းပြ၏။

" ပြောတာတော့ ဒီသားရဲက မသေမျိုး ခန္ဓာကိုယ် ရှိတယ်တဲ့ ။ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင်တောင် ခဏလေးနဲ့ အကောင်းတိုင်း ပြန်ဖြစ်သွားတယ်လို့ ပြောတယ် ။ သခင်ကြီးထျန်း ပြောတာတော့ သူတို့က အဲ့ဒီနတ်ဆိုးဘုရင်ကို တစ်ခါ သတ်ဖို့တောင် မနည်းကြိုးစားခဲ့ရပေမယ့် သူက မျက်တောင်တစ်ခတ် လောက်အတွင်းမှာ အကောင်းတိုင်း ပြန်ဖြစ်သွားပြီးတော့ သူတို့ထဲက တစ်ယောက်ကိုတောင် သတ်ပစ်လိုက်တယ်တဲ့ "

" ဒါ့ကြောင့် သခင်ကြီးထျန်းက ဘာမှ မတတ်နိုင်တော့ဘဲ အားလုံးကိုခေါ်ပြီး နောက်ပြန်ဆုတ်ခဲ့ရတာပဲ ။ အဲ့ချိန်က စလို့ ဘယ်သူမှ သားရဲအသိုက်ကို ဖျက်ဆီးဖို့ မကြိုးစားကြတော့ဘူး ။ ဒါပေမယ့် တစ်ခု ကံကောင်းတာက နတ်ဆိုးဘုရင်က တစ်ခုခုနဲ့ ချုပ်နှောင်ခံထားရတဲ့ပုံလို သားရဲအသိုက်ထဲမှာပဲ နေလို့ရတယ်တဲ့ ။ အဲ့ကနေ အပြင် ထွက်မလာနိုင်ဘူးလို့ ပြောတယ် "

ထိုစကားကို ကြားပြီးသွားသောအခါ ကျန်နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

" ဒီတစ်ခါ သားရဲတောင်ကြားမှာ ဖြစ်သွားတဲ့ ကိစ္စကရော သူ့ကြောင့်ပဲ ဖြစ်နိုင်လား "

သခင်ကြီး ယွမ်ရှင်းက ခေါင်းယမ်းလိုက်သည်။

" အဲ့ဒါတော့ ကျုပ်လဲ မသိဘူး ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အဲ့ဒီ နတ်ဆိုးဘုရင် ကျီဝေ့လျှို့ဝှက်ဒေသကနေ အပြင်ကိုထွက်လာတာနဲ့ ကျုပ်တို့ ယဲ့ဖုန်းနိုင်ငံ ဒုက္ခကြီကြီး ရောက်သွားလိမ့်မယ် "

ကျန်နှစ်ယောက်လည်း သခင်ကြီးယွမ်ရှင်း၏ အဆိုကို သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ် သားရဲအသိုက် အတွင်း၌ ...

" ဒီလူသားတော့လား "

နတ်ဆိုးဘုရင်က ပုံမှန်ပြန်ဖြစ်သွားသည်နှင့် လောထျန်းအား မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

လာထျန်း သူ့ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။

" မင်းက ဘာကြည့်နေတာလဲ "

သူက ပြောပြောဆိုဆိုပင် နတ်ဆိုးဘုရင်အား ရိုက်ချလိုက်ပြန်သည်။

ဖုန်း ....

လက်ဝါးကြောင့်နတ်ဆိုးဘုရင် အပိုင်းပိုင်း အစစ ဖြစ်သွားပြန်၏။

သို့သော် ခဏအကြာမှာပင် သူ့ခန္ဓာကိုယ်က အကောင်းအတိုင်း ပြန်ဖြစ်သွားပြန်သည်။

" ဟား ဟား .. လူသားကောင်လေး ..ငါ့ရဲ့ မသေမျိုး ခန္ဓာကိုယ်ကို မင်း သတ်လို့ မရဘူးကွ "

နတ်ဆိုးဘုရင်က အကောင်းတိုင်း ပြန်ဖြစ်သွားသည်နှင့် လှောင်ရယ်လိုက်သည်။

လောထျန်းက သူ့ကိုကြည့်ကာ ​ပြုံးလိုက်၏ ။

" ဟုတ်လား .. ဒါပေမယ့် ခင်ဗျားကို ကြည့်ရတာ နှစ်ခါလောက် ခန္ဓာကိုယ်ကို အကောင်းတိုင်း ပြန်လုပ်လိုက်ရုံနဲ့ စိတ်စွမ်းအင်တွေ တော်တော်လျော့သွားတဲ့ပုံပဲ ။ နောက်ထပ် ဘယ်နှခါလောက်များ အကောင်းတိုင်းပြန်ဖြစ်အောင် လုပ်နိုင်မလဲ သိချင်လိုက်တာ ။ သုံးကြိမ် လား .. ဒါမှမဟုတ် နှစ်ကြိမ်တည်းလား ... "

" မင်း .."

