' အားနည်းချက် ' ဆိုသည့် စကားလုံးကို နားလည်မှု လွဲနေရော့သလား
Vol. 5 Ch. 66
" မိတ်ဆွေ မဟုတ်ပါဘူးဗျာ "
လုံယင့်ချုံက ခေါင်းမြန်မြန်ယမ်းပြလိုက်သည်။
ထိုအချိန်တွင် သူတို့သုံးယောက်လုံး၏ ရင်ထဲ၌ ကသောင်းကနင်း ဖြစ်နေကြ၏။
လမ်းတစ်လျှောက်တွင် သူတို့ တွေ့ခဲ့သည့် ခေါင်းဆောင်အဆင့် သားရဲများ အပါအဝင် သားရဲအားလုံးကို လောထျန်းက သတ်ခဲ့သည် တဲ့လား .. ။
အထူးသဖြင့် ဆင်သားရဲကြီးက မည်မျှ အစွမ်းထက်သည်ကို သူတို့ သိထားပေသည်။
သို့သော် ၎င်းက လောထျန်း၏ ကန်ချက်ကြောင့် သေခဲ့သည်တဲ့လား ..
လောထျန်းသည် အစွမ်းထက်မှန်း သူတို့ သိထားသော်လည်း ယခုက အလွန့်အလွန်အစွမ်းထက်သည်ဟု ဆိုရမလိုပင် .. ။
" ဒါနဲ့ သခင်ကြီးတို့ သုံးယောက်က စောနတုန်းက ဒီနားလေးမှာ အသည်းအသန် ပုန်းနေကြတာ ။ ဘာကို ပုန်းနေကြတာလဲဗျ "
လောထျန်းက မေးလိုက်သည်။
" အမ် ..ဘာမှ မဟုတ်ပါဘူးဗျာ "
သူတို့သုံးယောက်လုံး ရှက်သွားကြသည်။
ထိုမေးခွန်းကို မည်သို့ ပြန်ဖြေရပါမည်နည်း ။
သူတို့က အလွန်ရက်စက်သော သားရဲထံမှ ပုန်းနေသည်ဟု ပြောရမည်လား ...
သို့သော် သူတို့ သားရဲဟု ထင်နေခဲ့သူက လင်းဖန် ဖြစ်နေပေသည် ။
သို့ဖြစ်ရာ မည်သို့မှ ဖြေ၍ မရပါချေ။
ထိုစဥ် သခင်ကြီးယွမ်ရှင်းက ရုတ်တရက် မေးလာ၏။
" ဒါနဲ့ .. သခင်လေး လောထျန်း .. သခင်လေး စောနက သားရဲအသိုက်ဘက်က လာခဲ့တာ မဟုတ်လား ။အဲ့ဒီဘက်မှာ ဒီသားရဲတွေရဲ့ နတ်ဆိုးဘုရင်ကို တွေ့ခဲ့သေးလား "
လောထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
" တွေ့ခဲ့တယ်ဗျ "
သခင်ကြီးယွမ်ရှင်းက ခပ်မြန်မြန် ထပ်မေး၏။
" နတ်ဆိုးဘုရင်က အခု ဘယ်မှာလဲ "
လောထျန်းက ကျန်သားရဲများ အားလုံးကို သတ်ဖြတ်ခဲ့သည့်တိုင် သားရဲအသိုက် အတွင်းဆုံးမှ နတ်ဆိုးဘုရင်က သူတို့အတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်နေဆဲပင် ။
ထိုလူက မသေမျိုးတစ်ယောက် မဟုတ်ပါလား ...
