ဥာဏ်ကြီးရှင် သုံးယောက်
Vol. 5 Ch. 65
မူလနဂါးအစွမ်းကို စုပ်ယူပြီးသွားသည့်အချိန်တွင် လောထျန်းက စမ်းသပ်သည့်အနေဖြင့် ကောင်းကင်ဘုံ လက်ဝါးကိုထုတ်သုံးလိုက်သည်။
ဘုန်း ..
ချကိချင်းပင် ရွှေရောင် လက်ဝါးကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။
" အင်း .. နည်းနည်းတော့ တိုးတက်လာတာပဲ "
လောထျန်းက ၎င်းကို ကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေသည့် ရှောက်လုံမှာ အလွန်အံ့အားသင့်သွား၏။
သူ၏ မူလနဂါးစွမ်းအင်ကို စုပ်ယူပြီးသွားသည့်တိုင် အနည်းငယ်သာ တိုးတက်လာသည်တဲ့လား ...
ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ လောထျန်း၏ စွမ်းအင် သန့်စန်သည့် အမြန်နှုန်းပင် .. ။
အစပိုင်းတွင် ရှောက်လုံသည် လောထျန်း စွမ်းအင်များကို သန့်စင်၍မပြီးခင် ကာလအတွင်း သူ့အတွက် လိုအပ်သည်များကို လုပ်ခိုင်းမည်ဟု စဥ်းစားထားခဲ့သည် ။
သို့သော် .. ထိုလူက စွမ်းအင်များအားလုံးကို စက္ကန့်ပိုင်းအတွင်း သန့်စင်ပြီးသွားလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း ။
ထိုမျှမက လောထျန်းသည် သူ့အစွမ်း တိုးတက်လာမှုကိုလည်း နည်းနည်းလေးဟုပင် ပြောနေ၏။
ထိုလူ၏ ခန္ဓာကိုယ်ကို သူ နားမလည်နိုင်တော့ပေ ။
သူ့ခန္ဓာကိုယ်က နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်ထက် ပို၍ ထူးဆန်းနေသယောင်ပင် ။
" ကောင်းပြီလေ ၊ ကျုပ်အတွက် သိပ်အသုံးမဝင်ပေမယ့် တခြားသူတွေအတွက် အသုံးဝင်နိုင်မှာပါ "
လောထျန်းက ပြောလိုက်သည်။
ဤစွမ်းအင်ကို အသုံးပြုခြင်းဖြင့် သူ့မိသားစုမှ လူများ၏ အစွမ်းက အံ့မခန်း တိုးတက်လာနိုင်သည်ကို သူ သိပေသည်။
အစွမ်းထက်မှသာ လေးစားခံရသည့် ဤကမ္ဘာတွင် သူတစ်ယောက်တည်း အစွမ်းထက်နေရုံဖြင့် မလုံလောက်ဘဲ သူ့နောက်ကွယ်တွင် အစွမ်းထက်သည့် အဖွဲ့တစ်ခု ရှိထားရန် လိုအပ်သည်ကို သူ ကောင်းကောင်းကြီး သိထား၏။
သို့ဖြစ်ရာ လက်ရှိတွင် သူ့မိသားစု၏ အစွမ်းတိုးတက်လာအောင် လုပ်ပေးရန် လိုအပ်ပေသည်။
" ကောင်းပြီလေ ၊ ကျုပ် ခင်ဗျားကို လိုက်ပို့ပေးမယ်လို့ ကတိပေးတယ်။ နဂါးသင်္ချိုင်းမြေက ဘယ်နားမှာလဲ "
လောထျန်း မေးလိုက်သည်။
" ကောင်းကင်ယံရဲ့ တစ်ဖက်ခြမ်းအလွန်မှာ "
ရှောက်လုံ ပြန်ပြော၏။
" ဟင် .. ဘယ်လိုနေရာမျိုးလဲ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
ရှောက်လုံက
" အင်း .. ကျုပ်အခုတော့ သေချာမရှင်းပြတတ်သေးဘူးဗျာ ။ နဂါးသင်္ချိုင်းမြေက ကျုပ်တို့ နဂါးတွေအတွက်တောင် လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ ။ သူက တချို့ အချိန်တွေမှာပဲ ဖွင့်တာ "
ဟု ပြောပြလိုက်သည်။
" ဒါဆို ဘယ်အချိန်ဖွင့်မှာလဲ "
လောထျန်း ထပ်မေးလိုက်သည်။
ရှောက်လုံ အောင့်သက်သက် ပြုံး၏။
