အခန်း (၅၀)
Vol. 4 Ch. 50
လင်းဖေးဟန်က အနည်းငယ်ပြုံးပြီးပြောလိုက်သည်။
“အရေးမကြီးပါဘူးလေ ဘာပဲဖြစ်ဖြစ် ပြီးတာကပြီးသွားပြီပဲ။ ဘယ်သူမှပြောင်းလဲလို့မှမရတာ”
“စီးကရက်သောက်လို့ရမလား”
“အာ…ရပါတယ်။ လင်းဥက္ကဌစိတ်ရှိသလိုသောက်ပါ”
လွီရွှမ်က လက်ခါပြပြီး ပြောလိုက်၏။
လင်းဖေးဟန်က စတီဗင်ချောင်ရဲ့ မီးညှိဟန်ကို အတုခိုးပြီး သူ့မျက်လုံးတွေထဲက ဆွေးမြည့်တဲ့အကြည့်နဲ့ဆိုတော့ လွီရွှမ်က သူ့ကို ငေးပဲငေးကြည့်နေမိတော့တာပဲ။ လွီရွှမ်ရဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့ မျက်လုံးတွေကိုမြင်ပြီး သူလုပ်လိုက်တာ မှန်တယ်ဆိုတာကို လင်းဖေးဟန်သိလိုက်သည်။
ချက်ချင်းပဲ သူက ဆက်ပြောလိုက်၏။
“ငယ်ရွယ်တုန်းကတော့ ကျွန်တော်တို့တွေ အချစ်နောက်လိုက်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အရွယ်ရောက်လာတော့ ရိုးရှင်းတာကို စွဲလမ်းလာကြတယ်။ ရှာဖွေမှုတွေ၊ အနာတရတွေနဲ့ ကွဲကွာမှုတွေအပြီးမှာတောင် အချစ်ကို ယုံကြည်နိုင်သေးတယ်ဆိုတာ သတ္တိရှိတာတစ်မျိုးပဲ မဟုတ်လား”
လင်းဖေးဟန်က ဆေးလိပ်တစ်ဖွာ မှုတ်ထုတ်လိုက်ပြီး ပြတင်းပေါက်နား ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ ပြတင်းပေါက်အပြင်က အဆောက်အအုံအမြင့်ကြီးတွေကိုကြည့်ကာ ဆက်ပြောလိုက်သည်။
“ကျွန်တော့်အတွက်တော့ လုရွှယ်ယင်က ကျွန်တော်ချစ်ရသူဆိုပေမဲ့ အချစ်ကိုတော့ မခံစားခဲ့ရပါဘူး။ အဆုံးမရှိတဲ့ အထီးကျန်ဆန်မှုကိုပဲ ခံစားခဲ့ရတယ်”
“တကယ်က အထီးကျန်တာက ပြဿနာမဟုတ်ပါဘူး။ လူတစ်ယောက်ကို စိတ်ထဲကနေ ချစ်နေနိုင်သရွေ့ ဘ၀က ရှင်သန်နေလိမ့်မယ်။ အဲ့ဒီလူနဲ့ အတူမရှိနိုင်ဘူးဆိုရင်တောင်ပေါ့”
“ဒါပေမဲ့ ဘယ်သူက အထီးကျန်ရတာကို ကြိုက်မှာလဲ။ စိတ်မပျက်ချင်ကြတာပဲရှိတာ”
“အဲ့လိုဆိုမှတော့ ဘာကို ဖက်တွယ်နေရဦးမှာလဲ”
လင်းဖေးဟန်က လွီရွှမ်ကို ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ လွီရွှမ်ရဲ့ လုံး၀ကို ဇဝေဇဝါဖြစ်သွားတဲ့ မျက်လုံးတွေကိုမြင်တော့ လင်းဖေးဟန်က သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က S အဆင့်ပဲဆိုတာ သိလိုက်၏။
