သူက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ
Vol. 5 Ch. 63
" ဂုဏ်ယူပါတယ် သခင်ကြီး ၊ သခင်ကြီး ပြန်လွတ်မြောက်တော့မယ် "
ခပ်လှမ်းလှမ်းမှ နတ်ဆိုးဘုရင်က မြေကြီးပေါ်တွင် ဒူးထောက်ကာ ချီးကျူးဂုဏ်ပြုစကား ဆိုလိုက်သည်။
" သခင်ကြီး .. ပြန်လွတ်မြောက် .. ဘာတွေ ပြောနေကြတာလဲ "
လောထျန်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
နတ်ဆိုးဘုရင်ကြီးက အချုပ်ခံထားရသည့် လောထျန်းကို ကြည့်ကာ မစိုးရိမ်တော့ဟန်ဖြင့် ရယ်လိုက်သည်။
" ကောင်လေး .. ခုလိုဖြစ်အောင် မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ ။ အေးလေ .. မင်းက သေရတော့မှာဆိုတော့ သိအောင် ပြောပြလိုက်ပါမယ် "
ဒီနေရာက သိုင်းသမား သခင်ကြီးကျီဝေ့ရဲ့ သိုင်းပညာကျောင်းတော် ပဲကွ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော်လောက်က သိုင်းသမား သခင်ကြီး ကျီဝေ့က သူ့ရဲ့ သိုင်းပညာအကန့်အသတ်ကို မသိဘဲနဲ့ နဂါးသင်္ချိုင်းမြေထဲကို ခိုးဝင်ပြီး တူးခဲ့တယ်ကွ ။သူက ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်ဖို့အတွက် နဂါးစွမ်းအင် ကို ရှာချင်ခဲ့တာ "
" ဒါပေမယ့် နဂါးသင်္ချိုင်းမြေကို ခြေချလိုက်တာနဲ့ သူ သေမလို ဖြစ်ခဲ့ရတယ် ။ ဒါပေမယ့် သူက ကံတော့ အတော်ကောင်းတယ်ကွ ။ မသေဘဲ ထွက်ပြေးနိုင်ခဲ့ရုံတင် မကဘူး ၊ မသွားခင် နဂါးအရိုးတစ်ခုကိုပါ တူးသွားခဲ့သေးတယ် "
" နဂါးသင်္ချိုင်းမြေကနေ ပြန်ရောက်တဲ့အခါမှာတော့ သူ အချိန်အကြာကြီး အနားယူပြီးမှပဲ ပြန်ကောင်းလာခဲ့တယ် ။ ပြီးလဲပြီးရော သူက နဂါးအရိုးကိုလေ့လောပြီးတော့ အဲ့ထဲမှာ ကျန်နေတဲ့ နဂါးအဆီအနှစ်ကို အသုံးချပြီး ကျင့်ကြံခြင်း နောက်တစ်ဆင့်အောင် ကြိုးစားခဲ့တယ် "
" ဒါပေမယ့် အဲ့ဒီ နဂါးအရိုးမှာ အရင်ပိုင်ရှင်ရှိတာကို သူ မသိလိုက်တာတော့ သနားစရာပေါ့ကွာ ။ အဲ့အရင်ပိုင်ရှင်က ငါ့ရဲ့ သခင်ကြီးပဲ "
နတ်ဆိုးဘုရင်က ပြောကာ လောထျန်းကိုယ်ပေါ်တွင် ရစ်ပတ်ထားသည့် အစိမ်းရောင် မီးတောက်များကို ကြည့်လိုက်သည်။
" ငါ့သခင်ကြီးက နဂါးသင်္ချိုင်းမြေမှာ သေသွားတဲ့ နဂါးတွေရဲ့ အမုန်းတွေ ၊ ကျိန်စာတွေ ကနေ မွေးဖွားလာတဲ့ မိစ္ဆာဝိဥာဥ်ပဲ ။ သူက သာမာန် မိစ္ဆာဝိဥာဥ်တွေထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုပြီး အစွမ်းထက်တယ် ။