" ကျုပ် သူ့ကို အသေရိုက်သတ်လိုက်ပြီ "
လောထျန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။
" ဘယ်လို .. "
သူတို့ သုံးယောက်လုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။
" သခင်လေး လောထျန်း ၊ နတ်ဆိုးဘုရင်က မသေမျိုးတစ်ယောက် မဟုတ်ဘူးလား "
ရှဲ့ဝေ့က မေးလိုက်သည်။
လောထျန်းက ခေါင်းအသာ ညိတ်ပြလိုက်၏။
" သူက မသေမျိုးပုံ ပေါက်ပေမယ့် တကယ် မသေမျိုးတစ်ယောက် မဟုတ်ဘူးဗျ ။သူ့မှာ အားနည်းချက်ရှိတယ် "
" အားနည်းချက် ..ဟုတ်လား .. ကျုပ်တို့ကို ရှင်းပြပေးလို့ ရမလား သခင်လေး လောထျန်း "
လုံယင့်ချုံက မေးလိုက်သည်။
ထိုသားရဲက သေသွားသည့်တိုင် သူ့တွင် မိတ်ဆွေများ ရှိနေခဲ့ပါက အခက်တွေ့မည် မဟုတ်ပါလား ။
လောထျန်းက အလေးနက် ရှင်းပြလိုက်သည်။
" တကယ်တော့ ရိုးရိုးလေးဗျ ။ သူ့ရဲ့ ထာဝရ ရှင်သန်ခြင်းက အကန့်အသတ်ရှိတယ် ။ သူ့ကိုသာ ဆယ်စက္ကန့်လောက် အချိန်အတွင်း သုံးကြိမ်ဆက်တိုက် သတ်နိုင်လို့ရှိရင် သူလုံးဝ ပြန်မရှင်လာနိုင်တော့ဘူး "
ကျန် သုံးယောက် ဆွံ့အသွားကြသည်။
ရိုးရိုးလေး တဲ့လား ..
ယခင်ကဆိုလျှင် ယဲ့ဖုန်းနိုင်ငံမှ နာမည်ကျော် အစွမ်းထက် ကျင့်ကြံသူ သခင်ကြီးများစွာက နတ်ဆိုးဘုရင်ကို သတ်ရန် ကြိုးစားခဲ့ကြပြီး သူတို့အဖွဲ့မှ လူများပင် အသက်ဆုံးခဲ့ရ၏။ သို့တိုင် သူတို့က နတ်ဆိုးဘုရင်အား တစ်ကြိမ်သာ သတ်နိုင်ခဲ့သည် ။
သို့သော် ယခု လောထျန်း၏ အဆိုအရ နတ်ဆိုးဘုရင်ကို အပြီးသတ်ရန်အတွက် ဆယ်စက္ကန့်အတွင်း သုံးကြိမ်ဆက်တိုက် သတ်ရမည်တဲ့လား .. ။
လောထျန်းက " အားနည်းချက် " ဆိုသည့်စကားကို နားလည်မှု လွဲနေသည်လား .. ။
" သခင်ကြီးတို့ .. ဘာများ ဖြစ်လို့လဲဟင်"
လောထျန်းက သူတို့သုံးယောက် ဖြစ်ပျက်သွားသည့် မျက်နှာကိုကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
" ဘာမှ မဟုတ်ပါဘူးကွာ ၊ ဘာမှ မဟုတ်ဘူး "
လုံယင့်ချုံက နဖူးမှ ချွေးကို သုတ်ကာ ပြန်ဖြေ၏။
ရှဲ့ဝေ့ကလည်း အပြုံးဖြင့်ပြောသည်။
" ဘယ်လိုပဲ ဖြစ်ဖြစ် သခင်လေး လောထျန်းက သားရဲတစ်ရာ အသိုက်ထဲက သားရဲတွေ အားလုံးကို အပြတ်ရှင်းပစ်လိုက်ပြီ ။ ဒါ ယဲ့ဖုန်းနိုင်ငံက ကျင့်ကြံသူတွေအတွက် တကယ့်ကို ကြီးတဲ့ အကူအညီပဲ "
" ဟုတ်တယ် ၊ သခင်လေး လောထျန်းက ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်လာတာနဲ့ တခြားသူတွေလို ရတနာတွေနောက် မလိုက်ဘဲ သားရဲအသိုက်ထဲက သားရဲတွေကို အရင်ဆုံး သတ်ပစ်ခဲ့တယ် ။ သခင်လေးရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ကျုပ် တကယ် ချီးကျူးလေးစားပါတယ် "
သခင်ကြီး ယွမ်ရှင်းကလည်း ထိုသို့ပြောကာ လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လောထျန်း မျက်နှာ သုန်မှုန်သွား၏။
" ခဏ ..ဒီနေရာက သားရဲအသိုက်လို့ ပြောလိုက်တာလား "
ကျန်သုံးယောက်လုံး အံ့အားသင့်သွားကာ ခေါင်းညိတ်၍ တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
" ဟုတ်တယ်လေ "
လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် ပြန်ပြော၏။
" ဒါဆို .. ဒီနေရာက ယွိလင်နန်းတော် မဟုတ်ဘူးပေါ့ "
ရှဲ့ဝေ့က
" ယွိလင်နန်းတော်က ..ဟို ဆန့်ကျင်ဘက်မှာလေ "
ဟု ပြောသည်။
ဤတစ်ကြိမ်တွင် စကားမပြောနိုင် ဖြစ်သွားရသူမှာ လောထျန်းပင် ..
