← Chapters

သူကဘယ်သူလဲ

Vol. 10 Ch. 140

သူကဘယ်သူလဲ

Vol. 10 Ch. 140

အခန်း (၁၄၀) သူကဘယ်သူလဲ

လေပြေအေးလေးတိုက်ခတ်လာပြီး ရေပြင်ထက်တွင် လှိုင်းကြက်ခွပ်လေးများ ပြန်လည် ဖြစ်ပေါ်လာလေသည်။

မြင့်တက်လာသည့်ရေများက ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။

မိစ္ဆာနဂါးကြီးက ကျန်းလန်ရှေ့ မနီးမဝေး ကန်ရေပြင်ထက်တွင် ရှိနေလေသည်။

မိစ္ဆာနဂါးကြီးထံမှ ထွက်ပေါ်နေသည့် အံ့မခန်း တန်ခိုးစွမ်းအားများက အခြားသူများကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ချိုတစ်ချိုမိစ္ဆာနဂါးကြီးသည် ဆင့်ခေါ်ခံရပြီးနောက် တန်ခိုးစွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်လျှက် ရှိသည်။

နဂါးကြီး၏ မျက်ဝန်းများမှ ပြင်းထန်သည့်ဒေါသများ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ရုတ်တရက် လေပြင်းများတိုက်ခတ်လာပြီး ကန်ရေပြင်တစ်ခုလုံး လှိုင်းလုံးကြီးများ မြင့်တက်လာပြန်သည်။

အရင်က ရေကန်နံဘေးတွင် ထိုင်နေကြသည့် တပည့်များမှာလည်း ခပ်ဝေးဝေးတစ်နေရာသို့ ချက်ချင်းပင် ဆုတ်ပေးလိုက်ကြသည်။

သူတို့အားလုံးက မိစ္ဆာနဂါးကြီး ရုတ်တရက်ထွက်ပေါ်လာသည်ကို တအံ့တသြဖြင့် ကြည့်နေကြလေသည်။

"ဒီ ရေကန်ထဲမှာ မိစ္ဆာနဂါးရှိတယ်လို့ ကျုပ်ကြားဖူးထားတာ ကြာပြီကွ… ၊ ဒါပေမဲ့ ကျုပ်က တကယ်မဟုတ်ဘူး… ဒဏ္ဍာရီလို့ ထင်နေတာ…"

"အမှန်ပဲ… ကျုပ် ဂိုဏ်းထဲရောက်တာ နှစ်ပေါင်း (၃၀၀)ရှိပြီ… ၊ ဒီရေကန်ထဲမှာ မိစ္ဆာနဂါးရှိနေတာ တစ်ခါမှ မတွေ့ဖူးဘူး…"

"ဒီနေ့မှ ဆရာက ဒီမိစ္ဆာနဂါးကြီးကို ဘာလို့ ဆင့်ခေါ်လိုက်တာလဲ မသိဘူး..."

"စောစောက ရေကန်နားပြုတ်ကျလာတဲ့ တပည့်ကြောင့်နေမယ်… ၊ သူနဲ့ တစ်ခုခုလုပ်စရာ ရှိလို့ ဖြစ်မယ်…"

"ဟုတ်တယ်… ခုန ဆရာက နဂါးကြီးကို စွမ်းအားကုန်သုံးပြီး တိုက်ခိုက်ဖို့ အဲဒီတပည့်ကို ပြောနေတာ ကြားလိုက်တယ်…"

သူတို့အားလုံး အံ့အားသင့်သွားကြသည်။

ထိုတပည့်ငယ်က မိစ္ဆာနဂါးကို တိုက်ခိုက်မည်တဲ့လား…။

သူတို့ အမှတ်မမှားဘူးဆိုလျှင် စောစောက ရောက်လာသည့် ဂိုဏ်းတူညီလေးက မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်မျှသာ ရှိသေးသည်။

"အဲဒီတပည့် ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား…"

အင်မော်တယ်ဖြစ်လုနီးပါး တပည့်တစ်ယောက်က မေးလိုက်သည်။

"ကျုပ်လည်း တစ်နှစ်လုံး တောင်ပေါ်မှာပဲနေတော့ တခြားတောင်ထွတ်က လူတွေကို သိပ်မသိဘူး… ၊ ဟိုနားက ဂိုဏ်းတူညီမလေးရှောင်ယွိဆိုရင်လည်း တစ်ခါမှ မကြားဖူးဘူး…"