“သူ့ကို ကျွန်တော်ချစ်နေတုန်းပဲဆိုတာ ကောင်းကောင်းကြီးသိနေပေမဲ့ ဒီချစ်ခြင်းကို ရင်ထဲမှာပဲ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်ပါ့မယ်။ ကျွန်တော့်အနာဂတ်မှာ သူမပါတော့သလို ကျွန်တော်လက်ထပ်မှာကလည်း သူမဟုတ်တော့ဘူး”
“မင်းကို ကျွန်တော့်ရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို ပြောပြနိုင်ရတဲ့အကြောင်းအရင်းက မင်းက ဒီမြို့မှာ ခေတ္တပဲ ရှိမဲ့သူမို့ပါ မိန်းကလေးလွီ။ မကြာခင် မင်းအလုပ်ရှိရာမှာ မင်းနေမယ်။ အဲ့ဒီတော့ ကျွန်တော့်ကို သိပ်ပြီး အကျိုးသက်ရောက်စေမှာ မဟုတ်ဘူး။ မိန်းကလေးလွီ ဒီကိစ္စကို ကျွန်တော့်အတွက် လျှို့ဝှက်ထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မိတ်ဆွေတွေကြားက လျှို့ဝှက်ချက်လိုပဲပေါ့။ ဟုတ်ပြီလား”
လွီရွှမ်က သူမရှေ့က လင်းဖေးဟန်ကိုကြည့်ပြီး ရုတ်တရက်ကြီး နားမလည်နိုင်ဖြစ်သွားသည်။ သူမက စိတ်ပညာရှင်ဖြစ်ပြီး လူတွေရဲ့စိတ်ထဲ ဘာကိုဖုံးကွယ်ထားတယ်ဆိုတာ မြင်နိုင်ပေမဲ့ လင်းဖေးဟန်ကိုတော့ တစ်လောကလုံးက ပွေလီလှတဲ့ ခံစားချက်တွေကို ဝါးမျိုထားတဲ့ စကြ၀ဠာထဲက အာကာသတွင်းနက်ကြီးလို ခံစားလိုက်ရ၏။
အဲ့ဒါက လွီရွှမ်ကို ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားစေသည်။ သူရယ်လိုက်တာကို ငါမြင်ပေမဲ့ ဘာလို့ ပျော်ရွှင်နေတယ်လို့ မခံစားရတာလဲ။ ဒါက အချစ်ကြောင့်ဖြစ်တဲ့ နာကျင်မှုလား။
ငါဘာလို့ ငိုချင်သလို ခံစားနေရတာလဲ။ လင်းဖေးဟန် ငါ့ကို ပြောပြတာတွေက ဘာလို့ လုရွှယ်ယင်နဲ့ လုံး၀မတူရတာလဲ။ လင်းဖေးဟန်က ဘယ်လိုဘယ်ပုံဖြစ်ပြီး လွီရွှမ်ရဲ့စိတ်က ဘယ်လိုပဲ မနေနိုင်မထိုင်နိုင်ဖြစ်နေပါစေ ဒီနေ့တော့ သူမ အဖြေမရရန် သတ်မှတ်ထားပြီးသားဖြစ်သည်။ သို့သော် အရေးမကြီးတော့ပေ။ လွီရွှမ်ရဲ့စိတ်ထဲတွင် ကျေနပ်စရာကောင်းသည့် သူမရဲ့ကိုယ်ပိုင် အဖြေတစ်ခု ရှိနေနှင့်ပြီဖြစ်၏။ လင်းဖေးဟန် လိမ်မပြောခဲ့တာကို သူမတွေ့ရသည်။
သူမနှင့် လုရွှယ်ယင်ကြားက ဆက်ဆံရေးကို ကျန်းပိုင်တစ်မြို့လုံး မသိကြတဲ့အတွက် လင်းဖေးဟန်က သူမကို အဲ့ဒါနဲ့ပတ်သက်ပြီး လိမ်ပြောစရာအကြောင်းမရှိသောကြောင့်ဖြစ်၏။ ဆိုတော့ လွီရွှမ်က လင်းဖေးဟန်ကို ခေါင်းငြိမ့်ပြပြီးပြောလိုက်သည်။
