ဖိနှိပ်ခံ ယဲ့ဖုန်းနိုင်ငံ
Vol. 5 Ch. 68
လုဖုန်းမှာ ကျောက်ပြားပေါ်မှ နံပါတ်ကိုကြည့်ကာ အလွန်အရှက်ရသွားသည်။
အမှန်တွင်မူ သူသည် မိမိကိုယ်ကို နှိမ့်ချစွာ ပြောဆိုခဲ့သည့်တိုင် သူ့အစွမ်းနှင့် ပါရမီကို သူ့ကိုယ်သူ ယုံကြည်ချက် အပြည့် ရှိထား၏။
သို့သော် ကျောက်ပြားက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင် ..
" ဟား ဟား ..ညီလေး လု ၊ မင်းက ကျုပ်ကို အရယ်လွန်ပြီး သေအောင်များ လုပ်နေတာလားကွာ ။ အားလုံးထဲမှာ ပထမဆုံး ကြိုးစားပြီးတော့ ရလဒ်က အဲ့လာက်နိမ့်နေတာလား "
လူငယ်တစ်ယောက်က ကျယ်လောင်စွာ ရယ်လိုက်သည်။
လုဖုန်းက ထိုလူကို မျက်နှာသုန်မှုန်စွာ ကြည့်ကာ ပြောလိုက်သည်။
" ဟယ်ဝူကျန်း ၊ မင်းက ငါ့ထက်ပဲ သာသလို စကားမျိုး မပြောနဲ့ကွ "
ဟယ်ဝူကျန်းက ထပ်ရယ်လိုက်ပြန်သည်။
" မင်းထက် သာသင့်တယ် မဟုတ်ဘူးလားကွ ၊ မင်းရဲ့ ပါရမီက ၁ ပဲ ရှိတာ ၊ မသာပဲ ဘယ်နေပါ့မလဲ ။ ထားလိုက်ပါလေ .. ပြောလဲ မင်းက လက်ခံမှာ မဟုတ်တော့ မင်း ဒီနေ့ အရှုံးကို ပြတ်ပြတ်သားသား လက်ခံအောင် လုပ်ကြတာပေါ့ကွာ "
ထိုသို့ ပြောကာ ဟယ်ဝူကျန်းက ကျောက်ပြားဆီသို့လာ၍ လက်တင်လိုက်သည်။
" ညီလေး လု ၊ ပါရမီဆိုတာ ဘာလဲ သိရအောင် သေချာကြည့်ထားနော် "
သူက ပြောပြီးသည်နှင့် ကျောက်ပြားပေါ်သို့ စိတ်စွမ်းအင်များ ပို့လွှတ်လိုက်၏။
ဝီ ..
ချက်ချင်းပင် ကျောက်ပြားပေါ်၌ စာတစ်ကြောင်း ပေါ်လာပြန်သည်။
" ဟယ် ဝုကျန်း ၊ အသက် ၂၁ နှစ်
စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၃
ပါရမီ ၀.၉ "
ထိုစာများကို ကြည့်ကာ ဟယ်ဝူကျန်း ကြက်သေ သေသွားသည်။
မည်မျှ အရှက်ရစရာ ကောင်းလိုက်သနည်း ..