မိန်းကလေးကျင့်ကြံသူတစ်ယောက်က…

"အဲဒီ ဂိုဏ်းတူညီမလေးရှောင်ယွိကို ကျွန်မ အာရုံစိုက်ကြည့်နေခဲ့တာကြာပြီ… ၊ သူ ဒီကို ရောက်လာကတည်းက ဘယ်ယောကျ်ားလေးမှ သူ့အနားကပ်လို့ မရဘူး… ၊ ဂိုဏ်းတူအစ်မတွေဆိုရင် ပြဿနာမရှိပေမယ့် ဂိုဏ်းတူအစ်ကိုတွေ ၊ ဂိုဏ်းတူမောင်လေးတွေဆိုရင် သူက လုံး၀ အရေးမစိုက်ဘူး… ၊ ဒါပေမဲ့ စောစောက ဂိုဏ်းတူမောင်လေးလည်း ရောက်လာရော သူက အဲဒီ ဂိုဏ်းတူမောင်လေးအနား ပြေးသွားတာပဲ… ၊ ကြည့်ရတာ သူတို့က ရင်းနှီးကြတာလား မသိဘူး…"

နောက်တပည့်တစ်ယောက်က…

"ဂိုဏ်းတူညီမလေးရှောင်ယွိ ရောက်လာတုန်းက တတိယတောင်ထွတ်က တောင်သခင်ကိုယ်တိုင် လိုက်ပို့တာလို့ ကြားတာပဲ… ၊ ဒီတော့ ကျုပ်တို့ဆရာလည်း သူ့ကိုငြင်းချင်ပေမယ့် မငြင်းနိုင်တော့ဘူးလေ…"

တောင်သခင်များ၏ဆက်ဆံရေးက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တောင်သခင်တစ်ပါး ကိုယ်တိုင်လာရောက်ပြီး တစ်စုံတစ်ခုတောင်းဆိုပါက အခြားတောင်သခင်တစ်ပါးက ငြင်းပယ်နိုင်ခွင့် မရှိပေ။

အဘယ်ကြောင့်ဆိုသော် တောင်သခင်များအားလုံးက ဂိုဏ်းတူမောင်နှမများ ဖြစ်ကြသလို ခွန်လွန်တောင်တွင် တူညီသည့်အဆင့်အတန်းကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

တပည့်တစ်ယောက်က…

"ဒါနဲ့ စကားမစပ်… အဲဒီ ဂိုဏ်းတူညီလေးကို အရင်က တွေ့ဖူးသလိုပဲ… ၊ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး မဟုတ်လား… "

နောက်တပည့်တစ်ယောက်က…

"နဝမတောင်ထွတ်က ဟုတ်လား… ၊ အဲဒီမှာ တပည့်တစ်ယောက်ပဲ ရှိတာ မဟုတ်လား… ၊ အမှန်ပဲဟေ့… သူ့အဝတ်အစားတွေကြည့်ရတာ ဂိုဏ်းထဲရောက်တာ နှစ်ပေါင်း (၁၀၀)ကျော်နေတဲ့ပုံစံပဲ… ၊ ဒါပေမဲ့ သူက အခု ဒီကို ဘာလို့ ရောက်လာတာလဲ… ၊ ဆရာကရော သူ့ကို ဘာလို့ မိစ္ဆာနဂါးကြီးနဲ့ တိုက်ခိုက်ခိုင်းရတာလဲ…"

"စောင့်ကြည့်ကြတာပေါ့… ၊ သူ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မိစ္ဆာနဂါးကြီးနဲ့တိုက်ရင် ပြဿနာ တက်မှာပဲ… ၊ မိစ္ဆာနဂါးကြီး ဒီအတိုင်း ငြိမ်နေတယ်ဆိုရင်တောင်မှ သူ ထိအောင်တိုက်ခိုက်နိုင်ပါ့မလား မသိဘူး…"

မိစ္ဆာနဂါးကြီးထံမှ စွမ်းအားမုန်တိုင်းကြီးက ကျန်းလန်၏ မျက်နှာဆီသို့ အေးစက်သည့်လေကြမ်းပမာ ရိုက်ခတ်လာသည်။

