← Chapters

ခရမ်းရောင် ကြယ်စင်အဆင့်

Vol. 5 Ch. 67

ခရမ်းရောင် ကြယ်စင်အဆင့်

Vol. 5 Ch. 67

လောထျန်း ခေါင်းမော့လာသည်နှင့် ဖုန်းယွိဂိုဏ်းမှ လူငယ်လေးမှာ လောထျန်း မျက်နှာကို တွေ့သွား၏။

ထိုတခဏတွင် အားလုံး ကျောက်ရုပ်များအလား ငြိမ်သက်သွားကြသည်။

အထူးသဖြင့် စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်၈ မှ လူငယ်၏ မျက်နှာက ရုတ်ချည်း ပြောင်းသွား၏။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် လက်ရှိတွင် ယဲ့ဖုန်းနိုင်ငံမှ အကောင်းဆုံး လူငယ်များထဲ၌ ပါနေပြီဖြစ်သည်။

သို့သော် ယဲ့ဖုန်းနိုင်ငံ၏ စစ်မှန်သော ပါရမီရှင်တစ်ယောက်ဖြစ်သည့် လောထျန်းနှင့် ယှဥ်လျှင်မူ သူ့အစွမ်းက များစွာ နိမ့်ကျနေသေးသည်ကို သူ ကောင်းကောင်းကြီး သိထားပေသည်။

ထို့အပြင် ဟန်ဝမ်ကျိုးနှင့် ယွိလုံနိုင်ငံမှ အခြားပါရမီရှင်များလည်း ရောက်နေသေးရာ ..

သိုင်းသမား သခင်ကြီး ကျီဝေ့၏ အမွေအနှစ်ကို ရရန်မှာ သူ့အတွက် မျှော်လင့်ချက် မရှိပါချေ ။

အမှန်တွင်မူ သူသည် ထိပ်တန်းအဆင့် ရတနာများကို ယူရန်ပင် ယုံကြည်ချက် ရှိမနေပါ ။

ထို့ကြောင့် သူက သူ့ဂိုဏ်းမှ ညီအကိုများကို ခေါ်၍ သာမာန်ရတနာများကို ယူကာ သူ့ထက် အဆင့်နိမ့်သည့် သာမာန် ကျင့်ကြံသူများကို အနိုင်ကျင့်နေခြင်းဖြစ်သည်။

သို့သော် .. သူ သာမာန်ဟု ထင်ကာ ကန်လိုက်သည့် ကျောက်တုံးက ယဲ့ဖုန်းနိုင်ငံ၏ အကြီးဆုံး သံပြားကြီး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း ။

" သခင်လေး .. သခင်လေး လောထျန်းပါလား "

သူက အတင်းပြုံးကာ ပြောလိုက်သည်။

" မင်း ခုနက ငါ့ကို ဘာပြောလိုက်တာလဲ ။ ငါက လူတွေနဲ့ ရင်ဆိုင်ရမှာ ရှက်လွန်းလို့ မျက်နှာကို ဖုံးထားတာ .. ပြီးတော့ ငါ့ကို အသေသတ်ချင်တယ်လို့ ပြောလိုက်တာလား "

လောထျန်းက လူငယ်၏ မျက်နှာကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

လူငယ်မှာ မည်သို့မှ မပြောနိုင်ဘဲ ဆွံ့အမှင်သက်သွား၏။

သူ့ရှေ့မှ လောထျန်းသည် ထုံရွှယ်အဆင့် အစွမ်းထက် ကျင့်ကြံသူများကို အလွယ်တကူ သတ်ပစ်နိုင်ပြီး ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ပစ်ခဲ့သူဖြစ်သည်။

သူက ထိုလူကိုမှ ခြိမ်းခြောက်လိုက်မိသည်လား ..

ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့်ပင် သူ အလွန်ကြောက်ရွံ့တုန်လှုပ်သွားသည်။

နောက်ဆုံးတွင်မူ လောထျန်း၏ အေးစက်စက် အကြည့်ကို သူ ဆက်မခံနိုင်တော့ဘဲ နေရာတွင်ပင် သတိမေ့ လဲကျသွား၏။ သူ့ပါးစပ်မှလည်း အမြှုပ်များပင် ထလာသည်။

" ဟင် .. ငါက ဘာမှတောင် မလုပ်ရသေးဘူး ၊ မင်းက မေ့လဲသွားပြီပေါ့ "

လောထျန်းက ထိုလူအား အထင်သေးစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

" ဟေ့ .. ဒီကို လာခဲ့ "

ထို့နောက် လောထျန်းက ဖုန်းယွိဂိုဏ်းမှ အခြားအဖွဲ့ဝင်တစ်အောက်အား လက်ညိုးထိုး၍ ပြောလိုက်၏။

" ကျုပ်လား .. "

လက်ညိုးထိုး ခံလိုက်ရသည့် လူငယ်မှာ အလွန်ကြောက်ရွံ့ကာ တစ်ကိုယ်လုံးပင် တုန်သွားသည်။ လောထျန်းက သူ့မျက်နှာအား အချိန်မရွေး လွှဲရိုက်လိုက်တော့မည်ကဲ့သို့လည်း သူ ခံစားလိုက်ရ၏။

" ဟုတ်တယ် ၊ မင်းကို ပြောတာ ။ ယွိလင်နန်းတော်က ဒီဘက်မှာ ရှိတာမလား "

လောထျန်းက နောက်တစ်ကြိမ် လမ်းပျောက်မည်ကို စိုးရိမ်သဖြင့် သေချာအောင် ထပ်မေးလိုက်သည်။

" ဟုတ် ..ဟုတ်ပါတယ် ၊ ရှေ့ကို နည်းနည်း ဆက်လျှောက်သွားရင် ယွိလင်နန်းတော်ကို တွေ့ပါလိမ့်မယ် "

လူငယ်လေးက ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပြီ ၊ ကျေးဇူးပဲကွာ "

လောထျန်းက ထိုသို့ပြောကာ ရှေ့သို့ ဆက်လျှောက်သွား၏။

" ဟင် .. "

ထွက်ခွာသွားသော လောထျန်း၏ နောက်ကျောကိုကြည့်ကာ ဖုန်းယွိဂိုဏ်းမှ လူများ သက်ပြင်းချလိုက်ကြသည်။

" အကိုကြီး "

ထို့နောက် သူတို့က သတိမေ့နေသော လူငယ်ဆီသို့ အပြေးရောက်သွားကာ လှုပ်နှိုးလိုက်ကြသည်။

" မြန်မြန်လုပ်ကြ ၊ အကိုကြီးကိုခေါ်ပြီး ဒီက မြန်မြန် ထွက်ရအောင် ။ လောထျန်း ပြန်လာလို့ ငါတို့ကို တွေ့ပြီး ဒေါသထွက်သွားရင် .. သူ ငါတို့ကို .. "

" ဟုတ်တယ်ကွ ၊ မြန်မြန် သွားကြမယ် "

ဖုန်းယွိဂိုဏ်းမှ လူများက သတိမေ့နေသည့် သူတို့ အကိုအကြီးဆုံးကို သယ်ကာ အမြန် ပြေးထွက်သွားကြသည်။

တစ်ဖက်ရှိ ယွိလင်နန်းတော်ရှေ့၌ ..

