← Chapters

တစ်ယောက်တည်းနှင့် အမှတ် တစ်သိန်းကျော်

Vol. 5 Ch. 70

တစ်ယောက်တည်းနှင့် အမှတ် တစ်သိန်းကျော်

Vol. 5 Ch. 70

လောထျန်း လက်မြှောက်သည်ကို မြင်လိုက်သည်နှင့် အားလုံး၏ အကြည့်က လောထျန်းပေါ်သို့ ကျသွား၏။

လောထျန်းကဲ့သို့ ပါရမီရှင်တစ်ယောက်က မည်မျှအစွမ်းထက်သည်ကို မသိချင်သူ ရှိပါမည်လား ။

" အကိုဟန် ၊ လောထျန်းရဲ့ ပါရမီက ဘယ်လောက်ရှိမယ်လို့ ထင်လဲ "

ထန်တျောင်လုံက စကားမပြောဘဲ စိတ်ထဲမှ အသံလွှင့်ခြင်းနည်းဖြင့် ​မေးလိုက်သည်။

" လောမိသားစုက ဟိုကောင်တွေတောင် ၁၀၀၀ ကျော်ရထားတာဆိုတော့ သူက အားလုံးထက် ပိုများမှာပေါ့ကွာ "

" ပိုများမှာဆိုတော့ .. တစ်သောင်းကျော်မယ်လို့ ထင်လား "

ထန်တျောင်လုံက ဆက်မေးလိုက်သည်။

ဟန်ဝမ်ကျိုးက ခေါင်းညိတ်လိုက်၏။

" တစ်သောင်းကတော့ သေချာပေါက် ကျော်မယ်လို့ ငါထင်တယ် ။ ငါးသောင်းလောက်တောင် ရရင် ရမှာ . "

" ငါးသောင်းတောင် .. ဒါတော့ နည်းနည်း ချဲ့ကားလွန်းရာ မကျဘူးလားဗျာ "

ထန်တျောင်လုံက မယုံနိုင်ဟန်ဖြင့် ပြောကာ ကျောက်ပြားဘက်သို့ လည့်ကြည့်လိုက်သည်။

ထိုအချ်န်တွင် လောထျန်း၏ စိတ်စွမ်းအင်များက ကျောက်ပြားထဲသို့ စိမ့်ဝင်သွားသည်။

ဝှစ် ..

ကျောက်ပြားပေါ်တွင် စိတ်စွမ်းအင် အလင်းတန်းများ လင်းလက်သွား၏။

ယခင်အကြိမ်များတွင်မူ စိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်သည်နှင့် ကျောက်ပြားက ၎င်းကို တိတ်တဆိတ်သာ စုပ်ယူကာ အချက်အလက်ကို မြန်မြန်ပြပေးခဲ့သည် ။

သို့သော် ဤတစ်ကြိမ်တွင်မူ ထိုသို့ ဟုတ်မနေချေ ..

ဤတစ်ကြိမ်တွင် ကျောက်ပြားပေါ်မှ စိတ်စွမ်းအင် အလင်းတန်းက တဖျတ်ဖျတ်လက်လာပြီး ၎င်းအလင်းတန်းက ပိုပို၍ ကြီးထွားလာ၏။

နောက်ဆုံးတွင်မူ ၎င်းကအလွန်လင်းလက် တောက်ပလွန်းနေသည့်အတွက် လူများမှာ တိုက်ရိုက်ပင် မကြည့်နိုင်ဘဲ အကြည့်လွှဲလိုက်ကြရသည်။

" ဘာတွေ ဖြစ်နေတာလဲ .."

" ကျောက်ပြား ပျက်စီးသွားတာများလား .. "

" ပြောဖို့ခက်တယ်ကွ ၊ သိုင်းသမားသခင်ကြီး ကျီဝေ့ သေသွားတာလဲ ကြာနေပြီဆိုတော့ .."