ကျန်းလန်မှာ မျက်နှာတစ်ခုလုံး ကျိန်းစပ်နာကျင်သွားရသည်။

ကျန်းလန် နဂါးကြီး၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

ထိုအခါ နဂါးကြီး၏ မျက်ဝန်းများထဲတွင် ဘယ်သောအခါမှ ပျောက်ကွယ်သွားမည်မဟုတ်သည့် ရက်စက်ကြမ်းကြုတ်မှုများကို တွေ့မြင်လိုက်ရသည်။

ထိုမျှသာမက ဒေါသနှင့် အရှက်တရားကိုလည်း တွေ့မြင်ရလေသည်။

ဤရေကန်ထဲတွင် နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရပြီး အဋ္ဌမတောင်ထွတ်မှ တောင်သခင်၏ ထိန်းချုပ်စေခိုင်းခြင်းကို ခံနေရသောကြောင့် အလွန်ဒေါသထွက်နေခြင်း ဖြစ်နိုင်သည်။

သို့သော် ထိုသတ္တဝါကြီး မည်သို့မှ မတတ်နိုင်ခဲ့ပေ။

ထို့ကြောင့် ယခုတော့ အခြားသူများအပေါ်တွင် ဒေါသပေါက်ကွဲပစ်ရန် အဆင့်သင့်ဖြစ်နေဟန် တူသည်။

ဥပမာ - လက်ရှိ သူနှင့်တိုက်ခိုက်ရမည့် ကျန်းလန် ဖြစ်လေသည်။

ကျိုးကျုန်းထျန်းက…

"ကဲ… မင်းရဲ့ ဓားသိုင်းကို စမ်းကြည့်စမ်း…"

ကျန်းလန်၏ မျက်ဝန်းများ အလွန်တည်ငြိမ်သည်ကို သူ သတိထားလိုက်မိသည်။

နဂါးများကို ကြောက်ရွံ့သူတစ်ယောက်သည် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနိုင်မည် မဟုတ်ပေ။ ကျန်းလန်၏ ပုံစံကတော့ နဂါးများကို ကြောက်ရွံ့ဟန် မရှိပေ။

ထို့ကြောင့် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူရန် ပထမဆုံးလိုအပ်ချက်နှင့် ပြည့်စုံသည်ဟု ဆိုနိုင်သည်။

ကျန်းလန်က ဤမျှနီးကပ်သောအနေအထားဖြင့် မိစ္ဆာနဂါးကြီးတစ်ကောင်ကို ပထမဆုံး ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။

သူကလည်း နဂါးသုတ်သင်ဓားသိုင်း၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်နေမိသည်။

ကျန်းလန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ သူ့လက်ထဲတွင် ဝိညာဉ်ဓားတစ်လက် ပေါ်လာသည်။

ထို့နောက် သူက မိစ္ဆာနဂါးထံသို့ ဦးတည်ပြီး လမ်းလျှောက်သွားလိုက်သည်။ ကန်ရေပြင်တွင် ရေလှိုင်းများက ပြင်းထန်မြင့်တက်လျှက် ရှိလေသည်။

ကျန်းလန် ကန်ရေပြင်ကို ဖြတ်လျှောက်လာသည်ကို တွေ့မြင်သည်နှင့် မိစ္ဆာနဂါးကြီးက တိုက်ခိုက်မှု စတင်လိုက်သည်။

နဂါးကြီးက အမြီးကို ဝှေ့ရမ်းလိုက်ပြီး ကျန်းလန်ကို ရိုက်ချလိုက်သည်။

သို့သော် ကျန်းလန်က ကြောက်ရွံ့တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။

အဋ္ဌမတောင်ထွတ်မှ ဆရာဦးလေးက ထိုမိစ္ဆာနဂါးကြီးကို အစွမ်းရှိသမျှ တိုက်ခိုက်ရန် ပြောခဲ့သည်။ သို့သော် မိစ္ဆာနဂါးကြီးက သူ့ဓားချက်ကို လည်စင်းပြီး အခုတ်ခံမည်မဟုတ်ကြောင်း ကျန်းလန် နားလည်ထားပြီးသား ဖြစ်သည်။