" သိုင်းသမားအဘိုးကြီး ကျီဝေ့က သူ့သိုင်းပညာရဲ့ အကန့်အသတ်ကို မသိဘဲ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့ သူတစ်ယောက်ပဲ ။ အဲ့တုန်းကဆို ငါ့ သခင်ကြီးက သူ့ခန္ဓာကိုယ်ကို ရဖို့ နည်းနည်းလေးပဲ လိုတော့တာ ။ တော်တော် နှမျောစရာ ကောင်းတယ် ..သခင်ကြီးသာ အဲ့တုန်းက အောင်မြင်သွားခဲ့ရင် ခုလို နှစ်တွေအကြာကြီး စောင့်နေစရာ လိုမှာမဟုတ်ဘူး "
" အဘိုးကြီး ကျီဝေ့က ငါ့သခင်ကြီးရဲ့ တိုက်ခိုက်မှုကနေတောင် လွတ်အောင်ထွက်ပြေးနိုင်ခဲ့တာဆိုတော့ တော်တော်လေးတော့ အစွမ်းထက်တယ် ပြောရမယ် ။ ဒါပေမယ့် ငါ့ သခင်ကြီးက မိစ္ဆာဝိဥာဥ်ဖြစ်နေတော့ သာမာန်နည်းတွေနဲ့ သူ့ကို ဘာမှ လုပ်လို့မရဘူး ။ အဘိုးကြီး ကျီဝေ့က ငါ့သခင်ကြီးကို အရိုးထဲကနေတောင် မုန်းပေမယ့် နဂါးအရိုးနဲ့ သခင်ကြီးကို ယာယီ ချုပ်နှောင်ထားရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး ။ ပြီးတော့ သူက အပြင်ဘက်ကမ္ဘာက သားရဲတွေကို မရေမတွက်နိုင်အောင် ဖမ်းပြီး အချုပ်အနှောင် မပျက်သွားအောင် စောင့်ကြပ်ခိုင်းထားခဲ့တယ် "
" အဲ့အချိန်တုန်းက အဘိုးကြီးရဲ့ သက်တမ်းကလဲ ကုန်ခါနီးပြီဆိုတော့ ဆက်ပြီး အသက်ရှင်ဖို့ဆိုရင် ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို ရောက်မှရမှာ ။ ဒါပေမယ့် သူ့ရဲ့ နဂိုပါရမီအခံက အကန့်အသတ် ရှိနေတော့ နောက်တစ်ဆင့် တက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် နှစ်ခု ရခဲ့တယ် ။အဲ့လိုနဲ့ မအောင်မြင်ဘဲ သေသွားခဲ့တာပဲ "
" ဒါပေမယ့် ငါ့ သခင်ကြီးက အင်မတန်အမြော်မြင်ကြီးပြီး အစွမ်းထက်တဲ့အတွက် သူ့ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်က ကြာကြာခံမှာ မဟုတ်ဘူးဆိုတာကိုတော့ အဘိုးကြီး ကျီဝေ့ သိမသွားခဲ့ဘူးပေါ့ကွာ ။ သူ သေပြီး နောက် တစ်နှစ်နေတော့ သခင်ကြီးက အချုပ်အနှောင်ကို ချိုးဖျက်နိုင်ခဲ့တယ် ။ပြီးတော့ သခင်ကြီးက သူ့အစွမ်းကို သုံးပြီး နဂါးမျိုးနွယ်တစ်ခုလုံးရဲ့ အဆီအနှစ်တွေကို ထုတ်ယူပြီးတော့ အစောင့်အကြပ်အဖြစ် ရှိနေကြတဲ့ ငါတို့လို သားရဲတွေကို ပိုအစွမ်းထက်လာအောင်နဲ့ မြန်မြန်ပြေးလွှားနိုင်အောင် ကူညီပေးခဲ့တယ် "