အားလုံး တစ်ယောက်တပေါက် ပြောလိုက်ကြသည်။

ထို့နောက် အချိန်အတန် ကြာသွားပြီးမှသာ ကျောက်ပြားပေါ်မှ အလင်းတန်း မှေးမှိန်သွား၏။အားလုံး မျက်လုံးဖွင့် ကြည့်လိုက်ကြသည်။

" ဟင် .. ဘာတွေဖြစ်နေတာလဲ ၊ သူ့ ပါရမီအဆင့်က ဘယ်လောက်လဲ "

အားလုံးက ကျောက်ပြားအား အလောတကြီး လှမ်းကြည့်လိုက်ကြသည်။

သို့သော် ၎င်းကို မြင်သည်နှင့် အားလုံး အံ့သြမှင်သက် ဆွံ့အသွား၏။

ထိုအချိန်တွင် ကျောက်ပြားမှာ အရင်ပုံစံအတိုင်း လုံးဝ ဟုတ်မနေတော့ချေ ။

၎င်းက သာမာန် ကျောက်တုံးတစ်တုံးကဲ့သို့ မည်းနက်နေပြီး မည်သည့်စာမှလည်း ရှိမနေပါ ။

" ဟင် .. မဖြစ်နိုင်တာ ..ကျောက်ပြားက တကယ်ကြီး ပျက်စီးသွားတာလား "

" ဘာတွေ ဖြစ်နေတာလဲ "

" သိုင်းသမားသခင်ကြီး ကျီဝေ့က မယုံရဘူးပဲကွ "

အားလုံး အံ့အားသင့်နေကြ၏။

ထိုအချိန် လောထျန်းသည်ပင် အနည်းငယ် ရှက်သွားရသည် ။

ဘာတွေ ဖြစ်နေပါသနည်း ..

သူ စိတ်စွမ်းအင်အချို့ ထုတ်လွှတ်လိုက်ရုံနှင့် ၎င်းက ပျက်စီးသွားခဲ့သည်လား ။

လောထျန်းက ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်သောအခါ အားလုံးက သူ့အား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဖြစ်ပျက်နေသည်မှာ ရိုးရှင်းပေသည် ။

ထိုကျောက်ပြားသည် သူတို့အတွက် သိုင်းသမားသခင်ကြီး ကျီဝေ့၏ အမွေအနှစ်ကို ရနိုင်မည့် အခွင့်ရေးကောင်းတစ်ခုဖြစ်ရာ ၎င်းကို ဆုံးရှုံးလိုက်ရသည့်အတွက် သူတို့ မကျေမနပ် ဖြစ်နေကြခြင်းပင် ။

သို့သော် လောထျန်းက အစွမ်းထက်လွန်းလှသဖြင့် သူတို့ ဒေါသထွက်နေသည့်တိုင် ထုတ်မပြောရဲကြပါချေ ။

သို့သော် ထိုအချိန်တွင် ...

" ငါ အခုမှ အိမ်မက်ကနေ နိုးလာခဲ့တာ ။ ခဏလေးနဲ့ နှစ်ပေါင်းတစ်ထောင်တောင် ကုန်သွားခဲ့တာပဲ ။ငါ ချန်ထားခဲ့တဲ့ ကန့်သန့်ချက်ကို တစ်ယောက်ယောက်က ဒီလောက်မြန်မြန်နဲ့ ချိုးဖျက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး "

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

" ဟင် .. ဘယ်သူလဲ "

အားလုံး အံ့အားသင့်သွားပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ယွိလင်နန်းတော် အဓိက ခန်းမဆောင်ရှေ့ လေထဲတွင် လွင့်ပျံနေသည့် ခရမ်းရောင် ဝတ်စုံနှင့် တာအို ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရ၏။

လူအုပ်ထဲမှ ပထမဆုံး အသိဝင်လာသူမှာ ဟန်ဝမ်ကျိုးပင် ။ သူက ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

" သိုင်းသမားသခင်ကြီး ကျီဝေ့ကို တပည့် အရိုအသေပြုပါတယ် "

" ဘယ်လို .. သိုင်းသမားသခင်ကြီး ကျီဝေ့ .. "

လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ယွိလင်နန်းတော်တွင် သိုင်းသမားသခင်ကြီး ကျီဝေ့ ထားခဲ့သည့် ကန့်သတ်ချက်များရှိပြီး ထိုအထဲမှ တစ်ခုမှာ အသက်သုံးဆယ် ကျော်သည့် မည်သူမဆို နန်းတော်ထဲသို့ မဝင်နိုင်ခြငးပင်။

သို့ဖြစ်ရာ ယခုပေါ်လာသူမှာ သိုင်းသမားသခင်ကြီး ကျီဝေ့ မှလွဲ၍ အခြားသူ မဖြစ်နိုင်ပါချေ ။

" သိုင်းသမားသခင်ကြီး ကျီဝေ့ကို အရိုအသေ ပြုပါတယ် "

အားလုံး ဒူးတစ်ဖက် ထောက်လိုက်ကြသည်။

သို့သော် လောထျန်းနှင့် လူအချို့ကမူ ဒူးမထောက်ဘဲ ကျန်နေ၏ ။

ထို့နောက် သခင်ကြီး ကျီဝေ့က အပြုံးဖြင့် ပြောသည်။

" ငါက အကြွင်းအကျန် ဝိဥာဥ် တစ်ခု ပဲကွ ။ ခုလိုကြီး အရိုအသေပေးဖို့ မလိုပါဘူး "

အကြွင်းအကျန် ဝိဥာဥ် ...

ထိုအချိန်မှသာ အားလုံး နားလည်သွားကြသည်။

သိုင်းသမားသခင်ကြီး ကျီဝေ့က သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ၏ အကြွင်းအကျန် ဝိဥာဥ်သာ ကျန်နေခဲ့သည်မှာ သိသာပါသည်။

စစ်ထူရှင်းက ခေါင်းကို မသိမသာမော့ကာ သိုင်းသမားသခင်ကြီး ကျီဝေ့၏ ရုပ်လွှာအား ခိုးကြည့်လိုက်သည်။ ထို့နောက် သူက သိချင်စိတ်ကို မဖုံးနိုင်တော့ဘဲ မေး၏။

" ဒါနဲ့ .. သခင်ကြီး .. သခင်ကြီး ချန်ထားတဲ့ စာထဲမှာ ပါရမီအစွမ်း တစ်သိန်းပြည့်မှ ပေါ်လာမယ်လို့ ပြောခဲ့တယ်မဟုတ်လား ။ အခုက ဘယ်လိုဖြစ်လို့ ပေါ်လာတာလဲ .. "

ထိုစကားကို ကြားသောအခါ အားလုံးကလည်း သခင်ကြီးကျီဝေ့၏ ပုံရိပ်အား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

အမှန်တွင်လည်း သခင်ကြီးကျီဝေ့က စာထဲတွင် အမှတ်ပေါင်း တစ်သိန်းပြည့်မှသာ သူ့အမွေအနှစ်ကို ခေါ်၍ရမည်ဟု ရေးထားခဲ့သည် မဟုတ်ပါလား ။ ယခု ထိုအမှတ်ပြည့်ရန် များစွာ လိုနေသေးသည်မှာ သိသာနေပါလျက် သူ့ပုံရိပ်က အဘယ့်ကြောင့် ပေါ်လာခဲ့ရသနည်း ။

သို့သော် .. ထိုမေးခွန်းကြောင့် သခင်ကြီးကျီဝေ့ အံ့အားသင့်သွားဟန်တူ၏။

" ဘာကို ဆိုလိုတာလဲ ၊ ကျီဝေ့စာရင်းက အမှတ်ပေါင်းက ပြည့်သွားပြီ မဟုတ်ဘူးလား ။ ဒီလိုမဟုတ်ရင် ငါ့ရဲ့ အကြွင်းအကျန် ဝိဥာဥ်က နိုးလာစရာ အကြောင်း မရှိဘူးလေ "

သခင်ကြီး ကျီဝေ့က ပြောလိုက်သည် ။

" ဘယ်လို "