လုဖုန်းရခဲ့သည့် ၁ မှတ်က အနိမ့်ဆုံးဟုသာ သူ ထင်ထားခဲ့ပြီး ထိုထက်နိမ့်သော အမှတ် ရှိနေလိမ့်မည်ဟု သူ စိတ်ပင် မကူးခဲ့ပါချေ ။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဘေးအနီးတဝိုက်မှ ရယ်သံကျယ်ကြီး ထွက်ပေါ်လာ၏။
အထူးသဖြင့် အစောပိုင်းက မျက်နှာအလွန်ပျက်နေခဲ့သည့် လုဖုန်းမှာ ရယ်ရလွန်း၍ မတ်တပ်ပင် သေချာမရပ်နိုင်တော့ပေ ။
" ဟားဟား .. အကိုကြီးဟယ်က တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲဗျာ "
လုဖုန်းက လက်မနှစ်ချောင်း ထောင်ပြကာ ပြောလိုက်သည်။
" မင်း .. "
ဟယ်ဝူကျန်းမှာ မြေကြီးကို တွင်းတူးကာ ထိုတွင်းထဲ ပုန်းနေချင်စိတ်ပင် ပေါက်သွား၏။
အလွန်ရှက်စရာ ကောင်းလှပေသည်။
အများက ရယ်လေလေ ဟယ်ဝူကျန်းတစ်ယောက် မျက်နှာပျက်လာလေလေပင် ။
" သုံးစားမရတဲ့ ကောင်တွေပဲ .. တျန်လုံ .. မင်း စမ်းကြည့်လိုက်ပါဦး "
ဟန်ဝမ်ကျိုးက ပြောလိုက်သည်။
ထန်တျောင်လုံ ခေါင်းညိတ်၏။
" ဟုတ်ကဲ့ "
သုက ပြောပြီးသည်နှင့် ကျောက်ပြားဆီသို့ လျှောက်သွားလိုက်သည်။
" ရှေ့က ဖယ်ကြစမ်း "
ထန်တျောင်လုံက ဒေါသတကြီး အော်လိုက်သည်။
သူလာနေသည်ကို မြင်သည်နှင့် အားလုံး ဘေးဖယ်လိုက်ကြ၏။
ထျန်တောင်လုံသည် အပြင်ဘက်တွင် လောမိသားစု၏ အနိုင်ယူခြင်းကို ခံခဲ့ရကာ ဆိုးဆိုးရွားရွား အထိုးကြိတ် ခံခဲ့ရသော်လည်း ..
ကျန်လူများနှင့် ယှဥ်လျှင်မူ သူ့အစွမ်းက ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ။
ထို့အပြင် ကျန်လူများကလည်း သူတို့နှင့် ယွိလုံနိုင်ငံမှ ပါရမီရှင် လူငယ်လေးတို့ကြား ကွာဟချက်က မည်မျှကြီးမားသည်ကို သိချင်နေကြ၏။
ထန်တျောင်လုံက ကျောက်ပြားပေါ်သို့ လက်တစ်ဖက်တင်ကာ ၎င်းထဲသို့ စိတ်စွမ်းအင်များ စီးဆင်းသွားစေလိုက်သည်။
မကြာမီတွင် ကျောက်ပြားပေါ်၌ စာတစ်ကြောင်းပေါ်လာ၏။
" ထန်တျောင်လုံ ၊ အသက် ၂၈ နှစ်
စိတ်ဝိဥာဥ်အသွင်ပြောင်း ပထမအဆင့်
ပါရမီ ၁၂၈ "
၁၂၈ .. တဲ့လား ..
ထိုနံပါတ်ကို မြင်လိုက်ရသည့် ယဲ့ဖုန်းနိုင်ငံမှ လူများ အသံတိတ်သွားကြသည်။
အသည်းအသန် ရယ်နေခဲ့သည့် လုဖုန်းသည်ပင် ငြိမ်သွား၏။
ထန်တျောင်လုံနှင့် သူ့ကြားရှိ ကွာဟချက်က ကြီးမားသည်ကို သူ သိထားပြီး ဖြစ်သော်လည်း ထိုနံပါတ်ကြောင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။
" သူက ပါရမီရှင် တစ်ယောက်ပဲ "
ထန်တျောင်လုံကိုကြည့်ကာ လုဖုန်း စိတ်ထဲမှ ပြောပြီး သက်ပြင်းချလိုက်သည်။
ထိုစဥ် မလှမ်းမကမ်းတွင် ရှိနေသည့် ဟန်ဝမ်ကျိုးမှာ ကျောက်ပြားပေါ်မှ အမှတ်ကို မြင်သည်နှင့် မျက်မှောင်ကြုံ့သွား၏။
" ၁၂၈ မှတ် တဲ့လား .. ဒါဆို သူ့လိုလူ တစ်ထောင်လောက်ကို ရှိမှ သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ကို ခေါ်ယူလို့ရမှာပေါ့ "
ဟန်ဝမ်ကျိုး တွေးကာ စိတ်ဓာတ်ကျသွားသည်။