ထို့ကြောင့် သူက အစကတည်းက သတိထားနေခဲ့ ခြင်း ဖြစ်၏။

ကျန်းလန် ဓားကို အသာမြှောက်လိုက်သည်။

သူ့ကို တိုက်ခိုက်လာသည့် မိစ္ဆာနဂါးကြီးကိုကြည့်ပြီး ကျန်းလန်၏ရင်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူ့မျက်လုံးထဲတွင် နဂါးကြီးက အပြစ်အနာအဆာများနှင့် ပြည့်နက်လျှက် ရှိလေသည်။ နဂါးကြီး၏ စွမ်းအားက ချက်ချင်းပင် အဆမတန်လျော့ကျသွားပုံရသည်။

ထိုခဏတွင် သူက နဂါးကြီးကို ဓားဖြင့်ခုတ်ပိုင်း သတ်ဖြတ်ပစ်နိုင်မည်ဟု ထင်ယောင်ထင်မှား တွေးထင်သွားနိုင်သည်။

သို့သော် ဤသည်က စိတ်၏ လှည့်စားမှုဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

သူ့ရှေ့မှ မိစ္ဆာနဂါးကြီးကို ရင်ဆိုင်ရန် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်သည်။

တိမ်နှင့်လေများ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းဆန်အောင် လှည့်ပတ်သွားသည်။

နဂါးသုတ်သင်ဓားသိုင်း၏ ဓားစွမ်းအားကို တွေ့မြင်သည့်အခါ ရှောင်ယွိ နောက်သို့ ခြေ (၂)လှမ်းခန့် အလိုလို ဆုတ်မိသွားသည်။

သူမ နားမလည်နိုင်သည့် အန္တရယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည့်အလား ဖြစ်သည်။

ရှောင်ယွိသာ မဟုတ် ၊ မိစ္ဆာနဂါးကြီးသည်လည်း အန္တရယ်အငွေ့အသက်ကို အာရုံခံလိုက်မိသည်။

နဂါးကြီးက သဘာဝရန်သူတစ်ယောက်ကို ရင်ဆိုင်ရသည့်အလား ခံစားလိုက်ရသည်။ သို့သော် ဤသဘာဝရန်သူက အားနည်းလွန်းလှသည်။

နဂါးကြီးက တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် တိုးဝင်တိုက်ခိုက်လိုက်သလို ကျန်းလန်ကလည်း မိစ္ဆာနဂါးကြီးကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

"ဘုန်း…"

ပြင်းထန်သည့် စွမ်းအား (၂) ခု ထိပ်တိုက်တွေ့သွားသည်။

"ဝှစ်…"

အားပြင်းသော လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားပြီး ကန်ရေပြင်တွင် ရေလှိုင်းများပြင်းထန်လာပြန်လေသည်။

မြင်ကွင်းကြောင့် တခြားတပည့်များအားလုံး အံ့အားသင့်သွားကြသည်။

"ဒီဓားသိုင်းက ထူးဆန်းတယ်…"

"အမှန်ပဲ… မူလဝိညာဉ်အဆင့် ကနဦးအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုလို့ မခံစားရဘူး…"

မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူ မပြောနှင့် သူတို့ကဲ့သို့ အင်မော်တယ်ဖြစ်ခါနီး အဆင့်မြင့်ကျင့်ကြံသူများပင်လျှင် မိစ္ဆာနဂါးကြီးကို ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းပစ်နိုင်စွမ်း မရှိပေ။

"ပြဿနာက ဓားသိုင်းကွ… ၊ ဒီဓားသိုင်းက ထူးခြားနေတာ…"

မကြာမီ ကန်ရေပြင်ထက်မှ လှိုင်းလုံးများငြိမ်သက်သွားသည်။

ကျန်းလန် လွင့်ထွက်သွားပြီး ရေကန်နံဘေးသို့ ပုံပျက်ပန်းပျက် ပြုတ်ကျလာသည်။

မိစ္ဆာနဂါးကြီးမှာ ရေကန်မျက်နှာပြင်ထက်တွင် ပိတ်မိနေသောကြောင့် ကျန်းလန် ရှိရာသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မရှိပေ။

သူက ဒေါသတကြီးဖြင့် ကျန်းလန် ပြုတ်ကျသွားသည့် ရေကန်စပ်ကို စိုက်ကြည့်နေပြီး ကြုံးဝါးသံကြီးတစ်သံ ပြုလုပ်လိုက်သည်။