" ကျုပ် သေချာ မသိဘူး ၊ နောက်နှစ်နည်းနည်းကြာမှ ဖွင့်တာလဲ ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် နောက် နှစ်တစ်ရာလောက်ကြာမှ ဖွင့်တာလဲ ဖြစ်နိုင်တယ် "
ထိုစကားကြောင့် လောထျန်း မျက်နှာသုန်မှုန်သွားသည်။
" ဒါ ဘယ်လိုအဖြေကြီးလဲ "
ရှောက်လုံက ကမန်းကတန်း ရှင်းပြသည်။
" နဂါးသင်္ချိုင်းမြေကို ဖွင့်မယ့်အချိန်က အတိအကျ သတ်မှတ်ထားတာမျိုး မရှိပေမယ့် မဖွင့်ခင် ၃ နှစ်လောက်အလိုကျရင် ဒီကမ္ဘာမှာ ရှိတဲ့ နဂါးတွေအားလုံး အာရုံခံနိုင်ကြတယ် "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းပြီလေ ၊ ဒါဆို ခင်ဗျားက ဒီကြားထဲမှာ ကျုပ်လူတွေ ကျင့်ကြံတဲ့နေရာမှာ ကူညီပေးပေါ့ ဗျာ ။ အချိန်ကျလာရင် ခင်ဗျားကို ကျုပ် လိုက်ပို့ပေးမယ် "
" ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "
ရှောက်လုံက ဝမ်းသာအားရ ကျေးဇူးတင်လိုက်သည်။
ထို့နောက် လောထျန်းက နဂါးအရိုးကို သိမ်းလိုက်ရာ နဂါးအရိပ်ကလည်း အရိုးထဲသို့ အလိုလိုပြန်ဝင်သွားပြီး အိပ်စက်အနားယူလိုက်သည်။
၎င်းသည် ဝိဥာဥ်တစ်ကောင်သာ ဖြစ်ပြီး မိစ္ဆာဝိဥာဥ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသေးရာ အနားယူရန် လိုပေသည်။
အချိန်ကြာစွာ အိပ်စက်အနားယူခြင်းက ၎င်း၏ အစွမ်းကို ပြန်စုစည်းရန် အကောင်းဆုံး နည်းလမ်းပင် မဟုတ်ပါလား .. ။
ထို့နောက်တွင်မူ လောထျန်းက သားရဲအသိုက်အတွင်းတွင် ခေါက်တုန့်ခေါက်ပြန် သွားလာကာ သဘာဝ စိတ်စွမ်းအင် သလင်းကျောက်ကို ရှာဖွေနေလိုက်သည်။ သို့သော် အချိန်ကြာသွားသည့်တိုင် အစအနကိုပင် မတွေ့ရသဖြင့် သူ စိတ်ညစ်သွား၏။
လာရာလမ်းအတိုင်း ပြန်လှည့်ရန်မှ တပါး သူ့အတွက် အခြားရွေးချယ်စရာ မရှိတော့ချေ ။
ထိုစဥ် .. တောင်ကြားတစ်ခုတွင် ရောက်နေကြသည့် လုံယင့်ချုံနှင့် ကျန်နှစ်ယောက်တို့မှာ ကျောက်တုံးကြီး တစ်ခုနောက်တွင် ပြားပြားဝပ်လျက် ရှိနေကြပြီး အသက်ပင် မရှူရဲ ဖြစ်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် မကြာသေးမီအချိန်ကပင် သားရဲအသိုက်ဘက်မှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီး တစ်ခု လာနေသည်ကို သူတို့ ခံစားမိလိုက်သောကြောင့်ဖြစ်သည်။
ထိုကြောက်စရာကောင်းလှသည့် စွမ်းအင်လုံးကြီးက ထုံရွှယ်အဆင့် ကျင့်ကြံသူ သုံးဦးကိုပင် ကြောက်လန့်သွားစေခဲ့၏။
ထိုတခဏတွင် သူတို့ သုံးယောက်သည် အသက်အန္တရာယ် ကျရောက်တော့မည့်အလား ခံစားလိုက်ရသဖြင့် အမြန် ပြေးပုန်းလိုက်ကြသည်။ သားရဲအသိုက်ထဲမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးကို ထုတ်လွှတ်ခဲ့သည့် ပိုင်ရှင်က သူတို့ရှိနေမှန်း ရိပ်မိသွားမည်ကိုလည်း အလွန်ကြောက်ရွံ့နေကြ၏။
သို့သော် .. ထိုလှိုင်းလုံးကြီး အပြီး အချိန် အတော်ကြာသွားသည့်တိုင် မည်သည့်လှုပ်ရှားမှုမျိုးကိုမှ သူတို့ ထပ်မကြားရတော့ပါချေ ။
ထိုအချိန်မှသာ ကျင့်ကြံသူ သုံးယောက် အနည်းငယ် တည်ငြိမ်သွားကြသည်။
" ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုထင်လဲ ..ခုနက ဖြစ်သွားတာ ဘာများ ဖြစ်နိုင်မလဲ "
လုံယင့်ချုံက သတ္တိတင်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
" ကျွန်မလဲ သေချာမပြောတတ်ဘူး ၊ အင်မတန် ကြောက်စရာကောင်းတဲ့ တစ်ခုခု ဆိုတာတော့ သေချာတယ် ။ မသေမျိုး နတ်ဆိုးဘုရင်များ ဖြစ်နေမလား မသိဘူး "
ရှဲ့ဝေ့က ပြန်ပြောသည် ။
" သူပဲ ဖြစ်လိမ့်မယ် ။ အစောက သားရဲတွေကို သတ်ပစ်ခဲ့တဲ့ ကြောက်စရာ သားရဲကလဲ သူပဲ ဖြစ်နိုင်တယ် "
သခင်ကြီးယွမ်ရှင်းကလည်း ပြောလိုက်သည်။
သူတို့ သုံးယောက်လုံး ကိုယ်စီမျက်နှာပျက်သွားကြသည်။
" အဲ့လူရဲ့ အစွမ်းက ဘယ်လိုရှိမယ်လို့ ထင်လဲ "
လုံယင့်ချုံက ထပ်မေး၏။
လက်များ အနည်းငယ်တုန်နေသည့် ရှဲ့ဝေ့က တုန်ယင်နေသည့် အသံဖြင့် ပြန်ပြောလိုက်သည်။
" ခန့်မှန်းဖို့တော့ မလွယ်ဘူး ။ ဒါပေမယ့် သေချာတာကတော့ သူသာ ကျွန်မတို့ သုံးယောက်ကို တိုက်ခိုက်ရင် ကျွန်မတို့ ချက်ချင်း သေသွားရမှာပဲ "
ကျန်နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။
သူတိူ့သုံးယောက် တီးတိုး ပြောနေကြစဥ်မှာပင် ခြေသံများက တောင်ကြားထဲမှ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထွက်ပေါ်လာ၏။
သူတို့သုံးယောက်မှာ တစ်လက်မမျှပင် နေရာမရွှေ့ရဲဘဲ ချက်ချင်း ငြိမ်သက်သွားကြသည်။
ခြေသံမှာ မမြန်လှသော်လည်း ခြေလှမ်းတစ်လှမ်းစီတိုင်းက သူတို့နှလုံးကို လာရိုက်နေသည့်အလား ခံစားလိုက်ရ၏။
ထိုတခဏတွင် သူတို့တစ်ကိုယ်လုံး အေးခဲသွားတော့မည်ကဲ့သို့လည်း ခံစားလိုက်ရသည်။
ခြေသံပိုင်ရှင်က သားရဲအသိုက်အတွင်းမှ ထွက်လာသည်မှာ သံသယဖြစ်စရာ မလိုချေ။
၎င်းက ရက်စက်ကြမ်းကြုတ်သော သားရဲ၏ ခြေသံပင် ဖြစ်ရပေမည်။
သို့သော် သားရဲ၏ ခြေသံက မည်သည့်အတွက်ကြောင့် လူသားတစ်ယောက်၏ ခြေသံနှင့် တူနေရပါသနည်း ။
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ သို့သော် မည်သည့်စကားမှ မပြောဝံ့ပါချေ ။
အဘယ့်ကြောင့်ဆိုသော် ခြေသံများက တစထက်တစ နီးကပ်လာသောကြောင့်ပင် .. ။
သူတို့သုံးယောက်လုံး၏ နဖူးမှ ဇောချွေးများ စီးကျလာ၏။
ထိုစဥ်သူတို့သုံးယောက်ထဲမှ အစွန်ဆုံးတွင် ရှိနေသည့် ရှဲ့ဝေ့မှာ ကြောက်လန့်လွန်းသဖြင့် ကျောက်တုံးတစ်တုံးကို ခြေထောက်ဖြင့် ကန်မိသွားသည် ။
ကျောက်တုံးလိမ့်သွားရာမှ ကျယ်လောင်သည့် အသံတစ်သံ ချက်ချင်း ထွက်ပေါ်လာ၏။
သို့သော် ကြောက်မက်ဖွယ် သားရဲ သတိမထားမိစေရန်သာ ဆုတောင်းပြီး သူတို့သုံးယောက်လုံး တိတ်တိတ်နေလိုက်ကြသည်။
သို့သော် ...
ခြေသံများက မလှမ်းမကမ်း၌ ရပ်တန့်သွား၏။
သူတို့သုံးယောက် အလွန်ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။
သူတို့ ရှိနေမှန်း သိသွားလေပြီ ...
သူတို့အားလုံး သေရတော့မည်လား ..