ယဲ့ဖုန်းနိုင်ငံတစ်ခုတည်း မဆိုထားဘိ ၊ ယွိလုံနိုင်ငံမှ ပါရမီရှင်များ အားလုံးကိုပါ ပေါင်းလိုက်လျှင်ပင် ထိုမျှ များမည်မဟုတ်ပါချေ ။
" သိုင်းသမား သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ဆိုတဲ့ဟာက ဒီတိုင်း အယောင်ပြထားတာများ ဖြစ်နေမလား "
ဟန်ဝမ်ကျိုး စိတ်ထဲမှ တွေးကာသက်ပြင်းချလိုက်သည်။
" ဟေ့ .. ဒီတိုင်းပဲ ရပ်ပြီး ကြည့်မနေကြနဲ့လေ ။ ကျောက်ပြားဆီ မြန်မြန်သွားပြီး စိတ်စွမ်းအင်တွေ ထုတ်လွှတ်ကြ ။ ပါရမီအဆင့် အမှတ်တွေ ပြည့်သွားရင် သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ကို ခေါ်ယူလို့ရသွားမှာ "
" အမှန်ပဲ .. စိတ်ပျက်မနေကြနဲ့ ။ ငါတို့မှာ လုံလောက်တဲ့အစွမ်း မရှိဘူးဆိုရင်တောင် ဒါက ပါရမီ နိမ့်ကျတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလေ ။ ငါတို့ ပါရမီ ရှိနေပြီးတော့ တခြားသူ ဘယ်သူမှ သတိမထားမိတာလဲ ဖြစ်နိုင်တာပဲ "
" ဟုတ်တယ် ၊ အမွေအနှစ်ကို မရရင်တောင် အနည်းဆုံးတော့ ကိုယ်တိုင်နဲ့ ပါရမီရှင်တွေရဲ့ကြား ဘယ်လိုကွာခြားတယ်ဆိုတာ သိနိုင်တာပဲ ။ ကျုပ် အရင်သွားမယ် "
ထို့နောက် လူငယ်များ တစ်ယာက်ပြီးတစ်ယောက် ကျောက်ပြားဆီသို့လာကာ စိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်ကြသည်။
ကျောက်ပြားပေါ်တွင် နံပါတ်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။
" ၁ .. ၃ .. ၁ .. ၂ ... ၁ .. "
အားလုံးမှာလည်း နံပါတ်ကို မချင့်မရဲ ကြည့်နေကြသည် ။
ဤနေရာသို့ ယဲ့ဖုန်းနိုင်ငံမှ ပါရမီရှင် လူငယ်များစွာ လာခဲ့ကြသော်လည်း ယွိလုံနိုင်ငံမှ လူငယ်အချို့၏ ပါရမီက သူတို့ထက် များစွာ သာလွန်နေ၏။
ဤသို့ဖြင့် အချိန်တခဏအတွင်းတွင် လူတစ်ရာကျော်မျှ ကြိုးစားပြီးကြသည့်တိုင် ယဲ့ဖုန်းနိုင်ငံမှ အမှတ်အမြင့်ဆုံးသူမှာ ၇ မှတ်သာ ရထား၏။
သူတို့နှင့် ထန်တျောင်လုံတို့ကြား ကွာဟချက်က ကြီးမားလှပေသည်။
" ဟား ဟား .. ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ ။ ယဲ့ဖုန်းနိုင်ငံက တကယ်ကို အစွမ်းအနိမ့်ဆုံး နိုင်ငံပဲကွ ။ လူငယ်တွေကလည်း နိမ့်လိုက်တဲ့အဆင့် "
လူအုပ်ထဲမှ တစ်ယောက်က အော်ရယ်လိုက်သည်။
" ဟင် ..ဘယ်သူလဲ "
အားလုံးပင် အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။ ရယ်လိုက်သည့်သူမှာ ညစ်ပတ်ပေရေနေသည့် အဝတ်စားများကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး ထိုလူကို သူတို့ မသိပါချေ ။
ထိုလူ၏ ပုံမှာ မထင်မရှား ဖြစ်နေသဖြင့် သူသာ စကားမပြောခဲ့ပါက သူ့အား မည်သူမှပင် သတိထားမိမည် မဟုတ်ပါ ။
" ကောင်လေး .. မင်းက ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ "
ယဲ့ဖုန်းနိုင်ငံမှ လူငယ်တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
သို့သော် ထိုလူငယ်က ဘာမှ ပြန်မပြောဘဲ ကျောက်ပြားသို့လာ၍ စိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။
ဝီ ..