" သေပါပြီကွာ .. ယွိလင်နန်းတော်က မြေပုံမှာ ရေးထားသလိုလဲ မဟုတ်ဘူးလို့ တွေးနေတာ ။ ငါက ဟိုကောင်လေး လောချန်း ငါ့ကို လိမ်လိုက်တယ်လို့ပဲ ထင်တာ ။ အခုတော့ .. ဒီမြေပုံက တော်တော်အသုံးမကျတာပဲ ။ လမ်းညွှန်ချက်တွေကို သေချာလဲ မလုပ်ထားဘူး "
လောထျန်းက တစ်ဖက်လှည့်ကာ သူတစ်ယောက်တည်းသာ ကြားနိုင်သည့် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
" သခင်လေး လောထျန်း ၊ ဘာဖြစ်လို့လဲ "
ထိုအခြင်းအရာကို မြင်သောအခါ ကျန်သုံးယောက်က စိုးရိမ်တကြီး မေးလိုက်ကြသည်။
" ဘာမှ မဟုတ်ပါဘူးဗျာ .. အခု ကိစ္စအားလုံးလဲ ရှင်းသွားပြီဆိုတော့ ယွိလင်နန်းတော်ကိုပဲ အရင်သွားရမှာပေါ့ "
လောထျန်းက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
၎င်းကို မြင်သောအခါ ကျန်သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ကာ အချင်းချင်း တီးတိုးပြောလိုက်ကြသည်။
" ကြည့်ရတာ သခင်လေး လောထျန်းက ဒီတစ်ခါ သားရဲတွေကို ရှင်းပစ်ရင်းနဲ့ တစ်ဖက်က တိုက်ခိုက်တဲ့ဒဏ်ကို တော်တော်လေး ခံလိုက်ရတဲ့ပုံပဲ "
" ဟုတ်တယ် ၊ သခင်လေး လောထျန်းရဲ့ မျက်နှာက တစ်ခုခု မှားနေတဲ့ပုံပဲ "
" အင်း .. နတ်ဆိုးဘုရင်ကို ဘာဒဏ်ရာမှ မရဘဲ သတ်ဖို့က ဖြစ်မှ မဖြစ်နိုင်တာ "
" သူက ဒဏ်ရာရထားတာတောင် ကျုပ်တို့ကို စိတ်မပူစေချင်လို့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတာနဲ့တူတယ် "
" သခင်လေး လောထျန်းက ဒီလောက်အစွမ်းထက်တာတောင် ကျုပ်တို့ရဲ့ ခံစားချက်ကို အလေးထားပြီး ဂရုစိုက်တုန်းပဲ ။ ဒါ .. တကယ့်ကို .. "
ကျင့်ကြံသူ သုံးယောက်မှာ လောထျန်း၏ အလေးထားမှုကြောင့် ဝမ်းသာမျက်ရည်ပင် ကျလုမတတ် ဖြစ်သွားကြသည် ။
အမှန်တွင်မူ လောထျန်းသည် လမ်းမှားကို လာခဲ့မိသဖြင့် ရှက်သွားခြင်းသာ ဖြစ်သည်ကို သူတို့ မသိကြချေ ။
" အမ် .. ဒါနဲ့ .. သခင်ကြီးတို့သုံးယောက် ကျုပ်ကို ယွိလင်နန်းတော်ဆီ ခေါ်သွားပေးလို့ ရမလား "
လောထျန်းက မေးလိုက်သည်။