“စိတ်မပူပါနဲ့ လင်းဥက္ကဌ။ ဒီလျှို့ဝှက်ချက်ကို ကျွန်မ စောင့်ထိန်းပါ့မယ်”
လျှောက်ပြောနေ။ ပြန်တာနဲ့ ငါပြောသမျှကို လုရွှယ်ယင်ကို မင်းပြန်ပြောမှာပဲ။ ဒါပေါ့။ မင်းသာတကယ် လျှို့ဝှက်ထားပေးမယ်ဆိုရင် ငါကဘာလို့ မင်းနဲ့လေကုန်ခံနေရမှာလဲ။
လှေကားတက်သလိုပေါ့။ မင်းက ဒုတိယထပ်ရောက်သွားလို့ ပထမထပ်ကငါ့ကို လှောင်လိုက်ပေမဲ့ တကယ်တမ်းငါက ဓာတ်လှေကားစီးပြီး ၅ ထပ်မြောက်ကို ရောက်သွားပြီ။ ငါမင်းကို ခုလေးတင်ပြောလိုက်တဲ့ လျှို့ဝှက်ချက်ဆိုတာကတောင် ငါမင်းကို ပေးသိချင်တဲ့ဟာပဲရှိတာ။
လင်းဖေးဟန်စိတ်ထဲ ရေရွတ်လိုက်ပေမဲ့ သူ့မျက်နှာမှုမှာတော့ အထီးကျန်ဆန်မှုကို ဆင်မြန်းထားသည်။ သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ခေါင်းကိုခါရမ်းကာ ခါးသီးစွာပြုံးလိုက်၏။
“ပြီးသွားပြီ။ အားလုံး ပြီးဆုံးသွားပြီ”
“ဒါနဲ့ မိန်းကလေးလွီက ကျွန်တော့်ကို မေးခွန်းတစ်ခုမေးတော့ ကျွမ်တော်ရော တစ်ခုပြန်မေးလို့ရမလား”
“ကိစ္စမရှိပါဘူး။ မေးပါ”
လွီရွှမ်က အားရ၀မ်းသာ သဘောတူလိုက်သည်။
လင်းဖေးဟန်က ဆို၏။
“လူလေးယောက်က မြို့စွန်ကို ခရီးထွက်ကြတယ်။ ရုတ်တရက်ကြီး လျှပ်စီးလက်ပြီး မိုးကြီးပါလေရော။ အဲ့ဒီလူလေးယောက်က စွန့်ပစ်ထားတဲ့ ဘုံကျောင်းတစ်ခုထဲ ပြေး၀င်သွားကြတယ်”
“အပြင်က မိုးကြိုးလျှပ်စီးတွေကိုကြည့်ပြီး သူတို့လေးယောက်သား အတော်လေး ကြောက်နေခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က ကစားနည်းတစ်ခုကစားဖို့ အကြုံပြုလာတယ်။ လေးယောက်သားက တစ်ထောင့်စီမှာ ရပ်လိုက်ကြပြီး တခြားထောင့်ကလူတစ်ယောက်ရဲ့လက်ကို တစ်လှည့်စီ သွားထိကြတယ်”
“ဥပမာ လူလေးယောက်က ABCD ဆိုပါစို့။ A က B ရဲ့လက်ကို သွားထိတယ်။ B က D ရဲ့လက်ကိုထိပြီး D က C ရဲ့လက်ကိုသွားထိတယ်။ ပြီးတော့ C က ပြန်သွားပြီး A ရဲ့လက်ကို ထိလိုက်တယ်။ အရုဏ်တက်တဲ့အထိ အဲ့အတိုင်း ဆော့ခဲ့ကြတယ်”
“တစ်ခုခုကို သတိထားမိသလား”