ကျောက်ပြားပေါ်၌ စာတစ်ကြောင်း ပေါ်လာ၏။
" စစ်ထူရှင်း ၊ အသက် ၂၅ နှစ်
စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၁
ပါရမီ ၂၀၆ "
ကျောက်ပြားအနီးတွင် ရှိနေသူများ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
" ဘာတွေ ဖြစ်နေတာလဲ ၊ ဒီလို ပါရမီရှင်မျိုး ဒီကို ဘယ်တုန်းက ရောက်နေတာလဲ "
" အသက် ၂၅ နှစ်နဲ့ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၁ ကို ရောက်နေပြီ ။ သူက ယွိလုံနိုင်ငံက နှစ်ယောက် ထက်တောင် ပိုအစွမ်းထက်တယ်ကွ "
" သူက ဘယ်သူလဲ "
အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
" အကို ဟန် "
ထိုစဥ် ထန်တျောင်လုံကလည်း ဟန်ဝမ်ကျိုးဘက်သို့ မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။
ဟန်ဝမ်ကျိုးက ပြော၏။
" ငါ အစောကလဲ ပြောခဲ့ပါတယ် ။ သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်အကြောင်းကို သိတာ ငါတို့ပဲတော့ မဖြစ်နိုင်ဘူး ။ တခြားအဖွဲ့က သူတွေလဲ ရောက်နေနိုင်တယ်လို့ ငါ ပြောခဲ့တယ်လေ "
သူက ပြောပြီးသည်နှင့် စစ်ထူရှင်းအား ဦးညွှတ် အရိုအသေပေးလိုက်သည်။
" မဟူရာတောင်ပံ နိုင်ငံက စစ်ထူ မိသားစုက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ မိသားစုပါပဲဗျာ ။မိသားစုထဲမှာ သခင်လေးလို ပါရမီရှင်မျိုး ရှိနေတော့ ပိုပြီး ဂုဏ်ယူစရာပေါ့ ။ ဒါနဲ့ .. သခင်လေးက စစ်ထူမိသားစုမှာ ဘယ်လိုအဆင့်မျိုး ရထားရလဲ ကျုပ် သိခွင့်ရှိမလား "
စစ်ထူရှင်းက ပြုံး၍ ပြောလိုက်သည်။
" ခင်ဗျားက တော်တော်သိထားတာပဲ ။ကျုပ် နာမည်က စစ်ထူရှင်း ၊ကျုပ်က စစ်ထူမိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ အဆင့် ၇ "
" အဆင့် ၇ .. "
ဟန်ဝမ်ကျိုး မျက်နှာအနည်းငယ် ပျက်သွားသည်။
အဆင့် ၇ သာ ရှိသော ထိုလူက ဤမျှ ပါရမီ ထူးချွန်နေလျှင် ..