နဂါးကြီး ဒေါသထွက်နေဟန် ရှိသည်။

သူသာ အကျဉ်းချပိတ်လှောင်ထားခြင်း မခံရပါက ရေကန်စပ်သို့ လိုက်ပါသွားပြီး ကျန်းလန်ကို တစ်စစီစုတ်ဖြဲပစ်မည် ဖြစ်သည်။

"နဂါးခန္ဓာကိုယ်ပေါ်က ဓားဒဏ်ရာကို တွေ့တယ်မလား… ၊ ဒီကောင်ကြီးကို ဓားနဲ့ခုတ်မိသွားတယ်ကွ…"

နဂါးကြီး၏ ခန္ဓာကိုယ်ထက်မှ ဓားဒဏ်ရာကို တွေ့လိုက်ရသည့်အခါ တပည့်များ၏ မျက်ဝန်းများ တောက်ပသွားကြသည်။

ထိုဓားချက်လောက်က တကယ်တမ်း နဂါးကြီးကို ထိခိုက်စေမည် မဟုတ်ပေ။ သို့သော် အတိုင်းအတာတစ်ခုအထိတော့ သက်ရောက်စေမည် ဖြစ်သည်။

"မိစ္ဆာနဂါးကြီး ဒီအတိုင်း ငြိမ်နေတယ်ဆိုရင်တောင် ဒီ ဂိုဏ်းတူညီလေး ထိအောင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ စောစောက ပြောတဲ့တစ်ယောက် … ဘယ်ရောက်သွားပြီလဲ… ၊ အခု ထွက်လာပြီး ထပ်ပြောစမ်းပါဦး…"

"လူတစ်ယောက်ကိုရိုက်ရင် ရိုးရိုးရိုက်လို့ရတယ်… ဒီလိုတော့ သောက်ခွက်တော့ ဖြတ်မရိုက်ရဘူးလေကွာ…"

"ဒါပေမဲ့… ဒီညီလေး အသုံးပြုလိုက်တဲ့ ဓားသိုင်းက ဘာများလဲ… ၊ ဒီဓားသိုင်းကိုကြည့်ရတာ ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်ဘူးလို့ ခံစားရတယ်… ၊ ဒါပေမဲ့ နားမလည်နိုင်ဘူး…"

"နဂါးသုတ်သင်ဓားသိုင်း…"

ထိုသူများ၏အနောက်ဘက်မှ တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

သူတို့ ချက်ချင်းလှည့်ကြည့်လိုက်ကြပြီး ထိုသူကို ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။

ထိုသူက လူအများလေးစားအားကျရပါသည့် ဂိုဏ်းတူအစ်ကို လုကျန်းပင် ဖြစ်၏။

လုကျန်းက အခြားသူများကို ခေါင်းညိတ်ပြလိုက်ပြီး ကျန်းလန် ရှိရာသို့ လှမ်းကြည့်လိုက်သည်။

"ဂိုဏ်းတူညီလေးကျန်းလန်က တခြားသူတွေ မသင်ယူနိုင်တဲ့ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူခဲ့တာပဲ… ၊ ဒါပေမဲ့ သူက ဓားသိုင်းကိုပဲ အသုံးပြုနိုင်သေးတယ်… ၊ ဓားသိုင်းရဲ့ အနှစ်သာရကို နားမလည်သေးဘူး… ၊ ဒါကြောင့် အခု ဆရာ့ဆမှာ ီ နဂါးသုတ်သင်ဓားသိုင်းရဲ့ အနှစ်သာရကို သင်ယူဖို့ ရောက်လာတာ ဖြစ်ရမယ်…"

လုကျန်း၏ စကားကြောင့် တပည့်များက မယုံကြည်နိုင်ဖြစ်သွားကြသည်။

"နဂါးသုတ်သင်ဓားသိုင်း … ဟုတ်လား… ဒီဓားသိုင်းကို သင်ယူနိုင်တဲ့သူ လောကမှာ ရှိသေးတာလား…"