" ဒီနေရာက သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ နန်းတော်ဖြစ်ဖို့ ထိုက်တန်တာပဲ ။ ယွိလင်နန်းတော်တစ်ခုလုံးကို ကျောက်စိမ်းတွေနဲ့ ထွင်းထုထားတော့ ကျုပ်တို့ ယွိလုံနိုင်ငံရဲ့ တော်ဝင်နန်းတော်ထက်တောင် ပိုပြီး ခမ်းနားနေသေးတယ် "

သတိပြန်ရနေပြီဖြစ်သည့် ထန်တျောင်လုံက သူ့ရှေ့မှ နန်းတော်ကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။

" ဒါပေါ့ကွ ၊ သခင်ကြီး ကျီဝေ့က တုကျဲ့အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲ ။ ပြီးတော့ သူက ကျင့်ကြံခြင်းအဆင့် နောက်တစ်ဆင့် တက်ဖို့တောင် နည်းနည်းလေးပဲ လိုတော့တာ "

ဟန်ဝမ်ကျိုးကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

ထိုအချိန်မှာပင် ဆူဆူညံညံ အသံတစ်စု ထွက်ပေါ်လာ၏။

" ဝိုး .. ဒါ ယွိလင်နန်းတော်လား .. ခမ်းနားလိုက်တာကွာ "

" ငါ ဒီနေရာကို ပထမဆုံး ရောက်ဖူးတာကွ ၊ ရတနာတွေ ဘယ်နားမှာလဲ "

ဟန်ဝမ်ကျိုးတို့နှစ်ယောက် လှည့်ကြည့်လိုက်ရာ ယဲ့ဖုန်းနိုင်ငံမှ လူငယ်တစ်စု လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

ထန်တျောင်လုံ မျက်မှောင်ကြုံ့သွားကာ အေးစက်စက် ပြော၏။

" တော်တော်ဆူတဲ့ ကောင်တွေပဲ ၊ ဒီကောင်တွေကို ကန်ထုတ်လိုက်မယ်ကွာ "

သို့သော်ဟန်ဝမ်ကျိုးက ချက်ချင်း လက်ယမ်းကာ တားလိုက်သည်။

" မင်း အသက်ဆက်မရှင်ချင်တော့ဘူးလား ၊ သူတို့မှာ လောထျန်းရှိတာ မမေ့နဲ့လေ "

" လောထျန်း .. "

ထန်တျောင်လုံ ပို၍ မျက်မှောင်ကြုံ့သွားသည်။

" အကိုဟန် ၊ ခင်ဗျား ကျုပ်ကို လိမ်ပြောခဲ့တာတော့ မဟုတ်ဘူးမလား ။ ဒီလောထျန်းဆိုတဲ့လူက အဲ့လောက် အစွမ်းထက်လို့လား "

ထန်တျောင်လုံက မေးလိုက်သည်။

လောထျန်း သူ့အစွမ်းကို ထုတ်ပြခဲ့စဥ်အချိန်က ထန်တျောင်လုံမှာ သတိလစ် မေ့မျောနေသည့်အတွက် ဘာတစ်ခုမှ မမြင်ခဲ့ရချေ။

ဟန်ဝမ်ကျိုးက သူ့ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

" ငါက မင်းကို ဘာအကြာင်းကြောင့် လိမ်ပြောနေရမှာလဲ ။ မင်းကို ရိုးသားဖို့တောင် ငါက အကြံပေးခဲ့တာလေ ။ တကယ်လို့ လောထျန်းသာ မင်းကို သတ်ချင်ရင် မင်း ထွက်ပြေးနိုင်မှာတောင် မဟုတ်ဘူး ။ ဒီတော့ ဘာပြဿနာမှ မရှာဘဲ အေးအေးဆေးဆေးနေ "

ထိုစကားကို ကြားသောအခါ ထန်တျောင်လုံ ခေါင်းယမ်း၍ ဘေးဘက်သို့ ဒေါသတကြီး လျှောက်သွား၏ ။ ထို့နောက် သူက အနားမှ ကျောက်တိုင်လုံးကြီးတစ်လုံးကို ဒေါသတကြီး ထိုးလိုက်သည်။

သို့သော် ..

ဝီ ..