အဆင့် ၁ ရထားသူက မည်မျှ အစွမ်းထက်လိုက်မည်နည်း .. ။
" အကိုကြီးဟန် ၊ စစ်ထူမိသားစုရဲ့ အဆင့် ၇ ကတောင် တော်တော်အစွမ်းထက်နေပြီ ။ နောက် နှစ်ဝက်လောက်အတွင်းမှာ ဖြစ်လာမယ့် ထျန်းဝူတိုက်ပွဲကို ဘယ်လိုလုပ်ကြမလဲ ... "
ထန်တျောင်လုံက စိုးရိမ်တကြီး ပြောလိုက်သည်။
ဟန်ဝမ်ကျိုး သက်ပြင်းချလိုက်၏။
" ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူးကွ ၊ ကံကြမ္မာကပဲ စီရင်ပါစေတော့ကွာ "
ထို့နောက် ယဲ့ဖုန်းနိုင်ငံမှ ကျန်လူများက ကျောက်ပြားပေါ်သို့ စိတ်စွမ်းအင်များ ဆက်ထုတ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့၏ ပါရမီအဆင့်က အလွန်ဆိုးရွားနေဆဲပင် ။
သူတို့ထဲမှ အစွမ်းအထက်ဆုံး သူပင် ဆယ်မှတ်အထိသာ ရလိုက်၏။
အံ့အားသင့်စရာ ကောင်းသည်မှာ အစွမ်းထက်ဟန် မတူသည့် မထင်မရှား သူအချို့က အမှတ် ၁၀၀ ဝန်းကျင် ရလိုက်ခြင်းဖြစ်သည်။
သို့သော် ထိုလူများအားလုံးက ယဲ့ဖုန်းနိုင်ငံ အပြင်ဘက်မှ လာခဲ့ကြခြင်းပင် ..
သူတို့သည်လည်း ယွိလုံနိုင်ငံမှ လူများကဲ့သို့ သခင်ကြီးကျီဝေ့၏ အမွေအနှစ်သတင်းကို ကြားကာ ကံစမ်းရန် တိတ်တဆိတ် ရောက်လာကြခြင်းဖြစ်သည်။
ကျောက်ပြားပေါ်ရှိ ထိပ်ပိုင်းနေရာအချို့ကို ထိုလူများကသာ နေရာယူထားကြ၏။
သို့တိုင် သူတို့၏ အမှတ်က လိုအပ်သော အမှတ်တစ်သိန်းနှင့် အလွန်ကွာဟနေဆဲဖြစ်သည်။
" ကြည့်ရတာ ဒီနှစ်တော့ သိုင်းသမားသခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ဘယ်သူမှ ခေါ်ယူနိုင်မယ့်ပုံ မပေါ်ဘူး ။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ ၊ ဒီမှာ ရှိမှန်း သိနေပြီဆိုတော့ နောက်တစ်ခါ လျှို့ဝှက်ဒေသ ပြန်ဖွင့်ရင် မိသားစုက ပါရမီရှင်တွေကို ထပ်ခေါ်လာရုံပေါ့ ။ အဲ့ကျရင် အမှတ် တစ်သိန်းစုဖို့ မခက်တော့ပါဘူး "
အခြားနိုင်ငံမှ လူငယ်လေးတစ်ဦးက ကျောက်ပြားကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
စစ်ထူရှင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံ၏။
" ဟုတ်တယ် ၊ ဒီနှစ်တော့ မျှော်လင့်ချက် မရှိဘူး ။ ယဲ့ဖုန်းနိုင်ငံ အစွမ်းနိမ့်ကျမှန်း ကျုပ် ကြားထားပေမယ့် ခုလောက်ကြီး နိမ့်နေမယ်လို့ မထင်ထားခဲ့မိဘူး ၊ အဲ ..လောမိသားစုက လွဲလို့ပေါ့ဗျာ ။ ဒီနိုင်ငံက လူငယ်တွေအားလုံးက သုံးစားမရတဲ့ လူတွေလား "
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းနိုင်ငံမှ လူများ ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် နီသွားကြသည်။ သို့သော် ပြန်ရန်တွေ့ရန် စကားရှာမရ ဖြစ်နေ၏။
ကျောက်ပြားပေါ်မှ နံပါတ်များက သက်သေတစ်ခုကဲ့သိူ့ ရှင်းရှင်းလင်းလင်း ရှိနေသည် မဟုတ်ပါလား ။
ထိုစဥ်မှာပင် ..
" ယဲ့ဖုန်းနိုင်ငံက လူငယ်တွေအားလုံးက အမှိုက်တွေလို့ ဘယ်သူပြောတာလဲ "
လူအုပ်အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။