" ချီးပဲကွာ .. သေဖို့ ထိုင်စောင့်နေမယ့်အစား အသေခံပြီးပဲ တိုက်ခိုက်တော့မယ် ။ အားလုံး ထွက်ကြစိူ့ "
လုံယင့်ချုံမှာ ဆက်သည်းမခံနိုင်တော့သဖြင့် ဓားကို ထုတ်လိုက်သည်။
" ကောင်းတယ် .. တိုက်ခိုက်ကြမယ်ဟေ့ "
ဘုန်းကြီး ယွမ်ရှင်းကလည်း အော်လိုက်သည်။
" အား .. "
ရှဲ့ဝေ့ကလည်း အသံတိုးတိုး အော်လိုက်ပြီး နောက်လှည့်၍ ကြောက်မက်ဖွယ်သားရဲနှင့် ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
သို့သော် ....
" သခင်ကြီးတို့သုံးယောက်က ဘာလုပ်နေကြတာလဲ ၊ တူတူပုန်းတမ်း ကစားနေကြတာလား "
သူတို့နံဘေးမှ လောထျန်း၏ အသံ ထွက်ပေါ်လာ၏။
" ဟင် .. သခင်လေး လောထျန်းပါလား "
သူတို့ သုံးယောက်လုံး အံ့သြမှင်သက်သွားကြသည်။
သူတို့ရှေ့မှ လူမှာ လောထျန်းပင် ..
ထိုစဥ် လုံယင့်ချုံက ပထမဆုံး သတိဝင်လာကာ ပြောလိုက်သည်။
" အဲ့ကိစ္စကို စိတ်မပူပါနဲ့ ၊ သခင်လေးလောထျန်း ရောက်လာတာ အချိန်ကောင်းပဲ ။ ဒီနေရာမှာ အင်မတန် ကြောက်စရာကောင်းပြီး ရက်စက်တဲ့ သားရဲတစ်ကောင် ရှိနေတယ် ။ သခင်လေးရဲ့ အစွမ်းနဲ့ ကျုပ်တို့သုံးယောက်ရဲ့ အစွမ်း ပေါင်းလိုက်ရင် ထွက်ပြေးလို့ရတယ် "
လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။
" ရက်စက်တဲ့ သားရဲ ... ဘယ်မှာလဲဗျ အဲ့သားရဲက "
ရှဲ့ဝေ့က သားရဲအသိုက်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
" အဲ့ဘက်မှာ "
လောထျန်းက သူမညွှန်သည့်ဘက်သို့ ကြည့်ကာ ပြော၏။
" အဲ့ဘက်ကလား .. မဟုတ်ဘူးဗျ .. ကျုပ် ခုလေးတင် အဲ့ဘက်က လာခဲ့တာ "
" ဟင် .. "
သူတို့ သုံးယောက်လုံး အံ့သြမှင်သက်သွားကြပြန်သည်။
သခင်ကြီး ယွမ်ရှင်းက ဖြစ်နိုင်ချေကို စဥ်းစားမိသွားပြီး မဝံ့မရဲ မေးလိုက်၏။
" သခင်လေး လောထျန်း .. ဒီတောင်ကြားထဲက သားရဲ တွေဘယ်လို သေသွားကြတာလဲ "
လောထျန်းက မထူးဆန်းဟန်ဖြင့် ပြန်ဖြေသည်။
" အော် .. အဲ့ဒါလား .. ကျုပ် ဒီကို ရောက်လာတော့ သူတို့တွေက ကျုပ်ကို စားမယ် ဝါးမယ် လုပ်ကြတာဗျာ ။ အဲ့ဒါနဲ့ ကျုပ်လဲ ဒေါသထွက်သွားပြီး အားလုံးကို လိုက်သတ်မိသွားတာ ။ ဒါ မကောင်းဘူး မဟုတ်လား သခင်ကြီး .. သူတို့တွေ နောက်ဘဝ ပြန်မွေးဖွားလာအောင် သခင်ကြီး ကူညီပေးလို့ ရမလား "
သခင်ကြီးယွမ်ရှင်း ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။
လုံယင့်ချုံက ဝင်ပြော၏။
" သခင်လေးလောထျန်း .. သခင်လေး လမ်းမှာ အစွမ်းထက်တဲ့ ဧရာမဆင်ကြီးတစ်ကောင်နဲ့ရော တွေ့ခဲ့သေးလား "
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေ၏။
" အစွမ်းထက်တဲ့ ဆင်တော့ မတွေ့ခဲ့ဘူး ။ဒါပေမယ့် ကျုပ်သွားမယ့်လမ်းကို ပိတ်နေတဲ့ ဧရာမ ဆင်သားရဲတစ်ကောင်နဲ့တော့ တွေ့ခဲ့သေးတယ် ။ ကျုပ်လဲ စိတ်ဆိုးပြီး သူ့ခေါင်းကို ကန်လိုက်တာ ။ ဘာဖြစ်လို့လဲဟင် .. သူက သခင်ကြီးရဲ့ မိတ်ဆွေလား "