လောထျန်းက သူ့လျှို့ဝှက်ချက်ကို သိသွားသည့်အတွက် နတ်ဆိုးဘုရင် အနည်းငယ် လန့်သွားသည်။

လောထျန်း ပြောသွားခဲ့သလိုပင် သူသည် မသေမျိုးမဟုတ်ချေ ။

ခန္ဓာကိုယ် အကောင်းတိုင်းဖြစ်အောင် တစ်ခါလုပ်ရတိုင်း စိတ်စွမ်းအင်များစွာကို အသုံးပြုရ၏။

သာမာန် ရန်သူများဆိုလျှင် သူ့အား ယခုကဲ့သို့ ထပ်ခါထပ်ခါ မသတ်နိုင်ကြ၍ ကိစ္စသိပ်မရှိလှပေ ။

ထို့အပြင် သူသည် တိုက်ခိုက်နေရင်း စိတ်စွမ်းအင်ကိုပါ တစ်ခါတည်း ပြန်ဖြည့်တင်းနိုင်ရာ  အများအမြင်တွင် မသေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။

သို့သော် သူ့ရှေ့မှ လောထျန်းကမူ သူ့ကို တစ်ချက်တည်းဖြင့် သတ်ပစ်နေနိုင်ပေသည်။

လောထျန်း၏ သိုင်းကွက် နှစ်ချက်တည်းဖြင့်ပင် သူ့စိတ်စွမ်းအင်များက ကုန်လုနီးပါး ဖြစ်သွားခဲ့ရပြီဖြစ်သည် ။

နောက် နှစ်ကြိမ်သာ ဆက်အသတ်ခံရပါက သူ အမှန်တကယ် သေဆုံးသွားနိုင်၏။

" သွားပါပြီ .. "

နတ်ဆိုးဘုရင်၏ နဖူးမှ ဇောချွေးများ ပြန်လာသည်။

သို့သော် ထိုအချိန်မှာပင် ...

" ငါ ရှင်းလိုက်မယ် "

လိုဏ်ဂူအပျက်အစီးများကြားမှ အသံတစ်သံ ထွက်လာ၏။

" သခင်ကြီးလား .."

နတ်ဆိုးဘုရင်က ဝမ်းသာသွားဟန်ဖြင့် အပျက်အစီးများဆီသို့ အပြေးသွားလိုက်သည်။

" ဟင် .. "

လောထျန်း အံ့အားသင့်သွား၏။ အသံပိုင်ရှင်က ထိုနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်နေသည်ကို သူ နားမလည်ပေ ။

ထိုအချိန်မှာပင် နတ်ဆိုးဘုရင်က အပျက်အစီးများကို ဖယ်ကာ အောက်ဘက်မှ အဖြူရောင် အရိုးတစ်ချောင်းနှင့် အမဲရောင် အရိုးတစ်ချောင်းကို ထုတ်လိုက်သည်။

အဖြူရောင် အရိုး၏ အပေါ်ဘက်တွင်မူ ကျောက်စိမ်းရောင် မီးတောက်တစ်ခု ရှိနေပြီး မှေးမှိန်စွာ တောက်လောင်နေ၏။

" ဟား ဟား .. လူသားကောင်လေး .. ငရဲကို သွားလိုက်တော့ "

နတ်ဆိုးဘုရင်က အော်ရယ်ကာ အရိုးများကို မြှောက်လိုက်သည်။

ချက်ချင်းပင် အရိုးများပေါ်၌ အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာပြီး အရိပ်တစ်ခုက လောထျန်းဆီသို့ တိုးဝင်သွား၏။

၎င်းကို မြင်သာအခါ လောထျန်းက သူ့ရွှေရောင်လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။

သို့သော် လက်ဝါးက အရိပ်ကို လုံးဝ မထိခိုက်မိဘဲ ၎င်း၏ခန္ဓာကိုယ်ကိုသာ ဖြတ်ဝင်သွား၏။

အရိပ်က လောထန်းဆီသို့ တဟုန်ထိုး ဆက်တိုးဝင်လာပြီး ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းက လောထျန်းအား မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားလိုက်သည်။

၎င်း၏ ခန္ဓာကိုယ် အပေါ်ပိုင်းကမူ လောထျန်း၏ ပုခုံးကို ကိုက်လိုက်၏။

" ဟား ဟား .. အရသာ ရှိလိုက်တဲ့ အသွေးနဲ့ အသားပဲကွာ ။ ကိုယ်အရောင်အဝါကလဲ အစွမ်းထက်လိုက်တာ ။ မင်းကို စားပြီးရင်တော့ ငါ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်လို့ ရသွားပြီ "

အစိမ်းရောင် အရိပ်က ပျော်ရွှင်စွာ အော်လိုက်သည်။

All Chapters