" သခင်ကြီးကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့လို သာမာန် သားရဲတွေက တစ်သက်လုံးကြိုးစားရင်တောင် ခုလို အစွမ်းမျိုးကို ရမှာမဟုတ်ဘူး "
တစ်ဖက်လူ၏ စကားများကို အားလုံး နားထောင်ပြီးသွားသောအခါ လောထျန်း ခေါင်းညိတ်လိုက်သည်။
" ငါ သဘောပေါက်ပြီ .. မင်း ခုလောက် အစွမ်းထက်နေတာ မဆန်းတော့ပါဘူး ။ ဒါပေမယ့် မင်းက အပြင်ဘက်ကမ္ဘာက သားရဲတွေနဲ့တော့ နည်းနည်း ကွဲနေတယ်ကွ "
လောထျန်း ၎င်းကို အစောကြီးကတည်းကပင် သတိထားမိခဲ့၏။
ဤနေရာမှ သားရဲများမှာ အပြင်မှ သားရဲများနှင့်မတူဘဲ စိတ်စွမ်းအင် ပညာကို သိထားကြဟန်တုပေသည်။
အချို့သော ခေါင်းဆောင်အဆင့် သားရဲများဆိုလျှင် သူတို့၏ အစွမ်းနှင့် အမြန်နှုန်းက ထုံရွှယ်အဆင့်မှ လူများနှင့်ပင် ယှဥ်၍ရနေသည်။
သို့သော် တစ်ခုရှိသည်မှာ .. ထိုသားရဲများက လုံးဝ မပျံသန်းနိုင်ကြချေ ။
ယခု အကြာင်းစုံကို ကြားပြီးမှသာ သူ အကြောင်းရင်းကို သဘောပေါက် နားလည်သွားတော့၏။
ထိုစဥ် နတ်ဆိုးဘုရင်က ဆက်ပြောသည်။
" ဒါပေမယ့် သခင်ကြီးက နဂါးအရိုးမှာပဲ နေတာ ဖြစ်တဲ့အတွက် ကိုယ်ပိုင် ခန္ဓာကိုယ် မရှိသေးဘူး ။ ဒီတော့ တခြား ဘယ်ကိုမှလဲ သွားလို့မရဘူးပေါ့ကွာ ။ ဒါကြောင့်မို့ ငါတို့တွေက ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်တဲ့အချိန်တိုင်း လူသားတွေကို အမဲလိုက်ပြီးတော့ သူတို့ရဲ့ အသွေး အသားကို သုံးပြီး နဂါးအရိုးရဲ့ အဆီအနှစ်ကို ထုတ်ဖို့ ကြိုးစားကြတာပဲ "
" ငါတို့ရဲ့ အရင်အစီစဥ်အတိုင်းဆိုရင် နဂါးအရိုးတွေကနေ အစွမ်းကို အပြည့်အဝ ထုတ်ယူပြီး သခင်ကြီးအတွက် သင့်တော်တဲ့ ခန္ဓာကိုယ် ရှာဖို့ နောက်ထပ် နှစ်ပေါင်း ရာချီပြီးတော့ကို ကြာဦးမှာကွ "
" ဒါပေမယ့် မင်းရောက်လာတာ ငါတို့အတွက် မမျှော်လင့်လဲ ကံကောင်းသွားတာပေါ့ကွာ "
နတ်ဆိုးဘုရင်က ပြောကာ လောထျန်းအား ပြုံး၍ ကြည့်လိုက်သည်။
" မင်းက သန်မာတဲ့ ခန္ဓာကိုယ်အစွမ်းရှိပြီးတော့ စွမ်းအင်တွေကလဲ သန့်စင်နေတာပဲ ။ဒီလိုအစွမ်းမျိုးကို အဘိုးကြီး ကျီဝေ့ဆီမှာပဲ ရခဲ့ဖူးတာ ။ ဒါပေမယ့် မင်းအသက်အရွယ်နဲ့ဆို အဘိုးကြီး ကျီဝေ့ထက် အများကြီး သာနေပြီလို့တောင် ပြောလို့ရတယ် ။ သခင်ကြီးက မင်းရဲ့ သွေးကိုပဲ သုံးပြီးတော့ နဂါးအရိုးရဲ့ စွမ်းအင်ကို သန့်စင်လိုက်ရင်ရပြီ ။ မင်းရဲ့ ကျန်တဲ့ အသားနဲ့ ခန္ဓာကိုယ်ကတော့ သခင်ကြီး နေစရာ အိမ်ဖြစ်သွားတာပေါ့ကွာ "