သူ့လက်သီးချက် ကျသွားသည်နှင့် ကျောက်တိုင်လုံးအပေါ်ဘက်မှ အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

ထန်တျောင်လုံ အံ့အားသင့်သွားကာ ဟန်ဝမ်ကျိုးဘက်သို့ လှည့်ကြည့်လိုက်သည်။

ဟန်ဝမ်ကျိုးမှာလည်း အံ့အားသင့်နေ၏။

" သတင်းပေးတဲ့သူကတော့ ဘာမှ မပြောထားဘူးကွ ။ ဟေ့ ယဲ့ဖုန်းနိုင်ငံကလူတွေ .. ဒါ ဘာဖြစ်နေတာလဲ "

ယဲ့ဖုန်းနိုင်ငံမှ လူငယ်လေးတစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" ကျုပ်လဲ မသိဘူး ၊ ကျုပ် အရင်တစ်ခါ လာတုန်းက ဒါမျိုး မရှိပါဘူး "

ထိုအချိန်မှာပင် ယွိလင်နန်းတော်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွား၏။

ယွိလင်နန်းတော်ရှေ့မှ မြေကွက်လပ် အလယ်တည့်တည့်တွင်လည်း ဧရာမကျောက်ပြားကြီးတစ်ခု မြေကြီးထဲမှ ထွက်လာသည်။

" အဲ့ဒါ ဘာလဲ "

ဟန်ဝမ်ကျိုး အံ့သြမှင်သက်သွားသည်။

" ကျုပ်လဲ မသိဘူး "

လူတစ်ယောက်ကလည်း ခေါင်းယမ်းလိုက်သည်။

ထို့နောက်တွင်မူ ဟန်ဝမ်ကျိုး၏ မျက်လုံးများ အရောင်လက်သွား၏။

" ငါ သဘောပေါက်ပြီ ၊ ဒါ သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်နဲ့ တစ်ခုခု ပတ်သက်နေတာ ဖြစ်ရမယ် "

ထိုစကားကို ကြားလိုက်သည်နှင့် အနီးအနားမှ လူများအားလုံး ချက်ချင်း  ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သိုင်းသမား သခင်ကြီး ကျီဝေ့၏ အမွေအနှစ်က မည်မျှ အဖိုးတန်သည်ကို သူတို့အားလုံး သိထားသည် မဟုတ်ပါလား ။

ထိုအရာကို အရယူဖို့ ကြိုးစားကြမည့် လူများကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာပေတော့မည် ။

ဝီ ..

ထိုအချိန်မှာပင် ကျောက်ပြားပေါ်၌ စာလုံးအချို့ ထွက်ပေါ်လာ၏။

" ဟင် ..ဒါ .. "

အားလုံး ကျောက်ပြားကို အသဲအသန် ကြည့်လိုက်ကြသည်။

ကျောက်ပြားပေါ်တွင် ပေါ်လာသည့်စာမှာ ..

"  ခရမ်းရောင် ကြယ်စင်အဆင့် ..

အသက် ၃၀ အောက် ဘယ်သူမဆို စိတ်စွမ်းအင်ကို ကျောက်ပြားထဲ ထုတ်လွှတ်လိုက်ရင် ကျောက်ပြားက အဲ့ဒီလူတွေရဲ့ ပါရမီ အရည်အချင်းကို အဆင့် သတ်မှတ်ပေးလိမ့်မယ် ။ အမှတ်အားလုံးပေါင်း တစ်သိန်း ကျော်ရင် ဒီ သနားစရာ သိုင်းသမားသခင်ကြီးရဲ့ အမွေအနှစ်ကို ခေါ်ယူနိုင်လိမ့်မယ် "

" ဟင် .. "

ထိုစာကို မြင်လိုက်ရသည့် လူများအားလုံး တစ်ယာက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြသည်။

" ဟား ဟား .. သိုင်းသမားသခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ပဲ .. တကယ်ကြီးကို သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ပဲကွ ။ ကောလဟာလတွေက အမှန် ဖြစ်နေတာပဲ "