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

စစ်ထူရှင်းက ပြော၏။

" ဟို .. သခင်ကြီး ထားခဲ့တဲ့ ကန့်သတ်ချက်မှာ အမှားအယွင်း တစ်ခုခုများ ရှိလို့လား ။ ခုနက နောက်ဆုံးတစ်ယောက် စိတ်စွမ်းအင် မထုတ်လွှတ်ခင်ကတောင် အမှတ်ပြည့်ဖို့ ၈ သောင်းကျော်လောက် လိုနေသေးတာ "

သိုင်းသမား သခင်ကြီးကျီဝေ့ မျက်မှောင်ကြုံ့သွား၏။ ထို့နောက် သူက ကျောက်ပြားဆီသို့ ပျံသွားပြီး ၎င်းကို အချိန်အတန်ကြာ စိုက်ကြည့်ကာ ပြောလိုက်သည်။

" ဘာလို့ အဲ့လို ဖြစ်သွားရတာလဲ "

အားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

သခင်ကြီးကျီဝေ့၏ ပုံကို ကြည့်ရသည်မှာ ကျောက်ပြားက အမှန်တယ် တစ်စုံတစ်ခု မှားယွင်းနေဟန်ပင် ။

စစ်ထူရှင်း၏ မျက်လုံးများ အရောင်လက်သွား၏။

သခင်ကြီးကျီဝေ့၏ ကန့်သတ်ချက်တွင် အမှားယွင်း ရှိနေခဲ့ပါက အမွေအနှစ်ကို ရရန် သူ့အတွက် အခွင့်အရေး ရှိနိုင်ပေသည် ။

" သခင်ကြီး .. ဘာများ မှားလို့လဲ "

သူက အပြုံးဖြင့် မေးလိုက်သည်။

သခင်ကြီး ကျီဝေ့က အံ့အားသင့်နေဟန်ဖြင့် သူ့ဘေးမှ လူအားလုံးကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည် ။

" မင်းတို့ထဲက လောထျန်းဆိုတာ ဘယ်သူလဲ "

" ဟင် .. "

စစ်ထူရှင်း၏ အပြုံးမျက်နှာ ကြက်သေသေသွား၏။

အားလုံး လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

" ကျုပ်က လောထျန်းပါ "

လောထျန်းက ပြောလိုက်သည်။

သခင်ကြီး ကျီဝေ့က လောထျန်းကို တအံ့တသြကြည့်ကာ ရေရွတ်၏။

" ငါ အရင်က ဒီကန့်သတ်ချက်ကို ထားခဲ့တုန်းက  လူငယ်ပါရမီရှင်တွေ များများရောက်လာအောင်လို့ တမင်ကို အမှတ် တစ်သိန်း ထားခဲ့တာကွ ။ ဒါမှ ငါ့အမွေကို ဆက်ခံမယ့်သူကို သေချာရွေးနိုင်အောင် "

" ဒါပေမယ့် ဒီကမ္ဘာကြီးထဲမှာ လူတစ်ယောက်တည်းက အမှတ်တစ်သိန်းကျော် ရနိုင်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး "

သူ ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။

လူတစ်ယောက်တည်း၏ ပါရမီအဆင့်က အမှတ် တစ်သိန်း ကျော်နေသည်တဲ့လား ..

အားလုံးပင် လောထျန်းအား မယုံနိုင်စွာ ကြည့်လိုက်ကြသည်။ အထူးသဖြင့် သူတို့ထဲမှ အမှတ် တစ်ဆယ်ပင် ပြည့်အောင် မရခဲ့ကြသည့် သူများမှာ သူ့ကို ကြောက်စရာ သားရဲတစ်ကောင်အလား ကြည့်နေကြ၏။

သူတို့အားလုံးမှာ လူသားများ ဖြစ်ကြသော်လည်း လောထျန်းက သူတို့နှင့် မျိုးစိတ်မတူသူ တစ်ယောက်ဟု သူတို့ အဘယ့်ကြောင့် ခံစားနေရပါသနည်း ။