လင်းဖေးဟန်က ပြောအပြီးမှာ အနည်းငယ်ပြုံးပြီး လွီရွှမ်ရဲ့ အနေအထားကို ကြည့်လိုက်သည်။ မူရင်း၀တ္ထုမှာ လွီရွှမ်က IQ မြင့်မားတဲ့အမျိုးသမီးဖြစ်ပြီး သူမ အားလပ်ရက်တိုင်းဖတ်တာက စုံထောက်စာအုပ်တွေဖြစ်၏။
လင်းဖေးဟန် ထိုမေးခွန်းကို မေးလိုက်ရသောအကြောင်းအရင်းက သူမသဘောကျစေရန်နှင့် သူတို့နှစ်ယောက်ကြားက အကွာအဝေးကို အမြန်နီးကပ်စေရန်ဖြစ်သည်။ လွီရွှမ်ကို အမြင်ကြည်စေပြီး လုရွှယ်ယင်ကို အကုန်ပြန်ပြောပြစေရန်ဖြစ်၏။ နောက်ထပ်ရှိတာက လုရွှယ်ယင်ရဲ့အမြင်မှာ သူက ဘာမှမသိတဲ့သူ။ စာမတတ်ပေမတတ်။ သံမဏိလိုလူမျိုးဖြစ်သည်။
လွီရွှမ်က မျက်မှောင်ကြုတ်လိုက်၏။ ခဏမျှ တွေးတောကာ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာပြီး အမြန်ပြောလိုက်သည်။
“ကျွန်မသိပြီ။ ငါးယောက်မြောက်လူပေါ်လာလို့”
“A ရဲ့နေရာမှာ ဘယ်သူမှ မရှိသင့်ဘူး။ A က B ရဲ့လက်ကို ထိလိုက်ချိန်မှာ A က B ရဲ့နေရာမှာ ရပ်နေတာ။ B က C လက်ကိုထိပြီး C နေရာရောက်သွားတယ်။ C က D ရဲ့လက်ကိုထိပြီး D နေရာရောက်သွားတယ်။ D က A နေရာကိုထပ်သွားရင် A ရဲ့ နဂိုနေရာက လွတ်နေသင့်တာလေ။ A က B ရဲ့နေရာမှာမို့။ ဒါပေမဲ့ D က တစ်ယောက်ယောက်ရဲ့လက်ကို ထိလိုက်တယ်။ လွဲနေတာပဲ”
လင်းဖေးဟန်က သဘောတူကာ ခေါင်းငြိမ့်ပြလိုက်၏။
“အမှန်ပဲ။ ဉာဏ်ကောင်းသားပဲ”
“တကယ်တော့ ကျွန်တော် ဒီအကြောင်းကို စာအုပ်တစ်အုပ်ထဲကနေ ဖတ်ဖူးတာပါ။ အဲ့ဒါကို ဉာဏ်စမ်းလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ဒီပုံပြင်က အတော်လေးကောင်းတယ်လို့ ကျွန်တော်ထင်တယ်”
လင်းဖေးဟန်ရဲ့ ချီးကျူးစကားကို ကြားရပြီးနောက် လွီရွှမ် ၀မ်းသာစွာပြုံးလိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။
“ရှင်လည်း စာအုပ်ဖတ်ရတာကြိုက်တာလား”
လွီရွှမ်က သတိကြီးသောအမျိုးသမီးဖြစ်သည်။ လင်းဖေးဟန်က စာအုပ်ဖတ်ရင်း မတော်တဆမြင်ခဲ့တာလို့ ပြောလိုက်တာကို သူမ သတိထားမိလိုက်၏။
ဒါက လင်းဖေးဟန်က စာဖတ်သူဟု ဆိုလိုသည်။ သူမ မှတ်မိသလောက် လုရွှယ်ယင်က လင်းဖေးဟန်အကြောင်းပြောရင် သူက အေးစက်စက် အလုပ်လုပ်တဲ့စက်ရုပ်လိုပဲ။ အကြင်နာတရားမရှိတဲ့ သံမဏိလိုလူ။ ပြီးတော့ စာအုပ်ဖတ်ရင် ခေါင်းကိုက်တယ်ဆိုလို့ သူဘယ်တုန်းကမှ စာအုပ်မဖတ်ဖူးဘူးတဲ့။