" ငါ့ကောင်ရေ .. ငါသာ တုကျဲ့အဆင့် သခင်ကြီးရဲ့ အမွေအနှစ်ကို ရသွားလို့ကတော့ .. "

" ဟားဟား .. မေ့လိုက်စမ်းပါကွာ ၊ မင်းအဆင့်လောက်နဲ့များ ရာဇပလ္လင်ကို ရချင်နေသေးတယ် "

" မင်း .. "

လူများစွာပင် တစ်ယောက်တစ်ခွန်း စကားများလာကြ၏။

" အားလုံး တိတ်ကြစမ်း "

ဟန်ဝမ်ကျိုးက အသံကျယ်ကြီးဖြင့် ရုတ်တရက် အော်လိုက်သည်။

သူ့ကျင့်ကြံခြင်းအဆင့်မှာ အလွန်အစွမ်းထက်သည့်အတွက် တစ်ခါအော်ရုံဖြင့် အားလုံး တိတ်သွားကြသည်။

ထို့နောက် သူက ဆက်ပြော၏။

" မင်းတို့ မမြင်ဘူးလား ။ အမွေအနှစ်ကို ရဖို့ လိုတဲ့ လိုအပ်ချက် ရှိနေတယ်လေ ။ မင်းတို့လိုကောင်တွေရဲ့ အရည်ချင်းနဲ့ဆို တစ်သိန်းမပြောနဲ့ ၊ တစ်သောင်းရဖို့တောင် လွယ်မှာမဟုတ်ဘူး ။ ဒါနဲ့များ စိတ်ကူးယဥ်နေကြသေးတယ် ၊ တော်တော်ရယ်စရာ ကောင်းတာပဲ "

ထိုစကားကြောင့် အားလုံး မျက်နှာသုန်မှုန်သွားကြသော်လည်း မည်သူမှ ပြန်ခံမ​ပြောကြချေ ။

အမှန်တကယ်လည်း ဟန်ဝမ်ကျိုးနှင့် ယှဥ်လျှင် သူတို့၏အစွမ်းက အလွန်နိမ့်နေသေးပေသည်။

ထိုစဥ် ယဲ့ဖုန်းနိုင်ငံမှ လူငယ်လေးတစ်ဦးက ပြောလာ၏။

" အမှတ် တစ်သိန်း ပြည့်ပြည့် ၊ မပြည့်ပြည့် ကြိုးတော့ ကြိုးစားကြည့်ရမှာပဲ ။ ကျုပ်က အရည်အချင်းလဲ သိပ်မရှိဘူးမို့လို့ ကျုပ် အရင်ကြိုးစားကြည့်လိုက်မယ် "

သူက ပြောပြီးသည်နှင့် ကျောက်ပြားပေါ်သို့ လက်တစ်ဖက်တင်ကာ စိတ်စွမ်းအင်အချို့ ပို့လွှတ်လိုက်သည်။

စိတ်စွမ်းအင်များ စီးဆင်းသွားသည်နှင့် ကျောက်ပြားပေါ်တွင် စာလုံးအချို့ ထွက်ပေါ်လာ၏။

" လုဖုန်း ၊ အသက် ၂၁ နှစ်

စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့် ၃

ပါရမီ အဆင့်  ၁ "

၎င်းကို မြင်သောအခါ အားလုံး အံ့သြမှင်သက်သွားကြသည်။

" ဒါ .. နောက်နေတာလားဟ ။ အသက် ၂၁ နှစ်နဲ့ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့် ၃ ကို ရောက်တဲ့သူက သာမာန်ထက်တော့ ပိုတာ အသေချာပဲလေ ။ ဒါကို ပါရမီအဆင့်က နည်းနည်းလေးတဲ့လား ။ ဒါဆို လုဖုန်းလိုလူ တစ်သိန်းလောက်ရှိမှ သိုင်းသမားသခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ကို ခေါ်ယူနိုင်မယ် ဆိုတဲ့ အဓိပ္ပါယ်လား "

All Chapters