သူသည် ဘုရင်ကျင်းဖန်အား လောမိသားစုမှ သူ့လူများကို ကာကွယ်ပေးရန် လိုက်သွားခိုင်းခဲ့၏။ ယခုမူ သူသည် မပျံသန်းနိုင်သေးသည့်အတွက် တစ်ကိုယ်တည်း သွားလာရသည်မှာ အနည်းငယ် ဒုက္ခရောက်ပေသည် ။
" ပို့ပေးမှာပေါ့ဗျာ /ရှင် "
သူတို့သုံးယောက် တစ်ပြိုင်တည်းလိုလိုပင် ဖြေလိုက်ကြသည်။
" ဟင် "
လောထျန်း ထိုသုံးယောက်ကိုကြည့်ကာ အံ့အားသင့်သွားသည် ။
ထိုသုံးယောက်က မည်သည့်အတွက် စိတ်ခံစားမှု ဤမျှ ပြင်းထန်နေရသနည်း ။
မကြာမီပင် ထုံရွှယ်အဆင့် ကျင့်ကြံသူ သုံးယောက်၏ အကူအညီဖြင့် လောထျန်း သားရဲအသိုက်မှ မြန်မြန်ထွက်ခွာကာ ယွိလင်နန်းတော်ဆီသို့ ဦးတည်သွားလိုက်သည်။
" သခင်လေး လောထျန်း ၊ ရှေ့ဆို ယွိလင်နန်းတော် နယ်မြေထဲကို ရောက်ပြီ ။ အဲ့နားလေးမှာ သိုင်းသမား သခင်ကြီးကျီဝေ့ ချထားတဲ့ စည်းတစ်ခုရှိတယ် ။ အသက် ၃၀ ကျော်တဲ့ ဘယ်သူမဆို စည်းကျော်ဖို့ ကြိုးစားတာနဲ့ ချက်းချင်း အပြင်ကို ပြန်ကန်ထွက်လာမှာ ။ ဆိုတော့ ကျုပ်တို့က ဒီနားလေးအထိပဲ လိုက်ပို့လို့ရမယ် "
သခင်ကြီးယွမ်ရှင်းက ပြောပြလိုက်သည်။
လောထျန်း ခေါင်းညိတ်ကာ ပြန်ပြော၏။
" ကောင်းပါပြီ ၊ ခုလို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
" သခင်လေး လောထျန်း ၊ အထဲမှာ ကျုပ်တပည့် ဝူယွီရို့ကိုတွေ့ရင် မိန်းကလေးကို ကျေးဇူးပြုပြီး ဂရုစိုက်ပေးလိုက်ပါဗျာ "
လုံယင့်ချုံကလည်း ပြောသည် ။
" ဟုတ်ကဲ့ ၊ ကျုပ် ဂရုစိုက်လိုက်ပါ့မယ် "
လောထျန်း ပြန်ပြောလိုက်သည်။
ထို့နောက် သူက နောက်လှည့်ကာ ယွိလင်နန်းတော် နယ်မြေထဲသို့ ဝင်သွားလိုက်သည်။
အထဲသို့ ရောက်သည်နှင့် လောထျန်းက စိတ်စွမ်းအင်များနှင့် ပြည့်နေပြီး နတ်သမီး သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသည့် နေရာကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူ မြေပုံကို ပြန်ကြည့်လိုက်ပြန်၏။ စိတ်ထဲတွင်လည်း ရှက်သွားရပြန်သည် ။
" ငါကတော့ကွာ .. ဒါကိုတောင် မှားရတယ်လို့ "
လောထျန်းမှာ ရှက်လွန်း၍ အခြားသူများကိုပင် ရင်မဆိုင်ရဲသဖြင့် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။
ထိုအချိန်တွင် သူ့ရှေ့ ခပ်လှမ်းလှမ်း၌ ...