လုကျန်း ခေါင်းညိတ်ပြလိုက်သည်။ ဤသည်က အမှန်တရားပင် ဖြစ်၏။

သို့သော်…

ကျန်းလန်က ရုတ်တရက် အဘယ့်ကြောင့် နဂါးသုတ်သင်ဓားသိုင်း သင်ယူရသည်ကို လုကျန်း နားမလည်ပေ။

စေ့စပ်ပွဲကို မကျေနပ်သောကြောင့်လား သို့မဟုတ် နဂါးမျိုးနွယ်များကို မကျေနပ်သောကြောင့်လား မပြောတတ်ပေ။

အခြားသူများက စေ့စပ်ပွဲအကြောင်းကို မသိရှိသော်လည်း လုကျန်းကတော့ သိရှိထားလေသည်။

နောင်နှစ်ဝက်ဆိုလျှင် ခွန်လွန်တောင်တွင် ကျန်းလန်နှင့် လုန်ယွိ စေ့စပ်ပွဲ ရှိလေသည်။ ထိုအချိန်ရောက်လျှင် ခွန်လွန်တောင်တစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်ပေတော့မည်။

ကာယကံရှင်ဖြစ်သည့် ကျန်းလန်၏ စိတ်ထဲတွင် မည်သို့ခံစားနေရသည်ကို လုကျန်း အနည်းငယ် သိချင်မိသည်။

အချိန်ရမည်ဆိုလျှင် ကျန်းလန်နှင့် စကားလေးဘာလေး သွားပြောချင်မိသည်။ သို့သော် ယခုတော့ ဆရာဖြစ်သူ ရှိနေလေရာ သူ့အနေဖြင့် သွားရောက်နှောက်ယှက်ရန် မသင့်တော်ပေ။

ကျန်းလန် ရေကန်နံဘေးတွင် မတ်တတ်ရပ်လိုက်ပြီး သူ့ဓားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူ့လက်မောင်းမှ ဒဏ်ရာကို မန္တန်အသုံးပြုပြီး ကုသလိုက်သည်။

မိစ္ဆာနဂါးကြီးနှင့် တိုက်ခိုက်ခြင်းက သူ ဒဏ်ရာအပြင်းအထန်ရလုနီးပါး ဖြစ်သွားရသည်။

ထိုသတ္တဝါကြီးက အလွန်မှ စွမ်အားကြီးမားလွန်းသည်။ သူ မည်သည့်နည်းနှင့်မှ ခုခံနိုင်ခြင်း မရှိပေ။

"ငါ အခု နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုမယ်ဆိုရင် ဒီမိစ္ဆာနဂါးကြီး ပိုပြီးအထိနာသွားအေင် လုပ်နိုင်မှာ သေချာတယ်… ၊ ပြီးတော့ လျှင်မြန်မှုဆိုရင်လည်း ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားက ဒီနဂါးကြီးကို ကောင်းကောင်းယှဉ်နိုင်တယ်… ၊ ဒီကောင်ကြီး ငါ့ကို အားကုန်သုံးတိုက်ခိုက်မယ်ဆိုရင် စွမ်းအား ဘယ်လောက်ပြင်းထန်မလဲ ငါ သိချင်လိုက်တာ…"

မိစ္ဆာနဂါးကြီးကို ကြည့်ရင်း ကျန်းလန်တွေးလိုက်မိသည်။

သူသာ စွမ်းအားကုန်သုံးပြီးတိုက်ခိုက်လျှင် နဂါးကြီးကို သတ်ဖြတ်နိုင်မည်လားဟု ကျန်းလန် တွက်ချက်ကြည့်နေမိသည်။

သို့သော် လက်ရှိတွင် သူက မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သာ ရှိနေသေးရာ အင်မော်တယ်အဆင့်ဖြစ်သည့် နဂါးကြီးနှင့် ယှဉ်လျှင်တော့ အနည်းငယ် စွမ်းအားနည်းနေသည်ဟု ဆိုနိုင်သည်။

သို့သော် သူ အလွန် သိချင်နေမိသည့် အချက်တစ်ချက်မှာ…

နဂါးသုတ်သင်ဓားသိုင်းကို တီထွင်ခဲ့သူသည် အမှန်တကယ်ပင် နဂါးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သလား ၊ မသတ်ဖြတ်နိုင်ခဲ့ဘူးလား ဆိုသည့်အချက်ပင် ဖြစ်လေတော့၏။

All Chapters