" မင်း တစ်ဟောက်တည်းနဲ့ ငါတို့ရဲ့ အစီစဥ်တွေကို နှစ်ပေါင်းရာချီပြီး ရှေ့ကြိုရောက်သွားအောင် လုပ်ပေးလိုက်တာပဲ ၊ သိပ်ကောင်းတယ် "
ထိုသို့ ပြောပြီးသည်နှင့် နတ်ဆိုးဘုရင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
လောထျန်းက နားထောင်ပြီးသည်နှင့် ဘာမှမဖြစ်သည့်အလား ခေါင်းညိတ်လိုက်သည်။
" အော် ... အဲ့လိုလား "
" ဟင် .. "
လောထျန်း၏ တုန့်ပြန်ပုံကြောင့် နတ်ဆိုးဘုရင် အနည်းငယ် အံ့သြသွားရသည်။
၎င်းက ပုံမှန်လူတစ်ယောက်၏ တုန့်ပြန်ပုံ မဟုတ်ပေ ။
မိမိက သေရတော့မည့်အပြင် မိမိ၏ ခန္ဓာကိုယ်ကလည်း အခြားသူအပိုင် ဖြစ်သွားတော့မည်ကို သိနေသူတစ်ယောက်က စိတ်ဆိုး ဒေါသထွက်၊ မဟုတ်လျှင်ပင် ကြောက်ရွံ့နေသင့်သည် မဟုတ်ပါလား။
ယခုအချ်န်တွင် လောထျန်းအနေဖြင့် ဒူးထောက်ကာ သနားညှာတာပေးရန် တောင်းပန်နေသင့်ပေသည် ။
သို့သော် ယခုတွင်မူ ...
ထိုလူက မည်သည့်အတွက်ကြောင့် ဤမျှ တည်ငြိမ်အေးဆေး နေရသနည်း ။
ထို့နောက် လောထျန်းက သူ့ကိုယ်ကို ရစ်ပတ်ထားသည့် မိစ္ဆာဝိဥာဥ်အား ငုံ့ကြည့်လိုက်သည်။
၎င်းက သူ့ပုခုံးကို ဆက်ကိုက်နေဆဲပင် ။
" ဟား ဟား .. အသုံးမဝင်ဘူးကွ ။ သခင်ကြီးက မိစ္ဆာဝိဥာဥ်ပဲ .. အဘိုးကြီး ကျီဝေ့တောင် သူ့ကို မတိုက်ခိုက်နိုင်ဘူး ။ မင်း သခင်ကြီးကို အနိုင်ယူချင်ရင် မင်းဆီမှာ အစွမ်းထက်တဲ့ ဝိဥာဥ်အစွမ်း ရှိထားမှပဲ ရမယ် ။ ဒါပေမယ့် ကံဆိုးတာတစ်ခုက ဒီကမ္ဘာကြီးမှာ ဝိဥာဥ်ကျင့်ကြံသူတွေ အများကြီး မရှိဘူးကွ ။ မင်း အသက်ကို ရင်းပြီး ကြိုးစားရင်တောင် သခင်ကြီးကို နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး "
" အစောတုန်းကတော့ မင်းက အရမ်းကို မောက်မာနေခဲ့တာ ၊ အခုရော မောက်မာနိုင်သေးလား "
နတ်ဆိုးဘုရင်က တဟားဟား အော်ရယ်လိုက်သည်။
ထိုအချိန်တွင် လောထျန်းက မိစ္ဆာဝိဥာဥ်၏ ခေါင်းကို ရုတ်တရက် ကောက်ကိုင်ကာ ဖမ်းဆုပ်လိုက်၏။
" ဝါးစားလို့ မဝသေးဘူးလား "
လောထျန်းက ထိုသို့ပြောကာ ၎င်းကို မြေကြီးပေါ်သို့ ခပ်ပြင်းပြင်း ကိုင်ပေါက်လိုက်သည်။
ဘုန်း ...