" ဟားဟား .. မိုင်တစ်ရာလောက် အတွင်းမှာတော့ ဒီနေရာက စိတ်စွမ်းအင်တွေ အကြွယ်ဝဆုံးပဲ ။ ဒီနေရာမှာ ကျင့်ကြံရင် ပုံမှန်ကျင့်ကြံတာရဲ့ တစ်ဝက်လောက်ပဲ အားစိုက်လိုက်ရုံနဲ့ နှစ်ဆလောက် ပိုကောင်းတဲ့ ရလဒ်ကို ရသွားလိမ့်မယ် "
" ဒီလို အဖိုးတန်တဲ့ နေရာမျိုးကို အမှိုက်တွေကို အဝင်ခံလို့ ဘယ်ဖြစ်မလဲ ။ ဒီနေရာကို ကျုပ်တို့ ဖုန်းယွိ ဂိုဏ်းရဲ့ အပိုင်အဖြစ်ကြေငြာလိုက်ပြီ ။ မဆိုင်တဲ့သူတွေ ဆယ်စက္ကန့်အတွင်း ထွက်သွားကြ ။ မသွားလို့ကတော့ ကျုပ်တို့ကို အဆိုးမဆိုနဲ့ "
ဖုန်းယွိဂိုဏ်းမှ တပည့်တစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
သူ့အနောက်ဘက်တွင် ရှိနေကြသည့် ဖုန်းယွိဂိုဏ်းသား နှစ်ဆယ်ကျော်ကလည်း အားလုံးကို မခန့်လေးစား မျက်နှာဖြင့် ကြည့်နေကြ၏။
" ဟေ့ .. မင်းတို့ ဖုန်းယွိဂိုဏ်းက ကောင်တွေက မလွန်လွန်းဘူးလား ။ ဒီနေရာကို ငါတို့က အရင်ဆုံး ရှာတွေ့ခဲ့တာလေ "
လူတစ်ယောက်က မကျေမနပ် ပြန်ပြောလိုက်သည်။
" ဟမ့် .. မင်းက သေချင်နေတာပဲ "
ဖုန်းယွိဂိုဏ်းမှ တပည့်က ချက်ချင်းရှေ့တိုးလာ၏။
ဘုန်း ...
တစ်ချက်အရိုက်ခံရပြီးနောက် အစောက မကျေမနပ် ဖြစ်နေသည့်လူမှာ အဝေးသို့ လွင့်ထွက်သွားသည် ။
သူ့ပါးစပ်မှ သွေးများ ထွက်ကျလာ၏။
" ဟင် ..စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၈ ပဲ ။ ဖုန်းယွိဂိုဏ်းမှာ ခုလို ပါရမီရှင်မျိုး ရှိနေတာလား "
ထိုအခြင်းအရာကို မြင်သောအခါ အနီးနား ပတ်ဝန်းကျင်မှ လူများအားလုံး ပါးစပ်ပိတ်သွားကြသည်။
ယဲ့ဖုန်းနိုင်ငံ၏ မျိုးဆက်သစ် လူငယ်များထဲတွင် ထိုအဆင့်သို့ ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိပေသည် ။
လောချန်ကဲ့သို့ ထိပ်သီး ပါရမီရှင်များသာ ဝင်မပါ ပါက ထိုလူကို မျိုးဆက်သစ်လူငယ်များ၏ အရှင်သခင်ဟု ခေါ်ရမလိုပင် ..။
သို့ဖြစ်ရာ အစွမ်းနိမ့် ကျင့်ကြံသူ လူငယ်အချို့မှာ ဆန္ဒမပါဘဲ ထွက်သွားလိုက်ရတော့၏။
ထိုအချိန်မှာပင် လောထျန်းက မျက်နှာကို လက်ဖြင့်အုပ်လျက် သူတို့အနီးသို့ ရောက်လာသည်။
" ဟင် .. ဒီမှာ ဘာလို့ အကန်းတွေ ရှိနေသေးတာလဲ ။ ကောင်လေး .. မင်း သေချင်လို့လား ။ မျက်နှာကိုတောင် လက်နဲ့ အုပ်ထားတာဆိုတော့ လူတွေနဲ့ ရင်ဆိုင်ရမှာ ရှက်လို့လား "
စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၈ ရှိသည့် ဖုန်းယွိဂိုဏ်းမှ တပည့်က လောထျန်းကို ကြည့်ကာ ခါးထောက်၍ အော်မေးလိုက်သည်။
" ဟင် .. မင်းက ငါ့ကို ပြောနေတာလား "
သူ့အသံကို ကြားသွားသည့် လောထျန်းက မျက်နှာမှ လက်ဖယ်ကာ အသံလာရာဆီသို့ ကြည့်လိုက်သည်။