သိုင်းသမား သခင်ကြီးကျီဝေ့သည်ပင် ထိုအချိန်၌ အလွန်စိတ်လှုပ်ရှားနေ၏။ သူက လောထျန်းအား ပတ်ပတ်လည်မှ လှည့်ကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

" အင်မတန် တော်တဲ့ လူငယ်လေးပဲ ။ မင်း ငါ့ရဲ့ အမွေအနှစ်ကို လက်ခံပြီး ငါ့ရဲ့ အမွေဆက်ခံသူတစ်ယာက် ဖြစ်ဖို့ ဆန္ဒရှိရဲ့လား ။ ငါ့ရဲ့ သိုင်းပညာတွေကိုပဲ လေ့ကျင့်မယ်လို့ ကတိပေးရုံနဲ့ နောက် နှစ်တစ်ရာအတွင်းမှာ မင်း တုကျဲ့အဆင့်ကို ရောက်စေရမယ်လို့ ငါ အာမခံတယ် ။နောက် နှစ်တစ်ထောင်ဆိုရင် ဒီ့ထက်ပိုမြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ကိုတောင် ရောက်သွားနိုင်လိမ့်မယ် "

သခင်ကြီး ကျီဝေ့က ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်သည်နှင့် ယွိလင်နန်းတော်ထဲတွင် မရေမတွက်နိုင်သော လူများ၏ အသည်းကွဲသံများကို ကြားလိုက်ရသယောင်ပင် .. ။

အထူးသဖြင့် စစ်ထူရှင်းနှင့် ယဲ့ဖုန်းနိုင်ငံ ပြင်ပမှ အခြားသူများမှာ မျက်လုံးများပင် နီရဲနေကြ၏။

သူတို့က မိုင်ပေါင်းထောင်ချီ ခရီးနှင်၍ ဒုက္ခခံကာ ယဲ့ဖုန်းနိုင်ငံသို့ လာခဲ့ကြသော်လည်း အဆုံးသတ်ရလဒ်က လောထျန်းတဲ့လား ..

သို့သော် သူတို့ မနာလိုဝန်တို ဖြစ်နေသည့်တိုင် ဘာမှ လုပ်မရပါချေ ။

လောထျန်းဆိုသော သားရဲကို မည်သူ မွေးဖွားပေးခဲ့သနည်း ။

သို့သော် ..

" ကျုပ် စိတ်မဝင်စားဘူး "

လောထျန်းက ခေါ်ယမ်း၍ ငြင်းလိုက်သည် ။

" ဟင် .. သူ ဘာပြောလိုက်တယ် "

" သူက .. စိတ်မဝင်စားဘူးလို့ ပြောလိုက်တာလား "

" ဒီလူက သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို တကယ်ကြီး ငြင်းလိုက်တာလား ၊ ငါ နားကြားများ လွဲသွားသလား  "

တစ်ဖက်မှ သခင်ကြီး ကျီဝေ့မှာလည်း အံ့သြမှင်သက်သွား၏။

" ညီငယ်လေး .. မင်း ဘာပြောလိုက်တာလဲ "

သခင်ကြီး ကျီဝေ့က နားကြားမှားသွားသည်ထင်ကာ ထပ်မေးလိုက်သည်။

" ကျုပ် စိတ်မဝင်စားဘူးလို့ ပြောလိုက်တာဗျ ။ တခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါဗျာ "

လောထျန်းက ပြောလိုက်သည်။

နောက်နေသည်လား ...

ကျောင်းကင်ဘုံကျင့်စဥ် ပညာရပ်များကို စွန့်လွှတ်ပြီး သခင်ကြီး ကျီဝေ့၏ အမွေအနှစ် တစ်ခုတည်းကိုသာ လေ့ကျင့်ရမည်တဲ့လား ..

လောထျန်းဆိုသည့် သူက ဤမျှ မရူးသွပ်သေးပါချေ ။

စာစဉ်ပြီး၏

All Chapters