ထိုတခဏတွင် မြေကြီးတစ်ခုလုံး တုန်ခါသွားပြီး ဖုန်မှုန့်များ အလုံးလိုက် လိမ့်တက်လာ၏။
" ဟင် .. "
နတ်ဆိုးဘုရင်မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန် ထိတ်လန့်တုန်လှုပ်သွားသည် ။
ထို့နောက် ဖုန်မှုန့်များ ပြန်ရှင်းသွားသောအခါ လောထျန်း ထွက်ပေါ်လာ၏။
အစောပိုင်းက သူ့ကိုယ်အား ရစ်ပတ်နေခဲ့သည့် မိစ္ဆာဝိဥာဥ်မှာ အဝေးသို့ ရောက်နေလေပြီ ။
၎င်း၏ ကိုယ်မှ ဝိဥာဥ် အလင်းတန်းများပင် ယခင်ကထက် များစွာ မှေးမှိန်သွားခဲ့သည် ။
" မင်း .. မင်းက ဝိဥာဥ် ကျင့်ကြံသူလား "
မိစ္ဆာဝိဥာဥ်က လောထျန်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။
စိတ်ဝိဥာဥ်သန့်စင်ခြင်း ပညာရပ်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ထက် များစွာပိုခက်ခဲ၏။
သို့ဖြစ်ရာ အစွမ်းထက် ဝိဥာဥ် ကျင့်ကြံသူမှာလည်း အလွန်ရှားပေသည် ။
ထို့ကြောင့်လည်း ဤလောကတွင် မိစ္ဆာဝိဥာဥ်များက ကြောက်စရာအကောင်းဆုံးသူများ ဖြစ်နေကြခြင်းဖြစ်သည်။
သူတို့ကို သတ်နိုင်သည့် ဝိဥာဥ်ကျင့်ကြံသူ က အလွန်ရှားသည့်အတွက် ထိုသို့ ဖြစ်နေရခြင်းပင် ။
သာမာန်လူများအတွက်မူ ၎င်းမိစ္ဆာဝိဥာဥ်များကို သိုင်းသမားသခင်ကြီး ကျီဝေ့ကဲ့သို့ အချုပ်အနှောင် အစီအမံဖြင့် ချုပ်နှောင်ထားခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ယခုတွင်မူ မိစ္ဆာဝိဥာဥ်က ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့သူက အစွမ်းထက် ဝိဥာဥ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။
" ဟား ဟား .. မင်းက ငါ့အသွေးအသားကို ယူပြီး ငါ့ခန္ဓာကိုယ်ကို မင်းကိုယ်ပိုင်အဖြစ် အသုံးချချင်တယ်ပေါ့လေ .. ဟုတ်လား "
လောထျန်းက သူ့ရှေ့မှ မိစ္ဆာဝိဥာဥ်ကို စိုက်ကြည့်ကာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ချက်ချင်းပင် သူ့နောက်၌ ဝိဥာဥ်ဖိနှိပ်သံချောင်း များစွာ ထွက်ပေါ်လာ၏။
" ဝိဥာဥ်ဖိနှိပ်သံချောင်း တွေပါလား "
၎င်းကို မြင်သောအခါ မိစ္ဆာဝိဥာဥ် ကြောက်ရွံ့ တုန်လှုပ်သွားသည် ။
ထို့နောက် လောထျန်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ဝိဥာဥ်ဖိနှိပ်သံချောင်းများ ကျလာ၏။
" အား ... "
မိစ္ဆာဝိဥာဥ်ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအသံကြာင့် အနီးနား ပတ်ဝန်းကျင်မှ သားရဲများ တုန်လှုပ်သွားကြသည်။
" ကောင်လေး .. မင်းရဲ့ ဝိဥာဥ်ဖိနှိပ်သံချောင်းက ငါ့ကို နာကျင်အောင်ပဲ လုပ်လို့ရမယ် ၊ အသေသတ်လို့တော့ မရဘူးကွ ။ ငါ အသက်ရှင်နေသေးသ၍ တစ်နေ့ကျရင် မင်းကို လိုက်ရှာပြီး အပိုင်းပိုင်းဖြစ်သွားအောင် ဖြတ်ပစ်မယ် ။ မင်းရဲ့အရိုးတွေကိုပါ ပြာဖြစ်သွားအောင် လုပ်ပစ်မယ်ကွာ "
မိစ္ဆာဝိဥာဥ်က လောထျန်းကို ကြည့်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" အဲ့လိုလား .. ဝိဥာဥ်ဖိနှိပ်သံချောင်းနဲ့ အလုပ်မဖြစ်ဘူးဆိုတော့ .. ဒါဆိုရင်ရော ဘယ့်နှယ်လဲ "
သူက ပြောပြီးသည်နှင့် ဝိဥာဥ်စွမ်းအင်ကို စုစည်းလိုက်သည်။
ချွင် ...
သူ့ရှေ့တွင် ဓားရှည်ကြီးတစ်လက် ပုံပေါ်လာ၏။